top of page

ရန်ပုံငွေအကျပ်အတည်း တကယ်ဟုတ်ရဲ့လား

လူသားချင်းစာနာရေးစနစ် ကြုံနေရတာက ရန်ပုံငွေအကျပ်အတည်း မဟုတ်ပါဘူး၊ ဒါဟာ ပါဝါပြဿနာပါလို့ ဘာကြောင့်သုံးသပ်ရတာလဲ။


ရွှေ့ပြောင်းကုသရေးဌာန နောက်ခံပေါ်မှာ ALIMA အဖွဲ့ရဲ့ အမှတ်တံဆိပ်

အရပ်ဘက်အဖွဲ့အစည်းတွေက အလှူရှင်တွေ၊ နိုင်ငံတကာ ကြားခံအဖွဲ့အစည်းတွေဆီက “တို့ဆီမှာ ရန်ပုံငွေ သိပ်မရှိဘူး”၊ “ရန်ပုံငွေတွေ လျှော့ခံထားရတယ်” ဆိုတဲ့စကားတွေ မကြာခဏ ကြားရပါတယ်။၊ ဒါပေမဲ့ ပြဿနာက ဒီလောက် မရိုးရှင်းပါဘူး။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာ့ပရဟိတလှူဒါန်းမှုတွေနဲ့အကြောင်း အဓိက‌‌ဝေဖန်သုံးသပ်တင်ပြနေတဲ့ လန်ဒန်အခြေစိုက် Alliance မဂ္ဂဇင်းက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ အီဘိုလာရောဂါ ကူးစက်ခံနေရတဲ့ အာဖရိကတိုက်၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဒီအာစီ)မှာ လုပ်ကိုင်နေတဲ့ ALIMA လို့ခေါ်တဲ့ အဖွဲ့ခေါင်းဆောင်နှစ်ဦး ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို တင်ပြခဲ့ပါတယ်။ ခပ်တိုတိုနဲ့ ထိထိမိမိ ရေးသားထားတဲ့ အဲဒီစိတ်ဝင်စားစရာ ဆောင်းပါးကို CENCS ပရိသတ်တွေအတွက် ဝေမျှလိုက်ရပါတယ်။



လက်ရှိစနစ်ဟာ သေးသေးကွေးကွေးနဲ့ မြေပြင်ထိဆင်းပြီး လုပ်ကိုင်နေတဲ့ လူသားချင်းစာနာရေး အဖွဲ့အစည်းလေးတွေထက် ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို ဟန်ကျပန်ကျလုပ်နိုင်ပြီးသား စီမံခန့်ခွဲမှုအဆင့်ဆင့်နဲ့ အဖွဲ့အကြီးကြီးတွေကို မျက်နှာသာပေးနေတာပါ။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာစီ) ရဲ့ အရှေ့မြောက်ပိုင်းမှာ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားခဲ့တာကြောင့် နဂိုကတည်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အစုအပြုံလိုက် နေရပ်ပြောင်းရွှေ့မှုတွေနဲ့ အခက်ကြုံနေရတဲ့ အီတူရီခရိုင်ဟာ ရတက်ပွေရပါတော့တယ်။ ဘွန်ဒီဘူဂျိုလို့ခေါ်တဲ့ ဒီရောဂါမျိုးစိတ်အတွက် ကာကွယ်ဆေးနဲ့ ကုသရေးနည်းလမ်းတွေ မရှိသေးလို့ ဒီအာစီနဲ့ ယူဂန္ဓာနိုင်ငံတွေမှာ ရောဂါပိုးကူးစက်မှုကြောင့် လူသေဆုံးမှု နှစ်ထောင်ကျော်ရှိနေပါပြီ။


၂၀၂၆ ခုနှစ် မေလ ၁၆ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒါဟာ နိုင်ငံတကာက ဂရုထားရမယ့် အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေပါလို့ ကြေညာသတ်မှတ်ခဲ့ပေမယ့် တုံ့ပြန်ဖြေရှင်းပေးရမယ့် စနစ်ယန္တရားက အလုပ်မဖြစ်ပါဘူး။


ဒီနှစ် မေလမှာ နိုင်ငံ ၁၂ နိုင်ငံက ကျွမ်းကျင်ပညာရှင် ၃၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကျန်းမာရေး၊ ပဋိပက္ခနဲ့ အဓမ္မနေရပ်ရွှေ့ပြောင်းမှုဆိုင်ရာ ဂျွန်ဟော့ပ်ကင်း လန်းဆက်ကော်မရှင်က ကမ္ဘာ့လူသားချင်းစာနာရေး စနစ်ဟာ ဒီလောက်လူဦးရေအတိုင်းအတာကို ကာကွယ်မပေးနိုင်တဲ့အတွက် ‘rationing by design’ မူဝါဒကို ကျင့်သုံးရမယ်လို့ သုံးသပ်ခဲ့ပါတယ်။ (ဘာသာပြန်သူရဲ့မှတ်ချက် - rationing by design ဆိုတာဟာ ရန်ပုံငွေနဲ့ ရင်းမြစ်တွေ မရှိလို့မဟုတ်ဘဲ စနစ်အရ ကာကွယ်မပေးနိုင်လို့ ချန်ထားရမယ့် လူ့အသိုင်းအဝိုင်းတွေ ရှိနေနိုင်တယ်လို့ ဆိုလိုတာပါ။)


မှတ်မှတ်ရရ ဒီပြဿနာရဲ့အကြောင်းရင်းကို ဝေဖန်သုံးသပ်ကြည့်ရာမှာ လုပ်ပိုင်ခွင့်အာဏာ၊ ရင်းမြစ်နဲ့ တာဝန်ခံမှုတွေဟာ အကျပ်အတည်းကြောင့် ထိခိုက်နစ်နာရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေ အကျိုးရှိစေဖို့ထက် အလှူရှင်တွေနဲ့ နိုင်ငံတကာအင်စတီကျူးရှင်းတွေအတွက်ပဲ ဖြစ်နေတဲ့အကြောင်း ကော်မရှင်က တွေ့ရှိသုံးသပ်ခဲ့တာပါ။


ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ALIMA (The Alliance for International Medical Action) မှာတော့ ဒီလိုမမျှတမှုရဲ့ အကျိုးဆက်တွေကို နေ့စဉ် တွေ့မြင်နေရပါတယ်။ ၂၀၂၅ ခုနှစ် အစဦးကတည်းက USAID ရဲ့ အညှာအတာမရှိ ဖြတ်တောက်မှုနဲ့ ဥရောပသမဂ္ဂတို့လို အလှူရှင်တွေက ထည့်ဝင်မှုပမာဏ သိသိသာသာ လျှော့ချမှုတွေကြောင့် လူသားချင်းစာနာမှု ရန်ပုံငွေတွေ ကျဆင်းနေခဲ့တာပါ။ မြေပြင်မှာလည်း လူသားချင်းစာနာရေး လုပ်ငန်းဆောင်တာတွေဟာ ကြီးသထက်ကြီးလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် ရုန်းကန်ကြိုးပမ်းနေကြတဲ့ကြားက အရွယ်အစားချုံ့ဖို့ အတင်းအကျပ်စီမံခံရသလို အရေးပါတဲ့ အစီအစဉ်တချို့ကိုလည်း ဖျက်သိမ်းပစ်ခဲ့ရပါတယ်။


ချဒ်နိုင်ငံတစ်နိုင်ငံတည်းမှာတင် အာဟာရမပြည့်ဝတဲ့ ကလေးငယ် ၄,၀၀၀ နီးပါးအပါအဝင် လူဦးရေ ၆,၀၀၀ ကျော်ဟာ သူတို့ရဲ့အသက်ကို ကယ်တင်ပေးမယ့် ကုသစောင့်ရှောက်မှုတွေ မရတော့ဘဲ၊ ရန်ပုံငွေတွေလျှော့လေ အခြေအနေတွေဆိုးဝါးလေ ဖြစ်ကုန်ပါတယ်။


အဆိုးကျော့သံသရာကို ရိုက်ချိုးဖျက်ဆီး


လူသားချင်းစာနာရေးကဏ္ဍကို ပြန်ပြီးဟန်ချက်ညှိဖို့အတွက် ကတိကဝတ်တွေ ဆယ်စုနှစ်တစ်ခုလောက် ပေးခဲ့ပေမယ့်လည်း ပြည်တွင်းဦးဆောင်နေတဲ့ အဖွဲ့အစည်း တိုက်ရိုက်ရရှိသုံးစွဲနိုင်တဲ့ ရန်ပုံငွေဟာ ငါးရာခိုင်နှုန်းကို ဘယ်တုန်းကမှ မကျော်ခဲ့ပါဘူး။


အလှူရှင်တချို့က ပြည်တွင်းဦးစီးဦးဆောင်မှုကို ရှေ့တိုးဆောင်ရွက်ဖို့ တကယ်ပဲ လိုလားဆန္ဒရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ပြည်တွင်းအဖွဲ့တွေဟာ ပမာဏကြီးကြီးမားမား စီမံကိုင်တွယ်နိုင်တာ၊ ထိန်းကျောင်းစိစစ်မှု ခံနိုင်တာ၊ အ‌ရေးပေါ်ကျန်းမာရေး အစီအမံတွေကို မြန်မြန်ဆန်ဆန် ဖြည့်ဆည်းနိုင်တာတွေ ရှိပါတယ်လို့ ယုံကြည်စိတ်ချဖို့တော့ ခက်နေကြပါတယ်။


တချို့ရှုထောင့်တွေအရတော့ ကျွန်တော်တို့ဟာ သူတို့ (နိုင်ငံတကာ အလှူရှင်နဲ့ အဖွဲ့အစည်း) တွေကို နားလည်ပါတယ်။ နိုင်ငံအဆင့်လုပ်ကိုင်နေတဲ့ (ပြည်တွင်း)အဖွဲ့အစည်း အတော်များများမှာလည်း ထိရောက်ပြီး လုံခြုံစိတ်ချရတဲ့ ကူညီပံ့ပိုးမှုတွေ ဖြန့်ချိပေးနိုင်ဖို့ လိုအပ်တဲ့ အင်စတီကျူရှင်းစွမ်းရည်တွေ ဒါမှမဟုတ် ပွင့်လင်းမြင်သာမှုတွေ မရှိကြသေးပါဘူး။ ဒါပေမဲ့ အဲဒီအန္တရာယ်ကို ရှောင်ချင်စိတ်ကပဲ အဆိုးကျော့သံသရာကို လောင်စာမီးထိုးပေးနေပါတယ်။ ရန်ပုံငွေမရှိဘဲနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေဟာ သူတို့ကိုယ်သူတို့ အားကောင်းလာအောင် ဘယ်လိုလုပ်နိုင်မှာလဲ။ ဒီလိုနဲ့ သူတို့ယူဆချက်အတိုင်း ဘေးဖယ်ထားရင်းနဲ့ပဲ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေတော့တာပေါ့။


ကျွန်တော်တို့ရဲ့ ရန်ပုံငွေမှာလည်း ဒီအချက်ကို ကြည့်နိုင်ပါတယ်။ ALIMA ရဲ့ တည်ဆောက်ပုံက စစ်မှန်တဲ့ ပါဝါမျှဝေမှုအပေါ်မှာ ထူထောင်ထားတာပါ။ ပြည်တွင်းအဖွဲ့တွေဟာ ကျန်းမာရေး ကုသစောင့်ရှောက်ရေး လုပ်ငန်းတွေကို ကနဦးကတည်းက ပါဝင်ပုံ‌ဖော်ခွင့်ရတဲ့ မိတ်ဖက်တွေပါ။ ကျွန်တော်တို့ အဖွဲ့တွင်းမှာ လုပ်တဲ့အတိုင်းပဲ ပြည်တွင်းမိတ်ဖက်အဖွဲ့တွေရဲ့ ဝန်ထမ်းတွေကိုလည်း လေ့ကျင့်ပျိုးထောင်သလိုပဲ အဖွဲ့ဝင်တွေအတွက် လုံခြုံဘေးကင်းရေး အာမခံချက်တွေ အတူတကွ ထူထောင်ကြ၊ လူသားချင်းစာနာရေး ပရောဂျက်တွေကို မြေပြင်ဆန်းစစ်မှုကအစ အကဲဖြတ်သုံးသပ်မှုအဆုံး အတူတူ လုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့က မိတ်ဖက်တွေရဲ့ အင်စတီကျူးရှင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေကိုလည်း တိုက်ရိုက်ထောက်ပံ့ပါတယ်။


ဒါပေမဲ့ အဓိက အလှူရှင်တွေပေးတဲ့ အထွေထွေကုန်ကျခံမှု(indirect costs)တွေဟာ အင်စတီကျူးရှင်း စွမ်းရည်မြင့်မားရေးထက် စီမံခန့်ခွဲမှုစနစ်ယန္တရားတွေအတွက်ပဲ ဖြစ်နေလေ့ရှိတာကြောင့် ငွေကြေး ထည့်ဝင်သုံးစွဲမှုတွေဟာ လိုအပ်တာထက် အများကြီး လျော့နည်းနေပါတယ်။ ရန်ပုံငွေရတဲ့အခါ ၉၃ ရာခိုင်နှုန်းကို ဆေးဘက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေအတွက် လျာထားလိုက်ရပြီး၊ ဝန်ထမ်းလေ့ကျင့် သင်တန်းပေးမှု၊ ယာဉ်၊ အိုင်တီပစ္စည်းတွေနဲ့ တခြားရင်းမြစ်တွေအတွက် ခုနစ် ရာခိုင်နှုန်းပဲ ကျန်ပါတယ်။


ဒါ့အပြင် လက်ရှိစနစ်ကြီးဟာ စွမ်းရည်တည်ဆောက်မှုကို မျက်နှာလွှဲပြီး သတ်မှတ်ချက်ကိုက်ညီသူတွေကိုပဲ ရန်ပုံငွေချီးမြှင့်နေပါလားလို့ ကျွန်တော်တို့ ခံစားလာကြရပါတယ်။ လက်ရှိစနစ်ဟာ သေးသေးကွေးကွေးနဲ့ မြေပြင်ထိဆင်းပြီး လုပ်ကိုင်နေတဲ့ လူသားချင်းစာနာရေး အဖွဲ့အစည်းလေးတွေထက် ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို ဟန်ကျပန်ကျလုပ်နိုင်ပြီးသား စီမံခန့်ခွဲမှုအဆင့်ဆင့်နဲ့ အဖွဲ့အကြီးကြီးတွေကို မျက်နှာသာပေးနေတာပါ။ မြေပြင်ကအဖွဲ့ငယ်လေးတွေဟာ သူတို့ရဲ့ ကိုယ်စီရပ်ရွာအသိုက်အဝန်းတွေကို အကောင်းစား စောင့်ရှောက်ကုသမှုပေးဖို့ နေရာမှန်မှာရှိနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေဦးတော့ ‘အသိအမှတ်ပြုခံရတဲ့’ အဆင့်တစ်ခုရောက်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲရေးလိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ရင်းမြစ်တွေ မရှိကြပါဘူး။


ရလဒ်ကတော့ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေတွေဟာ ပြည်တွင်းဦးစီးဦးဆောင်မှုကို စစ်စစ်မှန်မှန် ပေါ်ပေါက်စေမယ့် ရေရှည်မိတ်ဖက်လက်တွဲမှုတွေ ဖြစ်မလာတော့ဘဲ သတ်မှတ်အချိန်ဇယားတစ်ခုထဲမှာ သီးခြားပရောဂျက်လေးတွေအဖြစ် ပုံစံချခံလိုက်တာနဲ့ပဲ ဇာတ်သိမ်းကုန်ပါတယ်။


လေ့လာသင်ယူရမယ့် အတွေ့အကြုံ


လက်ရှိ အီဘိုလာရောဂါပြန့်ပွားမှုဟာ လူသားချင်းစာနာတဲ့ ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှုတွေအတွက် ပြည်တွင်းအဖွဲ့အစည်းတွေကို ရန်ပုံငွေပေးတာရဲ့ အကျိုးကျေးဇူးကောင်းတွေကို မီးမောင်းထိုးပြနေပါတယ်။ ALIMA ဟာ ၂၀၁၃ ခုနှစ်ကတည်းက အီဘိုလာရောဂါ ကူးစက်မှုကို တုံ့ပြန်ဖြေရှင်းနေခဲ့တာပါ။ ဂီနီယာ နိုင်ငံနဲ့ ဒီအာစီတို့က ရောဂါကူးစက်မှုတွေကို ၂၀၁၈ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ကိုင်တွယ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းအဖွဲ့တွေဟာ ဟိုးအဝေးကြီးက ဘယ်နိုင်ငံတကာအဖွဲ့အစည်းမှ ပုံတူကူးချလို့မရတဲ့ ‘အခြေအနေကို သုံးသပ်သိရှိနိုင်စွမ်း’နဲ့ ‘ရပ်ရွာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှု’တွေ ရထားတာပါ။


ဒီလိုဖြစ်လာရတာကလည်း ကျွန်တော်တို့ဝန်ထမ်း ၂,၀၀၀ ကျော်မှာ ၉၅ ရာခိုင်နှုန်းဟာ လုပ်ငန်း အကောင်အထည်ဖော်တဲ့ နိုင်ငံတွေကလူတွေပဲ ဖြစ်နေတာကြောင့်ပါ။ သူတို့ဟာ တစကားတည်းပြောပြီး ရပ်ရွာအသိုင်းအဝိုင်းကို နားလည်နေကြတာကြောင့် အပြင်လူတွေ ဘယ်လိုမှမရနိုင်တဲ့ ယုံကြည်မှုကို ရကြပါတယ်။ သူတို့ကြောင့်လည်း ALIMA အနေနဲ့ မြန်မြန် အရေးတယူလုပ်ကိုင်၊ ရပ်ရွာ အသိုင်းအဝိုင်းတွေကို နှိုးဆော် ပညာပေး၊ (ရောဂါကူးစက်မှုလျှော့ချဖို့၊ မိသားစုဝင်တွေနဲ့မကင်းကွာဖို့ စီစဉ်ထားတဲ့ CUBEs လို့အမည်ရတဲ့ ရွေ့လျားကျန်းမာရေးဌာနတွေလို) မြေပြင်ဆင်းနိုင်တဲ့ အခြေခံ အဆောက်အဦတွေကတဆင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မြှင့်တင်၊ သုတေသနနဲ့ ဆန်းသစ်ဖန်တီးမှုတွေ လုပ်နိုင်တာပါ။


အလှူရှင်တွေကို ဗဟိုချက်ထားတာထက် ရပ်ရွာလူ့အသိုင်းအဝိုင်းကို ဗဟိုချက်ထားနိုင်ခြင်းအားဖြင့် ပွင့်လင်းမြင်သာမှု၊ လျှင်မြန်သွက်လက်မှု၊ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ ကြပ်မတ်လုပ်ကိုင်မှုတွေအတွက် စစ်မှန်တဲ့အခွင့်အလမ်းတွေကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ကြပါတယ်။ လုပ်ပုံကိုင်ပုံ ညံ့ဖျင်းရင်လည်း ကျွန်တော်တို့ အကျိုးဆောင်နေရတဲ့ ပြည်သူတွေရှေ့တည့်တည့်မှာ ကိုယ်တိုင် တာဝန်ခံကြရတာပါ။


ကိုယ်ကျိုးအတ္တကို ကျော်လွှားဖို့


သတ်မှတ်ချက်ကိုက်ညီရေးနဲ့ အလှူရှင်သတ်မှတ်ချက် ပြည့်မီရေးတွေအပါအဝင် လက်ရှိ လူသားချင်း စာနာရေးစနစ်နဲ့ မတူတာကတော့ လုပ်ပိုင်ခွင့်ပါဝါ ဝေမျှကျင့်သုံးသင့်တာဟာ ကုသိုလ်ရရေး မဟုတ်ပါဘူး။ လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ ထိရောက်မှုရှိတဲ့ မဟာဗျူဟာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းအဖွဲ့တွေရဲ့ လုပ်ငန်းထိရောက်အကျိုးပြုမှုတွေကို ဆန်းစစ်အကဲခတ်ရာမှာ၊ သူတို့ကိုပေးမယ့် ရန်ပုံငွေတွေကို သတ်မှတ်တဲ့နေရာမှာ လျှောက်လွှာပုံစံတွေထဲ ရေးတတ်ဖြည့်တတ်တဲ့ အရည်အချင်းနဲ့ မတိုင်းတာဘဲ ရပ်ရွာလူ့အသိုင်းအဝိုင်းမှာ သူတို့အကျိုးပြုပေးလို့ ပေါ်ပေါက်လာတဲ့ တကယ့်ရလဒ်တွေနဲ့ တိုင်းတာစေချင်ပါတယ်။


ဒီနေ့ခေတ်မှာတော့ ALIMA ဟာ ကပ်ရောဂါကျရောက်နေတဲ့ ဗဟိုချက်မှာ အီဘိုလာ ကုသရေးစင်တာ ဖွင့်လှစ်နိုင်တဲ့ ပထမဆုံး ရပ်ရွာအသိုင်းအဝိုင်းအခြေပြု NGO တွေထဲကတစ်ခု ဖြစ်လာခဲ့ပါပြီ။ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် တုံ့ပြန်ကိုင်တွယ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်လို့ ကျွန်တော်တို့ သက်သေပြထားပါပြီ။ လူ့အသက်တွေထက် အလှူရှင်တွေ သက်သောင့်သက်သာရှိဖို့ ဦးစားပေးတဲ့စနစ်ကို အကာအကွယ်ပေးနေတာတွေကို ရပ်တန့်ကြဖို့ အလှူရှင်တွေကို တောင်းပန်ပါရစေ။ ဘာကြောင့်လဲ ဆိုတော့ ပြည်တွင်းအဖွဲ့အစည်းတွေကို ယုံကြည်မိလို့ တွေ့ကြုံရမယ့်ဘေးအန္တရာယ်ဟာ အဲဒီ ပြည်တွင်းအဖွဲ့တွေကို ဆက်ပြီးဖယ်ချန်ထားရင် ပေါ်ပေါက်လာမယ့် နစ်နာဆုံးရှုံးမှုနဲ့ မနှိုင်းသာအောင် သေးငယ်လို့ပါ။




အထက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ်တွေနဲ့ တွေ့ကြုံရတာချင်းတူနေတဲ့ ကမ္ဘာ့တနေရာက အဖွဲ့အစည်းက ထောက်ပြတဲ့အချက်ဟာ ပိုပြီး ပေါ်လွင်လာပါတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေမှာ ဦးဆောင်၊ လုပ်ကိုင်နေကြတဲ့ စာဖတ်သူတွေဟာလည်း ပြည်တွင်းဦးစီးဦးဆောင်မှု၊ တိုက်ရိုက်ရန်ပုံငွေ ရရှိမှု၊ ရပ်ရွာအသိုင်းအဝိုင်းက ဦးဆောင်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုအကြောင်းတွေကို ဆွေးနွေးကြ၊ တိုက်တွန်းနှိုးဆော်ကြတဲ့အခါမှာ ရန်ပုံငွေအကျပ်အတည်းအကြောင်းအပြင် ပါဝါပြဿနာကို ထည့်သွင်းသုံးသပ်ကြဖို့ တွေးတောဆင်ခြင်မိကြမယ်လို့ မျှော်လင့်ပါတယ်။


မူရင်းဆောင်းပါးရှင် မော်မော်နီကင်ဒါဟာ ALIMA ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပါတယ်။ တွဲဖက်ရေးသားသူ အမ်မာဝီလီယမ်စ်ဟာ ALIMA (UK) ရဲ့ ဘဏ္ဍာထိန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။

Comments


bottom of page