ရန်ပုံငွေတွေ ကုန်သွားရင် ဘာလုပ်ကြမလဲ
- ခူးဂလယ်

- Apr 3
- 2 min read
ကမ္ဘာ့ လူသားချင်းစာနာမှုရန်ပုံငွေတွေ ခြောက်ခန်းပြီး အလှူရှင်အစိုးရတွေ အရင်လို မရက်ရောတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ

ကမ္ဘာ့ လူသားချင်းစာနာမှုရန်ပုံငွေတွေဟာ ခြောက်ခန်းလာပါပြီ။ ကမ္ဘာ့ထိပ်တန်း အလှူရှင်အစိုးရတွေကလည်း အရင်လောက် ရက်ရက်ရောရော မရှိနိုင်တော့ပါဘူး။ ဒီအကျိုးဆက်ကို ၂၀၂၆ မှာ ရင်ဆိုင်ရမှာဖြစ်ပြီး၊ ပြည်တွင်းမှာလည်း ရိုက်ခတ်မှုတွေ ကြုံရနိုင်ပါတယ်။ “စောင့်ကြည့်စရာ ကူညီပံ့ပိုးရေးမူဝါဒ အလားအလာ” ဆောင်းပါးမှာ အနှစ်ချုပ်တင်ဆက်ခဲ့တဲ့ ဒီရေစီးကြောင်းအပြောင်းအလဲကို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေ၊ ထက်သန်နိုးကြားတဲ့ နိုင်ငံသားတွေအဖြစ် ရပ်တည်နေသူတွေ အပြည့်အစုံ ဖတ်ရှုနိုင်ဖို့ မျှဝေတင်ပြပါရစေ။
အနိမ့်ဆုံးပေးထားချက်ကို တွက်ဆကြည့်ရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းပါဝင်တဲ့ လူသားချင်းစာနာရေးစနစ်ကြီးက အရွယ်အစား သေးကွေးလာပါပြီ။ အကျပ်အတည်းတွေကြားက ပြည်သူလူထုအတွက် မစို့မပို့လောက်သာ လုပ်ပေးနိုင်တော့မှာပါ။
ပြီးခဲ့တဲ့နှစ်ဟာ လူသားချင်းစာနာရေးစနစ်ကြီး ‘ကပ်ဆိုက်’တဲ့နှစ်ပါ။ ၂၀၂၅ ခုနှစ်က ငွေကြေးဖြတ်တောက်မှုတွေ ဆိုးရွားခဲ့သလို ၂၀၂၆ နှစ်ဆန်းမှာ အကျိုးဆက်တွေ ဆင့်ကဲပေါ်ပေါက်နေဦးမှာပါ။ ဒီနယ်ပယ်ကဏ္ဍမှာ ငွေကြေးအကျပ်အတည်း ကြုံရတာဟာ ရေတိုကြုံရတဲ့အဆင်မချောမှု မဟုတ်ပါဘူး။ ဒါဟာ ဖိအားပေးပြီး နိုင်ငံတကာကူညီပံ့ပိုးမှုတွေနဲ့ လူသားချင်းစာနာရေးတုံ့ပြန်ဖြေရှင်းမှုတွေကို အသွင်ပြောင်းဖို့ ပုံသွင်းနေတာပါ။
ကမ္ဘာနဲ့ချီပြီးပေးနေတဲ့ရန်ပုံငွေတွေ ဟာလာဟင်းလင်းဖြစ်လာတာနဲ့အမျှ အကျိုးသက်ရောက်မှုတွေကလည်း မီးခိုးကြွက်လျှောက် ဖြစ်သွားပါတယ်။ လူသားချင်းစာနာရေး လှုပ်ရှားသူတွေ၊ ပြီးတော့ အကျပ်အတည်းကြုံနေတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေဟာ “နည်းနည်းပဲရှိရင် နည်းနည်းပဲ လုပ်ကြတာပေါ့” ဆိုတဲ့ ဂါထာမန္တန်ကို အချိန်တိုအတွင်းမှာ အာဂုံဆောင်နိုင်လာကြပါပြီ။
ဘာကြောင့် ဒီကိစ္စကို စောင့်ကြည့်ရသလဲ
မယုံမရှိနဲ့၊ ရန်ပုံငွေအကျပ်အတည်းက ငွေကြေးပြဿနာသက်သက် မဟုတ်ပါဘူး။ လူသားချင်းစာနာရေး လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် နိုင်ငံရေးအရ နားရွက်ကို တံတွေးဆွတ်တာ၊ ဂရုမစိုက်ဘူးဆိုတဲ့အကြောင်း ပြလိုက်တာပါ။ ဒါကို သရုပ်ပြနေတာကတော့ အင်စတီကျူးရှင်းတွေရဲ့အခင်းအကျင်းမှာ သိသိသာသာ နည်းပါးသွားတာပါ။ ကမ္ဘာ့အားအကောင်းဆုံး နှစ်နိုင်ငံကြား (bilateral) ကူညီပံ့ပိုးမှုတွေပေးနေတဲ့ USAID အေဂျင်စီကြီးလည်း လစ်သွားပြီ။ ကုလသမဂ္ဂ စနစ်ကြီးကလည်း အလူးလူး အလိမ့်လိမ့်။ ပြီးတော့ တခြားထိပ်တန်းအလှူရှင်တွေကလည်း လူသားချင်းစာနာရေးဝန်ထမ်းနဲ့ ကျွမ်းကျင်သူခန့်ထားမှုတွေအပေါ် ငွေကြေးထောက်ပံ့မှုကို သိသိသာသာ လျှော့ချဖြတ်တောက်လာကြပြီ။ ၂၀၂၆ ခုနှစ်မှာ ကူညီပံ့ပိုးမှု လျှော့ချဖြတ်တောက်မယ့် နိုင်ငံတွေကို စာရင်းချကြည့်ရင် ဘယ်လဂျီယမ်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန်၊ ဆွီဒင်၊ ယူကေနဲ့ ရမ်းချင်တိုင်း ရမ်းနေတဲ့ အမေရိကန်လည်း ပါသပေါ့။
အပြည်ပြည်ဆိုင်ရာ ကူညီပံ့ပိုးရေးစနစ်ထဲမှာ ဘတ်ဂျက်မပြည့်မီမှု ၆၀ ရာခိုင်နှုန်း တွေ့ရတာ သိပ်မဆန်းပေမယ့် အကျိုးသက်ရောက်မှုကတော့ ဒိုမီနိုအကျိုးဆက်အဖြစ် ဆင့်ကဲရိုက်ခတ်လိမ့်မယ်လို့ လေ့လာဆန်းစစ်မှုတစ်ခုက ဆိုပါတယ်။ တချို့အေဂျင်စီတွေကတော့ သူတို့ရဲ့ ပြည်တွင်းမိတ်ဖက်တွေကို ထောက်ပံ့မှုတွေ လျှော့ချမယ်လို့ ဆိုကြပါတယ်။ တချို့ကတော့ နိုင်ငံတကာအဖွဲ့တွေဟာ နည်းပါးလာတဲ့ ရန်ပုံငွေတွေရဖို့အရေး အောက်ခြေပြည်သူ့အဖွဲ့အစည်းတွေနဲ့ အလုအယက်အပြိုင်အဆိုင် ကြိုးစားကြမယ်လို့ ဆိုပါတယ်။
အကျပ်အတည်းတွေ ဖြစ်ရာဒေသတွေက အမျိုးသမီးဦးဆောင်တဲ့ အဖွဲ့အစည်းတွေအဖို့ ရင်တမမ၊ ဘုရားတရမယ့် အခြေအနေပါ။ ထက်ဝက်လောက်က အပြီးဖျက်သိမ်းရမယ့် အန္တရာယ်ရှိခဲ့ကြပြီး အဖွဲ့ ငါးရာခိုင်နှုန်းလောက်ကသာ နောက်ထပ်နှစ်နှစ်ကျော်လောက် ဆက်လုပ်နိုင်မယ်လို့ ယူဆကြကြောင်း UN Women က အစီရင်ခံထားပါတယ်။
တချိန်တည်းမှာ ကူညီပံ့ပိုးမှုတွေကို ရရှိသုံးစွဲနေကြတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေရဲ့အသံကို နားစွင့်ရာမှာ ကုန်ကျခံတဲ့ စရိတ်စကတွေအပါအဝင် ဝေဖန်ဆန်းစစ်မှုနဲ့ စောင့်ကြည့်လေ့လာမှုအတွက် ရန်ပုံငွေတွေကို ဖြတ်တောက်လာတာနဲ့အမျှ သိမြင်နားလည်မှုမှာ တွင်းနက်ကြီးတွေ ပေါ်ပေါက်လာမှာပါ။ လူသားချင်းစာနာမှုစနစ်မှာ ကတိကဝတ်ဟောင်းတွေကို ပြန်အသက်သွင်းပြီး “အကျပ်အတည်းကြုံရတဲ့ ပြည်သူတွေကို ရှေ့တန်းတင်ကြ”လို့ ကြွေးကြော်ရင်း ကူညီပံ့ပိုးမှုတွေကို ရပ်ရွာနဲ့ကိုက်ညီဖို့ ကြိုးစားနေကြပေမယ့် လက်တွေ့နိမိတ်လက္ခဏာတွေကတော့ ဆန့်ကျင်ဘက်ကိုသာ ဦးတည်နေတာကို ကြည့်လိုက်ရင် အမြီးအမောက်မတည့် ဝိရောဓိဖြစ်နေတာ တွေ့ရမှာပါ။
အရေးပေါ်အခြေအနေတွေမှာ နေထိုင်ကြရတဲ့ ပြည်သူတွေအဖို့ ဒါတွေကြောင့် ဘယ်လိုသက်ရောက်မလဲဆိုတာ ခပ်ပါးပါးလေး ခြစ်ကုတ်လှစ်ဟကြည့်ကြပါစို့။ နိုင်ငံတကာ လူသားချင်းစာနာမှုစနစ်ကြီးက ၂၀၁၆ ခုနှစ်လောက်တုန်းက ရှိခဲ့တဲ့ငွေကို ပိုက်ပြီး ၂၀၂၆ မှာ ပေါ်လာသမျှ အကျပ်အတည်းတွေကို ရင်ဆိုင်နေတာပါ။ ကူညီပံ့ပိုးရေးအေဂျင်စီတွေဟာ ဘယ်တိုင်းပြည်၊ ဘယ်ကမ္ဘာ့အရပ်ဒေသကိုပဲ အာရုံစိုက်ပြီး “နယ်မြေအလိုက် ဦးစားပေးမှု ပြန်သတ်မှတ်တာ” (geographic reprioritisation) လုပ်လာကြလိမ့်မယ်လို့ လေ့လာဆန်းစစ်ချက်တွေ ထောက်ပြကြပါတယ်။ “အထူးတလည် ဦးစားပေးမှု” (hyper-priortised) လို့ ခေါ်ဝေါ်သမုတ်ထားတဲ့ စီမံကိန်းတွေအရ (အကျပ်အတည်းတွေကို) တုံ့ပြန်ဖြေရှင်းမှုတွေကြောင့် ကူညီပံ့ပိုးမှု လက်ဝယ်ရရှိမယ့်သူတွေ (haves) နဲ့ မျက်နှာလွှဲဥပေက္ခာပြုခံရမယ့် လက်မဲ့တွေ (have-nots) ကွဲပြားလာပါလိမ့်မယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ ကဏ္ဍအရပ်ရပ် ငွေကြေးလျှော့ချသုံးစွဲမှုတွေဟာ မဟာဗျူဟာကျကျ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင် (ဥပမာ - အချိန်တိတိကျကျ သတ်မှတ်ထားတဲ့ စီမံကိန်းအတိုင်းလုပ်) ရမယ့်အစား ကိုယ့်အကျိုး ကိုယ်ရှေ့တန်းတင်ကြတဲ့ အေဂျင်စီတွေနဲ့အတူ၊ တစ်ထီးတစ်နန်းရပ်တည်ရင်း မတိုင်ပင် မပူးပေါင်းဘဲ နိုင်လိုမင်းထက် ယှဉ်ပြိုင်မှုတွေသာ ဖြစ်လာမယ်လို့ ဆိုကြပါတယ်။ ဖြတ်တောက်လျှော့ချမှုတွေ၊ အဖိုးနည်းဝန်ပါ ဆောင်ရွက်ချက်တွေ၊ ကမ္ဘာနဲ့ချီပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေးတွေ ပေါင်းစပ်ထားတဲ့ ပြုပြင်ပြောင်းလဲမှုမှာ အားလုံး ပါဝင်လာဖို့ ကုလသမဂ္ဂရဲ့ ပြန်လည်ထူထောင်ရေးအရာရှိချုပ် တွမ်ဖလက်ချာက တိုက်တွန်းပြီး “လူသားချင်းစာနာမှု တဖန်ပြန်နိုးထရေး” (Humanitarian Reset) လုပ်မယ်လို့ နိုင်ငံတကာ စနစ်ယန္တရားတစ်ခု ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ရန်ပုံငွေတွေ ခန်းခြောက်လျှော့နည်းချိန်မှာ အဖိုးနည်းဝန်ပါဖြစ်အောင် ဘယ်လောက်လုပ်လုပ် ငွေကြေး များများထွက်လာမှာ မဟုတ်ဘူး၊ ဒီတော့ တကယ့်တဖန်ပြန်နိုးထရေးနဲ့ မတူဘဲ အရွယ်အစားချုံ့လိုက်တာလို့ အများကမြင်နေကြပါတယ်။ ဒီတော့ အနိမ့်ဆုံး ပေးထားချက်ကိုတွက်ဆကြည့်ရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းပါဝင်တဲ့ လူသားချင်းစာနာရေးစနစ်ကြီးက အရွယ်အစားသေးကွေးလာပါပြီ။ အကျပ်အတည်းတွေကြားက ပြည်သူလူထုအတွက် မစို့မပို့လောက်သာ လုပ်ပေးနိုင်တော့မှာပါ။
နောက်ထပ်ခြေလှမ်းများ
သမ္မတထရမ့်အစိုးရအဖွဲ့က USAID ကို ဖျက်သိမ်းလိုက်တာဟာ ညတွင်းချင်းမှာပဲ တခြားတိုင်းပြည်အစိုးရတွေကိုပါ လွှမ်းမိုးသက်ရောက်ခဲ့ပါတယ်။ အခုထိ ကူညီပံ့ပိုးမှု ရန်ပုံငွေတွေဆက်ပေးနေဆဲ အစိုးရတွေဟာ အပြောင်းအလဲမှာ အနည်းနဲ့အများ အရင်ထက်ပို ဩဇာအာဏာကြီးလာတာကို လက်ခံမလား၊ ဒါမှမဟုတ် အရင်လို အနည်းအကျဉ်းပဲ ကူညီပံ့ပိုးပြီး ရှေ့ဆက်သွားရမလား တွေးစရာ ရှိလာပါတယ်။
ဒါပေမဲ့ အဲဒီအစိုးရတွေလိုချင်တာက ဘာများလဲ။ အလယ်အလတ်တန်း အလှူရှင်တချို့ကတော့ ဒီလိုသစ်စိမ်းချိုး ချိုးတာ မမြင်ချင်ပါဘူး။ ဒါပေမဲ့ လူသားချင်း စာနာရေးကဏ္ဍ တဖန်ပြန်လည်နိုးထရေး၊ ဆယ်စုနှစ်တစ်ခု သက်တမ်းရှိတဲ့ မဟာညှိနှိုင်းမှုကြီးလို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ရေငုံနှုတ်ပိတ် နေကြပါတယ်။ တဖန်ပြန်လည်နိုးထရေးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သဖွယ် စန်းတင်နေတာ နည်းနည်းတော့ လွန်ပါတယ်။ ဒါပေမဲ့ လူသားချင်းစာနာမှုစနစ်ကို အသွင်သဏ္ဌာန်အရ ပြန်လည်ဆန်းသစ်ကြမယ်ဆိုတဲ့ နှိုးဆော်သံတိုင်းဟာ ထိပ်တန်းအလှူရှင်တွေဘက်က ကြည့်ရင်တော့ ခံတွင်းတွေ့စရာ သိပ်မဖြစ်ပါဘူး။
အခုလိုပိုက်ဆံရှားတဲ့အချိန်မှာ (လာမယ့်အပိုင်းမှာ ဖော်ပြထားတဲ့) ပုဂ္ဂလိကစီးပွားရေး ကဏ္ဍနဲ့ “ထွန်းသစ်စအလှူရှင်” (emerging donors) တွေဆီ မျက်စိကျလာကြပါတယ်။ လက်တွေ့မှာတော့ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျနဲ့ ကာတာတို့လို ပင်လယ်ကွေ့နိုင်ငံတွေက အထင်ကရအလှူရှင်တွေထဲမှာ ပါဝင်နေပြီးသားပါ။ ၂၀၂၅ ခုနှစ်မှာဆို ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးကျခံသုံးစွဲတဲ့ ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲတောင် ဝင်ကြပါတယ်။ ဖလက်ချာက ၂၀၂၅ ခုနှစ်က အဲဒီသုံးနိုင်ငံလုံးကို သွားလည်ပြီး၊ အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနဲ့ CNN အင်တာဗျူးတစ်ခုကို တွဲဖြေပေးခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် ဒေါ်လာ သန်း ၅၅၀ လှူမယ်ဆိုတဲ့ ကတိလည်း ရခဲ့ပါတယ်။ ဖလက်ချာဟာ သူ့ရဲ့ ပေကျင်းခရီးစဉ်မှာ လူသားချင်း စာနာမှုကဏ္ဍမှာ တရုတ်ရဲ့ခေါင်းဆောင်မှုလည်း လိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
တရုတ်ဟာ နိုင်ငံအရပ်ရပ်က ပါဝင်ပူးပေါင်းလုပ်ကိုင်တဲ့ လူသားချင်းစာနာရေးစနစ်ကြီးထဲမှာ ကြီးကြီးမားမား ထည့်ဝင်တဲ့နိုင်ငံ မဟုတ်ပါဘူး။ တချို့ကတော့ တရုတ်အစိုးရဟာ ဒီထက်ပိုကြီးတဲ့ရည်ရွယ်ချက်တွေ ရှိရမယ်လို့ဆိုပါတယ်။ မနှစ်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးက သီးသန့်ဖွံ့ဖြိုးရေးဘဏ် တစ်ခုထူထောင်ကြောင်း ကြေညာခဲ့ပြီး သမ္မတရှီကျင့်ဖျင်က “ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်စီမံမှု ရှေ့ဆောင်လုပ်ငန်း” တစ်ခု ဖြစ်စေရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သုံးသပ်သူတချို့ကတော့ ဒါဟာ “နိုင်ငံတကာအခင်းအကျင်းသစ်တစ်ခုကို ထူထောင်ရာမှာ တရုတ်က ခေါင်းဆောင်ဖို့ရည်ရွယ်”တဲ့ သင်္ကေတလို့ ဆိုကြပါတယ်။
The New Humanitarian က ထုတ်ဝေခဲ့တဲ့ အင်္ဂလိပ်ဘာသာနဲ့ မူရင်းဆောင်းပါး “What’s Shaping Aid Policy in 2026” အစအဆုံးကိုတော့ ဒီမှာ ဖတ်ရှုနိုင်သလို ဆောင်းပါး အစအဆုံး မြန်မာဘာသာနဲ့ PDF ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ဖို့ စာအုပ်စင်မှာ ရနိုင်ပါပြီ။
နောက်ထပ် ရေစီးကြောင်းတချို့ကို ဖတ်ရှုရချောမွေ့လွယ်ကူဖို့ လာမယ့်ရက်သတ္တပတ်တချို့အတွင်း CENCS ဝက်ဘ်ဆိုက်ရဲ့ “ထွေရာလေးပါး”ကဏ္ဍမှာ ဆက်လက်တင်ဆက်ပေးမှာပါ။




Comments