အမှန်အကန် အရပ်ဘက် လူ့အဖွဲ့အစည်းများ
- ခူးဂလယ်

- 1 day ago
- 3 min read
အလှူရှင်တွေရဲ့ ရန်ပုံငွေတွေကြောင့် ပါကစ္စတန်က အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ တာဝန်ခံမှု ဘယ်လိုပြောင်းလဲသွားလဲ

"ကျွန်တော်က (နိုင်ငံတကာ) ကူညီပံ့ပိုးရေး အစီအစဉ်တွေမှာ ၂၅ နှစ်လောက် ဦးစီးခဲ့တာပါ။ အစ္စလာမာဘတ် ဈေးကြီးထဲမှာ ကျွန်တော့်ကားပြင်ရင်းနဲ့မှ ဘာကြောင့် နိုင်ငံတကာအကူအညီတွေ အလုပ်မဖြစ်လဲ နားလည်သွားပါတော့တယ်" တဲ့။ ဒါဟာ အခုဆောင်းပါးရဲ့ မူလခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ အလှူရှင်တွေရဲ့ နိုင်ငံတကာ ရန်ပုံငွေတွေဟာ ကူညီပံ့ပိုးမှုခံယူရာနိုင်ငံတွေမှာ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်နေပုံကို ထောက်ပြထားတဲ့ ဂါးဒီးယန်းသတင်းဌာန ဝက်ဘ်ဆိုက်က ဆောင်းပါးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မေးခွန်းထုတ်၊ ထောက်ပြဆွေးနွေးချက်တွေကို CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးပါရစေ။
အလှူရှင်တွေကတော့ စေတနာနဲ့ပါ။ ဒါပေမဲ့ ပါကစ္စတန်မှာတော့ ရန်ပုံငွေတွေဟာ အောက်ခြေက အမှန်အကန်အရပ်ဘက်အဖွဲ့အစည်းတွေဆီ မရောက်ဘဲ၊ ပရော်ဖက်ရှင်နယ်ဆန်ပြီး တာဝန်ခံမှုမရှိတဲ့ NGO တွေဆီ စီးဆင်းနေပါတယ်။
ဩဂုတ်လရဲ့ ပူလောင်အိုက်စပ်တဲ့ တစ်ရက် အစ္စလာမာဘတ်ဈေးထဲမှာပေါ့။ အမေရိကန်သံရုံးထဲက လေအေးပေးစက်တပ်ထားတဲ့ ဇိမ်ကျကျ ကျွန်တော့်ရုံးခန်းနဲ့ သိပ်မဝေးပါဘူး။ ကျွန်တော် ကားပြင်ဖို့ စက်ပြင်ဆရာကို စောင့်နေရတယ်။ ဘယ်လောက်ပဲ ပူပူ၊ ဈေးကတော့ ပုံမှန်ထက်တောင် လှုပ်ရှားနေသေးတယ်။ စက်ပြင်ဆရာရဲ့ အကူကောင်လေးကို ကျွန်တော်က ဘာတွေဖြစ်နေတာလဲလို့ မေးကြည့်တယ်။ “ဒီနေ့ ကျွန်တော်တို့ အသင်းက ရွေးကောက်ပွဲရှိတယ်” တဲ့။ သူ့လေသံထဲမှာ ဂုဏ်ယူဝံ့ကြွားနေတယ်လို့ ထင်ရတယ်။ အံ့ဩပြီး ကျွန်တော် လျှောက်သွားရင်း နားစွင့်ကြည့်တယ်။
လူစုစု ရှိတဲ့နေရာတိုင်းမှာ အားပါးတရ ဆွေးနွေးနေကြတယ်။ ဆိုင်ရှင်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ သူတို့ လိုအပ်ချက်ကို အစိုးရက မျက်နှာလွှဲ ဥပေက္ခာပြုတာတွေ၊ အတင်းအကျပ် ဆိုင်ခန်းဖျက်ခိုင်းတာတွေ စသဖြင့်ပေါ့။ အုပ်ချုပ်ရေးပိုင်းက အကျည်းတန်တဲ့ စက်ပြင်လုပ်ငန်းတွေကို မြို့လယ်ကနေ မြို့စွန်ကို ရွှေ့ချင်နေကြတယ်။ ခံစားရတဲ့ အငွေ့အသက်၊ ပိုစတာတွေ၊ စာတန်းတွေ၊ ထက်ထက်သန်သန် ငြင်းခုံပြောဆိုနေကြတာတွေကို ကြည့်လိုက်ရင် နိုင်ငံတော်အဆင့် ရွေးကောက်ပွဲတွေတောင်မှ ရှက်ဖို့ ကောင်းသေးတယ်။ “ဒါဟာ တကယ့်အောက်ခြေက အရပ်ဘက်လူ့အဖွဲ့အစည်း (civil society) ရဲ့ တည်ရှိလှုပ်ရှားနေမှုပါလား” လို့ ကျွန်တော် မတွေးဘဲ မနေနိုင်ဘူး။
NGO တွေရဲ့ စင်ပြိုင်စကြဝဠာ
၂၅ နှစ်လုံးလုံး ဖွံ့ဖြိုးရေးကဏ္ဍမှာ လုပ်ကိုင်ခဲ့ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းအတွက် ရန်ပုံငွေဒေါ်လာ သန်းပေါင်းများစွာကို စီမံခန့်ခွဲခဲ့ရပေမယ့် ကျွန်တော့်ဘဝမှာ အလှူရှင်တွေက ဒီလိုအဖွဲ့အစည်းမျိုးအတွက် ရန်ပုံငွေပေးတယ်လို့ တစ်ခါမျှ မမြင်ဖူးပါဘူး။ ကျွန်တော်တို့တွေ ရန်ပုံငွေပေးနေတာတွေနဲ့ တကယ့်လက်တွေ့ ရှိနေတာတွေကြားက ကွာဟချက်ကိုကြည့်ရင် အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ပေးနေတဲ့ နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေဟာ အလွဲကြီးလွဲနေတာပဲလို့ပြောနေသလိုပါပဲ။ အခုအခါ ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ USAID နဲ့ အနောက်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးကူညီပံ့ပိုးမှု စနစ်ယန္တရားကြီးတစ်ခုလုံးကို ထိန်းကျောင်းစိစစ် မေးခွန်းထုတ်တာတွေ ရှိနေပေမယ့် ဒီမေးခွန်းကတော့ အရင်ကထက် ပိုအရေးကြီးလာပါတယ်။
ဝါရှင်တန်တို့၊ လန်ဒန်တို့က အလှူရှင်တွေကို တာဝန်ခံနေကြပြီး မြေပြင်မှာတော့ ဘယ်သူ့ကိုမှ တာဝန်ခံမှု မရှိတဲ့ ပရော်ဖက်ရှင်နယ် NGO တွေရဲ့ စင်ပြိုင်စကြဝဠာ (parallel universe) ကြီးကို ကျွန်တော်တို့ ဖန်တီးခဲ့ကြပါတယ်။
နိုင်ငံတော်နဲ့ ဈေးကွက်တို့ကြားက နေရာလပ်ကို အရပ်ဘက် လူ့အဖွဲ့အစည်းက ဝင်ဖြည့်ပေးရတာပါ။ အစိုးရကလည်း မကိုင်တွယ်၊ စီးပွားရေးနယ်ပယ်ကလည်း မတို့မထိတဲ့ကိစ္စတွေမှာ အကျိုးလိုလားမှု တူညီတိုက်ဆိုင်သူတွေ ပေါင်းဖက်လုပ်ကိုင်ကြတာပေါ့။ ဒါဟာ သိပ်ကိုမှ သဘာဝကျပါတယ်။ ပါဝင်တဲ့ အဖွဲ့ဝင်တွေပေါ်မှာ အခြေခံသလို အဲဒီအဖွဲ့ဝင်တွေပေါ်လည်း တာဝန်ခံမှု ရှိပါတယ်။
ကျွန်တော် မြင်တွေ့ကြုံကြိုက်ခဲ့ရတဲ့ ဆိုင်ရှင်များအသင်းဟာ အဲဒီအတိုင်း အတိအကျပါပဲ။ လူတွေဟာ သူတို့တတ်နိုင်တဲ့ ရင်းမြစ်တွေကို စုပေါင်းထည့်ဝင်ပြီး ခေါင်းဆောင်တင်မြှောက်ဖို့၊ အစိုးရနဲ့ ဈေးကွက်က ဖြေရှင်းမပေးနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားကြတာပါ။
ပါကစ္စတန်ဟာ ကိုလိုနီအတိတ်ရဲ့ အမွေခံနှစ်ခုဖြစ်တဲ့၊ အင်အားကြီးမားတဲ့စစ်တပ်နဲ့ ထိရောက်တဲ့ အရပ်ဘက်ဗျူရိုကရေစီ စနစ်ယန္တရားတွေ လွှမ်းမိုးပြီး အရပ်ဘက်လူ့အဖွဲ့အစည်းကတော့ အတန်အသင့် အင်အားနည်းပါးစွာနဲ့ ဖြစ်ထွန်းလာတာပါ။ ကိုလိုနီနယ်မြေတွေဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ပြည်သူလူထုပေါ် တည်မှီအားပြုပြီး ရပ်တည်ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူ့ဘောင်လူ့အဖွဲ့အစည်းကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စနစ်တကျ ဖွဲ့စည်းနိုင်ကြမယ့် နည်းလမ်းတွေကို အမြဲရှာတွေ့စမြဲပါ။ ဈေးသူဈေးသားအသင်းတွေ၊ ဘာသာရေးနဲ့ လူမှုထောက်ပံ့ရေး ကွန်ရက်တွေ၊ သက်မွေးဝမ်းကျောင်းအလိုက် အဖွဲ့အစည်းတွေ၊ ရပ်ရွာကောင်စီတွေ စသဖြင့် ဒါမျိုးတွေကို ပါကစ္စတန်တခွင် ပြဲပြဲစင်အောင် တွေ့ရပါတယ်။ အဲဒီ အဖွဲ့အစည်းတွေဟာ ကိုယ့်စားရိတ် ကိုယ်ရှာကြပြီး၊ သူတို့အကျိုးဆောင်ပေးတဲ့သူတွေအပေါ် စစ်စစ်မှန်မှန် ကိုယ်စားပြုကြပါတယ်။
လက်စလက်နရှိတဲ့လူတွေ
ဘယ့်နှယ့်ဖြစ်လို့ရယ်မသိ၊ အလှူရှင်တွေကတော့ သူတို့ကို မတွေ့ကြပါဘူး။ ဒါမှမဟုတ် သူတို့ကို ကပ်ပြီး ကျော်သွားကြတာလည်း ဖြစ်ပါလိမ့်မယ်။ တကယ်တမ်း အလှူရှင်တွေ အတော်လေး ရက်ရက်ရောရာ ပံ့ပိုးကြတာက အဲဒီအလှူငွေတွေကို လိုချင်ရချင်လွန်းလို့ တကူးတက ဖွဲ့စည်းထားကြတဲ့ အုပ်စုတွေ ဖြစ်နေပါတယ်။ သိပ်နီးကပ်လွန်းတဲ့ နောက်ဆုံးရက် သတ်မှတ်ချက်တွေ၊ ငွေကို ခပ်မြန်မြန် သုံးစွဲဖြန့်ချိပေးရမယ့် ဖိအား၊ ပရိုပိုဆယ် (အဆိုပြုလျှောက်လွှာ) ထဲကအတိုင်း ဝယ်ယူငွေချေရေးစနစ်တွေကြောင့် ပရိုဖက်ရှင်နယ် NGO တွေရဲ့ ဂေဟစနစ်ကြီးတစ်ခုလုံးဟာ အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ မတူတော့ဘဲ ကန်ထရိုက်လုပ်ငန်းရှင်တွေနဲ့ ပိုတူသွားပါတယ်။
သူတို့က အကြောင်းကိစ္စတရပ်ရပ်ကို သန္နိဋ္ဌာန်ချပြီး လုပ်နေတာမျိုး မဟုတ်တော့ဘဲ၊ သူတို့အကျိုးဆောင်ရမယ့်သူတွေထက် အလှူရှင်တွေကိုသာ တာဝန်ခံကြပါတော့တယ်။ ဒီနှစ် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ဖို့ လုပ်တဲ့အဖွဲ့အစည်းက နောက်နှစ်မှာ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဖြေရှင်းမှုကို ပြောင်းလုပ်တတ်ပါတယ်။ ဒီလိုပြောင်းလိုက်တာကလည်း သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု၊ စိတ်ပြင်းပြထက်သန်မှုကြောင့် မဟုတ်ဘဲ ငွေက အဲဒီကိစ္စကရမှာ ဖြစ်သွားလို့ပါပဲ။ စစ်စစ်မှန်မှန်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အလှူရှင်တွေရဲ့ ရေဒါထဲမှာ မပေါ်တော့သလောက် ဖြစ်သွားပါတယ်။ အဲဒါကလည်း အလှူရှင်တွေတန်ဖိုးထားတဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ အင်္ဂလိပ်လို မွတ်နေအောင် ပရိုပိုဆယ် ရေးနိုင်စွမ်း မရှိကြလို့ပါ။
တာဝန်ခံမှု ကွာဟချက်ကလည်း ဒီပြဿနာကို ပိုဆိုးစေပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ အလှူရှင်တွေက အစိုးရ အသုံးစရိတ်တွေကို မှုခင်းဖြစ်ရပ်တွေစစ်သလို ငွေရပြေစာ တစ်စောင်ချင်း၊ ဝယ်ယူငွေချေမှု တစ်ခုချင်း၊ ဘတ်ဂျက်တစ်ကြောင်းချင်းထိ စစ်ဆေးကြတာပါ။ အစိုးရပိုင်းမှာရှိတဲ့ အကျင့်ပျက်ခြစားတာ၊ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာ၊ နိုင်ငံရေးအရ လက်ဝါးကြီးအုပ်တာတွေဟာ NGO တွေမှာလည်း အလားတူ ကြုံရနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ရှိပေမယ့် NGO တွေနဲ့ဆိုရင်တော့ ပိုပြီး သက်ညှာတတ်ကြပါတယ်။ ဒီလို သက်ညှာတာကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းဟာ နိုင်ငံတော် အစိုးရထက်တော့ ပိုပြီးမွန်မြတ်မှာပဲလို့ တထစ်ချမြင်ထားတဲ့ ဝါဒရေးရာအရပါ။ NGO တွေကိုသာ အလားတူစံနှုန်းတွေနဲ့ကိုင်လိုက်ရင် လူတိုင်း မှီခိုအားကိုးနေတဲ့ ရန်ပုံငွေဖြန့်ဖြူးရေးယန္တရားကြီးကို ဖရိုဖရဲ ဖြစ်သွားစေလိမ့်မယ်လို့ ယူဆတာကလည်း လက်တွေ့ကျနေခဲ့ပြန်ပါတယ်။
သိပ်မဆွေးနွေးကြတဲ့ နောက်ထပ်ရှုထောင့်တစ်ခုလည်း ရှိပါသေးတယ်။ ဝါရှင်တန်တို့၊ လန်ဒန်တို့က အကြီးတန်းအရာရှိတွေ ပါကစ္စတန်ကို လာလည်ကြရင် (နှစ်ပေါင်းများစွာ ကျွန်တော်ကိုယ်တိုင် အပါအဝင်) သံရုံးတို့၊ USAID တို့က ဝန်ထမ်းတွေက “အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တော်တွေ”နဲ့ ဆုံစည်းနိုင်အောင် စီစဉ်ပေးကြရပါတယ်။ ကျွန်တော်တို့ ဖိတ်ဖြစ်တာက အမြဲအဖိတ်ခံရနေကျ၊ နှုတ်သွက်လျှာသွက်၊ အင်္ဂလိပ်လိုပြောတတ်ပြီး နိုင်ငံတကာနဲ့ ကွန်ရက်ချိတ်ဆက်နေတဲ့ NGO တွေ၊ နိုင်ငံရပ်ခြားက ပရိသတ်ရှေ့မှာ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာ ဘယ်ကဲ့သို့လို့ သိနားလည်နိုင်မယ့်သူမျိုးတွေပါ။
ကျွန်တော်တို့က သူတို့ကို ရယ်ရယ်မောမောနဲ့ “လက်စလက်နရှိတဲ့လူတွေ” (the usual suspects) လို့ ခေါ်ကြပါတယ်။ သူတို့နဲ့ဆို ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများရှေ့မှာ နားဝင်မချိုတဲ့ အမှန်တရားတွေ ပြောမယ့်အန္တရာယ်က နည်းတာကိုး။ တကယ့် အရပ်ဘက်လူ့အဖွဲ့အစည်းဝင်တွေနဲ့ဆို အာတွေ့သလို လက်တန်းတွေ ပြောကုန်ကြပြီး၊ ဇာတ်ကြောင်းထိန်းချုပ် (narrative control) မရနိုင်တော့ဘဲ အလှူရှင်နဲ့ သံရုံးဝန်ထမ်းတွေပါ ပြဿနာ တက်ကုန်ကြမှာပေါ့။
ဆိုင်ရှင်များအသင်းကတော့ အဲသလို စကားဝိုင်းတွေမှာ ပြောခွင့်မရခဲ့ပါဘူး။ သူတို့မှာ နိုင်ငံတကာ ဝေါဟာရကြီးတွေနဲ့မှ ပြောစရာမရှိဘဲ။
မပေးခဲ့တာလည်း ခပ်ကောင်းကောင်း
အကျိုးဆက်တွေကလည်း မြင်သာထင်သာပါပဲ။ နိုင်ငံတကာ ကူညီပံ့ပိုးမှုလက်ခံတဲ့ တခြားနိုင်ငံတွေမှာလိုပဲ ပါကစ္စတန်မှာ NGO တစ်ခုအကြောင်းပြောရင် ဘယ်သူဘယ်ဝါကတော့ NGO ရဲ့ “ပိုင်ရှင်”ပဲလို့ ပြောတာမျိုး ကြားရတတ်တယ်။ NGO ဆိုတာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ကျနေတာပဲ။ ဘုတ်အဖွဲ့ဆိုတာလည်း စာရွက်ပေါ်မှာပဲ ရှိတာပါ။ ခေါင်းဆောင်မှုက ထာဝရမပြောင်းလဲ၊ ပြောင်းလဲပြန်ရင်လည်း ဆွေမကင်း မျိုးမကင်းထဲကပါပဲ။ ပြည်သူတွေနဲ့ နိုင်ငံအစိုးရတွေကြား ကွာဟနေတာကို ပေါင်းကူးပေးဖို့ ရည်ရွယ်တဲ့ အဲဒီအဖွဲ့အစည်းတွေဟာ သူတို့ကိုယ်တိုင် သီးခြား လုပ်ငန်းနယ်ပယ်တစ်ခု ဖြစ်လာကြပြီး၊ သူတို့ အကျိုးဆောင်ပေးရမယ့်သူတွေထက် ပြင်ပက အလှူရှင်တွေရဲ့ အလိုကျပဲ ဖြစ်နေပါတယ်။
ဒီလိုဖြစ်ဖို့တော့ တမင်ရည်ရွယ်ကြတာ မဟုတ်ပါဘူး။ အလှူရှင်တွေက အရပ်ဘက်လူ့အဖွဲ့အစည်းကို ရန်ပုံငွေ ပံ့ပိုးလိုက်ရင် ဒီမိုကရေစီ အားကောင်းပြီး အစိုးရက တာဝန်ခံလာမယ်လို့ တကယ်ပဲ ယုံကြည်ကြတာပါ။ ပြဿနာက သူတို့ ဖန်တီးထားတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းဟာ သူတို့တကယ်အားကောင်းစေချင်တဲ့ အရပ်ဘက်အဖွဲ့အစည်းနဲ့ ယောင်ယောင်လေးတောင် မတူတာပါပဲ။
ဒါဖြင့် ဘယ်လိုလုပ်ရင်များ ပိုကောင်းမှာပါလိမ့်။ အနည်းဆုံးတော့ အလှူရှင်တွေက ဘယ်ကိစ္စ ရန်ပုံငွေပေးမယ်လို့ မဆုံးဖြတ်ခင် တကယ်ရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းက ဘယ်လိုမျိုးလဲလို့ နားလည်ရေးအတွက် ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ အလှူရှင်တွေအနေနဲ့ အကောင်းဆုံး မဖြစ်နိုင်သေးရင်တောင်မှ အင်္ဂလိပ်လို ပရိုပိုဆယ် မရေးနိုင်ပေမယ့် ရပ်ရွာမှာ တကယ်အမြစ်တွယ်နေတဲ့ အဖွဲ့အစည်းတွေကို လက်လှမ်းမီနိုင်မယ့် စနစ်ယန္တရားတွေ ထူထောင်သင့်ပါတယ်။ အလှူရှင်တွေဟာ အစိုးရတွေဆီမှာ ကျင့်သုံးပြသရတဲ့ တာဝန်ခံမှုစံနှုန်းတွေအတိုင်းပဲ NGO တွေအပေါ်မှာလည်း ကျင့်သုံးသင့်ပါတယ်။ ပြီးတော့ လက်ရှိမှာ ရန်ပုံငွေရနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေကြတဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေး မိတ်ဖက်တွေနဲ့ အမှန်အကန် အရပ်ဘက်အဖွဲ့အစည်းတွေကြားက ကွာဟချက်ကို အရိုးသားဆုံး လက်ခံကြရမှာပါ။
အဲဒီနေ့လယ်က အစ္စလာမာဘတ်စျေးထဲမှာ ဘယ်သူကမှ အလှူရှင်တွေရဲ့ ဦးစားပေးကိစ္စတွေ၊ ပရောဂျက် အချိန်သတ်မှတ်ကာလတွေအကြောင်း တွေးမနေကြပါဘူး။ သူတို့ ငြင်းနေကြတာ သူတို့အသင်းကို ဘယ်သူ၊ ဘာကြောင့် ဦးဆောင်သင့်တယ် ဆိုတာပါ။
ရှုပ်ပွ၊ ဆူညံနေပေမယ့် လုံးဝ အမှန်အကန်ပါ။ ဒါဟာ အရပ်ဘက်လူ့အဖွဲ့အစည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံအတိုင်းပါပဲ။
ကျွန်တော်တို့က သူတို့ကို ရန်ပုံငွေ မပေးဖူးပါဘူး။ ဖြစ်နိုင်တာကို ပြန်တွေးကြည့်ရင် မပေးခဲ့တာလည်း ခပ်ကောင်းကောင်းပါပဲ။ အလှူရှင်တွေရဲ့ငွေတွေဟာ ထိမိသမျှကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားတတ်စေတယ်လေ။ အဖွဲ့အစည်းတွေက ပရိုပိုဆယ်တွေပေါ် ပိုပြီး အားကိုးလာမယ်၊ သူတို့ရဲ့ အသင်းဝင် အဖွဲ့ဝင်တွေနဲ့ အလှမ်းကွာပြီး ရန်ပုံငွေပေးတဲ့သူတွေနဲ့ပဲ ပိုနီးစပ်သွားမယ်။
ပါကစ္စတန်လို နိုင်ငံတွေမှာ အလှူရှင်တွေ မြင်ဖူးသမျှထက် ပိုပြီး စစ်မှန်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ရှိကြမှာပါ။ အခုလိုအချိန်မှာ အကောင်းဆုံးကူညီနိုင်တာကတော့ သူ့ဟာနဲ့သူ ထားလိုက်တာပဲ ဖြစ်ကြောင်းပါ။
မူရင်းဆောင်းပါး - I ran aid programmes for 25 years – getting my car fixed at an Islamabad market taught me why they don’t work By Mohammad Altaf Afridi
မူရင်းဆောင်းပါးရှင် မိုဟာမက် အာလ်တက်ဖ် အဖရီဒီဟာ ယခင်က အကြီးတန်း ဖွံ့ဖြိုးရေးကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် USAID ပါကစ္စတန်မှာ လုပ်ကိုင်ခဲ့ပါတယ်။




၂၅ နှစ် လုပ်ပြီးမှ အဲ့ဒီ မှားနေတဲ့ အကြောင်းကို သိပြီးရေးတာလား၊ ဒါမှမဟုတ် USAID က ပိုက်ဆံမပေးတော့လို့ အဲ့ဒီအကြောင်းကို ရေးတာလား။ ဘာပဲဖြစ်ဖြစ် အဲ့လို ရေးတာကို ကျေးဇူးတင်ရမယ်။
သူကိုယုံလိုက်တာကံသီလိုအမှားကြီးမှားတော့မလို့ 😁
မှန်လိုက်လေခြင်း