ဖတ်ညွှန်း - ပြည်တွင်းဆိုတာ ဘယ်သူတွေလဲ
- ခူးဂလယ်

- May 8
- 3 min read
ပြည်တွင်းဦးစီးဦးဆောင်ရေးမှာ ပြည်တွင်းအရပ်ဘက်အဖွဲ့တွေ ဩဇာမရှိဖြစ်နေတာကို ဘယ်လိုသုံးသပ်ထားသလဲ

ဒီဘက်နှစ်ပိုင်းတွေထဲမှာ မြန်မာပြည်အတွက် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီဆိုင်ရာ ဆွေးနွေးပွဲတွေမှာ “ပြည်တွင်းဦးစီးဦးဆောင်မှု” အကြောင်း ပြောသံဆိုသံတွေ ပိုကြားလာရပါတယ်။ ဒါပေမဲ့ ပါဝင်မှုပိုများလာတဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ ဩဇာကရော တိုးလာသလားဆိုတာ ဆက်မေးရမယ့် မေးခွန်းတစ်ခု ဖြစ်နေဆဲပါ။ ဒီမေးခွန်းကို သုံးသပ်ဆွေးနွေးထားတဲ့ စာတမ်းတစ်စောင်ကို မြန်မာဘာသာနဲ့ ဖတ်ဖို့ပိုအားသန်တဲ့ စာဖတ်သူတွေအဖို့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ “ပြည်တွင်းဆိုတာ ဘယ်သူတွေလဲ - မြန်မာနိုင်ငံ၏ ပြည်တွင်းဦးစီးဦးဆောင်ရေး ကြိုးပမ်းမှု၌ ဩဇာမရှိဘဲ ပါဝင်ကြရခြင်း” (ဧပြီ၊ ၂၀၂၆) ဆိုတဲ့ အင်္ဂလိပ်ဘာသာ အတွေးအမြင်စာတမ်း (think piece) ပါ။ (ဒီဘလော့ဂ်မှာ စာတမ်းကို လုံးစေ့ပတ်စေ့ ဘာသာပြန်ဆိုထားတာ မဟုတ်ပါဘူး။ စာတမ်းရဲ့အာဘော်ကို အနှစ်ချုပ်ရှင်းလင်းရင်း ဖြည့်စွက်မှတ်ချက် အနည်းငယ်နဲ့ တို့ထိ ညွှန်းဆိုရုံပဲ ဖြစ်ပါတယ်။)
ဆုံးဖြတ်ခွင့်နည်းတဲ့ ပြည်တွင်းအဖွဲ့တွေ
ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေဟာ မြန်မာ့အကျပ်အတည်းပေါင်းစုံကို မျက်နှာစာအသီးသီးမှာ ဆက်အန်တုနေကြဆဲပါ။ ဒါပေမဲ့ သူတို့ပါဝင်အသုံးတော်ခံရတဲ့ အခန်းကဏ္ဍကတော့ ပိုပြီး အကျပ်ဆိုက်လာပါတယ်။ “ပြည်တွင်း ဦးစီးဦးဆောင်ရေး (localisation) အာဂျင်ဒါ”မှာ ပြည်တွင်းအဖွဲ့အစည်းတွေက ကိုယ်တိုင်ဆုံးဖြတ်ဖြေရှင်းခွင့် ပိုရမယ်လို့ ကတိပေးထားပေမယ့် လက်တွေ့မှာတော့ ပြည်တွင်းအဖွဲ့အစည်းတွေဟာ ယုံကြည်အပ်တဲ့မိတ်ဖက်တွေအဖြစ် မူဝါဒတွေ၊ မဟာဗျူဟာတွေကို ပါဝင်ချမှတ်ပုံဖော်နိုင်ဖို့ဝေးနေဆဲ၊ ပြင်ပမှာချမှတ်ပြီးသား ဦးစားပေးကိစ္စတွေကိုပဲ အကောင်အထည်ဖော်နေဆဲပါ။
ဒီစာတမ်းမှာ “ပြည်တွင်း လုပ်ဆောင်သူ (local actor) တွေ”ကို ဘယ်လိုဖွင့်ဆိုသတ်မှတ်သလဲ။ ရန်ပုံငွေ စီးဆင်းမှု၊ သတ်မှတ်ချက်ကိုက်ညီမှု၊ သတင်းအချက်အလက် အကန့်အသတ်တွေကြောင့် ဆက်ဆံရေးတွေ ဘယ်လို မမျှတဖြစ်လာသလဲဆိုတာတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ပြည်တွင်းအဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာပေမယ့် ဩဇာမလွှမ်းမိုးနိုင်တာကြောင့် ပြည်တွင်းဦးစီးဦးဆောင်ရေးကိစ္စဟာ မြေပြင်မှာ တကယ့်ပြောင်းလဲတိုးတက်မှုမရှိဘဲ၊ လုပ်ထုံးလုပ်နည်းအရ ဝတ်ကျေတမ်းကျေသဘော ဖြစ်နေကြောင်း စာတမ်းက ထောက်ပြထားပါတယ်။
ပြည်တွင်းဦးစီးဦးဆောင်ရေးဟာ ... (နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့) စီမံဆုံးဖြတ်ပိုင်ခွင့်အာဏာကို မတို့မထိ မပစ်မှားဘဲ၊ ဘယ်အဖွဲ့တော့ ရှင်ကျန်ခဲ့ပါစေ၊ ဘယ်အဖွဲ့တွေက အလိုက်သင့် ပြောင်းလဲကြပါစေ၊ ဘယ်အဖွဲ့တွေတော့ ပျောက်ကွယ်သွားပါစေဆိုပြီး ပုံသွင်းရာ ရောက်လာပါတော့တယ်။
စာတမ်းထဲမှာ အဓိက ဆွေးနွေးငြင်းခုံထားတဲ့အချက်တချို့ကို အနှစ်ချုပ်တင်ပြရရင်တော့ ...
သတ်မှတ်ချက်တွေနဲ့ကိုက်မှ ပြည်တွင်းအဖွဲ့လို့ လက်ခံကြတယ်။ နိုင်ငံတကာ အလှူရှင်တွေနဲ့ ကြားခံအဖွဲ့တွေဟာ ပြည်တွင်းအဖွဲ့အစည်းတွေကို သူတို့ရဲ့ ပြည်တွင်းမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်း၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမညီ စစ်ဆေးပြီးမှ လက်ခံကြတာပါ။ သူတို့ရဲ့ “ပြည်တွင်း”ဆိုတဲ့ ဖွင့်ဆိုပုံတွေက အစွဲမကင်းတဲ့အခါ၊ သူတို့ရဲ့ သတ်မှတ်ချက်တွေက တင်းကျပ်နေတဲ့အခါ ပြည်တွင်းအဖွဲ့တိုင်း အမှန်တကယ် ထိတွေ့ဆက်ဆံ၊ နေရာပေးခံရတာ မဟုတ်ပါဘူး။
ပြည်တွင်းအဖွဲ့အစည်းကို တစ်မျိုးတစ်စားတည်းလို့ မမှတ်နဲ့။ ရပ်ရွာထဲမှာ ပေါက်ဖွား၊ ထိတွေ့ဆက်ဆံနေတဲ့ အခြေခံဝန်ဆောင်မှုဖြန့်ချိရေးအဖွဲ့တွေ၊ (အလုပ်သမား၊ ကျောင်းသား၊ သက်မွေးဝမ်းကျောင်း စသဖြင့်) သက်ဆိုင်ရာအဖွဲ့ဝင်တွေကို အကျိုးဆောင်ဖို့ ကိုယ်စားပြု အဖွဲ့အစည်းတွေ၊ အရေးကိစ္စ ရည်ရွယ်ချက်ကောင်းတစ်ခုအတွက် နှိုးဆော်တိုက်တွန်းနေတဲ့ အဖွဲ့အစည်းတွေ အမျိုးအစား ကွဲပြားကြပါတယ်။ အဲဒီလိုပြည်တွင်းအဖွဲ့တွေဟာ လုပ်ကိုင်ဆောင်ရွက်ပုံ၊ စုဖွဲ့ပုံ၊ ဘေးအန္တရာယ်ကြုံတွေ့နိုင်ပုံတွေ ကွဲပြားကြပါတယ်။
နိုင်ငံခြားဖြစ် ပြည်တွင်းအဖွဲ့တွေလည်း ထပ်ပေါ်လာတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ပိုထိတွေ့ဆက်ဆံ၊ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာမှာ နှိုးဆော်ကြတဲ့အခါ တချို့နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အဆက်အသွယ်ရှိသူတွေဟာ ပြည်တွင်းမှာ အဖွဲ့အစည်းမှတ်ပုံတင်ပြီး လုပ်ကိုင်လာကြပါတယ်။ ဒါ့အပြင် တချို့အလှူရှင်တွေကတော့ သူတို့ရဲ့မူတွေအရ ပြည်တွင်းက ခေါင်းဆောင်တချို့၊ ကျွမ်းကျင်သူတချို့ပါဝင်တဲ့ ပြည်တွင်းအတိုင်ပင်ခံဘုတ်အဖွဲ့တွေ ဖွဲ့ကြပါတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်း နီးလိုလျက်နဲ့ဝေးရတယ်။ ပြည်တွင်းဦးစီးဦးဆောင်ရေးဟာ ရည်ရွယ်ချက်ကောင်းပေမယ့် (အထက်မှာ ဖော်ပြခဲ့သလို) ကြားက တစ်ဆင့်ခံ၊ နှစ်ဆင့်ခံ၊ အတိုင်ပင်ခံ၊ စီမံခန့်ခွဲပေးတဲ့ အဆင့်အလွှာတွေ ထပ်တိုးလာတဲ့နောက် နိုင်ငံတကာ အလှူရှင်တွေ၊ စီမံဆုံးဖြတ်သူတွေနဲ့ ပြည်တွင်းရပ်ရွာအသိုင်းအဝိုင်းတွေကြားမှာတော့ အလွှာပေါင်းများစွာ ခြားနားဝေးကွာသွားခဲ့ရပါတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေဟာလည်း အစည်းအဝေးတွေ၊ ဆွေးနွေးကြားနာပွဲတွေမှာ အပြေးအလွှားလိုက်တက်၊ တစ်ခွန်းတလေ ဝင်ဆွေးနွေးရဦးတော့၊ တကယ့်တကယ် ဩဇာလွှမ်းမိုးနိုင်စွမ်းကတော့ နည်းပါးကြပါတယ်။
ဒီလိုအခင်းအကျင်းရဲ့ရလဒ်တွေကိုလည်း စာတမ်းက ဆက်ထောက်ပြပါတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေ ဟာ ရှင်သန်ရပ်တည်ရေးနောက်လိုက်ရင်း အလှူရှင်တွေရဲ့ဦးစားပေးမှုစီးကြောင်းထဲ မျောသွားတတ်ပါ တယ်။ ကူညီပံ့ပိုးမှု ရပြန်တော့လည်း နိုင်ငံတကာအလှူရှင်တွေဆီ တာဝန်ခံမှုပြဖို့ ဦးစားပေးရင်းနဲ့ သူတို့အပေါ် ပြည်သူတွေရဲ့ယုံကြည်မှုတွေ ပွန်းပဲ့ထိခိုက်ကုန်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ပိုင်မဟာဗျူဟာ ရည်မှန်းချက်တွေပေါ် ကြံ့ကြံ့ခံရပ်တည်ဖို့ ဆုံးဖြတ်မိတဲ့ တချို့အဖွဲ့အစည်းတွေဟာ ရန်ပုံငွေစီးဆင်းမှု ပတ်လမ်းကြီးထဲကနေ ကြာလေ ဝေးလွင့်ကင်းကွာလေ ဖြစ်ကုန်ပါတယ်။
ခြုံပြောရရင် ပြည်တွင်းဦးစီးဦးဆောင်ရေးဟာ ကူညီပံ့ပိုးမှုကို ပြည်တွင်းက ဘယ်လိုအဖွဲ့တွေ ရသင့်တယ်လို့ စေညွှန်ဆုံးဖြတ်ရုံ မကတော့ပါဘူး။ လက်ရှိ (နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့) စီမံဆုံးဖြတ်ပိုင်ခွင့်အာဏာကို မတို့မထိ မပစ်မှားဘဲ၊ ဘယ်အဖွဲ့တော့ ရှင်ကျန်ခဲ့ပါစေ၊ ဘယ်အဖွဲ့တွေက အလိုက်သင့် ပြောင်းလဲကြပါစေ၊ ဘယ်အဖွဲ့တွေတော့ ပျောက်ကွယ်သွားပါစေဆိုပြီး ပုံသွင်းရာ ရောက်လာပါတော့တယ်။
ဒီအကျိုးဆက်တွေကိုဖြေရှင်းဖို့အတွက် စာတမ်းပါအကြံပြုတင်ပြချက်တွေကို မဖော်ပြခင် စာတမ်းပါ ဆက်တွေးချင်စရာ၊ ဆွေးနွေးချင်စရာလေးတွေကို ကြားဖြတ်ကောက်နုတ်တင်ပြပါရစေဦး။
နိုင်ငံခြားဖြစ် ပြည်တွင်းအဖွဲ့များ
ပြည်တွင်းက အကျပ်အတည်း အခက်အခဲပေါင်းစုံကို ဒီရေဒီမြေမှာရှိနေတဲ့ ပြည်တွင်းအဖွဲ့တွေက ဦးဆောင်ဖြေရှင်းကြရင် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုတွေ ထိရောက်မယ်၊ ဆီလျော်အပ်စပ်မယ်၊ တာဝန်ခံမှုလည်း အားကောင်းမယ်ဆိုတဲ့ “ပြည်တွင်းဦးစီးဦးဆောင်မှု”နဲ့ ပတ်သက်တဲ့မျှော်လင့်ချက်နဲ့ စာတမ်းကို အခုလို နိဒါန်းချီထားပါတယ်။
“... ပြည်တွင်းဦးဆောင်တဲ့ ဖွံ့ဖြိုးရေးဟာ အဲဒီရည်မှန်းချက်တွေကို ပိုပြီးနယ်ကျယ်လာစေပါတယ်။ ပြည်တွင်းအခင်းအကျင်းမှာ ခြေကုပ်မြဲမြဲနဲ့လုပ်ကိုင်နေကြသူတွေကို အလေးပေးချဉ်းကပ်မှုကြောင့် ထိရောက်မှု၊ ဆီလျော်အပ်စပ်မှုနဲ့ တာဝန်ခံမှုတွေ မြင့်မားလာစေပါတယ်။” (စာ-၁)
မူအားဖြင့် ဒီအချက်ဟာ ငြင်းစရာမရှိပါဘူး။ အကျပ်အတည်းနဲ့ နီးနီးကပ်ကပ်ရှိလေ ပြဿနာရဲ့ ရင်းမြစ်ကိုသိပြီး၊ ဖြေရှင်းပုံတွေကိုလည်း မြင်လေပေါ့။ ပြည်တွင်းဦးစီးဦးဆောင်မှုရဲ့ အနှစ်သာရကလည်း လုပ်ငန်းလည်ပတ်မှုတွေ ပိုပြီးတွင်ကျယ်ထိရောက်ရုံ ရည်ရွယ်တာ မဟုတ်ပါဘူး။ ပြည်တွင်းဦးစီးဦးဆောင်မှု ဆိုတာဟာ ယုံကြည်မှုတွေ၊ ရင်းမြစ်တွေနဲ့ ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်တွေကို ပြည်တွင်းအဖွဲ့အစည်းတွေဆီ ဖြန့်ကြက်အပ်နှင်းဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစာတမ်းရဲ့ အဓိကတင်ပြဆွေးနွေးချက်ကလည်း ကတိပေးထားတဲ့ ပြည်တွင်းဦးစီးဦးဆောင်မှု လိုအင်ဆန္ဒတွေ မြန်မာပြည်မှာ တစ်လုံးတစ်ဝတည်း မပြည့်ဝနိုင်သေးကြောင်းပါပဲ။
စာတမ်းရဲ့ “When Localisation Falls Short” (ပြည်တွင်းဦးစီးဦးဆောင်မှု မှန်းချက်နှင့်နှမ်းထွက် မကိုက်သောအခါ) အပိုင်းမှာ အချက်အလက်တစ်ခုကို ကိုးကားဖော်ပြခဲ့ပါတယ်။ အဲဒါက မြန်မာပြည်အလယ်ပိုင်း ငလျင်ဒဏ်သင့်ဒေသတွေကို နိုင်ငံတကာကကူညီပံ့ပိုးခဲ့ပြီး တစ်နှစ်ဝန်းကျင်မှာ လူသားချင်းစာနာမှုအကူအညီတွေရဲ့ ထိရောက်မှုကို အောက်စ်ဖမ်း(Oxfam)ရဲ့ ဆန်းစစ်တွေ့ရှိချက်ပါ။ နိုင်ငံတကာ အလှူရှင်နဲ့ NGO တွေ (၆၇ ရာခိုင်နှုန်း) က ပြည်တွင်းအဖွဲ့အစည်းတွေကို မဟာဗျူဟာကိစ္စတွေပါ ဆွေးနွေးထိတွေ့တယ် ဆိုကြပါသတဲ့။ ဒါပေမဲ့ ပြည်တွင်းအဖွဲ့အစည်းတွေ (၆၁ ရာခိုင်နှုန်း) ကတော့ “တခြားမှာ ဒီဇိုင်းရေးဆွဲလာတဲ့ အစီအစဉ်တွေရဲ့ (ဝန်ဆောင်မှု)ဖြန့်ချိရေးမှာ လုပ်ငန်းအကောင်အထည်ဖော်ဖို့ အတွက်ပဲ” (စာ-၄) သူတို့ကို ထိတွေ့ဆက်ဆံ၊ စကားပြောတာလို့ အစီရင်ခံထားပါတယ်။ ဒီလို အမြင်ချင်းကွာနေတာဟာ အင်မတန်ငြင်းခုံရမယ့် ကိစ္စပါ။
ပြည်တွင်းအဖွဲ့တွေက ပါဝင်ထိတွေ့ခွင့်တော့ ရှိကြပါတယ်။ ဒါပေမဲ့ တန်းတူရည်တူ ဩဇာလွှမ်းမိုးနိုင်မှု မရကြပါဘူး။ စည်းဝေးခန်းမ၊ နှီးနှောဖလှယ်ပွဲနဲ့ မိတ်ဖက်ဆက်ဆံရေး လုပ်ထုံးလုပ်နည်းတွေထဲမှာ ပြည်တွင်းအဖွဲ့တွေကို မြင်နေရတာ “အားလုံးအကျုံးဝင်မှု” (inclusion) ရဲ့ နိမိတ်လက္ခဏာပဲပေါ့။ ဒါပေမဲ့ တကယ့် မဟာဗျူဟာဦးစားပေးတွေ၊ ရန်ပုံငွေသတ်မှတ်ချက်တွေ၊ ဘေးအန္တရာယ် ကြိုတင်မှန်းဆမှုတွေ၊ လုပ်ငန်းစဉ် ဒီဇိုင်းတွေကိုတော့ တခြားမှာပဲ ဆုံးဖြတ်ခဲ့ကြပြီးသားပါ။ ဒါဖြင့် ပြည်တွင်းဦးစီးဦးဆောင်ရေး ဆိုတာဟာ ဆုံးဖြတ်ပိုင်ခွင့်ကို အဓိပ္ပာယ်ရှိရှိ ခွဲဝေပေးတာမဟုတ်ဘဲ၊ လုပ်ထုံးလုပ်နည်းအရ ကျင့်သုံးမှုဆန်ဆန်၊ ပေမမီ ထောက်မမီ ဖြစ်သွားနိုင်ပါတယ်။
ဒီစာတမ်းမှာ ဆက်တွေးချင်စရာ နှိုးဆော်ထားတဲ့ကိစ္စက နိုင်ငံတကာအဖွဲ့အစည်းတွေဟာ “ပြည်တွင်း အဖွဲ့အစည်းသစ်တစ်ခုအဖြစ်ထူထောင် ဒါမှမဟုတ် ဌာနေရုံးခွဲမှတ်ပုံတင်” ပြီး (တစ်နည်းအားဖြင့် နိုင်ငံခြားဖြစ် ပြည်တွင်းအဖွဲ့တွေအဖြစ်) အသွင်ပြောင်းလဲလာတဲ့ ရေစီးကြောင်းသစ်တစ်ခုပါ။
“ဒီကူးပြောင်းမှုတွေကို ပြည်တွင်းဦးစီးဦးဆောင်မှုအာဂျင်ဒါအောက်က တိုးတက်မှုအဖြစ် ပုံဖော်ကြတာပါ” (စာ-၃)
ဒီနေရာမှာ ထပ်ဆင့်ပြီး မေးခွန်းတွေ ပေါ်လာပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်ကိုတော့ အထိမခံဘဲ၊ အပ်ချလောင်းဆိုပြီး နိုင်ငံတကာအဖွဲ့တစ်ခုကို ပြည်တွင်းအဖွဲ့ပါလို့ တံဆိပ်ကပ်လိုက်ရုံဆိုရင်တော့ ဘယ့်နှယ့်လုပ်ပြီး ပြည်တွင်းဦးစီးဦးဆောင်မှု ဖြစ်တော့မှာလဲ။ အလှူရှင်တွေရဲ့ အစီရင်ခံစာတွေထဲမှာ ပြည်တွင်းအဖွဲ့တွေနဲ့ အရေအတွက်များများ မိတ်ဖက်လုပ်ကိုင်ပါတယ်လို့ ဖော်ပြကြပါရဲ့။ မြေပြင်မှာတော့ ဘာတွေဦးစားပေး ကိုင်တွယ်ဖြေရှင်းကြမယ်။ ရန်ပုံငွေ စီးဆင်းမှုကို ဘယ်လိုပုံဖော်မယ်။ မဟာဗျူဟာကို ဘယ်လိုချမှတ်မယ် ဆိုတာတွေကျတော့ မိုးပေါ်က (အထက်က) ကျလာတယ်ဆို ဒါဟာ ပြည်တွင်း ဦးစီးဦးဆောင်မှုလို့ မဆိုနိုင်ပါဘူး။ အင်စတီကျူးရှင်းတွေကို တံဆိပ်ပြောင်းကပ်တမ်း ကစားတာပါ။ ဘယ်ဘက်လက်နဲ့ပေးပြီး ညာဘက်လက်နဲ့ ပြန်ယူသလို ဝိနည်းလွတ် မိတ်ဖက်ပူးပေါင်းမှုတွေ၊ ထိတွေ့ဆက်ဆံရေးတွေဟာ ဆုံးဖြတ်လုပ်ကိုင်ခွင့်တွေကို တိတ်တခိုး ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်နေမှာပါ။
အဓိပ္ပာယ်ရှိရှိ ပြည်တွင်းဦးစီးဦးဆောင်ရေး
အောက်ဖော်ပြပါ ဒီစာတမ်းရဲ့ တိုက်တွန်းအကြံပြုချက်တွေကနိုင်ငံတကာ အလှူရှင်တွေနဲ့ ကြားခံအဖွဲ့အစည်းတွေကို အဓိက ရည်ညွှန်းတာပါ။
“ပြည်တွင်းလုပ်ဆောင်သူ” ဆိုတာ ဘယ်သူတွေကို ရည်ညွှန်းတာလဲ ရှင်းရှင်းပြတ်ပြတ် ဖွင့်ဆိုဖို့၊ လုပ်ရကိုင်ရခက်တဲ့ မြန်မာ့အခင်းအကျင်းမှာ တရားဝင်မှု၊ တာဝန်ခံမှု၊ ထဲထဲဝင်ဝင် နီးကပ်လုပ်ကိုင်မှုတွေဟာ ဘယ်လိုသဘောဆောင်တယ်ဆိုတာ သတ်မှတ်ဖို့လိုတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုံးအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ပြန်လည်စဉ်းစားဖို့၊ ကြားခံအလွှာအဖြစ် ဆောင်ရွက်တာထက် ထိတွေ့ဆက်ဆံမှု၊ သင်ယူလေ့လာမှုနဲ့ အားဖြည့်ပံ့ပိုးမှုတွေမှာ ပိုအာရုံစိုက်ဖို့လိုတယ်။
ကူညီပံ့ပိုးမှုစနစ်ကြီးထဲ ပြည်တွင်းအဖွဲ့တွေ ပါဝင်နိုင်အောင် ပိုပြီး ပွင့်လင်းမြင်သာရှိဖို့၊ ရန်ပုံငွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းတွေ၊ ဦးစားပေးမှုနဲ့ ရင်းမြစ်အကန့်အသတ်တွေ၊ ပြည်တွင်းအဖွဲ့တွေ ဆုံးဖြတ်နိုင်တဲ့ နယ်ပယ်ကိစ္စတွေမှာ ပွင့်လင်းမှုရှိပြီး ကြားခံအဖွဲ့တွေ၊ ဂိတ်ပေါက်စောင့်တွေပေါ် မှီခိုနေတာကို လျှော့ချဖို့လိုတယ်။
စာတမ်းထဲမှာ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေအတွက် သီးခြားအကြံပြုချက်တွေ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ ပြည်တွင်းအဖွဲ့တွေကလည်း နိုင်ငံတကာအလှူရှင်တွေနဲ့ ထိတွေ့၊ ပူးပေါင်းဆောင်ရွက်ရာမှာ လုပ်ငန်းအကောင်အထည်ဖော်ရေးလောက်ကို အာရုံစိုက်မယ့်အစား၊ ဦးစားပေးကိစ္စတွေကို ဘယ်သူ သတ်မှတ်သလဲ။ ဘတ်ဂျက်ကို ဘယ်သူထိန်းချုပ်သလဲ၊ အန္တရာယ်ကြုံတွေ့နိုင်ခြေတွေကို ဘယ်လိုကိုင်တွယ်ဆုံးဖြတ်မလဲဆိုတာ စောစောစီးစီးကတည်းက ကြိုတင်မေးမြန်းထားသင့်ကြပါတယ်။ အလှူရှင်တွေရဲ့ သတ်မှတ်ချက်ကိုက်ညီရေး၊ ရန်ပုံငွေစီမံခန့်ခွဲရေးတွေမှာ မတန်တဆ အားစိုက်ရရင် အဲဒါကို တိတိကျကျ ထုတ်ဖော်ပြောကြားဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ့်အဖွဲ့အစည်းရဲ့ မူလရည်ရွယ်မျှော်မှန်းချက်တွေ ရေစုန်မျောမသွားရအောင် ချိန်ညှိလုပ်ကိုင်နိုင်ရပါမယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ ရပ်ရွာအသိုင်းအဝိုင်းအပေါ် တာဝန်ခံမှုရှိပုံတွေကို ဖြစ်နိုင်သရွေ့ မှတ်တမ်းမှတ်ရာထားရှိကြဖို့ လိုပါတယ်။
ပြန်ချုပ်ရရင်တော့ ... မြန်မာပြည်က ပြည်တွင်းဦးစီးဦးဆောင်ရေးမှာ အရေးကြီးတာက ဝန်ဆောင်မှုဖြန့်ချိရာမှာ ပြည်တွင်းအဖွဲ့အစည်း ဘယ်လောက်အရေအတွက်ထိ များပြားပါဝင်လာတယ်ဆိုတာ တိုင်းတာရမှာ မဟုတ်ပါဘူး။ ပြည်တွင်းအဖွဲ့အစည်းတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ရရှိကြရဲ့လား၊ (နိုင်ငံတကာ အလှူရှင်တွေနဲ့) တိုက်ရိုက် ထိတွေ့ဆက်ဆံမှု ရှိကြရဲ့လား၊ တိုင်းပြည်ရဲ့ ဦးစားပေး လိုအပ်ချက်တွေ၊ ရင်းမြစ်တွေ၊ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ကြတဲ့အခါ ဩဇာလွှမ်းမိုးနိုင်ကြရဲ့လား ဆိုတာတွေက အခရာပါ။ ဒီလို အပြောင်းအလဲ ဖြစ်မလာရင်တော့ ပြည်တွင်းဦးစီးဦးဆောင်မှုဆိုတာ ပြည်တွင်းအဖွဲ့တွေ ဟိုပါ ဒီပါ ဖြစ်သလောက် ဆုံးဖြတ်ပိုင်ခွင့်အာဏာက နဂိုအတိုင်း အရွေ့အလျောမရှိဖြစ်ပြီး၊ (ပြည်တွင်းအဖွဲ့တွေကြား) ခွဲခြားခွဲခြားလုပ်တဲ့ စနစ်ယန္တရားကြီးသာ ဖြစ်သွားမှာပါ။
အင်္ဂလိပ်ဘာသာနဲ့ မူရင်းစာတမ်းအပြည့်အစုံကို စာအုပ်စင်မှာ ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ပါပြီ။




Comments