အမည်ခံမိတ်ဖက်များ
- တင်မောင်ကျော်
- Jan 6
- 4 min read
မြန်မာ့အရပ်ဘက်အခင်းအကျင်းထဲက ပါဝါနဲ့သိုသိပ်မှု

နိုဝင်ဘာလဆန်းပိုင်းက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို ဝင်မွှေခဲ့တဲ့ ခါမေဂီနဲ့ ဖန်ဝုန် တိုင်ဖွန်းမုန်တိုင်းနှစ်လုံးက မြန်မာပြည်ကို ချမ်းသာပေးခဲ့ပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေဆီက ဘေးလွတ်ရာခိုမှီးကြရတဲ့ ယာယီစစ်ရှောင်စခန်းတွေမှာတော့ ဆောင်းလေအေးတွေက အညှာတာမဲ့ တိုက်ခတ်ဝင်ရောက်လာခဲ့ပါပြီ။ ဒေသတွင်းမှာ ဒီတိုင်ဖုန်းနှစ်လုံးကို အရေးတယူတုံ့ပြန်ပုံ သတင်းတွေ၊ ဓာတ်ပုံတွေ မြင်တွေ့ရတဲ့ခါ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း ကျရောက်ခဲ့တဲ့ နေ့ရက်တွေကို ပြန်လည်သတိရမိပြီး၊ အပျက်အစီးတွေနဲ့ အတင်းအကျပ် ဖော်ဆောင်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲတွေကြားက မြန်မာ့အရပ်ဘက်အဖွဲ့အစည်းတွေက ပြည်သူ့မျက်မှောက် တိုးဝင် ရောက်ရှိလာတာကို ပြန်မြင်ယောင်မိပါတယ်။ ခုတော့လည်း သဘာဝဘေးအန္တရာယ်တစ်ခုကနေ အရပ်ဘက် လှုပ်ရှားသူတွေရဲ့ တုံ့ပြန်နိုင်စွမ်း၊ ကောက်ခါငင်ခါ လုပ်ကိုင်နိုင်စွမ်းနှင့် စည်းလုံးညီညွတ်မှုတွေကို တံခါးဟပေးခဲ့တာ နှစ်ပေါင်းနှစ်ဆယ် ပြည့်လုနီးပါပြီ။
တစ်တိုင်းပြည်လုံးကို မငြိမ်မသက်နဲ့ ပဋိပက္ခကြီးထဲ တွန်းပို့မွှေနှောက်ခဲ့တဲ့ ၂၀၂၁ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့တာ ငါးနှစ်ပြည့်ခါနီး အခုလိုအချိန်မှာ အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်သူတွေဟာ မြန်မာပြည်အရပ်ရပ်က ရပ်ရွာအသိုင်းအဝိုင်းတွေကို ကာကွယ်ပေးဖို့ ရှေ့တန်းမျက်နှာစာဆီ တကျော့ပြန် ရောက်လာခဲ့ကြပါပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကြုံရတဲ့မေးခွန်းက ပိုဖိစီးလေးလံလှပါတယ်။ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေဟာ တကယ်ပဲ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ယှဉ်တွဲပြီး မူဝါဒတွေချမှတ်၊ အစီအစဉ်တွေ ရေးဆွဲနိုင်တဲ့ ယုံကြည်ကိုးစားထိုက်တဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်တွေ ဖြစ်လာကြပြီလား။ ဒါမှမဟုတ် အရေးပေါ်နဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ရန်ပုံငွေမောင်းနှင်ရာ အကောင်အထည်ဖော်နေရတဲ့ အလုပ်တွေပိ၊ လုပ်နိုင်စွမ်းတော့ရှိတဲ့ အကောင်အထည် ဖော်သူတွေအဖြစ်ပဲ ဆက်ရှိနေကြသလား။
“... တကယ်လို့ မျက်နှာသိ တချို့လောက်ကို ရွေးပြီး ဝေဖန်ဆွေးနွေးမှုတွေ နည်းပါးအောင်လုပ်ထားတဲ့ မူဝါဒချမှတ်ရေး လုပ်ရပ်မျိုးဆိုရင်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး”
နှမ်းဖြူးခြင်း
ဖွံ့ဖြိုးရေးအကြောင်း စကားစဉ်တွေမှာ “ဖွံ့ဖြိုးရေးမိတ်ဖက်” နဲ့ “အကောင်အထည်ဖော်ရေး ယူနစ်”တွေကို အနက်တူဝေါဟာရကွဲတွေအဖြစ် ရေလဲသုံးကြပေမယ့် ဒီနှစ်မျိုးမှာ အစွမ်းအစ၊ ပါဝါနဲ့ ရည်ရွယ်ချက်ပိုင်းတွေမှာ သိသိသာသာ ကွဲပြားပါတယ်။ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေဟာ မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးမှုတွေဆီ အဖိတ်ခံရသလား၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို အကောင်အထည်ဖော်ပေးဖို့သက်သက် စာချုပ်ထားသလား ဆိုတာကို ဒီဝေါဟာရတွေက ပုံဖော်သတ်မှတ်ပါတယ်။
ဖွံ့ဖြိုးရေးမိတ်ဖက်ဆိုတာ မိတ်ဖက်ဆက်ဆံရေးတစ်လျှောက် မဟာဗျူဟာတွေ ပုံဖော်၊ ဦးစားပေးတွေ သတ်မှတ်၊ ရလဒ်တွေအပေါ် ဩဇာညောင်းပြီး အပြန်အလှန်လေးစားမှု၊ အတူတကွ ဆုံးဖြတ်မှု၊ ပြည်တွင်း သိမြင်နားလည်မှုနဲ့ တရားဝင်မှုတွေအပေါ် အသိအမှတ်ပြု ခံကြရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းရေးရာကျွမ်းကျင်သူ ကိုဖြူ*က “စားပွဲမှာ သွားဝင်ထိုင်ရုံနဲ့ မဖြစ်ဘူး၊ ကိုယ်ပြောတဲ့စကားကလည်း ခရီးရောက်ဖို့လိုတယ်။ တကယ်လို့ မျက်နှာသိ တချို့လောက်ကို ရွေးပြီး ဝေဖန်ဆွေးနွေးမှုတွေ နည်းပါးအောင်လုပ်ထားတဲ့ မူဝါဒချမှတ်ရေး လုပ်ရပ်မျိုးဆိုရင်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး” လို့ ဆိုပါတယ်။ ဒီလို ဝတ်ကျေတမ်းကျေ ဆွေးနွေးမှုတွေဟာ စစ်မှန်တဲ့ မိတ်ဖက်တွေကို မထူထောင်နိုင်ပါဘူး။ ဟန်ပြသက်သက်ပါပဲ။
တစ်တိုင်းပြည်လုံး အကျပ်ဆိုက်နေတဲ့ လက်ရှိကာလတွေနဲ့ လုံးလုံးလျားလျား ဆန့်ကျင်ဘက်၊ အေးအေးချမ်းချမ်း ရှိခဲ့တုန်းကတော့ မြန်မာ့အရပ်ဘက်အဖွဲ့အစည်းတွေဟာ မကြာခဏ နှီးနှောတိုင်ပင်ခံရပုံပေါ်ပါတယ်။ ဒါပေမဲ့ ရပ်ရွာပြည်သူများဟာ ရင်းမြစ်တွေ၊ အကောင်အထည်ဖော်တာတွေကို လိုလားတောင့်တပြီး တုံ့ပြန်နိုင်စွမ်း အသည်းအသန်လိုအပ်တဲ့အချိန်မှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ သူတို့အခန်းကဏ္ဍနဲ့ အဆင့်အတန်းတွေကို ကိုယ်တိုင်ကြေးတန်းလျှော့ပြီး အကောင်အထည်ဖော်သူ ယူနစ်တွေအဖြစ် နေရာယူကြရပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ထိရောက်တာ၊ ပျံ့နှံ့တာ၊ စိတ်ချရတာကို တန်ဖိုးထားကြပေမယ့် အဲသလိုအခန်းကဏ္ဍမှာပဲ ရှိနေရလို့ သူတို့ရဲ့ မဟာဗျူဟာချမှတ်နိုင်စွမ်း အကန့်အသတ်ရှိလာပြီး အလှူရှင်တွေ ဘယ်ကမှန်းမသိ ကြိုရေးလာတဲ့ စီမံကိန်းတွေ၊ ဦးတည်ချက်တွေကို အကောင်အထည်ဖော်သူတွေအဖြစ် လျှောကျသွားရပါတော့တယ်။
ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းရေးရာ ကျွမ်းကျင်သူ လှိုင်*က ဒီအခြေအနေနဲ့ပတ်သက်လို့ “သူတစ်ပါးပြုလုပ်၍ ပြီးစီးလုနီးတွင် လူတော်လူတတ် ဝင်လုပ်သည်” လို့ အဓိပ္ပာယ်ယ်ရတဲ့ “နှမ်းဖြူး”တယ်ဆိုတဲ့ စကားလုံးကို ပြေးမြင်ယောင်မိပါတယ်။ ဖွံ့ဖြိုးရေး မိတ်ဖက်ဆောင်ရွက်မှု အများအပြားမှာ နိုင်ငံတကာမိတ်ဖက်တွေက အဲသလို နှမ်းဖြူးတတ်ကြလို့ မိတ်ဖက်အဖွဲ့အစည်းတွေကြား ယုံကြည်မှု၊ နားလည်မှုတွေ ပျက်စီးရပါတယ်။ ဒါဟာ ပြည်တွင်း မိတ်ဖက်တွေရဲ့ သိမြင်နားလည်မှု၊ စွမ်းရည်နဲ့ ရလဒ်ကောင်း ပေါ်ပေါက်စေနိုင်တဲ့ အားထုတ်ကြိုးပမ်းမှုတွေအပေါ် လေးစားတန်ဖိုးထားမှု ကင်းမဲ့နေတာကို ပြသနေတဲ့ လက္ခဏာတစ်ခုပါပဲ။ သူ့မှတ်ချက်က “ဒီလိုစိတ်ထားမျိုးက တို့က ပိုက်ဆံပေးထားတာပဲ ဆိုတာမျိုး ဖြစ်နေတယ်။ ဝမ်းနည်းစရာ ကောင်းတာက ဒီလိုစိတ်ထားမျိုးကို အတွေ့ရများလာတာပဲ” တဲ့။
ဒီလို မိတ်ဖက်လက်တွဲမှုတွေကို ကြည့်လိုက်ရင် နောက်ထပ်မမျှတတဲ့ အလွှာတစ်လွှာ ထပ်ရှိနေပါသေးတယ်။ အဲဒါကတော့ သတင်းအချက်အလက်တွေကို သိုသိပ်ထိန်းချုပ်ထားတာပါပဲ။
သတင်းအချက်အလက်ရဲ့ ပါဝါနဲ့တန်ဖိုး
မြန်မာပြည်ရဲ့ နိုင်ငံတကာကူညီပံ့ပိုးမှုအခင်းအကျင်းမှာ ပါဝါဟာ ငွေတစ်ခုတည်း မကပါဘူး။ သတင်းအချက်အလက်လည်း ပါပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ပိုက်ဆံအိတ်ရှုံ့ကြိုးတွေကို ကိုင်ထားပြီး ဘယ်ပြည်တွင်းအဖွဲ့အစည်းကို အသိပေးမယ်၊ ရန်ပုံငွေ ဘယ်လောက် ခွဲတမ်းချပေးမယ်၊ ဘယ်သို့ဘယ်ပုံ ပေးကမ်းမယ် ဆိုတာတွေကို ဆုံးဖြတ်ကြပါတယ်။ အဲဒီအခါ သတင်းအချက်အလက်ဟာလည်း ငွေကြေးသဖွယ် ဖြစ်လာပါတယ်။ ပွင့်လင်းမြင်သာမှုကို မူအားဖြင့် ရွှန်းရွှန်းဝေ ပြောနေကြတဲ့တစ်ချိန်တည်းမှာ နိုင်ငံတကာထောက်ပံ့မှုဆိုင်ရာ သတင်းအချက်အလက်တွေက အများပြည်သူ ကြည့်နိုင်မြင်နိုင်တဲ့ ဝက်ဘ်ဆိုက်တွေပေါ် မတွေ့ရပါဘူး။ အများအားဖြင့် လုံခြုံရေး စိုးရိမ်ရလို့ဆိုတဲ့ နဖူးစည်းစာတန်းနဲ့ အကြောင်းပြခံရစမြဲပါ။
ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုက အာဏာသိမ်းမှုအလွန်ကာလမှာ မြန်မာပြည်အတွက် ဒေါ်လာသန်းချီ၍ သုံးစွဲပံ့ပိုးတဲ့ နိုင်ငံတကာကြားခံအဖွဲ့တစ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆက်သွယ်တဲ့အခါ အစည်းအဝေးက မြန်မြန်ပဲ ပြီးသွားပါတယ်။ တုံ့ပြန်မှုက ချေချေငံငံ မရှိပါဘူး။ “မိတ်ဖက်အဖွဲ့တွေဆီကတစ်ဆင့် စုံစမ်းပေးပါ” တဲ့။ ဒါပေမဲ့ ဘယ်သူဘယ်ဝါကို ဘယ်လိုဆက်သွယ်ရမယ်လို့ မပြောပါဘူး။ ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းတစ်ခုကတော့ တံခါးပိတ်သွားပြန်ပြီပေါ့။ အဲဒီနိုင်ငံတကာကြားခံအဖွဲ့က လုပ်ငန်းလည်ပတ်မှုတွေ လုံခြုံနေဖို့ လုပ်ရတယ်ဆိုတာ ဂုဏ်သိက္ခာအရ လက်ခံပေးလို့ရပေမယ့် သူတို့ သိုသိုသိပ်သိပ်နေတာဟာ လက်လှမ်းမီမှုနှင့် ရင်းမြစ်တွေကို သူတို့ထိန်းချုပ်ထားနိုင်ကြောင်း ပါဝါပြလိုက်တာပါပဲ။
သတင်းအချက်အလက်နဲ့ ရင်းမြစ်တွေကို အချိန်နဲ့တပြေးညီ လက်လှမ်းမမီတဲ့အခါ မဟာဗျူဟာကျကျ လုပ်ဆောင်နိုင်စွမ်းဟာလည်း တွန့်လိပ်ခွေခေါက်သွားတာပါပဲ။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပါဝါကြီးမားလာတာနဲ့အမျှ အောက်ခြေကို တာဝန်ခံမှုက နည်းပါးလာပါတယ်။ ဒီအဖွဲ့အစည်းတွေက သူတို့ရဲ့ ရုံးချုပ်တွေ၊ အလှူရှင်အစိုးရတွေကို အစီရင်ခံစာတွေ တင်ကြပေမယ့် မြန်မာပြည်က အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ဘယ်အလှူရှင်တွေက ဘာတွေကို ဦးစားပေးတယ်၊ ဘယ်လမ်းကြောင်းက ပံ့ပိုးတယ်၊ ဘယ်လောက် ကူညီတယ်ဆိုတဲ့ ကူညီပံ့ပိုးမှုသတင်းအချက်အလက်တွေ သိရှိလက်လှမ်းမီတာ ခပ်ရှားရှားပါပဲ။ ပွင့်လင်းမြင်သာမှုမရှိရင် သူတို့ရဲ့ ကူညီပံ့ပိုးမှုတွေဟာ ပြည်တွင်းရပ်ရွာအသိုက်အဝန်းတွေကို တကယ်အကျိုးဆောင်နိုင်သလား။ ဒါမှမဟုတ် အလှူရှင်တွေ မျှော်လင့်ထားတာနဲ့ ကိုက်ညီတယ်လို့ ပြသရုံသက်သက်လား ဆိုတာ အာမခံချက် မရှိတော့ပါဘူး။ အလှူရှင်နိုင်ငံတွေက အခွန်ထမ်းပြည်သူတွေနဲ့ ဥပဒေပြု အမတ်တွေကို ထိန်းကျောင်းစိစစ်မှုတွေက ပွင့်လင်းမြင်သာမှု ကင်းမဲ့တယ်၊ ထိရောက်မှုမရှိဘူးလို့ ရှုမြင်သုံးသပ်လာကြတဲ့အခါ နိုင်ငံတကာ ကူညီပံ့ပိုးမှုထဲ ထည့်ဝင်လှူဒါန်းတာတွေကို ဖြတ်တောက်လျှော့ပေါ့ဖို့ ဖိအားတွေ ဖြစ်လာစေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလို သိုသိပ်လျှို့ဝှက်မှုတွေကြောင့် မိတ်ဖက်ထူထောင်မှုတွေက ကွဲကြေကျိုးပဲ့လွယ်ပြီး ပြည်တွင်းအဖွဲ့အစည်းတွေမှာလည်း ထိရောက်မှုကို ပြန်ဆန်းစစ်သုံးသပ်ခွင့်ရော၊ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ဩဇာလွှမ်းမိုးနိုင်ဖို့ရော မဖြစ်နိုင်တော့ပါဘူး။
ဘာပဲပြောပြော ပြည်တွင်းအဖွဲ့အစည်းတွေဟာ ဘယ်နေရာမှာ လိုအပ်ချက်တွေက အရေးပေါ် ဖြစ်နေတယ်၊ ဘယ်လူ့အသိုက်အဝန်းတွေက ချက်ချင်း ပြန်လည်ထူထောင်ရေးလုပ်ရမယ်၊ ဘယ်ကိစ္စတွေကတော့ ရေရှည် ဖြေရှင်းမှုတွေ လိုတယ်ဆိုတာ သိနေကြပါတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတာတွေ၊ ဦးစားပေးစရာတွေ၊ ထိရောက်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့ လျှောက်ရမယ့်လမ်းတွေ အားလုံးကို သိနားလည်နေကြတာပါ။ ဒါပေမဲ့ သတင်းအချက်အလက်နဲ့ ရင်းမြစ်တွေကို အချိန်နဲ့တပြေးညီ လက်လှမ်းမမီတဲ့အခါ မဟာဗျူဟာကျကျ လုပ်ဆောင်နိုင်စွမ်းဟာလည်း တွန့်လိပ်ခွေခေါက်သွားတာပါပဲ။ ဒီဟန်ချက်မညီမှုက သိသာထင်ရှားပါတယ်။ ငွေကြေးနှင့် သတင်းအချက်အလက်က တုံ့ပြန်ဖြေရှင်းမှုတွေကို ပုံဖော်နိုင်စွမ်းရှိချိန်မှာ ဒါတွေနဲ့ ခပ်လှမ်းလှမ်း ရောက်နေသူ၊ သိနားလည်ထားသူတွေကတော့ အကောင်အထည်ဖော်ဖို့ ရှိသမျှ ကျုံးလုပ်ဖို့ပဲ ကျန်ပါတော့တယ်။
အရပ်ဘက်အခင်းအကျင်းတွေ ကျဉ်းမြောင်းတဲ့အခါ
ဦးစားပေးစရာတွေ၊ ချဉ်းကပ်ပုံတွေအပေါ် လွှမ်းမိုးဩဇာရှိရမယ့်အစား ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေဟာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေပမာ အသုံးတော်ခံနေရတဲ့အတွက် အရပ်ဘက်အခင်းအကျင်းဟာ ကျဉ်းမြောင်းလာပြီး၊ ကိုယ့်ရပ်တည်ချက်ကို ငြင်းခုံပြောဆိုနိုင်တဲ့ စင်မြင့်တစ်ခု ဖြစ်မလာတော့ဘဲ ဗောင်းတော်ညိတ်စိတ်တော်သိ လိုက်လျောဖော်ဆောင်ပေးရတဲ့ စင်္ကြံလမ်းတစ်ခုသာ ဖြစ်လာစရာရှိပါတယ်။ ပွင့်လင်းမြင်သာမှု၊ လူမှုတရားမျှတမှုနဲ့ လူ့အခွင့်အရေးတို့ကို ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံ ဆက်လက်ပါဝင် လုပ်ကိုင်နေရပေမယ့် သူတို့ရင်ဆိုင်ကျော်လွှားနေရတဲ့ ပါဝါအခင်းအကျင်းတွေနဲ့ လက်တွေ့လုပ်ငန်း စီမံလည်ပတ်မှု အရှိတရားတွေကြောင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ကြုံလာရပါတယ်။
ပရောဂျက်အကောင်အထည်ဖော်မှုတွေဟာ မရည်ရွယ်ဘဲနဲ့ သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေအပေါ် တာဝန်ခံမှု အားပျော့သွားစေပြီး ဒါပြီးဒါလုပ်သံသရာစက်ဝန်းထဲ ဘယ်လိုများ တွန်းချသွားမလဲ။
သူတို့ဟာ ရွေးကောက်ခံ အင်စတီကျူးရှင်းတွေကို မျက်နှာလွှဲပြီး၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဇာတ်ကြောင်းပုံဖော်မှုတွေကို သံယောင်လိုက်ရင်း ဒီမိုကရေစီ စံနှုန်းတွေကို ခြိမ်းခြောက်အန္တရာယ်ပြုမယ့် စင်ပြိုင်ပါဝါအဆောက်အဦတွေကို ထူထောင်မိလျက်သား ဖြစ်သွားနိုင်သလား။
ဒီမိုကရေစီမူဘောင်တွေ ခြိမ်းခြောက်ခံနေရချိန်မှာ သူတို့အနေနဲ့ အခွင့်ထူးခံလူစုတွေရဲ့ ညွှတ်ကွင်းထဲ သက်ဆင်းသွားရနိုင်ခြေ ဘယ်လောက်ရှိနေပါသလဲ။
ဒီမေးခွန်းတွေဟာ မြန်မာ့အရပ်ဘက်အခင်းအကျင်းကို ပုံဖော်ရာမှာ တကယ့်အန္တရာယ်ကြုံနိုင်ခြေတွေကို ပုံဖော်ပေးနေတာပါ။ ပြည်တွင်းလိုအပ်ချက်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေက သုံးသပ်ပြီး တုံ့ပြန်နိုင်စွမ်း အကန့်အသတ်ရှိလာလေ၊ တစ်ကိုယ်ထီးတည်း ရပ်တည်ကြရင်း ဒီမိုကရေစီစည်းမျဉ်းတွေအတွက် ပူးပေါင်းနှိုးဆော်တိုက်တွန်းတာတွေ အားနည်းသွားတာနဲ့အတူ စည်းလုံးညီညွတ်မှုဟာလည်း ကွဲအက်ကျိုးကြေလေပါပဲ။ ဒီလို အစိတ်စိတ်အမွှာမွှာ စိတ်ဝမ်းကွဲပြားမှုတွေဟာ ကူညီပံ့ပိုးမှု ထိရောက်ရေးတစ်ခုတည်းပေါ် အကျိုးသက်ရောက်တာ မဟုတ်ပါဘူး။ စည်းလုံးညီညွတ်မှုနဲ့ ဘုံရည်ရွယ်ချက် ထားရှိမှုတွေကို မဖြစ်မနေ လိုအပ်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး တစ်ခုလုံးပေါ်မှာပါ ဂယက်ရိုက်ခတ်နိုင်ပါတယ်။
ဘယ်သူက ခေါင်းဆောင်မှာတဲ့လဲ
လက်ရှိ စိန်ခေါ်မှုတွေ ရှိနေတဲ့ကြားကပဲ တိုးတက်မှုရဲ့ အရိပ်လက္ခဏာတချို့ကိုတော့ မြင်ရပါတယ်။ မကြာခင်က နိုင်ငံတကာ အဖွဲ့အစည်းတချို့ဟာ ပွင့်လင်းမြင်သာမှု ပိုကောင်းလာဖို့ အားဖြည့်တဲ့ ခြေလှမ်းတွေ လှမ်းလာကြတာ တွေ့ရပါတယ်။ ဥပမာ - ဩစတြေးလျရဲ့ နိုင်ငံခြားရေးရာနဲ့ ကုန်သွယ်ရေးဌာန (DFAT) က AusDevPortal လို့ခေါ်တဲ့ ဖွံ့ဖြိုးရေးကူညီပံ့ပိုးမှု အချက်အလက်တွေ ထုတ်လွှင့်ပေးတာ၊ NED က Duty of Care and Public Disclosure Policies တွေကို ၂၀၂၅ ခုနှစ်အတွင်း ချမှတ်ခဲ့တာတွေပါ။ ဒီဥပမာတွေအရ အလှူရှင်တွေအတွက်ပဲဖြစ်ဖြစ်၊ ကြားခံ အဖွဲ့အစည်းတွေအတွက်ပဲဖြစ်ဖြစ် ပွင့်လင်းမြင်သာမှုဟာ တကယ့်ကို စိတ်ရင်းသဘောထားမှန်နဲ့ လိုလားမှုရှိရင် ဖြစ်နိုင်တာချည်းပါပဲ။
၂၀၂၂ ခုနှစ်တုန်းက ထိရောက်သောဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံ (Effective Development Co-operation Summit) မှာ နိုင်ငံ ၁၈ နိုင်ငံနဲ့ ပရဟိတ အလှူရှင်အဖွဲ့ကြီးတွေ ပါဝင်ပြီး၊ ပြည်တွင်းဦးဆောင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တိုက်ရိုက်နဲ့ အရည်အသွေးမြင့် ရန်ပုံငွေပံ့ပိုးမှုတွေ လုပ်သွားဖို့ အတူတကွ သန္နိဋ္ဌာန်ထားရှိမှုကို ဖော်ပြတဲ့ အလှူရှင်တွေရဲ့ ထုတ်ပြန်ချက်တစ်စောင် ပေါ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် တချို့အလှူရှင်နိုင်ငံတွေကလည်း သူတို့ရဲ့ မိတ်ဖက်လက်တွဲမှုတွေ ပိုတိုးတက်ကောင်းမွန်စေဖို့ ဆန်းသစ်တဲ့ မဟာဗျူဟာတွေ၊ ရန်ပုံငွေလျှောက်ထားဖို့ ကမ်းလှမ်းချက်တွေကို ထုတ်ပြန်လာခဲ့ပါတယ်။ သာဓကအားဖြင့် ဆွီဒင်ရဲ့ အရပ်ဘက်အဖွဲ့အစည်း မဟာဗျူဟာနဲ့ နော်ဝေရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအတွက် လုပ်ဆောင်ချက်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ပြောင်းလွယ်ပြင်လွယ်ရှိပြီး အဖွဲ့အစည်းအတွက် အမြုတေရန်ပုံငွေ တောင်းခံနိုင်တဲ့ ရွေးချယ်စရာတွေ ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ရန်ပုံငွေအများစုက သိုသိုသိပ်သိပ်နဲ့ ကြိုးကိုင်ထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေကပဲ စီးဆင်းနေတာဆိုတော့ ခြွင်းချက်အခြေအနေတွေက ရှိနေဦးမှာပါပဲ။
ဒါကြောင့် ကူညီပံ့ပိုးမှုတွေနဲ့ ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှု တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ရာဟာ အရေးပေါ် ဦးစားပေးစရာတစ်ခု ဖြစ်ပါတယ်။ အလှူရှင်(အစိုးရ)တွေဟာ ရှိရင်းစွဲ ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတွေဆီက အတုယူပြီး ရန်ပုံငွေ ဦးစားပေးမှု၊ လမ်းကြောင်းနဲ့ ကိုက်ညီရမယ့် သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်းရှိ၊ သိရှိလက်လှမ်းမီနိုင်အောင် စီစဉ်ပေးနိုင်ကြပါတယ်။ တချိန်တည်းမှာပဲ ကြားခံ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အကျင့်ပျက်ခြစားမှုညွှန်းကိန်းရဲ့ ထိပ်ပိုင်းမှာပါနေတဲ့ မြန်မာပြည်လို နေရာမျိုးမှာ အကျင့်ပျက်ခြစားမှုတွေကို ရှောင်ရှားကာကွယ်နိုင်ဖို့ (အလှူရှင်တွေနဲ့) အလားတူ ပွင့်လင်းမြင်သာမှု စံနှုန်းတွေကို ကိုင်စွဲထားကြရမှာပါ။ အလှူရှင်တွေအနေနဲ့ တိုင်ပင်ဆွေးနွေးမှုလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဖွင့်ပေးပြီး အောက်ခြေအထိ ဆင်းသက်တဲ့ တာဝန်ခံမှုကို အာမခံချက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ လက်တစ်ဆုပ်စာ လူတစ်စုလောက်ရဲ့ မလိုလားအပ်တဲ့ ဩဇာလွှမ်းမိုးမှုတွေကို ရှောင်ရှားပြီး ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ တုံ့ပြန်ဝေဖန်မှတ်ချက်ပေးမှုတွေ လက်လှမ်းမီနိုင်မယ့် စနစ်ယန္တရားတွေ ထူထောင်ထားရှိနိုင်မှာပါ။
နိုင်ငံတကာ အဖွဲ့အစည်းတွေကပဲ ပြည်တွင်းမိတ်ဖက်တွေကို တစ်ဖက်သတ် ရွေးချယ်နေပြီး၊ ပြည်တွင်းအဖွဲ့အစည်းတွေက ဘာမှ ပြောရေးဆိုခွင့်မရတာကို ‘ပြည်တွင်း ဦးဆောင်တဲ့ ဖွံ့ဖြိုးရေး’လို့ တကယ်ပဲ ခေါ်လို့ ရပါ့မလား။
အဆုံးစွန်အားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ လုပ်ငန်းသဘော (ဘုရားစူး) မိတ်ဖက်ဖွဲ့စည်းမှုမျိုးတွေကနေ အတူတကွ ဆုံးဖြတ်ချက်ချမှတ်ခွင့်ပါဝါရှိတဲ့ စစ်မှန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆီ ဦးလှည့်သင့်ပါတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေကို ဝန်ဆောင်မှုဖြန့်ချိပေးရုံမှာသာမက၊ မူဝါဒတိုက်တွန်းဆော်ဩမှုနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ ပါဝင်နိုင်စွမ်းရှိလာအောင် အလှူရှင်တွေက အားဖြည့်ပေးပြီး၊ အရပ်ဘက်အဖွဲ့အစည်းတွေဟာ သူတို့လုပ်ကိုင်သမျှ အစီရင်ခံစာတင်ရင်း အချိန်ကုန်စေတဲ့ မလှုပ်သာမရွေ့သာ သတ်မှတ်ချက်ကိုက်ညီရေး (compliance) မူဘောင်တွေကနေ ကျွတ်လွတ်စေသွားအောင် လှုပ်သာလှည့်သာရှိတဲ့ အစီအစဉ်တွေကို ရန်ပုံငွေ ထောက်ပံ့သင့်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကပဲ ပြည်တွင်းမိတ်ဖက်တွေကို တစ်ဖက်သတ် ရွေးချယ်နေပြီး၊ ပြည်တွင်းအဖွဲ့အစည်းတွေက ဘာမှ ပြောရေးဆိုခွင့်မရတာကို ‘ပြည်တွင်း ဦးဆောင်တဲ့ ဖွံ့ဖြိုးရေး’လို့ တကယ်ပဲ ခေါ်လို့ ရပါ့မလား။
“ပြည်တွင်းမိတ်ဖက်အဖွဲ့တွေကလည်း စာချုပ်မှာ လက်မှတ်ထိုးခွင့်ရတာလောက်နဲ့ မတင်းတိမ်ဖို့လိုတယ်။ လတ်တလော လိုအပ်ချက်တွေ၊ ရေရှည် လိုအပ်ချက်တွေကို အလှူရှင်တွေ ပိုနားလည်လာအောင် လုပ်ဖို့ကို ပြည်တွင်းအဖွဲ့တွေက တာဝန်မလစ်ဟင်းကြဖို့ လိုတယ်။ ဒီနည်းနဲ့ ကိုယ့်ရပ်ရွာအသိုက်အဝန်းအပေါ် တာဝန်ခံမှုကို ပြသကြရမှာပေါ့။ ပြည်တွင်းအဖွဲ့တွေက နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေ ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာ သိနားလည်နေသင့်တယ်။ သိဖို့လိုရင်လည်း စုံစမ်းမေးမြန်းရမယ်။ ကူညီပံ့ပိုးမှုတွေကို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေ ပိုလက်လှမ်းမီအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာလည်း (အလှူရှင်တွေကို) အကြံပေးရမယ်” လို့ ပြည်တွင်းအဖွဲ့အစည်းတစ်ခုမှာ ပါဝင်လုပ်ကိုင်နေတဲ့ ရဲနွယ်က ဆိုပါတယ်။
အနှစ်သာရအားဖြင့် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စိတ်ကူးအိပ်မက်ထဲ မျှော်လင့်တောင့်တကြတဲ့ ဒီမိုကရေစီဆိုတာ ပြည်သူ့ဝန်ဆောင်မှုတွေ ဖြန့်ချိဖြည့်စွမ်းပေးရုံ မကပါဘူး။ ဒီမိုကရေစီဆိုတာ အပြန်အလှန် နှီးနှောဖလှယ်ကြ၊ အမြင်ကွဲပြားတာတွေကိုလည်း ရဲရဲတင်းတင်း ဖော်ပြကြ၊ အတူတကွ ပါဝင်ဆုံးဖြတ်ကြမှ ဖြစ်လာမှာပါ။ ပိုက်ဆံအိတ်ကိုရော ဘောပင်ကိုပါ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုင်ထားသရွေ့ ဒီအစွမ်းအစတွေ လည်း အားနည်းနေမှာပါ။ တကယ်လို့ နိုင်ငံတကာ ကူညီပံ့ပိုးမှု စနစ်ယန္တရားကြီးက တန်းတူညီမျှမှု ဖော်ဆောင် ပေးရမယ့်အစား တစ်ဖက်သက်ကြီးစိုးမှုကိုပဲ ရှေ့တန်းတင်နေရင် မရည်ရွယ်ပါဘဲ အာဏာရှင်ဝါဒ သက်ဆိုးရှည်ဖို့ပဲ ရှိပါလိမ့်မယ်။ ဒါကြောင့် စစ်မှန်တဲ့ မိတ်ဖက်ဆောင်ရွက်ဆိုတာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဇိမ်ကျကျ ချောချောမွေ့မွေ့ ဖြစ်စေဖို့ချည်း မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မြန်မာပြည်က အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်သူတွေဟာ မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်သူတွေ၊ ပြည်သူ့အသံကိုနာခံပြီး မြှင့်တင်ပေးသူတွေအဖြစ် သူတို့ကို အသည်းအသန်လိုအပ်နေတဲ့ စနစ်ကြီးတစ်ခုထဲမှာ အကောင်အထည်ဖော်သူတွေအနေနဲ့သာ အရိုးထုတ်ရပါလိမ့်မယ်။
⬇️ ဒီဆောင်းပါးကို စာရေးသူ တင်မောင်ကျော်နဲ့ သင်းမြကြည်တို့က ရေးသားထားပြီး၊ အင်္ဂလိပ်ဘာသာ ထုတ်ဝေမှုကို ဖတ်ရှုမျှဝေလိုသူတွေအတွက် ဒီလင့်ခ်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။
မှတ်ချက် - ကြယ်ပွင့်(*)ပြထားတဲ့ နေရာတွေမှာ ဖော်ပြထားတာတွေက အမည်လွှဲတွေ ဖြစ်ပါတယ်။




အစဆုံးဖတ်ဖြစ်လိုက်တယ်
စိတ်ဝင်စားစရာကောင်းပါတယ်။ဘယ်လိုပြောင်းလဲမလဲ ...........