top of page

ပေးစာကမ်းစာဖြင့် ဆင်းရဲတွင်းမှ မလွတ်ကင်းနိုင်ပါ

နိုင်ငံတကာကူညီပံ့ပိုးမှုတွေဟာ ဆင်းရဲမွဲတေတဲ့နိုင်ငံတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် ဘာကြောင့်မလုပ်နိုင်ရသလဲ

ဆင့်ထားတဲ့ ခွက်ကလေးနှစ်လုံးထဲ ငါးရိုးလေး ကျလာ၊ ငါးလေးတစ်ကောင် ခုန်ထွက်သွား

ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေအကြောင်း ပြောဆိုဆွေးနွေးကြတဲ့အခါ အာဖရိကတိုက် နိုင်ငံတွေကို ပြေးမြင်တတ်ကြစမြဲပါ။ အလှူရှင်တွေက စီးပွားရေး ခေါင်းမော့ရင်ကော့ ဖြစ်လာမယ်လို့ ကတိတွေပေးခဲ့ပေးမယ့် ဆယ်စုနှစ်ပေါင်းများစွာ အကောင်အထည် ပေါ်မလာတဲ့အခါ နိုင်ငံတကာ ကူညီပံ့ပိုးမှုအပေါ် မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နာမည်ကျော် The Economist စာစောင်မှာ ၂၀၂၅ မတ်လ ၆ ရက်နေ့က “ပေးစာကမ်းစာဖြင့် ဆင်းရဲတွင်းမှ မလွတ်ကင်းနိုင်ပါ” (Aid Cannot Make Poor Countries Rich) ဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဆောင်းပါးမှာ မာလာဝီနိုင်ငံရဲ့ ဆယ်စုနှစ် ခြောက်ခုကျော် နိုင်ငံတကာကူညီမှုတွေ ယူခဲ့ပေမယ့် ဆင်းရဲတွင်းထဲက တက်မလာနိုင်ပုံကို အကြောင်းပြုပြီး ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ပတ်သက်လို့ ဆွေးနွေးတင်ပြခဲ့ပါတယ်။ အထူးသဖြင့် အလှူရှင်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုလျှော့ချရေး လှိုင်းတံပိုးတွေကြားမှာ ဆင်းရဲမွဲတေတဲ့ ဖွံ့ဖြိုးရေးနိုင်ငံတွေဟာ ဘာလိုတွေ ကြုံတွေ့ခံစားရတယ်ဆိုတာ ဖော်ပြထားတဲ့ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးပါရစေ။

 


တရုတ်အထောက်အပံ့နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တံခါးဝတွေမှာ အလှူရှင်ကမ္ပည်းထိုးပေးထားတယ်။ ဌာနချင်းအလိုက်တောင် မဟုတ်ဘူး။ များသောအားဖြင့် “USAID” ဆိုတာချည်းပဲ

ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တွေထဲကတစ်ခုဖြစ်တဲ့ မာလာဝီနိုင်ငံကို မောင်းနှင်နေတာကတော့ နိုင်ငံတကာ အကူအညီတွေပါ။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘာ့ဘဏ်က ထူထောင်ပေးခဲ့တဲ့ မြို့တော်လီလွန်ဂွေးလ်ရဲ့ ညီညာဖြောင့်တန်းတဲ့ လမ်းသွယ်တွေထဲမှာ ပရဟိတအဖွဲ့တွေ၊ ဖွံ့ဖြိုးရေးအေဂျင်စီတွေ၊ အစိုးရရုံးတွေနဲ့ ဒင်းကြမ်းပြည့်နေတယ်။ တရားမဝင် ကျေးလက် စားဖိုမှူးတွေ၊ အိမ်သန့်ရှင်းရေးသမားတွေ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား အရာရှိကြီးတွေရှိရာ အဝင်ဝမှာ အလှူရှင်နိုင်ငံအလံတော်တွေ လွှင့်ထူထားကြတယ်။ မူဝါဒချမှတ်သူတွေ ပြီးခဲ့တဲ့ ဆယ်စုနှစ်ငါးနှစ်လုံးလုံး လုပ်နိုင်ခဲ့တာက ဘယ်ကိစ္စကို ဘယ်သူဒကာခံရမယ်လို့ ခွဲဝေပေးရုံလောက်ပဲ။ စာသင်ကျောင်းတွေကို ဗြိတိသျှက ရန်ပုံငွေပေးလိုက်၊ စွမ်းအင်ပရောဂျက််တွေကို ဂျပန်တွေ ထောက်ပံ့‌ပေ့ါ၊ စိုက်ပျိုးရေးကို ဥရောပနိုင်ငံတွေ အားပေးကြဦး၊ အိမ်ကိုရုံးခန်းလုပ်ဖွင့်နေရတဲ့ တရားမျှတရေး လှုပ်ရှားတက်ကြွသူတွေကို အိုင်ယာလန်က ပျိုးထောင်ပေး စသဖြင့်ပေ့ါ။ တရုတ်အထောက်အပံ့နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တံခါးဝတွေမှာ အလှူရှင်ကမ္ပည်းထိုးပေးထားတယ်။ ဌာနချင်းအလိုက်တောင် မဟုတ်ဘူး။ များသောအားဖြင့် “USAID” ဆိုတာချည်းပဲ။

 

ပြီးခဲ့တဲ့ တစ်လကျော်ကျော်က အမေရိကန်ရဲ့ ပံ့ပိုးငွေနဲ့ လည်ပတ်နေတဲ့ အေဂျင်စီတွေကို (သမ္မတ) ဒေါ်နယ်ထရမ့်က ရန်ပုံငွေတွေ ရပ်ဆိုင်းလိုက်တော့ မရှိမဖြစ် လုပ်ငန်းတွေအကုန် ညတွင်းချင်း ရပ်ကုန်ကြတယ်။ ခဏနေမှ “အသက်ကယ်ရေး အကူအညီ” တွေကိုတော့ ပြန်စခွင့်ပြုလိုက်ပါဆိုတဲ့ ခွင့်ပြချက်ကလည်း ပြည်တွင်းရောက် သံတမန်တွေက လက်ခံခွင့်ပြုပေးထားတဲ့သူတွေလောက်ပဲ ရကြတာ။ အဲဒီထဲက အများစုက ခွင့်ယူပြီး နှပ်နေကြပြီ။ တချို့ ပရောဂျက်တွေတော့ ပြန်စပါတယ်။ မာလာဝီရဲ့ စိတ်ကျန်းမာရေးနဲ့ ဒုက္ခသည်ကူညီပံ့ပိုးရေး ပရဟိတအဖွဲ့တွေက ရပ်ကုန်ကြတယ်။ သမ္မတထရမ့်ရဲ့ ရက် ၉၀ ဆိုင်းငံ့မိန့်မကုန်မချင်း သူတို့ရုံးတံခါးတွေကို ပြန်ဖွင့်ဖို့ မမျှော်လင့်ကြတော့ဘူး။ တစ်ချိန်တည်းမှာပဲ ရပ်သွားရတဲ့ ပရောဂျက်အများစုရဲ့ လုပ်ပုံကိုင်ပုံကလည်း တစ်မျိုးတစ်ဘာသာ။ သူတို့က အသက်ကယ်လုပ်ငန်းတွေ မဟုတ်ကြပါဘူး။ သူတို့ရဲ့ ဦးစားပေးမှုက ပိုပြီး လက်တွေ့ကျတဲ့ ရည်မှန်းချက်တွေ ထားကြတာ။ မာလာဝီ သူဌေးတိုင်းပြည်ဖြစ်ရေးတဲ့။

 

ထိပ်သီးအလှူရှင်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ ဒီဘက်နှစ်တွေမှာ အရင်ကလောက် မများတော့ပါဘူး။
ထိပ်သီးအလှူရှင်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ ဒီဘက်နှစ်တွေမှာ အရင်ကလောက် မများတော့ပါဘူး။

သမ္မတထရမ့်ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ရေစီးကြောင်းကြီးထဲက တစ်ဖက်စွန်းရောက်တဲ့ သာဓကတစ်ခုပါပဲ။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ (ဗြိတိန်ဝန်ကြီးချုပ်) ဆာကီယာစတာမာက ကာကွယ်ရေးစရိတ် ပိုသုံးနိုင်ဖို့ ဗြိတိန်ရဲ့ ကူညီပံ့ပိုးမှုဘတ်ဂျတ်ကို အရင်က ဂျီဒီပီရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်း သုံးရာကနေ ၀ ဒသမ ၃ ရာခိုင်နှုန်းထိ လျှော့ချဖြတ်တောက်လိုက်တယ်။ အမေရိကန်ပြီးရင် အနောက်နိုင်ငံတွေထဲမှာ အရက်ရောဆုံးအလှူရှင်ဖြစ်တဲ့ ပြင်သစ်ကလည်း ကူညီထောက်ပံ့မှုတွေကို ၃၅ ရာခိုင်နှုန်း လျှော့ချမတဲ့။ ဂျာမနီကလည်း ဖြတ်တောက်လျှော့ချဖို့ ကြံနေပြီ။ စစ်တမ်းတွေအရ အဲသလို ဆုံးဖြတ်ချက်တွေ ချမှတ်လာဖို့လည်း ပြည်တွင်းထောက်ခံမှုတွေ ရှိနေကြသတဲ့။ နာမည်ကြီး ဘောဂဗေဒ ပညာရှင်အဖွဲ့ကြီးတွေလို့ ဆိုနိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး (IMF) နဲ့ ကမ္ဘာ့ဘဏ် တို့က ဖွံ့ဖြိုးရေးရန်ပုံငွေတွေဟာ အရေးကြီးပါတယ်၊ ဒီတော့မှ တိုင်းပြည်တွေ ချမ်းသာလာမှာပေါ့လို့ တင်းခံငြင်းဆန်နေကြပေမယ့် ဒီပဋိညာဉ်လက်ခံမှုကလည်း ဆုတ်ပြယ်ပြယ် ဖြစ်လာနေပါပြီ။ တချို့ အထင်ကရ ဖွံ့ဖြိုးရေးဆိုင်ရာ ဘောဂဗေဒ ပညာရှင်တွေကတောင် အဲသလို ငွေကြေးသုံးစွဲမှုတွေက တကယ်တမ်း ဘယ်လောက် ကောင်းမွန်လို့လဲဆိုပြီး မေးခွန်းထုတ်နေကြပါပြီ။ ဒီလို အရှုပ်ထုပ်ကြီးထဲက ပိုကောင်းတာတွေများ ပေါ်ထွက်လာနိုင်ပါရဲ့လား။

 

စာတွေ့ ခြေရာကောက်

 

ပထမဆုံးအနေနဲ့ ငွေတွ ဘယ်လိုစီးဆင်းသွားသလဲ စဉ်းစားကြည့်ကြပါစို့။ ပြီးခဲ့တဲ့နှစ်မှာ သူဌေးတိုင်းပြည်တွေက နိုင်ငံတကာ ကူညီပံ့ပိုးမှုအတွက် ဒေါ်လာ ၂၅၆ ဘီလီယံ (ဂျီဒီပီရဲ့ ၀ ဒသမ ၄ ရာခိုင်နှုန်း) တစ်နည်းအားဖြင့် အာဖရိကတိုက်က ဆာဟာရတစ်ပိုင်း ကန္တာရနိုင်ငံတွေရဲ့ အစိုးရတွေရသမျှ အခွန်ဝင်ငွေလောက်ရှိတဲ့ ပမာဏကို အကုန်အကျခံခဲ့ကြတယ်။ အဲဒီ ထောက်ပံ့သုံးစွဲငွေတွေရဲ့ အဖျားအနားလောက်ကသာ “အမေရိကန် ပြန်လည်ကြီးမြတ်တော်မူပါစေသောဝ်” (Make American Great Again - MAGA) ဆိုသူတွေ အထင်အမြင်သေးတဲ့ ယဉ်ကျေးမှုကဏ္ဍ၊ ဒီမိုကရေစီဘက်တော်သား ပရဟိတအဖွဲ့တွေနဲ့ လွတ်လပ်တဲ့ သတင်းစာတွေကို ရန်ပုံငွေပေးတာတွေအတွက် သုံးကြတာပါ။ အဲဒီထဲက လေးပုံတစ်ပုံလောက်က (သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးနဲ့ ဒုက္ခသည်ကူညီရေးတို့လို) လူသားချင်းစာနာမှု အကူအညီတွေ၊ (HIV ကုသရေးနဲ့ ကာကွယ်ဆေးစသဖြင့်) ကျန်းမာရေး ရန်ပုံငွေတွေအတွက် သုံးလိုက်ရဖို့ ရှိပါတယ်။ ဒီတော့ အမေရိကန်နဲ့ ဗြိတိသျှ ထောက်ပံ့သုံးစွဲငွေ ဖြတ်တောက်မှုတွေက အဲသလို ကူညီပံ့ပိုးမှု ရနေတဲ့သူတွေကို ဘာတွေဖြစ်ကုန်စေမှာလဲဆိုတဲ့ စိုးရိမ်မှုတွေ နိုးကြားလာကြပါတယ်။

 

ဒါပေမဲ့ USAID ကို သမ္မတထရမ့် ရပ်တန့်လိုက်တာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနေတဲ့ ပိုကြီးမားတဲ့ စနစ်ကြီးတစ်ခုလုံးကိုတော့ သွက်ချာပါဒ ဖြစ်သွားစေပါတယ်။ ဖွံ့ဖြိုးရေးအတွက် ကျခံသုံးစွဲမှုတွေက နိုင်ငံတကာအကူအညီတွေရဲ့ သုံးပုံတစ်ပုံနီးပါး ရှိနေတာပါ။ များသောအားဖြင့် မျက်နှာသာပေးချင်တဲ့ ကုန်ထုတ်လုပ်ငန်းတွေကို အဲဒီငွေတွေနဲ့ ချီးမြှင့်မစထားတာ ဖြစ်ပြီး မကြာခဏဆိုသလို အခြေခံအဆောက်အဦ တည်ဆောက်ရေးနဲ့ ကျောင်းဆရာဆရာမတွေ လစာပေးတဲ့ နေရာမှာ ရန်ပုံငွေထည့်ဝင်တာတွေလည်း ရှိပါတယ်။ မာလာဝီနိုင်ငံ ဗြိတိသျှတွေလက်ထဲက နိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ ၁၉၆၄ ခုနှစ်ကစလို့ နှစ်စဉ်နှစ်တိုင်းမှာ မာလာဝီပြည်သူတစ်ဦးချင်းစီအတွက် သူတို့အစိုးရက သုံးတဲ့ငွေထက် နိုင်ငံတကာ အေဂျင်စီတွေ ကျခံပေးနေတဲ့ငွေက ပိုများပါတယ်။ လီလွန်ဂွေးလ်မြို့တော်ကြီးရဲ့ လက်ရှိအခြေအနေကို ကြည့်လိုက်ရင် ဖွံ့ဖြိုးရေး ကူညီပံ့ပိုးမှုတွေရဲ့ ရည်မှန်းချက်ကို သိနိုင်ပါတယ်။ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုက အဲဒီကူညီပံ့ပိုးမှုတွေ ကျရှုံးနေဆဲဆိုတာ ထင်ဟပ်နေတာပါပဲ။

 

ကူညီပံ့ပိုးရေး ဘောဂဗေဒပညာရှင်တွေကလည်း ဆင်းရဲသားနိုင်ငံတွေဟာ အများပြည်သူအတွက် ငွေကြေးရင်းနှီးမြှုပ်နှံဖို့လိုနေတဲ့ သူဌေးပေါက်စ နိုင်ငံလေးတွေပါလို့ သဘောထားခဲ့ကြတယ်။ ယာယီပါပဲလို့ ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ အဲဒီခေတ်က အေဂျင်စီတွေဟာ ဒီနေ့အထိ ငွေတွေ ချူယူနေတုန်းပါပဲ။

ကနဦးကတော့ ပူပူနွေးနွေး လွတ်လပ်ရေးရထားတဲ့ ကိုလိုနီနယ်မြေဟောင်းတွေကို ကူညီပံ့ပိုးဖို့ ဖွံ့ဖြိုးရေးအေဂျင်စီတွေကို ထူထောင်ခဲ့ကြတာပါ။ စစ်ပြီးကာလ ဥရောပတိုက်ကို အမေရိကန်ပိုက်ဆံနဲ့ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းခဲ့တဲ့ မာရှယ်စီမံကိန်းကို အားကျပြီး ၁၉၆၁ ခုနှစ်မှာ သမ္မတ ဂျွန်အက်ဖ်ကနေဒီက USAID ကို ထူထောင်ခဲ့ပါတယ်။ အဆိုးဆုံးထဲက အကောင်းဆုံးကို မျှော်လင့်ရရင် ကမ္ဘာကြီး ပိုချမ်းသာလာတာနဲ့အမျှ ဖွံ့ဖြိုးရေးအတွက် ဒကာခံတဲ့တိုင်းပြည်တွေကိုတော့ မျက်နှာလိုမျက်နှာရ ခင်မင်လာကြမှာပါလို့ စိတ်ကူးနဲ့ မြူးခဲ့တာပေါ့။ ကူညီပံ့ပိုးရေး ဘောဂဗေဒပညာရှင်တွေကလည်း ဆင်းရဲသားနိုင်ငံတွေဟာ အများပြည်သူအတွက် ငွေကြေးရင်းနှီးမြှုပ်နှံဖို့လိုနေတဲ့ သူဌေးပေါက်စ နိုင်ငံလေးတွေပါလို့ သဘောထားခဲ့ကြတယ်။ ယာယီပါပဲလို့ ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ အဲဒီခေတ်က အေဂျင်စီတွေဟာ ဒီနေ့အထိ ငွေတွေ ချူယူနေတုန်းပါပဲ။

 

စစ်အေးခေတ်လွန် နှစ်ကာလတွေရောက်ပြန်တော့ မူဝါဒချမှတ်သူတွေဟာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်သူတွေကြောင့် တိုင်းပြည်မွဲရတာလို့  ယုံကြည်လက်ခံကြတာကြောင့် နှစ်နိုင်ငံကြား ကူညီပံ့ပိုးရာမှာ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ပေးကမ်းစွန့်ကြဲခဲ့ကြတယ်။ အဲဒီနောက်ပိုင်း ၂၀၀၀ ပြည့်လွန်နှစ်တွေလည်းရောက်ရော ဖွံ့ဖြိုးရေးဟာ ကမ္ဘာ့အမြင်တစ်ခု ဖြစ်လာတယ်။ စာသင်ကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုကောင်းအောင်လုပ်ပြီး လူသားရင်းမြစ်ကို ထူထောင်ယူရမယ်ဆိုတဲ့ဘက် အာရုံပိုစိုက်လာတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ နိုင်ငံတကာ ကူညီပံ့ပိုးမှု သုံးစွဲငွေဟာ ၇၅ ရာခိုင်နှုန်းထိ မြင့်မားလာတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ပါမောက္ခ စတီဖန်ဒါကွန်က “ဖြစ်သင့်ဖြစ်ထိုက်ခဲ့တာတွေ ခုမှပဲ တကယ်ဖြစ်လာတော့တယ်လို့ အဲဒီတုန်းက တကယ့်ကို ခံစားခဲ့ရတာဗျ” လို့ဆိုပါတယ်။

 

ဖွံ့ဖြိုးရေးရန်ပုံငွေတွေက ၂၀၀၀ ပြည့်လွန်နောက်ပိုင်း အတက်အဆုတ်ရှိပေမဲ့ တကယ် ထိရောက်ပါရဲ့လား။
ဖွံ့ဖြိုးရေးရန်ပုံငွေတွေက ၂၀၀၀ ပြည့်လွန်နောက်ပိုင်း အတက်အဆုတ်ရှိပေမဲ့ တကယ် ထိရောက်ပါရဲ့လား။

ဖြစ်သင့်ဖြစ်ထိုက်တိုင်းလည်း ဖြစ်မလာခဲ့ပါဘူး။ ၂၀၁၄ ကနေ ၂၀၂၄ ခုနှစ်ကြားမှာ ကမ္ဘာ့အမွဲဆုံး ၇၈ နိုင်ငံဟာ နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေ သန္ဓေတည်ခဲ့တဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေကထက်တောင် ဖွံ့ဖြိုးမှု နှေးကွေးသွားခဲ့ပါသေးတယ်။ ဒါကလည်း အစောပိုင်းလေ့လာချက်တွေအရဆိုရင် အံ့ဩစရာတော့ မရှိပါဘူး။ ၂၀၀၄ ခုနှစ်မှာ နယူးယောက်တက္ကသိုလ်က ဘောဂဗေဒပညာရှင် ဝီလျံအက်စတာလေနဲ့အဖွဲ့ တွေ့ရှိခဲ့တာက ၁၉၇၀ ကနေ ၁၉၉၇ ခုနှစ်အတွင်းမှာ နိုင်ငံတကာ အကူအညီတွေကြောင့် ကမ္ဘာ့အမွဲဆုံးတိုင်းပြည်တွေဟာ ဖွံ့ဖြိုးလာရမယ့်အစား ပိုပြီး ကျုံလှီသွားပါသတဲ့။ နောက်တစ်နှစ်နေတော့ သမိုင်းကြောင်းတလျှောက် ကူညီပံ့ပိုးမှုတွေ လက်ခံခဲ့တဲ့ နိုင်ငံတွေမှာ ဆယ်စုနှစ် နှစ်ခုစာ ကျခံသုံးစွဲခဲ့တဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေ ဘယ်လမ်းဘယ်စခန်းဆိုက်သွားသလဲဆိုတာ ကမ္ဘာ့ဘဏ်က ပြန်လည်စိစစ်မှု လုပ်ပါတယ်။ သုတေသီတွေ ကောက်ချက်ဆွဲလိုက်တာက ချီးမြှင့်ပံ့ပိုးငွေတွ၊ ချေးငွေတွေဟာ ဖွံ့ဖြိုးရေးအတွက် အပ်ဖျားတစ်ထောက်စာလောက်မှ ခရီးမတွင်ပါဘူးတဲ့။ ၂၀၁၉ ခုနှစ်မှာတော့ IMF က အလားတူပဲ တစ်ကြိမ်ထပ် ကောက်ချက်ချပြန်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးစင်တာ (Centre for Global Development) ဆိုတဲ့ ဉာဏ်ကြီးရှင်အဖွဲ့ရဲ့ အကြီးတန်းသုတေသီ ချားလ်ကန်နီက ပြောပါရဲ့၊ “ကူညီထောက်ပံ့မှုတွေကြောင့် တကယ်ဖွံ့ဖြိုးသွားတဲ့နိုင်ငံ မရှိပါဘူး” တဲ့။

 

ဖွံ့ဖြိုးရေး ကူညီပံ့ပိုးမှုတွေဟာ သူ့မျိုးဆက်နဲ့သူ တစ်နည်းမဟုတ်တစ်နည်းနဲ့ အရေးနိမ့်နေကြတာပါ။ ပထမဆုံး အားထုတ်မှုတွေမှာဆို တံတားတွေ မနည်းမနော ဆောက်ကြတယ်။ ဘယ်မှမရောက်တဲ့ တံတားတွေပေါ့။ ၂၀၀၅ ခုနှစ်တုန်းက ကမ္ဘာ့ဘဏ်မှာ လုပ်ခဲ့ကြတဲ့ ဒေးဗစ်ဒေါ်လာနဲ့ ဂျက်ကော့ဆဗန်ဆန်ရယ်၊ ဟားဗတ်တက္ကသိုလ်က ဒန်နီရောဒရစ်ရယ် ပေါင်းပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ငွေကြေးပံ့ပိုးမှုတွေကို လေ့လာခဲ့ကြတယ်။ မူဝါဒကောင်းကောင်း ချမှတ်နိုင်ခဲ့တဲ့ နိုင်ငံဆိုလို့ တစ်နိုင်ငံမှ မတွေ့ရဘူး။ နိုင်ငံတော် အကြီးအကဲဆိုတာတွေကလည်း ကိုယ့်အာဏာမြဲရေးပဲ သောကရောက်နေခဲ့ကြတာလေ။ နိုင်ငံတကာ ကူညီထောက်ပံ့ရေး ဗျူရိုကရက်တွေပေးသမျှ အကြံဉာဏ်ဖြစ်ဖြစ်၊ ငွေတွေဘယ်လောက်များများ ထင်တိုင်းကြဲပစ်မယ်လို့ပဲ စိတ်ကူးနေကြတာ။ အဲဒီပညာရှင်တွေ အစောပိုင်း လေ့လာတွေ့ရှိချက်ကလည်း ကူညီပံ့ပိုးမှုတွေဟာ လက်ခံတိုင်းပြည် အစိုးရတွေရဲ့ အလားအလာရှိသလောက်ပဲ ဖြစ်ဖြစ်မြောက်မြောက် ကူညီနိုင်တာပါတဲ့။ တိုင်းပြည်နဲ့ချီပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှု (macroeconomist reform) တွေ လုပ်ဖို့ဆန္ဒရှိတဲ့နိုင်ငံတွေမှာ အရှိန်အဟုန်ကောင်းတွေ ရသွားပြီး သူလိုကိုယ်လို အလိုက်အထိုက်နေသွားတဲ့ နိုင်ငံတွေမှာတော့ နှေးမြဲ နှေးဆဲပါပဲ။ ပြဿနာက ရှင်းပါတယ်။ ပိုက်ဆံမပေးခင်အထိ ဘယ်နိုင်ငံက ဘယ်အုပ်စုထဲ စာရင်းပေါက်မလဲဆိုတာမှ မသိနိုင်ဘဲ။


 ရင်နာစရာ တွေ့ရှိချက်ကတော့ ရပ်ရွာဒေသတစ်ခုမှာ ကူညီပံ့ပိုးရေး နည်းလမ်းတစ်ခု အလုပ်ဖြစ်လို့ဆိုပြီး တစ်ခရိုင်လုံးမှာပါ အဆင်ပြေမှာပဲလို့ ကျိုးကြောင်းစပ်ဆက်လို့ မရပါဘူးတဲ့။ ကမ္ဘာ့ကုန်းမြေတိုက်ကြီးတစ်ခုမှာ အလုပ်ဖြစ်လို့ ကျန်တဲ့နေရာတွေမှာပါ ဖြစ်ရမယ်ဆိုတာ ဝေလာဝေးပါပဲ။

ကျန်းမာရေးအတွက် ထောက်ပံ့ကျခံမှုတွေမှာတော့ တကယ့်အောင်မြင်မှု နည်းနည်းပါးပါး ရှိခဲ့ပါတယ်။ အိတ်ချ်အိုင်ဗွီရောဂါ ကုသရေးအတွက် ကျခံသုံးစွဲမှုတွေကြောင့် ၂၀၂၀ ပြည့်နှစ်အထိ ရှေ့ဆယ်စုနှစ်,နှစ်ခုကြာအောင် ရောဂါကြောင့် သေဆုံးသူဦးရေကို ထက်ဝက်အထိ လျှော့ချနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒါက စီးပွားတက်လာတာမျိုးမှ မဟုတ်ဘဲ။ ဒီလိုပဲ၊ အခြေခံပညာရေးအတွက် ကူညီထောက်ပံ့လို့ အကျိုးရလဒ်ရှိဆိုတဲ့ စပ်ဆက်မှုကလည်း နည်းနည်းပဲရှိတယ်လို့ သုတေသနထဲမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဟိုက်ဒယ်ဘတ်တက္ကသိုလ်က ပါမောက္ခ အဇယ်လ်ဒရယ်ဟာနဲ့ ဂေါ့တ်တစ်ဂန်းတက္ကသိုလ်က ပါမောက္ခ စတက်ဖန်လော်မန်တို့က နေရာအနှံ့က စာသင်ကျောင်းဆောက်တာ၊ လူမှုစောင့်ရှောက်ရေး ဂေဟာဖွင့်တာ စတဲ့ ပရောဂျက်တွေရဲ့ နောက်ဆက်တွဲကို လေ့လာကြပါတယ်။ လေ့လာမှုအရ အဲဒီနေရာတွေမှာ (စီးပွားရေးဖွံ့ဖြိုးလေ လျှပ်စစ်မီးပိုသုံးလေ ဖြစ်မယ်လို့ တိုင်းတာကြပေမယ့်) လျှပ်စစ်မီးပိုသုံးတာ လုံးဝမတွေ့ရပါဘူး။ (ပရောဂျက်တွေကြောင့်) ဒေသခံတွေရဲ့ ကျွမ်းကျင်မှုမြင့်မားလာပေမယ့် အလုပ်ခန့်မယ့် စီးပွားရေးလုပ်ငန်းတွေ ဖြစ်ဖြစ်မြောက်မြောက်မရှိတာကြောင့် လေ့လာသူတွေက ယူဆကြပါတယ်။ ဒါတင်လားဆိုတော့ နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေဟာ လက်ခံတိုင်းပြည်ရဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍကို အားကောင်းလာစေရမယ့်အစား ချည့်နဲ့သွားတာမျိုးလည်း ဖြစ်တတ်ပါသတဲ့။ IMF ရဲ့ တွေ့ရှိချက်တစ်ခုမှာ ဖွံ့ဖြိုးရေး ကူညီပံ့ပိုးမှုတွေ ပိုသုံးလေ အခွန်အရနည်းလေ ဖြစ်သွားနိုင်ကြောင်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် နယူးယောက်တက္ကသိုလ်က သုတေသီ အဗီအဟူဂျာရဲ့ ကောက်ချက်ချပုံကတော့ အာဏာရထားသူတွေဟာ ဖွံ့ဖြိုးရေးကူညီပံ့ပိုးမှုတွေကို သူတို့ထောက်ခံမဲရဖို့ အသုံးချလိုက်တာကြောင့် နိုင်ငံရေးစနစ်မှာ အားပြိုင်မှုနည်းသွားတာမျိုး ဖြစ်တတ်ပါသတဲ့။

 

ဘဝင်မကျဖြစ်နေကြတဲ့ ဘောဂဗေဒပညာရှင်တွေဟာ သိပ်မကြာသေးခင်ကပဲ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က နိုဘယ်ဆုရ ‌ဘောဂဗေဒပညာရှင် ဆရာမကြီး အက်စသာဒူဖလိုရဲ့ လေ့လာတွေ့ရှိချက်ကို ဘဝင်ခွေ့သွားခဲ့ပါတယ်။ ဆရာမကြီးက ကူညီပံ့ပိုးမှုဖြစ်စဉ်တွေမှာ အလျဉ်းသင့်သလို အုပ်စုတွေခွဲပြီး စူးစမ်းလေ့လာမှုတွေ လုပ်ခဲ့တာပါ။ အဲဒီလေ့လာမှုရဲ့ ရင်နာစရာ တွေ့ရှိချက်ကတော့ ရပ်ရွာဒေသတစ်ခုမှာ ကူညီပံ့ပိုးရေး နည်းလမ်းတစ်ခု အလုပ်ဖြစ်လို့ဆိုပြီး တစ်ခရိုင်လုံးမှာပါ အဆင်ပြေမှာပဲလို့ ကျိုးကြောင်းစပ်ဆက်လို့ မရပါဘူးတဲ့။ ကမ္ဘာ့ကုန်းမြေတိုက်ကြီးတစ်ခုမှာ အလုပ်ဖြစ်လို့ ကျန်တဲ့နေရာတွေမှာပါ ဖြစ်ရမယ်ဆိုတာ ဝေလာဝေးပါပဲ။ ဥပမာ - အိန္ဒိယက ကျေးရွာတစ်ရွာမှာ အမျိုးသမီးတွေကို ပင်စင်လစာပေးတာဟာ သူတို့ရဲ့ မြေးမလေးတွေ (မြေးယောကျာ်းလေး မရှိခဲ့ရင်ပေါ့) ကျန်းမာရေး ပိုကောင်းလာတာ တွေ့ရပေမယ့် တခြားနေရာတွေမှာတော့ ကျန်းမာရေးတိုးတက်ဖို့ဝေးလို့ မိသားစု ဝယ်ယူစားသုံးမှုတောင် မြင့်မလာတာ တွေ့ရပါတယ်။ ဆရာမကြီး ဒူဖလိုရဲ့ တွေ့ရှိချက်က တခြားသုတေသန တွေ့ရှိချက်တွေနဲ့ တစ်သဘောတည်းပါပဲ။ ဘင်္ဂလားဒေ့ရှ်မှာ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုကြောင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုတွေ လမ်းပိတ်ကုန်ပါတယ်။ ကူညီထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ အာဖရိကဆေးရုံတွေဟာ အမေရိကန်က ဆရာဝန်တွေ (ဆိုလိုချင်တာက အနောက်တိုင်း ဆေးလောက) ဆီက (တိုးတက်ခေတ်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းနာတွေကို) ပညာမယူနိုင်တော့ပါဘူး။

 

အမိမဲ့သား ရေနည်းငါး

 

ဘာကြောင့်များ ဒီလို အရေးနိမ့်ကျရှုံးနေကြရပါလိမ့်။ မကြာခဏဆိုသလို ကူညီပံ့ပိုးရေး အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ဗျူရိုကရေစီယန္တရားကြီး လည်ပတ်ရာမှာ ငွေတွေအလဟဿ သုံးနေတယ်လို့ ဝေဖန်ခံကြရပါတယ်။ တကယ်က သူတို့မှာ အဲဒီထက်ပိုပြီး အခြေခံကျတဲ့ ပြဿနာရှိပါသေးတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးရာရောက်အောင် ဘာလုပ်ပေးရမှန်း သူတို့ကိုယ်တိုင် တကယ်ပဲ မသိကြတာပါ။ အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုအများစုရဲ့ နောက်ကွယ်က သီဝရီကတော့ (ဗြိတိသျှအမြင်နဲ့ကြည့်ရင်) လစ်ဘရယ်ဝါဒကို အလွန်အမင်း ခုံမင်ကိုင်စွဲတာပါပဲ။ အလှူရှင်အစိုးရတွေက ကမ္ဘာ့ဈေးကွက်ကို တင်ပို့နိုင်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ ထူထောင်နိုင်ဖို့၊ ကုန်ထုတ်လုပ်ငန်းတွေမှာ လိုအပ်တဲ့ လုပ်သားအင်အားကို စာသင်ကျောင်းတွေက မွေးထုတ်ပျိုးထောင်ပေးနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုဆွဲဆောင်နိုင်တဲ့ အခြေခံအဆောက်အဦတွေ ရှိလာဖို့ မျှော်လင့်တော်မူကြပါတယ်။ ဈေးကွက်စီးပွားရေးကို ဦးတည်ရာလမ်းမှာ ကန့်လန့်ခံနေတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ဖယ်ရှားပြီး မလိုလားအပ်တဲ့ နိုင်ငံတော်ကျခံသုံးစွဲမှုတွေ လျှော့ချဖို့ ကူညီပံ့ပိုးမှုလက်ခံတဲ့ တိုင်းပြည်တွေကို အားပေးတိုက်တွန်းကြပါတယ်။

 

ဒါပေမယ့် ဆင်းရဲတဲ့ တိုင်းပြည်တွေကို ဗဟိုစီမံကိန်းချစီးပွားရေးစနစ်ကျင့်သုံးတဲ့ နိုင်ငံပေါက်စလေးတွေ ဖြစ်မသွားစေဘဲ ဧရာမ ကူညီထောက်ပံ့ငွေတွေ ပုံအောပေးလိုက်ရမှာလည်း အခက်။ ဖွံ့ဖြိုးရေးပရောဂျက်တွေက‌တော့ များသောအားဖြင့် လက်ဗလာဘဝကနေ နို့ထွက်လုပ်ငန်းတို့၊ ငါးဖမ်းလုပ်ငန်းတို့လို ကုန်ထုတ်လုပ်ငန်းကြီးတွေ ထူထောင်လာနိုင်ဖို့ ကြိုးစားကြတာပဲ။ ဒါပေမဲ့ ဒီပုံဒီနည်း လုပ်မှ တို့ဒကာခံမယ်ဆိုတာကြီးကတော့ ဆိုဗီယက်အနံ့ ခပ်သင်းသင်းပါလား။ ၂၀၂၂ တုန်းက အမေရိကန်အပါအဝင် အလှူရှင်တွေက တန်ဇန်းနီးယားနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းကို ငွေကြေးပံ့ပိုးတော့လည်း ၁၅ နှစ်အတွင်းမှာ ထုတ်လုပ်ရောင်းချနိုင်မှု ငါးဆမြင့်မားအောင် လုပ်ပေးရမယ်လို့ တောင်းဆိုသတဲ့။

 

သူဌေးတိုင်းပြည်တွေဆီက စီးပွားရေးလုပ်ငန်းဆိုင်ရာမူဝါဒတွေမှာ ဖြစ်နေကျ ခဲရာခဲဆစ်ကိစ္စတွေ၊ အထူးသဖြင့် ဘယ်လုပ်ငန်းက ဘယ်လောက်အောင်မြင်ပါ့မယ်လို့ သေချာပေါက် မတွက်ဆနိုင်တဲ့ ပြဿနာတွေကလည်း (ဖွံ့ဖြိုးရေး ကူညီပံ့ပိုးမှု လက်ခံရာ နိုင်ငံတွေမှာပါ) လိုက်ဒုက္ခပေးပြန်တယ်။ ၂၀၁၅ ခုနှစ်တုန်းက ကိုပင်ဟေဂင် စီးပွားရေးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် လင်းဆေး ဝှိုက်ဖီးလ်နဲ့အဖွဲ့ဟာ နိုင်ငံတကာ ကူညီပံ့ပိုးမှု လက်ခံရယူခဲ့ကြတဲ့ အာဖရိက ၁၄ နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို လေ့လာခဲ့ကြတယ်။ ငွေကြေးပံ့ပိုးမှုတွေ လုပ်ခဲ့သမျှထဲက နှစ်နိုင်ငံပဲ အကျိုးရလဒ်ကောင်းတွေ တွေ့ရတယ်။ အနောက်နိုင်ငံ အလှူရှင်အစိုးရတွေကတော့ သူတို့ပရောဂျက်တွေကို အကြောင်းခံပြီး အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကြိုးကိုင်နေတဲ့ ဒေသခံနိုင်ငံရေးသမားတွေ ထောသွားတာမျိုး ဘယ်ဖြစ်စေချင်ပါ့မလဲ။ ဒါကြောင့် အခွန်ရှောင်မှုတွေ၊ ကြွေးမြီတွေနဲ့ နိုင်ငံတော်ထောက်ပံ့ကြေးတွေ နည်းပါးတဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍတွေကို ရွေးမိလျက်သား ဖြစ်သွားတယ်။ ဒီတော့ အဲဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူက ရှားပါး၊ ဒေသခံနိုင်ငံရေးသမားတွေကလည်း သိပ်စိတ်မဝင်စားနဲ့ ကူညီပံ့ပိုးမှုတွေလည်း ပလုံစွပ် ဖြစ်ကုန်တော့တာပဲ။ 

 

နိုင်ငံတကာ ကူညီပံ့ပိုးမှု လက်ခံတဲ့နိုင်ငံတွေဟာ ကူညီပံ့ပိုးမှုတွေကို စီမံခန့်ခွဲနိုင်ဖို့၊ အာမခံချက်ရှိစေဖို့နဲ့ မှတ်တမ်းတင်ထားနိုင်ဖို့ ဗျူရိုကရေေစီယန္တရားတွေ အပြည့်အစုံ ထပ်ဖွဲ့စည်းကြရပါတယ်။ ဥပမာပြောရရင် - မာလာဝီနိုင်ငံမှာဆို နိုင်ငံတကာကူညီပံ့ပိုးမှုကို စီမံခန့်ခွဲဖို့ ခန့်ထားရတဲ့ဝန်ထမ်းက ပင်လယ်ရပ်ခြား ကုန်သွယ်မှုကို စီမံခန့်ခွဲဖို့ ခန့်ထားရတာထက်တောင် ပိုများနေသေးတယ်။ ဒီအတွက် သူ့အကြောင်းပြချက်နဲ့သူတော့ ရှိပါ့။ နှစ်ပေါင်း ၆၀ ကျော်အောင် ငွေကြေးပံ့ပိုးမှုတွေ လက်ခံလာရတဲ့ ကမ္ဘာ့ အမွဲဆုံးနိုင်ငံဆိုတော့ တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာနဲ့ဆို တတ်နိုင်မှာမဟုတ်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကိုပါ ပေးနေရတာလေ။ နိုင်ငံအများစုကလည်း သူတို့ရဲ့ နိုင်ငံခြားအရန်ငွေတွေ ခုသာခံသာရှိအောင် ကူညီပံ့ပိုးမှုတွေကို ဆက်အားကိုးနေကြဆဲပါ။ ဒါမှလည်း ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်နိုင်မယ်မဟုတ်လား။ “ကူညီပံ့ပိုးမှုတွေ မရှိရင် ဆက်ရှင်သန်ရပ်တည်လို့ မဖြစ်နိုင်တဲ့ ပထမဆုံး အကြောင်းရင်းကတော့ အဲဒီငွေတွေက ကျွန်တော်တို့မှာရှိသမျှ ဒေါ်လာတွေ (နိုင်ငံခြားအရန်ငွေတွေ) ဖြစ်နေတာကိုး” လို့ အာဖရိက အစိုးရအရာရှိကြီးတစ်ဦးက ပြောဖူးပါရဲ့။

 

ဒီလိုနဲ့ ထိရောက်မှုမရှိဘူးဆိုရင်တောင် ဖွံ့ဖြိုးရေးကူညီပံ့ပိုးမှုတွေ ဖြတ်တောက်ခံရမယ်ဆိုတာဟာ အိပ်မက်ဆိုးကြီးပါပဲ။ ဆေးပေးခန်းတွေနဲ့ စာသင်ကျောင်းတွေအတွက် အသုံးစရိတ်တွေ လျှော့ရချေရဲ့၊ သတ်မှတ်ငွေလဲနှုန်းတွေ ပြောင်းသတ်မှတ်ရချေရဲ့ဆိုပြီး နိုင်ငံတော်အကြီးအကဲတွေက ကန့်ကွက်တားဆီးကြလေရဲ့။ တကယ်တမ်း လိမ္မာပါးနပ်တဲ့ နိုင်ငံရေးသမားတွေဆိုရင်တော့ သူတို့ရဲ့ မဲဆန္ဒရှင်တွေ ရွှေစိတ်တော်မငြိုရလေအောင်၊ ပေးနေကျဝန်ဆောင်မှုတွေ ဆက်ပေးနိုင်ဖို့နဲ့ အလှူရှင်စိတ်ကြိုက် ပြုပြင်ပြောင်းလဲရေးတွေကို လှည့်ပတ်ရှောင်ရှားနိုင်အောင်  အလှူရှင်အစိုးရတွေနဲ့ ညှိနှိုင်းဆောင်ရွက်ကြမှာပေါ့။ အီဂျစ်၊ ကင်ညာနဲ့ ပါကစ္စတန်က အစိုးရတွေအားလုံးဟာ (အလှူရှင်နဲ့ မဲဆန္ဒရှင်) နှစ်ဖက်လုံးကို ကြည်သာပျော်ရွှင်အောင် မထားနိုင်ရင် ဒဏ်ခတ်ခံကြရတာချင်းတူတူမို့ နိုင်ငံရေးသမားတွေဟာ ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ် ဖြစ်နေကြရပါတယ်။ ဖွံ့ဖြိုးရေးဆိုတဲ့ ဝတ်လဲတော်သစ်ကို ဆင်မြန်းနိုင်ဖို့ နိုင်ငံရေးသမားတွေက (အလှူရှင်တွေ မြင်ချင်တဲ့) ပြုပြင်ပြောင်းလဲရေးတွေကို ခေါင်းညိတ်လိုက်တဲ့အခါ ပြီးခဲ့တဲ့နှစ်အတွင်း ကိုင်ရို၊ နိုင်ရိုဘီနဲ့ ကရာချိမြို့တော်ကြီးတွေမှာ  ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါရောလား။ အဆုံးစွန်မှာတော့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှုဟာ နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေ ဆက်လက်ရရှိရေးပေါ်မှာရော၊ အဲဒီပေးစာကမ်းစာတွေကို မှီခိုဖို့သိပ်မလိုတော့တဲ့အထိ မူဝါဒတွေကို ဖြည်းဖြည်းချင်း ချမှတ်သွားနိုင်ဖို့ပေါ်မှာပါ မူတည်နေပါတယ်။

 

ဆင်းရဲတဲ့တိုင်းပြည်တွေ သူတို့အတွက် လက်တွေ့အသုံးဝင်တဲ့ ပိုက်ဆံတွေကို မလိုချင်ပါဘူး။ အဲဒီအစား ကူညီပံ့ပိုးငွေတွေကြောင့် သူတို့ ဒီဘဝရောက်ရတာကို ပိုလို့တောင် စိတ်နာပါသေးတယ်။

ဒါ့အပြင် နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေနဲ့ လုံးထွေးရစ်ပတ်နေတာဟာ အစိုးရတွေချည်းပဲတော့ မဟုတ်ပါဘူး။ နိုင်ငံပေါင်းများစွာမှာ ဘဏ်စနစ်တွေကနေ သွင်းကုန်ခွင့်ပြုမိန့်တွေအထိ အရာရာဟာ အလှူရှင်တွေရဲ့ လိုအပ်ချက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်စီရင်ထားကြတာပါ။ အလှူရှင်အစိုးရတွေ မျက်နှာသာမပေးတဲ့ ပွင့်သစ်စစီးပွားရေးလုပ်ငန်းတွေဟာလည်း ဗလာချီ ဘယ်လိုမှ မရပ်တည်နိုင်ပါဘူး။ နှစ်စဉ်နှစ်တိုင်းမှာ အဆက်အသွယ်ကောင်း အရှိဆုံး၊ ပညာအတတ်ဆုံး မာလာဝီသူ မာလာဝီသားတွေဟာ နိုင်ငံခြားတက္ကသိုလ်တွေကနေ ပြည်‌တော်ပြန်လာတာဟာ စီးပွားရေးလုပ်ငန်းထူထောင်ဖို့ မဟုတ်ကြပါဘူး၊ ပရဟိတအဖွဲ့အစည်းတွေ ထူထောင်ကြဖို့ပါ။ ရုံးဖွင့်ရက်တစ်ရက်ရက်မှာ သူတို့တွေဟာ လီလွန်ဂွေးလ်မြို့တော်ရဲ့ ဒိတ်ဒိတ်ကြဲ ဆိုင်ကြီးကနားကြီးတွေမှာ စုဝေးပြီး သံတမန်တွေနဲ့ ဆုံကြပါတယ်။ အများစုက ခဲတစ်ပစ်တောင်မကွာတဲ့ မြို့ထဲရပ်ကွက်တွေမှာပဲ နိုင်ငံခြား ကူညီပံ့ပိုးရေး ရန်ပုံငွေနဲ့ ငှားရမ်းပေးချေထားတဲ့ ရုံးပရိဝုဏ်ထဲမှာနေရင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လိုနည်းနဲ့မှမရနိုင်တဲ့ လစာတွေကို ခံစားနေကြတာပေါ့။

 

နိုင်ငံတကာ မူဝါဒချမှတ်သူတွေ အလွတ်သဘော နှစ်လည်အစည်းအဝေးဆန်ဆန် ဆုံမိကြတဲ့ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ IMF တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေမှာဆို ဖွံ့ဖြိုးဆဲနိုင်ငံတွေက နိုင်ငံရေးသမားတွေဟာ အလှူရှင်အစိုးရတွေရဲ့ မလောက်လေး မလောက်စားလုပ်တာ ခံစားရကြောင်း အောင့်သက်သက်နဲ့ ဩဝါဒခြွေေကြပါတယ်။ ကူညီပံ့ပိုးရေးတွေ အလုပ်မဖြစ်လေ‌လေ၊ ပြေလည်စရာ တစ်နည်းနည်းတော့ ရှိမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ အလှူရှင်တွေက တစ်ပြားက နှစ်ပြားခွါလေလေ၊ ကူညီပံ့ပိုးမှု ခံယူမယ့်တိုင်းပြည်တွေမှာရှိတဲ့ ဗျူရိုကရေစီ ယန္တရားတွေက ကြီးမားလာလေလေပါပဲ။ ဆင်းရဲတဲ့တိုင်းပြည်တွေ သူတို့အတွက် လက်တွေ့အသုံးဝင်တဲ့ ပိုက်ဆံတွေကို မလိုချင်ပါဘူး။ အဲဒီအစား ကူညီပံ့ပိုးငွေတွေကြောင့် သူတို့ ဒီဘဝရောက်ရတာကို ပိုလို့တောင် စိတ်နာပါသေးတယ်။ ကင်ညာသမ္မတ ဝီလျံရူတိုက “ဖွံ့ဖြိုးရေးကို ဟုတ်တိပတ်တိမလုပ်ဘဲ ကုန်ဆုံးသွားတဲ့ ဆယ်စုနှစ်တွေအတွက် ပြန်လျော်ပေးတဲ့အနေနဲ့” ဘာနှောင်ကြိုးမှမပါတဲ့ ပိုက်ဆံမျိုးသာ လိုချင်ပါသတဲ့။

 

ဒါပေမဲ့ လာမယ့်မျိုးဆက် နိုင်ငံတကာကူညီပံ့ပိုးရေးတွေကတော့ လူ့အသက် ကယ်နိုင်တာ၊ မကယ်နိုင်တာထက် မဟာဗျူဟာ ဆန်တဲ့သဘော ပိုလာမှာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက “ကျုပ်တို့က နိုင်ငံခြားကူညီပံ့ပိုး့မှု ဆက်ထောက်ပံ့မှာပါ၊ ဒါပေမဲ့ နိုင်ငံခြားကူညီပံ့ပိုးမှုဆိုတာ ကုသိုလ်ဖြစ်လုပ်နေတာ မဟုတ်ဘူး။ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတော်အကျိုးစီးပွားကို မြှင့်တင်ချဲ့ထွင်နိုင်ဖို့သာ ကူညီပံ့ပိုးမှာ” လို့ ဆိုလေရဲ့။ ဒီနည်းလမ်းဟာ (သမ္မတအိုဘားမား လက်ထက်တုန်းက အမေရိကန်နယ်စပ်မှာ ကြုံခဲ့ရတဲ့ ဖိအားတွေသက်သာအောင်လို့ USAID က ဥရောပတိုက်နဲ့ လက်တင်အမေရိကတိုက်ကြား အလုပ်သမား လူဝင်မှု သဘောတူညီချက်ရအောင် ဝင်ညှိနှိုင်းပေးခဲ့သလို) အရင်ရှိနှင့်ပြီးသား မူဝါဒပေါ်မှာပဲ အခြေခံတာပါ။ ပြီးတော့ သူဌေးတိုင်းပြည်တွေရဲ့ လုပ်ကွက်မျိုးဆိုလည်း မှန်တာပဲ။ ၂၀၂၀ ပြည့်နှစ်တုန်းက ဗြိတိန်က သူတို့ရဲ့ ဖွံ့ဖြိုးရေးဌာနကို နိုင်ငံခြားရေးရုံးနဲ့ နှစ်ရုံးတစ်ရုံး ပေါင်းပစ်လိုက်သလိုမျိုးလေ။

 

နိုင်ငံခြားကူညီပံ့ပိုးမှုဟာ ပွဲကြမ်းတော့မှာပါ။ ဒီနည်းလမ်းသစ်ကို ကြပ်ကြပ်မတ်မတ် အကောင်အထည်ဖော်မယ့်သူတွေက ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကူးစက်ရောဂါ ထိန်းချုပ်မှုတွေနဲ့ တခြားဆောင်ရွက်ချက်တွေ အပါအဝင် ကောင်းကျိုးပြုခဲ့တဲ့ ကျခံသုံးစွဲမှုတွေကို စတေးပစ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ လီလွန်ဂွေးလ်မြို့တော်ကြီးရဲ့ ပြည်သူ့ပန်းခြံတစ်ခုထဲမှာတော့ USAID ရဲ့ အရှေ့အာဖရိကဌာန တာဝန်ရှိသူဖြစ်ခဲ့ဖူးတဲ့ ဗျူရိုကရက်တစ်ဦးက လက်ရှိမှာ အခက်ကြုံနေရတဲ့ ဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ အစိုးရဌာနတွေကို စာရင်းကောက်နေလေရဲ့။ မာလာဝီက ဆေးပေးခန်းတွေ ပြန်မဖွင့်နိုင်တဲ့ဘဝ ရောက်သွားနိုင်တယ်ဆိုတဲ့ အသိဟာ ကူညီပံ့ပိုးရေး ဝန်ထမ်းတွေကို စိတ်နာစေတဲ့အပြင် ကမ္ဘာ့လူမွဲအပေါင်းကို ကူညီစောင့်ရှောက်ရေးဟာ သူဌေးတိုင်းပြည်တွေရဲ့ တာဝန်ဝတ္တရားပဲလို့ လက်ခံယုံကြည်ထားသူတိုင်းကိုလည်း အောင့်သီးအောင့်သက် ဖြစ်စေပါတယ်။ ဘာပဲဖြစ်ဖြစ် သမ္မတထရမ့် တစ်ခါလောက် ပေါက်ပေါက်ရှာရှာ ထလုပ်ရုံနဲ့ ကမ္ဘာ့အမွဲဆုံးတိုင်းပြည်တွေက ပြည်သူ့ဘဝတွေဟာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ခဲ့ရတာကို ကြည့်လိုက်ရင် စနစ်ဟောင်းကြီးဟာ ဘယ်လောက် အလုပ်ဖြစ်ခဲ့တယ်ဆိုတာထက် ဘယ်လောက်ဆိုးရွားခဲ့သလဲဆိုတာ ပေါ်လွင်သွားပါတော့တယ်။

 

မူရင်းဆောင်းပါး - Aid Cannot Make Poor Countries Rich by the Economist on 6 March 2025

2 Comments


Guest
Jun 17, 2025

နိုင်ငံခြားကူညီပံ့ပိုးမှုဟာ ပွဲကြမ်းတော့မှာပါ။ ဒီနည်းလမ်းသစ်ကို ကြပ်ကြပ်မတ်မတ် အကောင်အထည်ဖော်မယ့်သူတွေက ကာကွယ်ဆေးထိုးနှံမှုတွေ၊ ကူးစက်ရောဂါ ထိန်းချုပ်မှုတွေနဲ့ တခြားဆောင်ရွက်ချက်တွေ အပါအဝင် ကောင်းကျိုးပြုခဲ့တဲ့ ကျခံသုံးစွဲမှုတွေကို စတေးပစ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။

Like

Guest
Jun 06, 2025

ကြားလူ ဘုန်းလို့ ပြုန်းရသည်ပေါ့လေ

Like
bottom of page