top of page

လူသားချင်းစာနာမှုလား၊ နိုင်ငံတော်ဆန့်ကျင်ရေးလား

သင်းမြကြည်

နိုင်ငံတော်နဲ့ လူသားချင်းစာနာမှုကြား အားပြိုင်မှုတွေကို သုတေသနပြုရတဲ့ အကြောင်းရင်းငါးရပ်က ဘာတွေလဲ


ထရိုဂျန်မြင်းခေါင်း၊ ခြေထောက်နဲ့ ကျောပေါ်မှာ တင်ထားတဲ့ လက်ဆောင်ပဏ္ဏာတွေကို အဝိုင်းကွက်လေးတွေထဲမှာ ပုံဖော်ထားပါတယ်။

ကမ္ဘာ့ ဉာဏ်ကြီးရှင်အဖွဲ့တစ်ခုဖြစ်တဲ့ ODI ရဲ့ ဝက်ဘ်ဆိုက်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က ဆောင်းပါးရှင် ဒက်စတင်ဘာတာရဲ့ “Are humanitarian organisations anti-state? Five reasons we’re researching the state–humanitarian dynamic” ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ODI ရဲ့ လူသားချင်းစာနာမှု မူဝါဒရေးရာအဖွဲ့ (HPG) က ၂၀၂၄-၂၀၂၇ အတွင်း နယ်ပယ်သုံးခုမှာ သုတေသန ပြုလုပ်ပြီး အမြဲလှုပ်ရှားပြောင်းလဲနေတဲ့ လူသားချင်းစာနာရေး နယ်ပယ်ကြီးအတွက် ကူညီဖြေရှင်းပေးနိုင်မယ့် တွေ့ရှိချက်တွေကို ရှာဖွေတဲ့ ပထမခြေလှမ်းအဖြစ် ထုတ်ဝေလာတဲ့ အတွေးအမြင်စာတမ်း သုံးစောင်တွဲထဲမှာ ဒီဆောင်းပါးဟာ ပထမဆုံးစာတမ်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ တွေးတောစရာများလည်း ပါဝင်နေတဲ့အတွက် CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးပါရစေ။ မူရင်းဆောင်းပါးမှာ ဆောင်းပါးရှင် ရည်ညွှန်းကိုးကားထားတဲ့ အချက်အလက် ၄၀ ခန့်ကို ဒီဘာသာပြန်ဆိုချက်မှာ ထည့်သွင်းမထားတာကို နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။ အသေးစိတ် ဆက်စပ်ဖတ်ရှုလိုသူတွေအဖို့ မူရင်းဆောင်းပါးမှာ တိုက်ဆိုင်စစ်ဆေးပြီး ရှာဖွေလေ့လာနိုင်ပါတယ်။


 

‌အကျပ်အတည်းတွေက မပြီးနိုင်မစီးနိုင် ကြာရှည်သွားတဲ့အခါ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေဟာ နိုင်ငံတော် (အစိုးရ) ရဲ့အခန်းကဏ္ဍကို ဘေးဖယ်ထုတ်၊ အဲဒီနေရာမှာ ခြေကုပ်ဝင်ယူပြီး အများပြည်သူ ကောင်းရာကောင်းကျိုး ဆောင်ရွက်ရေးကို မောင်ပိုင်စီးသွားတယ်လို့ ဆိုနိုင်မလား

လူသားချင်းစာနာမှုအဖွဲ့အစည်းတွေဟာ နီယိုလစ်ဘရယ်ဝါဒတွေ ပုန်းခိုလိုက်ပါလာတဲ့ ထရိုဂျန် မြင်းရုပ်ကြီးတွေလား။ ဒါမှမဟုတ် ပိုတိတိကျကျပြောရရင် လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေ၊ နိုင်ငံတော်(အစိုးရတွေ)နဲ့ အယူဝါဒရေးရာတွေကြားမှာ ဘယ်လို ကူးလူးဆက်ဆံမှုတွေ ရှိနေသလဲ။ အကျပ်အတည်းတုံ့ပြန်ဖြေရှင်းရေးမှာ ဘယ်လိုအကျိုးဆက်တွေ ပေါ်ပေါက်လာသလဲ။

 

လူသားချင်းစာနာမှု လှုပ်ရှားဆောင်ရွက်သူတွေဟာ အကျပ်အတည်းကြုံနေသူတွေအတွက် အစားအစာ၊ အမိုးအကာ၊ ပညာရေးနဲ့ တခြား ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အဲသလို ကူညီဝန်ဆောင်မှုတွေ ပံ့ပိုးရင်းနဲ့ပဲ မကြာခဏဆိုသလို သူတို့ဟာ နိုင်ငံတော်(အစိုးရ)ရဲ့ အခန်းကဏ္ဍမှာ နေရာဝင်ယူမိတတ်ပါတယ်။ အသက်တွေကို ကယ်တင်နိုင်ဖို့ မတတ်သာတဲ့အဆုံး လူသားချင်းစာနာမှုကို လုပ်ရတာလို့ ဖြေရှင်းချက်၊ အကြောင်းပြချက် ပေးကြလေ့ရှိပေမယ့် တိုင်းပြည်တစ်ခုက နိုင်ငံတော်နဲ့ ပြည်သူတွေကြားမှာရှိနေတဲ့ လူမှုပဋိညာဉ်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာသလဲ။ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း အကျပ်အတည်းတွေက မပြီးနိုင်မစီးနိုင် ကြာရှည်သွားတဲ့အခါ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေဟာ နိုင်ငံတော် (အစိုးရ) ရဲ့အခန်းကဏ္ဍကို ဘေးဖယ်ထုတ်၊ အဲဒီနေရာမှာ ခြေကုပ်ဝင်ယူပြီး အများပြည်သူ ကောင်းရာကောင်းကျိုး ဆောင်ရွက်ရေးကို မောင်ပိုင်စီးသွားတယ်လို့ ဆိုနိုင်မလား။

 

နိုင်ငံတော် (အစိုးရ) ဦးစီးတဲ့ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးတွေနဲ့ပတ်သက်လို့ လူသားချင်းစာနာမှု မူဝါဒရေးရာအဖွဲ့ (Humanitarian Policy Group – HPG) က သုံးနှစ်တိုင်တိုင် သုတေသနလုပ်၊ မူဝါဒရေးရာ အကြံပြုတိုက်တွန်းနိုင်ဖို့ ဆောင်ရွက်ရာမှာ ရေခဲတုံးကြီးရဲ့ ထိပ်ဖျားတစ်ခုလို အချွန်အတက် ထိုးထွက်နေသလို လေ့လာမိသမျှ  ဒီသုံးသပ်ချက်တွေကို မြင်ခဲ့ရပါတယ်။ အတွေးအမြင်စာတမ်း သုံးစောင်ထဲက ဟောဒီ ပထမဆုံးတစ်စောင်မှာ နိုင်ငံတော် (အစိုးရ) နဲ့ ပြည်တွင်း၊ နိုင်ငံတကာ လူသားချင်းစာနာမှု စနစ်ယန္တရားကြီးနဲ့ လှုပ်ရှားပါဝင်သူတွေကြားက ဆက်ဆံရေးကို  ဘာကြောင့် စိစစ်သုံးသပ်ဖို့လိုတယ်၊ တစ်ဆက်တည်း နိုင်ငံတော် (အစိုးရ) ဟာ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးနဲ့ပတ်သက်လို့ ဘယ်လိုအခန်းကဏ္ဍမှာ ရှိနေတယ် ဆိုတဲ့ အခြေခံအချက်ငါးရပ်ကို တင်ပြမှာပါ။

 

၁။ ကူညီပံ့ပိုးရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ နိုင်ငံတော် (အစိုးရ) ကို ဆန့်ကျင်ရေးဝါဒီတွေလို့ တံဆိပ်ကပ်ချင်စရာ ဖြစ်လာနေပြီ


အီရတ်မှာ နိုင်ငံတကာ ကူညီပံ့ပိုးမှုနဲ့ တဲအိမ်စုနား ကောင်လေးတစ်ယောက် ရပ်နေတဲ့ ဓာတ်ပုံ
အီရတ်ကို ကျူးကျော်သိမ်းပိုက်ခဲ့စဉ်မှာ မြင်ခဲ့ရတဲ့အတိုင်းဆိုရင် လွတ်လပ်အမှီအခိုကင်းမှုဆိုတာကို ပုံမှန်အားဖြင့် ဘယ်လိုညှိနှိုင်းယူကြသလဲဆိုတာ ပိုပြီးလက်ခံသိမြင်ဖို့၊ ကောင်းကောင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။

လူသားချင်း စာနာမှု ဘက်မလိုက်ရေးမူတွေနဲ့ပတ်သက်လို့ အပြင်းအထန် ငြင်းခုံနေကြတဲ့ တစ်ချိန်တည်းမှာ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအတွက် ပင်မကျောရိုးကြီး တစ်ခုဖြစ်တဲ့ လွတ်လပ်အမှီအခိုကင်းရေး မူဝါဒနဲ့ ပတ်သက်ရင်တော့ သိပ်အငြင်းပွားတယ်လို့ မရှိကြပါဘူး။ ပဋိပက္ခတစ်ရပ်မှာ တစ်ဖက်ဖက်က ရပ်တည်ခြင်းမပြုရဘူးလို့ ဘက်မလိုက်ရေးမူက ရည်ညွှန်းပြီး လွတ်လပ်အမှီအခိုကင်းရေးမူအရ ကိုယ်ပိုင်ဆုံးဖြတ်မှုတွေနဲ့ ဆောင်ရွက်နိုင်စွမ်းရှိရမယ်၊ တိတိကျကျ ပြောရရင် အလှူရှင်၊ နိုင်ငံရေးနဲ့ လက်နက်ကိုင် အင်အားစုတွေရဲ့ ဩဇာလွှမ်းမိုးမှုတွေကနေ လွတ်လွတ်ကင်းကင်း ရှိရမယ်လို့ ဆိုလိုပါတယ်။

 

ဒါပေမဲ့ အဲဒီ လွတ်လပ်အမှီအခိုကင်းခြင်းက နောက်ကွယ်မှာ နိုင်ငံတော် (အစိုးရ) ကဏ္ဍကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ဖြစ်နေရင်ရော ဘယ်လိုလုပ်ကြမလဲ။ လွတ်လပ်အမှီအခိုကင်းမှုဆိုတဲ့ မျက်နှာဖုံးအောက်မှာ နိုင်ငံတော် (အစိုးရ) ရဲ့ အခန်းကဏ္ဍကို မျက်နှာလွဲခဲပစ်လုပ်ဖို့ (လူသားချင်းစာနာမှု) ကူညီပံ့ပိုးရေး လုပ်ဆောင်သူတွေကို လုပ်ခွင့်ပေးလိုက်တာ၊ အားပေးအားမြှောက်လုပ်ရာကျမလား။ လွတ်လပ်အမှီအခိုကင်းရေးမူမှာ မပြောကောင်းမဆိုကောင်း ယုတ်ညံ့တဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာနိုင်ခြေ ရှိသလားဆိုတာဟာ အင်မတန်ကို မေးမြန်းစိစစ်သင့်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ လွတ်လပ်အမှီအခိုကင်းမှုဆိုတာ သီဝရီအရ လက်ခံရလွယ်ပေမယ့် လက်တွေ့ကျင့်သုံးရာမှာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်နေတတ်တာ သုတေသနတွေ တစ်သီကြီးမှာ မြင်ခဲ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှု စနစ်ယန္တရားကြီးတစ်ခုလုံးဟာ လက်တစ်ဆုပ်စာ အနောက်နိုင်ငံ အလှူရှင်တွေပေါ်မှာပဲ တည်မှီနေတဲ့ အခြေအနေမျိုးမှာ ပိုပြောရခက်ပါတယ်။ အီရတ်ကို ကျူးကျော်သိမ်းပိုက်ခဲ့စဉ်မှာ မြင်ခဲ့ရတဲ့အတိုင်းဆိုရင် လွတ်လပ်အမှီအခိုကင်းမှုဆိုတာကို ပုံမှန်အားဖြင့် ဘယ်လိုညှိနှိုင်းယူကြသလဲဆိုတာ ပိုပြီးလက်ခံသိမြင်ဖို့၊ ကောင်းကောင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။

 

... ဘေးဒုက္ခတွေ ကြုံရရင်တော့ လူသားချင်းစာနာမှု လှုပ်ရှားဆောင်ရွက်သူတွေက ပိုနက်နဲတဲ့ အစိုးရယန္တရား ဝန်ဆောင်မှုပြဿနာတွေအကြောင်း စဉ်းစားမနေတော့ဘဲ ကိုယ်တိုင်ကြားဝင်ဖြေရှင်းပေးဖို့၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့ အများကြီးပိုလွယ်တဲ့လမ်းကို လိုက်ကြပါတယ်။

ဒီအပိုင်းနဲ့ပတ်သက်ရင် အကျပ်အတည်းကြောင့် ထိခိုက်ကြရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့် အဓိကတာဝန်ဝတ္တရားဟာ နိုင်ငံတော် (အစိုးရ) မှာ ရှိနေတာပါ။ ဒီလို ဝတ္တရားရှိတာကို လူသားချင်စာနာမှု လုပ်ကိုင်သူတွေကလည်း ယေဘုယျအားဖြင့် အသိအမှတ်ပြုကြပါတယ်။ ဒါပေမဲ့ အဲဒီဝတ္တရားအတိုင်း အဓိပ္ပါယ်ရှိရှိ ဖြေရှင်းဆောင်ရွက်ပေးဖို့ နိုင်ငံတော် (အစိုးရ)မှာ မစွမ်းဆောင်နိုင်တာ၊ ဒါမှမဟုတ် ဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ လှုပ်ရှားဆောင်ရွက်နေသူတွေခေါင်းပေါ် ပုံချလိုက်တာမျိုးကို ကြုံရလေ့ရှိတာကတော့ တစ်ပိုင်းပေါ့။ ကောက်ခါငင်ခါ ဖြစ်ပေါ်လာပြီး သက်‌ရောက်မှုကြီးမားတဲ့ ဘေးဒုက္ခတွေ ကြုံရရင်တော့ လူသားချင်းစာနာမှု လှုပ်ရှားဆောင်ရွက်သူတွေက ပိုနက်နဲတဲ့ အစိုးရယန္တရား ဝန်ဆောင်မှုပြဿနာတွေအကြောင်း စဉ်းစားမနေတော့ဘဲ ကိုယ်တိုင်ကြားဝင်ဖြေရှင်းပေးဖို့၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့ အများကြီးပိုလွယ်တဲ့လမ်းကို လိုက်ကြပါတယ်။ ဒါပေမဲ့ နိုင်ငံတော် (အစိုးရ) ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ ကြီးကြီးမားမားပါဝင်တဲ့ မော်ရိုကို ငလျင်လို ကိစ္စမျိုးမှာတော့ ဒီလို ကြားဝင်ဖြေရှင်းရေးနည်းလမ်းတွေကို အန်တုဆန့်ကျင်တာ တွေ့ခဲ့ရပါတယ်။

 

ကမ္ဘာနဲ့တဝန်း ဖြစ်ပေါ်နေတဲ့ မပြီးနိုင်မစီးနိုင် အကျပ်အတည်းတွေမှာတော့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ နိုင်ငံတော်(အစိုးရ)ကို ကွက်ကျော်ရိုက်သွားတာမျိုးထက် သေချာထိတွေ့ပြီး အစိုးရအုပ်ချုပ်ရေးယန္တရားပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့က ပိုအရေးကြီးပါတယ်။ အဲသလို အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ တွန်းအားတွေကြောင့် လူသားချင်းစာနာရေး၊ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကို သုံးမျိုးစပ်ရောလုပ်ကိုင်တဲ့ ပုံစံကို ပိုအာရုံစိုက်လာကြချိန်မှာ လူသားချင်းစာနာရေးသီးသန့် လှုပ်ရှားဆောင်ရွက်သူတွေရဲ့ နိုင်ငံတော်(အစိုးရ) အပေါ် အလေးထားမှုနဲ့ အစိုးရအုပ်ချုပ်ရေး ယန္တရားဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းလိုစိတ်ကတော့ လုံလောက်အောင် မပြင်းပြကြပါဘူး။

 

လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုနဲ့ဆိုင်တဲ့ ရှုပ်ထွေးပွေလီမှုတွေ၊ မေးခွန်းထုတ်ချင်စရာတွေ အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေမှာပါ။ အဖွဲ့အစည်းတွေရဲ့ စနစ်ယန္တရားတွေ ပိုကျယ်ပြန့်ဖွံ့ဖြိုးလာဖို့ မက်လုံးပေးထားတဲ့ လူသားချင်းစာနာရေး နယ်ပယ်မှာ နိုင်ငံတော် (အစိုးရ) တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ဖြစ်တန်စွမ်းက ဘယ်လောက်ထိ ရှိနိုင်မလဲ။ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းမှုကို နိုင်ငံတော် (အစိုးရ) လက်ထဲ ပြန်လွှဲပြောင်းပေးဖို့ ကူညီပံ့ပိုးရေး လှုပ်ရှားဆောင်ရွက်သူတွေကို အလှူရှင်တွေက ဘယ်လို အားပေးတိုက်တွန်းနိုင်မလဲ။ ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးကြည့်ရင် ကူညီပံ့ပိုးရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ နိုင်ငံတော် (အစိုးရ) ကို ဆန့်ကျင်ရေးဝါဒီတွေများ ဖြစ်နေကြပြီလား။

 

၂။ ပြည်တွင်းဦးစီးဦးဆောင်မှုနဲ့ ကိုလိုနီလွှမ်းမိုးမှု ဖယ်ရှားလျှော့ချရေးတွေဟာ နိုင်ငံတော်(အစိုးရ) ကို အကြီးအကျယ် ချန်လှပ်ထားပါတယ်


ကမ္ဘောဒီးယားနိုင်ငံမှာ အထုပ်အပိုးတွေနဲ့ ရွာထဲကို ဝင်လာတဲ့ လူတစ်စု
၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အဲဒီမှာ NGO တွေ ဘုန်းပေါလအော ပေါ်လာခဲ့ပြီး နိုင်ငံတကာ အကူအညီကို အားကိုးမှီခိုလွန်းတဲ့အတွက် ကမ္ဘောဒီးယားအစိုးရဟာ အာဏာရှင်ဆန်တဲ့၊ ကြမ်းတမ်းရက်စက်တဲ့၊ ဆတ်ဆတ်ထိမခံတဲ့ဘက်မှာ လက်စောင်းထက်သွားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မဟာညှိနှိုင်းမှုကြီးရဲ့ နောက်ပိုင်းမှာ “ပြည်တွင်းဦးစီးဦးဆောင်ရေး (localisation)” ဆိုတဲ့စကားလုံးကို တညံညံ ကြားနေရတော့တယ်။ ဆိုလိုတာက လူသားချင်းစာနာရေး နယ်ပယ်မှာ နိုင်ငံတကာ လွှမ်းမိုးခြယ်လှယ်မှုကို လျှော့ချရမယ်ဆိုတဲ့ တွန်းအားပေးမှုနဲ့အတူပေါ့လေ။ စကတည်းက ယဉ်သကို ဆိုတာလိုပဲ ဒီစကားလုံးဟာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အားကောင်းဖြစ်ထွန်းမှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိမှုတို့ကို ဗဟိုမပြုဘဲ ပြည်တွင်းဦးစီးဦးဆောင်မှု အကောင်အထည်ဖော်ရာမှာ “လူသားချင်း စာနာ‌ရေး လုပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ ထိရောက်မှုနဲ့ အကျိုးဖြစ်ထွန်းမှုတွေ တိုးတက်လာဖို့ လိုအပ်ချက်” ကို ဇောင်းပေးပြောဆိုနေတာ တွေ့ရပါတယ်။ အရပ်ဘက်အဖွဲ့အစည်းအဖြစ် လှုပ်ရှားဆောင်ရွက်သူတွေက နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားတွေကို ထိပါးဖျက်ဆီးတာနဲ့မျိုးနဲ့ပတ်သက်ပြီး ထောက်ပြချက်တချို့ ရှိပေမယ့် ပြည်တွင်းဦးစီးဦးဆောင်မှုနဲ့ပတ်သက်တဲ့ ဆွေးနွေးပြောဆိုမှုတွေမှာတော့ အဲသလိုအချက်မျိုးကို မြင်ရလေ့မရှိပါဘူး။ ဆန့်ကျင်ဘက်အားဖြင့်တော့ ပြည်တွင်းဦးစီးဦးဆောင်ရေး အားထုတ်လုပ်ကိုင်မှုတွေဟာ လူသားချင်းစာနာရေးနယ်ပယ်မှာ နိုင်ငံတကာ လွှမ်းမိုးနိုင်မှုကို ပိုလို့တောင် အားကောင်းစေနိုင်ပါသေးတယ်။

 

မှတ်မှတ်ရရ မဟာညှိနှိုင်းမှုကြီးမှာ ပါဝင်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၆၈ ဖွဲ့လုံးက ကမ္ဘာ့မြောက်ခြမ်းက အလှူရှင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေချည်းပါပဲ။ ကမ္ဘာ့တောင်ခြမ်း အစိုးရတွေရဲ့ပါဝင်မှုဆိုတာ မူးလို့မှ ရှူစရာမရှိပါဘူး။ ကမ္ဘာ့တောင်ခြမ်းက အရပ်ဘက် အဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်သူတွေရဲ့ ပါဝင်မှုဆိုတာကလည်း ကွက်တိကွက်ကြားပါပဲ။ ကမ္ဘာ့မြောက်ခြမ်းက လှုပ်ရှားဆောင်ရွက်သူတွေဟာ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ သန္နိဋ္ဌာန်ချထားကြသူတွေ ဖြစ်တယ်ဆိုတာ နားလည်ပေးလို့ ရပေမယ့် ဒီအခင်းအကျင်းကို ကြည့်လိုက်တာနဲ့တင် ပါဝါတည်ဆောက်ပုံ ဘယ်လိုရှိမယ်၊ ဘယ်လို အပြောင်းအလဲမျိုး ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတယ်ဆိုတာ ထုတ်ပြောနေသလိုမျိုးပါပဲ။

 

(စာရေးသူရဲ့ မှတ်ချက် - ကမ္ဘာ့တောင်ခြမ်းဆိုတာကို ကမ္ဘာတစ်လွှားက နိုင်ငံပေါင်းများစွာကို ခြုံငုံရည်ညွှန်းရာမှာ ပိုသုံးစွဲလာကြတဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ သမိုင်းတလျှောက် ကိုလိုနီဝါဒနဲ့ အနိုင်ကျင့်ခံခဲ့ရဖူးတဲ့ နိုင်ငံတွေကို ရည်ညွှန်းခေါ်ဆိုတာလည်း ဖြစ်ပါတယ်။ စာရေးသူကတော့ ကမ္ဘာ့မြောက်ခြမ်း - ကမ္ဘာ့တောင်ခြမ်း (Global North – Global South) ဆိုတဲ့ ခြုံငုံမိပြီး နှစ်ပိုင်းခွဲရှုမြင်နိုင်တဲ့ ဝေါဟာရရဲ့ အသုံးဝင်မှုအပေါ် နိုင်ငံတကာငြင်းခုံဆွေးနွေးမှုတွေကို ကျေးဇူးတင်မိပါတယ်။ ဒီလိုရှုမြင်နိုင်တဲ့အခါ ကမ္ဘာ့ပါဝါအားပြိုင်မှုကြီးကို နားလည်ရေးနဲ့ ဖြေရှင်းရေးမှာ အကျိုးရှိလာနိုင်ပါတယ်။)

 

‘ပြည်တွင်းဦးစီးဦးဆောင်တဲ့’ လူသားချင်းစာနာ‌ရေး တုံ့ပြန်ဖြေရှင်းမှုတွေပေါ်မှာ အလေးပေးမယ်ဆိုရင် ကမ္ဘာ့ တောင်ခြမ်းက အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်သူတွေ၊ အထူးသဖြင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေက အခရာကျပါတယ်။ (မဟာညှိနှိုင်းမှုကြီးထက်) ပိုပြီး လမ်းသစ်ထွင်လိုတဲ့ ပြောင်းလဲရေးပဋိညာဉ် (Charter4Change) မှာတောင်မှ အလားတူ ဦးစားပေးမှုမျိုးကို တွေ့ရပါတယ်။ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်ရေးကို တည်ဆောက်ဖို့အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ၊ တုံ့ပြန်ဖြေရှင်းရေးတွေအတွက် ပဋိပက္ခတွေကို ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေ၊ တစ်နည်းအားဖြင့် ဌာနေအစိုးရတွေဟာ အခရာကျတဲ့ အခန်းကဏ္ဍမှာ ရှိနေကြပေမယ့် တိုင်မှတ်လို့မှ နှပ်သုတ်မခံရပါဘူး။ ဒါကြောင့်လည်း ကူညီပံ့ပိုးမှုတွေကို NGO တွေကတစ်ဆင့်သာ ပေးနေပြီး နိုင်ငံတော် (အစိုးရ) ကို ကွက်ကျော်ရိုက်တဲ့ ရေရှည် အကျိုးဆက်တွေအပေါ် အရေးတကြီး မေးခွန်းထုတ်စရာတွေ ပေါ်လာရတာပါ။

 

ပြည်တွင်းဦးစီးဦးဆောင်‌ရေးကို ပိုသတိပြုမိလာကြတာ၊ ကိုလိုနီလွှမ်းမိုးမှု ဖယ်ရှားရေး နှိုးဆော်ကြတာတွေဟာ အလာကောင်းပေမယ့် အခါနှောင်းနေပါပြီ။

ကမ္ဘောဒီးယားနိုင်ငံ စစ်ပြီးကာလက ဖြစ်စဉ်တစ်ခုကို ဒီနေရာမှာ ထောက်ပြချင်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အဲဒီမှာ NGO တွေ ဘုန်းပေါလအော ပေါ်လာခဲ့ပြီး နိုင်ငံတကာ အကူအညီကို အားကိုးမှီခိုလွန်းတဲ့အတွက် ကမ္ဘောဒီးယားအစိုးရဟာ အာဏာရှင်ဆန်တဲ့၊ ကြမ်းတမ်းရက်စက်တဲ့၊ ဆတ်ဆတ်ထိမခံတဲ့ဘက်မှာ လက်စောင်းထက်သွားခဲ့ပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုတွေဟာ စေတနာ သဒ္ဒါတရားတွေ ထက်သန်ခဲ့ပေမယ့် နောက်ထပ် ဆယ်စုနှစ်များစွာတိုင်အောင် နောက်ဆက်တွဲအကျိုးဆက်တွေက ရုန်းထွက်ဖို့ခက်ခဲခဲ့ရပြီး အုပ်ချုပ်ရေးကဏ္ဍမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး ဖြစ်ခဲ့ရပါတယ်။

 

လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ ဒီလို အန္တရာယ်ဖြစ်နိုင်ခြေတွေကို ဒီနေ့ထိ ဆက်လုပ်နေကြဆဲပါပဲ။ လတ်တလော လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးရုံလောက်ပဲ ကျဉ်းကျဉ်းမြောင်းမြောင်း အာရုံစိုက်တဲ့အတွက် နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားတွေကို ချည့်နဲ့သွားစေပါတယ်။ ဒီလိုပြဿနာတွေက အသစ်မှ မဟုတ်တာ။ ဒါပေမဲ့ ‘မကြာခင်က ဖြစ်‌ပေါ်ခဲ့တာတွေနဲ့ပတ်သက်လို့ ရေးသားပြုစုတာတွေရဲ့ ဧရာမ အမှားတစ်ခုက အရင့်အရင် ဖြစ်ပျက်ခဲ့သမျှတွေကို လျစ်လျူရှုပြီး သမိုင်းသရုပ်သကန်သဘော ဆိတ်သုဉ်းမှု (ahistorical character) ပဲ ဖြစ်ပါတယ်’ လို့ ကမ္ဘောဒီးယားကို အထူးပြုလေ့လာတဲ့ သမိုင်းပညာရှင် တစ်ဦးက လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာတုန်းက ဟားခဲ့ဖူးပါတယ်။ အဲသလို သမိုင်းသရုပ်သကန်သဘော ဆိတ်သုဉ်းမှုကြောင့် ဒုက္ခမတွေ့ဖို့ဆိုရင်တော့ လူသားချင်းစာနာရေး နယ်ပယ်မှာလည်း အရင့်အရင်က အတွေ့အကြုံတွေပေါ် အခြေခံလို့ လက်ရှိ လုပ်ကိုင်ကျင့်သုံးစရာတွေကို ချမှတ်နိုင်ဖို့ လိုပါတယ်။

 

ဒီစိန်ခေါ်မှုတွေ ရှိနေပေမယ့် ကမ္ဘာ့တောင်ခြမ်းက အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်သူတွေ၊ စွမ်းဆောင်ရည်မြင့် ကူညီပံ့ပိုး တုံ့ပြန်ဖြေရှင်းသူများကွန်ရက် (Network for Empowered Aid Response – NEAR) လိုမျိုး ကွန်ရက်တွေဟာ မဟာညှိနှိုင်းမှုကြီးရဲ့ လုပ်ငန်းစဉ်တွေနဲ့ နယ်ပယ်တွေအပေါ်မှာ လွှမ်းမိုးသက်ရောက်မှုရှိခဲ့ပြီး အပြောင်းအလဲအတွက် အင်အားစုတစ်ရပ်အဖြစ် ရပ်တည်နိုင်လာခဲ့ပါတယ်။ တခြားနိုင်ငံတကာ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းတွေနဲ့ လုံးဝကွာခြားတဲ့အချက်က သူတို့ဟာ နိုင်ငံတော် (အစိုးရ) ကို ထိတွေ့ဆက်ဆံမှုဟာ လိုအပ်တယ်ဆိုတဲ့အသံကို ကျယ်ကျယ်လောင်လောင် တင်ပြလေ့ရှိကြတာပါ။ ပြည်တွင်း နိုင်ငံရေးအရွေ့တွေကို သိရှိနားလည်ပြီး ထိတွေ့ကျွမ်းဝင်မှု ရှိတဲ့နေရာမှာလည်း သူတို့က တစ်ပန်းသာကြပါတယ်။

 

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ ပြည်တွင်းဦးစီးဦးဆောင်ရေး ကျယ်ပြန့်လာဖို့အပြင် တွင်တွင်ကျယ်ကျယ် ဟောပြောဆွေးနွေးလာကြတာက ကိုလိုနီလွှမ်းမိုးမှုကို ဖယ်ရှားလျှော့ချရေး နှိုးဆော်သံတွေပါ။ ကိုလိုနီလွှမ်းမိုးမှုကို ဖယ်ရှားလျှော့ချရေး (decolonization) ဆိုတာက ပါဝါတွေ၊ ရင်းမြစ်နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ကမ္ဘာ့တောင်ခြမ်းက လှုပ်ရှားဆောင်ရွက်သူတွေဆီ ထိထိရောက်ရောက် လွှဲပြောင်းပေးဖို့ကို ဆိုလိုတာပါ။ ဒါပေမဲ့ လူသားချင်းစာနာရေးနယ်ပယ်မှာ ပြောကြဆိုကြ ကျင့်သုံးနေကြတာက အရပ်ဘက်အဖွဲ့အစည်း လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူ၊ အထူးသဖြင့် NGO တွေနဲ့ ပတ်သက်လို့ပဲ ဗဟိုပြုနေကြဆဲ ဖြစ်နေပါတယ်။ ကိုလိုနီလွှမ်းမိုးမှု ဖယ်ရှားလျှော့ချရေးမှာ ဗဟိုပြုသင့်တဲ့ ကိစ္စရပ်တွေက အချုပ်အခြာအာဏာနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပါ။ ဒီလိုမှ မဟုတ်ဘဲ NGO တွေရဲ့ ဝန်ဆောင်မှု ဖြန့်ချိရေးစနစ်ကြီးတစ်ခုကို စင်ပြိုင်တည်ထောင်နေတာကတော့ တိုးတက်မှုအပေါင်းနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတော့တာပါပဲ။

 

ပြည်တွင်းဦးစီးဦးဆောင်‌ရေးကို ပိုသတိပြုမိလာကြတာ၊ ကိုလိုနီလွှမ်းမိုးမှု ဖယ်ရှားရေး နှိုးဆော်ကြတာတွေဟာ အလာကောင်းပေမယ့် အခါနှောင်းနေပါပြီ။ အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်သူတွေကို အလေးပေးဖို့နဲ့ နိုင်ငံတော်နဲ့ အစိုးရ စနစ်ယန္တရားတွေရဲ့ နိုးကြားလှုပ်ရှားမှုတွေ ပိုဟန်ချက်ညီစေဖို့ကိုသာ HPG အနေနဲ့ လိုလားပါတယ်။


၃။ နိုင်ငံတော် (အစိုးရ) တွေဟာ တစ်ခေတ်ဆန်းလာပေမယ့် ငြိုးမာန်ဖွဲ့ ခံရဆဲ


ခြေသလုံးအိမ်တိုင် လူဖြူ၊ လူမည်း အမျိုးသမီးနှစ်ဦးရဲ့ ခေါင်းပေါ်မှာ ဈေးဝယ်စက္ကူအိတ်တွေ စွပ်ထားတဲ့ပုံပါ။
ရှေ့တော်ပြေး နီယိုလစ်ဘရယ်ဝါဒီဖြစ်တဲ့ အမေရိကန်မှာ အင်အားကြီးနှစ်ပါတီက နိုင်ငံရေးအရ အကျိတ်အနယ် အားပြိုင်နေပေမယ့် အားလုံးကောင်းကျိုးချမ်းသာ ခံစားခွင့်အတွက် အစိုးရက ဝင်လုပ်နိုင်တယ်၊ လုပ်သင့်တယ်လို့ နှစ်ပါတီလုံးလက်ခံလာပါပြီ။

လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို ပဓာနထားတဲ့ နီယိုလစ်ဘရယ်အတွေးအခေါ်နဲ့ နိုင်ငံတော် (အစိုးရ) ဆန့်ကျင်ရေးတွေ ဆယ်စုနှစ်တချို့ ထွန်းကားခဲ့ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော် (အစိုးရ) ရဲ့ အခန်းကဏ္ဍနဲ့ အရေးပါမှုက မကြာခင်က နှစ်တွေထဲမှာ ပြန်တစ်ခေတ်ဆန်းခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ နိုင်ငံတော် (အစိုးရ) တွေဟာ အတိမ်းအစောင်းမခံ ချက်ချင်းလက်ငင်း တုံ့ပြန်ဖြေရှင်းရင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပြန်လည်ကုစားသက်သာစေမှုတွေကို လုပ်ဆောင်ပေးခဲ့တာထက် ပိုမြင်သာတဲ့ သက်သေအထောက်အထား ရှိမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် ၂၂၃ ဖွဲ့ထက်ပိုတဲ့ အစိုးရတွေက လူမှုရေး ကာကွယ်စောင့်ရှောက်မှု၊ လုပ်သားအားပေးထောက်ကူ‌ရေး နည်းလမ်းတွေကို အကောင်အထည်ဖော်ပြီး ကပ်ရောဂါကာလ ကျန်းမာရေးနဲ့ စီးပွားရေးသက်ရောက်မှုတွေကို အင်အားရှိသမျှ ထိန်းချုပ်‌လျှော့ချပေးခဲ့ကြပါတယ်။ ငွေပို့ငွေလွှဲလို လူမှုရေးပံ့ပိုးမှုတွေသာ အများဆုံးတွေ့မြင်ရတဲ့ အကူအညီတွေ ဖြစ်နေခဲ့ချိန်မှာ အစိုးရတွေက အိမ်တွင်းနေထိုင်ရေး (lockdown) အစီအမံတွေအတွက် ပူးပေါင်းဆောင်ရွက်တာ၊ ရောဂါကူးစက်မှု စစ်ဆေးတာ၊ ကာကွယ်ဆေး ထိုးနှံပေးတာတွေကြောင့် သေဆုံးမှုကို သိသိသာသာ လျှော့ချနိုင်ခဲ့ကြပါတယ်။

 

ကမ္ဘာအနှံ့မှာ နိုင်ငံတော် (အစိုးရ) တွေအလိုက် ချဉ်းကပ်ပုံတွေအမျိုးမျိုးနဲ့ အောင်မြင်မှုတွေ ရှိသလို လူထုရဲ့ လက်ခံပုံတွေ ကွာခြားခဲ့ကြပေမယ့် နိုင်ငံတော်(အစိုးရ)တွေ အရေးကြီးတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် မငြင်းသာအောင် ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးစနစ်တွေ၊ တခြား မရှိမဖြစ် ဝန်ဆောင်မှုတွေမှာ နိုင်ငံတော် (အစိုးရ) တွေရဲ့ ရင်းနှီးမြှုပ်နှံမှု/ ငွေကြေးထည့်ဝင်သုံးစွဲမှုရဲ့ အရေးကြီးပုံနဲ့အတူ ကပ်ဘေးနဲ့ ဒုက္ခပေါင်းစုံအတွက် ပြင်ဆင်ထားမှုရှိတဲ့ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းမှုတွေဟာ ပိုကောင်းတယ်ဆိုတာကိုလည်း ဒီကပ်ရောဂါက ဖော်ထုတ်ဖွင့်ချပေးနိုင်ခဲ့ပါတယ်။


 ဆယ်စုနှစ်ပေါင်းများစွာ ဝါဒရေးရာအရ လွှမ်းမိုးမှုရှိခဲ့ပေမယ့် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး နီယိုလစ်ဘရယ်ဝါဒဟာ နိုင်ငံတော် (အစိုးရ) ကြားဝင်စွက်ဖက်ရေး နည်းလမ်းတွေ ပိုသုံးလာအောင် ရေလာမြောင်းပေး လုပ်လာပါတယ်။

လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေ ကျင်လည်နေကျ လုပ်ပိုင်ခွင့်အာဏာစက်ရဲ့ အပြင်ဘက်ကို ကြည့်လိုက်မယ်ဆိုရင်တောင် လူ့အဖွဲ့အစည်းမှာ နိုင်ငံတော် (အစိုးရ) ရဲ့ အတိမ်းအစောင်းမခံ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုလာတဲ့အထိ ရေကြောမြေကြောနဲ့ချီတဲ့ အပြောင်းအလဲကြီးတွေ ရှိနေပါပြီ။ ရှေ့တော်ပြေး နီယိုလစ်ဘရယ်ဝါဒီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို တစ်ချက်လောက် စောင်းငဲ့ကြည့်လိုက်ရင်ပဲ နိုင်ငံရေးအမြင်အရ တစ်ဖက်နဲ့တစ်ဖက် အကျိတ်အနယ် အားပြိုင်နေကြပေမယ့် အားလုံး ကောင်းကျိုးချမ်းသာ ရရှိခံစားခွင့်အတွက် နိုင်ငံတော်(အစိုးရ)က ဝင်ရောက်လုပ်ဆောင်နိုင်တယ်၊ လုပ်လည်းလုပ်သင့်တယ်ဆိုတာကို အင်အားကြီးနှစ်ပါတီလုံးရဲ့ သိမှတ်လက်ခံမှု ရရှိခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စု တစ်ခွင်တစ်ပြင်သာမက တစ်ကမ္ဘာလုံးမှာပါ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေ ဒါမှမဟုတ် သွင်းကုန်စည်းကြပ်ခွန်နဲ့ အစိုးရ ထောက်ပံ့ငွေတွေရဲ့ အခန်းကဏ္ဍနဲ့တွေပေါ်မူတည်ပြီး နိုင်ငံတော် (အစိုးရ) ရဲ့ အခန်းကဏ္ဍအပေါ် ရှုမြင်ပုံတွေက ကွာခြားပါသေးတယ်။ နိုင်ငံတော် (အစိုးရ) တွေ အရေးတယူဖြေရှင်းပေးမှ ပြေလည်နိုင်မယ့်၊ မိုးနဲ့မြေတမျှ ကွာခြားတဲ့ မမျှတမှုတွေ ရှိနေသေးကြောင်း နိုင်ငံတကာ ရန်ပုံငွေအဖွဲ့ကြီး (IMF) က ထောက်ပြခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဝါဒရေးရာအရ လွှမ်းမိုးမှုရှိခဲ့ပေမယ့် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး နီယိုလစ်ဘရယ်ဝါဒဟာ နိုင်ငံတော် (အစိုးရ) ကြားဝင်စွက်ဖက်ရေး နည်းလမ်းတွေ ပိုသုံးလာအောင် ရေလာမြောင်းပေး လုပ်လာပါတယ်။ ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေအများစုအဖို့တော့ နိုင်ငံတော်(အစိုးရ)ရဲ့ ယန္တရားနဲ့ အစွမ်းအစတွေကို မျိုသိပ်ချိုးနှိမ်ထားဖို့၊ စွန့်ထုတ်ဖယ်ရှားလိုက်ဖို့အထိ အနောက်နိုင်ငံတွေက ဆယ်စုနှစ်ပေါင်းများစွာ သွတ်သွင်းခံခဲ့ရပြီး သူတို့ရဲ့ မူဝါဒရေးရာ ရွေးချယ်ပိုင်ခွင့်တွေက အများကြီး အကန့်အသတ်တွေ ကြုံလာရပါတယ်။

 

နိုင်ငံတော် (အစိုးရ) ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ စိတ်ဝင်တစားဖြစ်စရာတွေ အသစ်တစ်ဖန် ဖြစ်ထွန်းလာပေမယ့် လူသားချင်းစာနာရေး စနစ်ယန္တရားနဲ့ လှုပ်ရှားဆောင်ရွက်သူတွေက သူတို့ရဲ့ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေး နည်းလမ်းတွေကို ဘယ်လိုများ အလိုက်သင့် ပြောင်းလဲနိုင်ကြမှာလဲ။ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ အရေးပေါ် ကူညီထောက်ပံ့မှုတွေအလွန် လူမှုရေး ကာကွယ်စောင့်ရှောက်မှုတွေ ပံ့ပိုးတဲ့နေရာမှာ ဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ပိုထိတွေ့ဆက်ဆံလာပေမယ့် နိုင်ငံတော် (အစိုးရ) နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်ဖို့၊ ထိတွေ့ဆက်ဆံမှုတွေ မပြတ်ဖို့အတွက် လုပ်စရာတွေက အများကြီးကျန်နေပါသေးတယ်။


၄။ နိုင်ငံတော်(အစိုးရ) နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းသင့်တယ် (အခင်းအကျင်းနဲ့ ချိတ်ဆက်ရှုမြင်နိုင်ရမယ်)


အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ ချီတက်လမ်းလျှောက်နေကြတဲ့ မှတ်တမ်းဓာတ်ပုံတစ်ခု
ဆီးရီးယားတို့၊ မြန်မာတို့လို ဖြစ်စဉ်ဖြစ်ရပ်တွေမှာ နိုင်ငံတော် (အစိုးရ) ဟာ အကြမ်းဖက် လုပ်ရပ်တွေ၊ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုတွေ ဆက်ကျူးလွန်နေတာ နိုင်ငံတကာက သိထားကြပါတယ်

ဒါဖြင့် နိုင်ငံတော် (အစိုးရ) ကိုယ်တိုင်က အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ လက်မရွံ့ ကျူးလွန်ပြီး အကျပ်အတည်းတွေကို မီးလောင်ရာလေပင့်လုပ်နေတဲ့ ဆီးရီးယားလို ကိစ္စမျိုးဆို ဘယ်လိုလုပ်ကြမလဲ။ ဒါမှမဟုတ် မြန်မာနိုင်ငံက မျိုးသုဉ်းသတ်ဖြတ်မှုတွေ လုပ်နေတဲ့ စစ်အာဏာရှင်တွေကိုရော ဘယ်လို သဘောထားကြမလဲ။ အီသီယိုပီးယားမှာလို ကူညီပံ့ပိုးမှုတွေကို လက်သင့်ရာ စားတော်ခေါ်လုပ်ရာမှာ နိုင်ငံတော် (အစိုးရ) က တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေရင် ဘယ်လိုလုပ်ကြပါ့မလဲ။ ဒီလိုဥပမာတွေ ပေးရတဲ့အခါ တဆစ်ဆစ် ရင်နာစရာပါပဲ။ နောက်ထပ်လည်း နိုင်ငံတော် (အစိုးရ) ကိုယ်တိုင်က အကျပ်အတည်းတွေရဲ့ အကြောင်းရင်းဖြစ်ရင်ဖြစ် မီးလောင်ရာလေပင့်လုပ်ရင်လုပ်၊ ဒါမှမဟုတ် လူသားချင်းစာနာမှု တုံ့ပြန်ဖြေရှင်းမှုတွေ ဖြန့်ချိရေးအတွက် ညံ့ပေ့ဖျင်းပေ့ဆိုတဲ့ ဥပမာပေးစရာ ဒုနဲ့ဒေး ရှိပါသေးရဲ့။


တော်လှန်ရေးနဲ့ တိုင်းရင်းသားအခြေပြု အုပ်ချုပ်ရေးအဖွဲ့တွေက လူမှုရေး ဝန်ဆောင်မှုတွေ၊ လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုတွေနဲ့ နိုင်ငံတော် (အစိုးရ) တစ်ရပ်သဖွယ် အုပ်ချုပ်ရေး လုပ်ကိုင်ဆောင်ရွက်မှုတွေကို လုပ်ကိုင်နေကြပါတယ်။

ဆီးရီးယားတို့၊ မြန်မာတို့လို ဖြစ်စဉ်ဖြစ်ရပ်တွေမှာ နိုင်ငံတော် (အစိုးရ) ဟာ အကြမ်းဖက် လုပ်ရပ်တွေ၊ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုတွေ ဆက်ကျူးလွန်နေတာ နိုင်ငံတကာက သိထားကြပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ဒေသမှာ အုပ်ချုပ်လွှမ်းမိုးခွင့် လက်တွေ့ရှိနေကြသူတွေ (de facto authorities) နဲ့ မြေပြင်မှာ အောက်ခြေအထိဆင်းပြီး လုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့ ထိုက်တန်မှုနဲ့ တရားဝင်မှုကို သက်သေပြနေကြပါတယ်။ တော်လှန်ရေးနဲ့ တိုင်းရင်းသားအခြေပြု အုပ်ချုပ်ရေးအဖွဲ့တွေက လူမှုရေး ဝန်ဆောင်မှုတွေ၊ လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုတွေနဲ့ နိုင်ငံတော် (အစိုးရ) တစ်ရပ်သဖွယ် အုပ်ချုပ်ရေး လုပ်ကိုင်ဆောင်ရွက်မှုတွေကို လုပ်ကိုင်နေကြပါတယ်။ မြန်မာပြည်မှာ ဒီလိုဖြစ်နေတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။

 

ပြုလွယ်ပြောင်းလွယ်မရှိတဲ့ နိုင်ငံတကာ ကူညီပံ့ပိုးရေး စနစ်ကြီးကတော့ အဲသလို အုပ်ချုပ်ရေးအာဏာ ရှိနေကြသူတွေကို အဖက်မလုပ် အသိအမှတ်မပြုဘဲ ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့နဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့အတွက် နှေးသထက်နှေး၊ လေးသထက်လေး စေပါတယ်။ အသိအမှတ်မပြုခြင်းနဲ့ ထိတွေ့ဆက်ဆံမှု ကင်းမဲ့ခြင်းတွေဟာ အရပ်သားပြည်သူတွေအပေါ် လုံးဝသိသာတဲ့ ဆိုးကျိုးသက်ရောက်မှုတွေသာ ဖြစ်စေပါတယ်။ တိတိကျကျ ဆိုရရင်တော့ ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ ရန်ပုံငွေတွေကို အဲဒီ လက်တွေ့မြေပြင်မှာ အုပ်ချုပ်ခွင့်အာဏာ ကျင့်သုံးနေသူတွေ လက်လှမ်းမမီအောင် အတားအဆီးတွေ ရှိနေပါတယ်။ ဒါတွေကြောင့် ပြန်လည် ထူထောင်ရေးနဲ့ ကြံ့ကြံ့ခံနိုင်မှု တည်ဆောက်ရေး အပြောင်းအလဲတွေကို ချည့်နဲ့အားနည်းစေပါတယ်။ (အုပ်ချုပ်မှုယန္တရားဆိုင်ရာ အငြင်းပွားဖွယ် ကိစ္စတွေ၊ သက်ဆိုင်ရာ ဒေသမှာ အုပ်ချုပ်လွှမ်းမိုးခွင့် လက်တွေ့ရှိနေကြသူတွေနဲ့ ပတ်သက်လို့ နောက်အတွေးအမြင်စာတမ်းတစ်စောင်ထဲမှာ ဆွေးနွေးထားတာ ရှိပါသေးတယ်။)

 

ပိုကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ကူညီပံ့ပိုးမှုတွေကို လက်သင့်ရာစားတော်ခေါ် ဖြစ်စေတဲ့အခြေအနေမျိုးလို လုပ်ကိုင်နိုင်စွမ်း ညံ့ဖျင်းတာကို ကြည့်ပြီးတော့ နိုင်ငံတော် (အစိုးရ) ကို ခေါက်ထားလိုက်မယ်လို့ ဆင်ခြေပေးလို့ မရပါဘူး။ အဲဒီအစား လူသားချင်းစာနာရေး ထိတွေ့ဆက်ဆံမှုတွေရဲ့ အရေးပါမှုကို ပိုအားကောင်းလာအောင်သာ လုပ်ရမှာပါ။ ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံပေါင်းများစွာမှာ ဖြစ်ခဲ့သလို လူသားချင်းစာနာရေး လုပ်ကိုင်သူတွေက စင်ပြိုင် ကူညီပံ့ပိုးရေးနဲ့ ဝန်ဆောင်မှုတွေ ပေးနေတာဟာ နိုင်ငံတော် (အစိုးရ) ရဲ့ တာဝန်ဝတ္တရားတွေ ချည့်နဲ့အားနည်းသွားအောင် လုပ်ရာကျပါတယ်။ အထူးသဖြင့် အကျပ်အတည်းတွေ တစ်စတစ်စ ကြီးထွားလာတဲ့အခါမျိုးမှာ အစိုးရက မဖြစ်မနေပေးရမယ့် ဝန်ဆောင်မှုတွေကို အလုအယက် ဖြန့်ဖြူးဆောင်ရွက်ပေးမယ့် NGO တွေ အမြစ်တွယ်လာအောင် လုပ်တာဟာ အဖြေမဟုတ်ပါဘူး။

 

ဒီနေရာမှာ ထောက်ပြစရာ ဖြစ်ရပ်တစ်ခုကတော့ ဆိုမာလီယာ နိုင်ငံမှာပါ။ လူသားချင်းစာနာရေး လိုအပ်ချက်တွေ အင်မတန်ကြီးမားနေချိန်မှာ ဆိုမာလီ အစိုးရက ငြိမ်ဝပ်ပိပြားရေးနဲ့ ပဋိပက္ခ တုံ့ပြန်ဖြေရှင်းဖို့ ပိုပြီး ဦးဆောင်နိုင်မယ့်နည်းလမ်းကို ရှာပါတယ်။ ဒါပေမဲ့ နိုင်ငံတော်(အစိုးရ)နားမှာတော့ ကုလသမဂ္ဂ အေဂျင်စီတွေ၊ INGO တွေ ခြေချင်းထပ်အောင် ဝိုင်းအုံနေကြပါတယ်။ သပွတ်အူထက် ရှုပ်တာကတော့ လူသားချင်းစာနာရေး ရန်ပုံငွေတွေက ပမာဏအားဖြင့် ကြီးမားလွန်း၊ ကုန်လွယ်လွန်းတာကြောင့် အသားတင်ပြည်တွင်းကုန်ထုတ်လုပ်မှု (ဂျီဒီပီ) ရဲ့ ၁၀-၂၀ ရာခိုင်နှုန်းလောက်အထိ နှစ်စဉ်နှစ်တိုင်း မြင့်မားနေပါတယ်။ ဒီအကြောင်းကို HPG က လေ့လာတင်ပြခဲ့တဲ့ “လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ အလုပ်လုပ်ရတာ အိပ်မက်ဆိုးကြီးပါ” ဆိုတဲ့ သုတေသနမှာ ဖော်ပြထားပါတယ်။ ဆိုမာလီ အစိုးရကတော့ လုပ်ပုံကိုင်ပုံ အထာမကျ ညံ့ဖျင်းတယ်ဆိုပြီး ဝေဖန်ခံရပါတယ်။ ဒါပေမဲ့ ဒီလောက် ကုန်လွယ်ခမ်းလွယ်ဖြစ်တဲ့ ငွေတွေကို ကမ္ဘာပေါ်မှာ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အစိုးရမျိုးလည်း ရှိမှာမဟုတ်ပါဘူး။ မေးစရာရှိလာတာက  “အစိုးရနေရာ အတင်းဝင်ယူဖို့ ကြိုးစားတာထက် အလုပ်ဖြစ်အောင် ကူညီပံ့ပိုးသူတွေဘက်က ဘယ်လိုများ အားပေးကူညီကြမလဲ” ဆိုတာပါပဲ။


၅။ စနစ်ထဲလှိုက်စားနေတဲ့ မမျှတမှုတွေနဲ့ ထိခိုက်ခံစားလွယ်တာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော် (အစိုးရ)ဟာ အခရာကျတယ်။ 


မမျှတမှုတွေ ကြီးမားနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံက လမ်းပေါ် မြင်ကွင်းတစ်ခုပါ။
နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းဒေသကို နိုင်ငံတော် (အစိုးရ) ကပါ မျက်နှာလွှဲ ဥပေက္ခာပြုထားတာလို ကိစ္စမျိုးတွေကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲသလိုလုပ်မှပဲ ရမယ်လို့တော့ မဖြစ်သင့်တာ အမှန်ပါ။

အင်္ဂလန်၊ ကင်ညာနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေမှာ ဘုံတူညီတဲ့အချက်က ဘာဖြစ်မလဲ။ (မဆီမဆိုင် ဒီသုံးနိုင်ငံမှာ) ဇာတ်တိုက်ထားသလို ဘုံတူညီနေတာက နိုင်ငံမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို အစိုးရ အဆက်ဆက် စနစ်တကျ ဥပေက္ခာ ပြုတော်မူကြတာပါ။ ပထဝီဝင်အရ ကွာခြားတဲ့နေရာတွေကို ကြည့်ကြည့် (ကမ္ဘာ့စီးပွားရေးညီလာခံကျင်းပရာ) ဒါးဗို့စ်မြို့က စုံညီဖော်သဟာ ဘီလျံနာတွေကိုပဲ ကြည့်ကြည့် ကမ္ဘာကြီးမှာ မမျှတမှုပြဿနာရှိနေတာ သိသာပါတယ်။ ဒီလိုမမျှတမှုတွေ မြင့်မားသထက် မြင့်လာလေ လျစ်လျူရှုဖို့ မဖြစ်နိုင်လေပါပဲ။


ထိခိုက်ခံစားရလွယ်စေတဲ့ အရင်းခံအကြောင်းတရားတွေနဲ့ နူရာဝဲစွဲဖြစ်စေတဲ့ နာတာရှည် မမျှတမှု (တန်းတူညီမျှ မဖြစ်မှု)ကို ဖြေရှင်းတဲ့နေရာမှာ နိုင်ငံတော် (အစိုးရ)ဟာ ထိပ်ဆုံးက တာဝန်ရှိသူပါ။

လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုတွေနဲ့ ပတ်သက်ရင် မမျှတမှု (တန်းတူညီမျှ မရှိမှု)ဆိုတဲ့ ပင်မမောင်းနှင်အားကြောင့် ထိခိုက်ခံစားလွယ်မှုတွေ ပေါ်ပေါက်လာရတာပါ။ ကျား-မ ဖြစ်မှု၊ ဘာသာရေး၊ လူမျိုးရေး၊ ဝင်ငွေကွာဟမှုတွေအထိ လူချင်းတူတူ အသက်ရှူကွဲကြတာတွေကြောင့် ကောက်ခါငင်ခါ ဖြစ်လာတဲ့ ဘေးအန္တရာယ်တွေကို တချို့လူတွေက ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ပိုရှိပေမယ့် တချို့မှာ စိန်ခေါ်မှုတွေကို မချိမဆန့် ရင်ဆိုင်ရပါတယ်။ သူတို့ ဘေးဒုက္ခတွေထဲက ရုန်းထွက်နိုင်ဖို့ ‘အသက်ကယ် ဘဝရှေ့ဆက်ရေး အကူအညီ’ တွေကို ကူညီပံ့ပိုးရေး လှုပ်ရှားဆောင်ရွက်သူတွေက ပေးနိုင်တယ်ပဲ ထားပါတော့။ သူတို့ ထိခိုက်ခံစားရလွယ်စေတဲ့ အရင်းခံအကြောင်းတရားတွေနဲ့ နူရာဝဲစွဲဖြစ်စေတဲ့ နာတာရှည် မမျှတမှု (တန်းတူညီမျှ မဖြစ်မှု)ကို ဖြေရှင်းတဲ့နေရာမှာ နိုင်ငံတော် (အစိုးရ)ဟာ ထိပ်ဆုံးက တာဝန်ရှိသူပါ။ စနစ်ကြီးနဲ့ချီပြီး တန်းတူညီမျှ မဖြစ်တဲ့ကိစ္စတွေကို စနစ်နဲ့ချီတဲ့ တုံ့ပြန်ဖြေရှင်းမှုတွေနဲ့ ကိုင်တွယ်မှ ဖြစ်မှာပါ။ ဒါပေမဲ့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေက အဲသလိုကိစ္စမျိုးတွေ ကြုံလာရတဲ့အခါ ‘ခက်လွန်းလို့ပါ’ ဆိုတဲ့ ခြင်း‌တောင်းကြီးထဲ ပစ်ထည့်လိုက်လေ့ ရှိကြပါတယ်။ လူသားချင်းစာနာရေး လုပ်ဆောင်ချက်တွေထဲမှာ ဖယ်ချန်ထားလေ့ရှိတဲ့ အကြောင်းအရာတွေကို HPG က သုတေသနပြုရာမှာ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းဒေသကို နိုင်ငံတော် (အစိုးရ) ကပါ မျက်နှာလွှဲ ဥပေက္ခာပြုထားတာလို ကိစ္စမျိုးတွေကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲသလိုလုပ်မှပဲ ရမယ်လို့တော့ မဖြစ်သင့်တာ အမှန်ပါ။

 

နိုင်ငံတော် (အစိုးရ) အစဉ်အဆက် ဥပေက္ခာပြုတာကို လက်ပိုက်ကြည့်နေတာကြောင့် မမျှတမှုတွေ တနင့်တပိုးဖြစ်လာစေဖို့ ကူညီပံ့ပိုးရေး လှုပ်ရှား‌ဆောင်ရွက်သူတွေက လုပ်နေတာလားဆိုတဲ့ အတိမ်းအစောင်းမခံတဲ့ မေးခွန်းတွေကို စိစစ်ဖြေကြားဖို့ လိုပါတယ်။ လူတွေ ကာလရှည်ကြာ အဓမ္မ နေရပ်ပြောင်းရွှေ့ခံရသလို ကိစ္စတွေမှာ ကြုံကြရသလို ဒုက္ခတွင်းထဲ နစ်ပြီးရင်းနစ်နေတာဟာ ကူညီပံ့ပိုးရေးစနစ်ယန္တရားကြီးကြောင့်များလား။ အဲသလို စနစ်နဲ့ချီပြီး ပေါ်ပေါက်နေတဲ့ မမျှတမှုမျိုးတွေကို ဖြေရှင်းဖို့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်သူတွေ ဘယ်လို ကြိုးစားပမ်းစား လုပ်ကြမလဲ။

 

နိုင်ငံတော်(အစိုးရ)ဦးစီးတဲ့ အကျပ်အတည်းတုံ့ပြန်ဖြေရှင်းမှုနဲ့ပတ်သက်ပြီး နားစွင့်ထားဖို့

 

စာရေးသူ ထင်ယောင်ထင်မှား ဖြစ်နေတာမဟုတ်ပါဘူး။ နှစ်ပရိစ္ဆေဒ ကြာမြင့်နေတဲ့ အကျပ်အတည်းတွေ၊ အရှိန်မြင့်လာတဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ၊ ပြည်သူ့လုံခြုံရေးနဲ့ ရပိုင်ခွင့်တွေကို မျက်နှာပြောင်တိုက်ပြီး ဥပေက္ခာပြုနေကြတာတွေနဲ့ နပမ်းလုံးနေရတဲ့ ကမ္ဘာကြီးရဲ့ ရောဂါဝေဒနာတွေကို ပျောက်ကင်းစေတဲ့ နတ်ဆေးဩသဓမျိုး နိုင်ငံတော် (အစိုးရ) ဆီမှာ မရှိတာ သေချာတာပေါ့။ ထိခိုက်ခံစားလွယ် ဘေးဒုက္ခကြုံလွယ်ဖြစ်နေတဲ့ ပြည်သူတွေထက် စီးပွားရေးအကျိုးအမြတ်ကို ဦးထိပ်ထားနေတဲ့ ကော်ပိုရိတ် နိုင်ငံတော် (အစိုးရ) တွေက ဘာလုပ်ပေးနိုင်တယ်ဆိုတာကတော့ ထည့်ပြောစရာကို မလိုတာ။ တစ်ကမ္ဘာလုံးမှာ လူသားချင်းစာနာမှု ရန်ပုံငွေတွေ မလောက်မငဖြစ်နေတာကို ဖြေရှင်းဖို့ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးကို နိုင်ငံတော်က အပြည့်အဝတာဝန်ယူရမယ်လို့လည်း စာရေးသူ မယူဆပါဘူး။ ဒါပေမဲ့ လူသားချင်းစာနာရေးနယ်ပယ်ကြီးဟာ နိုင်ငံတော် (အစိုးရ) တွေနဲ့ ကောင်းကောင်းထိတွေ့ဆက်ဆံ၊ ဖေးမကူညီပြီး လိုအပ်ချက်ပေါင်းစုံနဲ့ ပြည်သူတွေကို ပိုကောင်းကောင်းမွန်မွန် ကာလရှည်ကြာ အကျိုးဆောင်နိုင်ဖို့ လိုတယ်လို့တော့ စာရေးသူ ယုံကြည်ပါတယ်။ ဆိုလိုတာက များသောအားဖြင့် ဥပေက္ခာပြုလေ့ရှိကြတဲ့ အုပ်ချုပ်ရေးနဲ့ မမျှတမှု အခင်းအကျင်းတွေကို ထိတွေ့မှုရှိမှဖြစ်မှာပါ။

 

ရှေ့တန်းတင်ရမယ့်ကိစ္စတွေရော မျှော်လင့်စရာတွေပါ ရှိပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေဟာ နိုင်ငံတကာက ဩဇာပေးလွှမ်းမိုးရာနောက်လိုက်ပြီး လိုအပ်ချက်တွေကို တုံ့ပြန်ဖြေရှင်းရာကနေ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်တဲ့၊ နိုင်ငံတော်(အစိုးရ) ဦးဆောင်မှုနဲ့အတူ ထိရောက်တဲ့ လူသားချင်းစာနာရေး လုပ်ဆောင်မှုတွေဆီ ဦးလှည့်လာနိုင်ခဲ့ပါပြီ။ ပိုတိုးတက်ကောင်းမွန်အောင် လုပ်စရာတွေကတော့ ရှိနေဦးမှာပေါ့။ ဒီလိုပြောင်းလဲလာဖို့အတွက် ရေရှည်မဟာဗျူဟာတွေကို ဒီဇိုင်းဆွဲ အကောင်အထည်ဖော်မှလည်း ဖြစ်တာပါ။ ဒါဟာ အကျိုးရလဒ်ဖြစ်ပေါ်ရုံ မကပါဘူး၊ အချုပ်အခြာအာဏာနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တို့အတွက်လည်း ပါပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းရင်းခံတွေနဲ့အတူ တခြားသော တိုးတက်ဖြစ်ထွန်းမှုတွေ ယိုင်ထိုးယိုင်ထိုး ဖြစ်နေလို့လည်း နိုင်ငံတော် (အစိုးရ) ရဲ့ အခန်းကဏ္ဍနဲ့ စွမ်းဆောင်နိုင်မှုတွေကို စာရေးသူတို့က သုတေသန ပြုနေကြတာလည်း ဖြစ်ပါတယ်။ အခုအချိန်ဟာ ဆွေးနွေးတာတွေ၊ လက်တွေ့လုပ်ကိုင်မှုတွေကို အားအင်သစ်နဲ့ တစ်ဖန်ပြန်နိုးထရမယ့်အချိန်ပါ။

 

မကြာခင်ကမှ ပြီးမြောက်ခဲ့တဲ့ ရွှေ့ပြောင်းအခြေချမှုနဲ့ ကိုယ်စိတ်ကျန်းမာရွှင်လန်းမှုနဲ့ပတ်သက်တဲ့ လေ့လာချက်တွေကနေ တစ်ဆင့်တက်လာတဲ့ နိုင်ငံတော် (အစိုးရ) ဦးဆောင်တဲ့ ပဋိပက္ခ တုံ့ပြန်ဖြေရှင်းရေးနဲ့ စပ်လျဉ်းတဲ့ ဟောဒီသုတေသနမှာ တွေ့ရှိလာရမှာတွေကိုလည်း နားစွင့်တော်မူထားကြပါဦး။ လာမယ့် အတွေးအမြင်စာတမ်းမှာတော့ အသိအမှတ်ပြုမခံရတဲ့၊ သက်ဆိုင်ရာ နယ်မြေမှာ လက်တွေ့အုပ်ချုပ်ရေး အာဏာရှိနေသူတွေနဲ့ပတ်သက်လို့ ဆန်းစစ်လေ့လာထားပါတယ်။ အဲဒီနောက်မှာ နိုင်ငံတော် (အစိုးရ) နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကြားက အားပြိုင်ရွေ့လျားနေမှုတွေကို သုံးသပ်ဆန်းစစ်ထားတဲ့ သုံးစောင်တွဲ အတွေးအမြင်စာတမ်းရဲ့ နောက်ဆုံးအပိုင်းကို တင်ပြမှာပါ။ လာမယ့် ရက်သတ္တပတ်တွေထဲမှာ နောက်ထပ် အတွေးအမြင်စာတမ်း နှစ်စောင်လုံး ထွက်လာဖို့ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ စာရှုသူတို့ရဲ့ အတွေးအမြင်နဲ့ သုံးသပ်ချက်တွေကိုလည်း ကြားရဖို့ မျှော်လင့်နေပါကြောင်း။

 


 

ဆောင်းပါးရှင် ဒက်စတင်ဘာတာ (Dustin Barter) ဟာ ODI ရဲ့ လူသားချင်းစာနာမှု မူဝါဒရေးရာအဖွဲ့ (Humanitarian Policy Group) ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယာယီဒါရိုက်တာနဲ့ အကြီးတန်း သုတေသီအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။ လူသားချင်းစာနာမှုစနစ်ယန္တရားမှာ စာတွေ့နဲ့ လက်တွေ့ပေါ် အခြေခံတဲ့ အပြောင်းအလဲကောင်းတွေ ဖြစ်ပေါ်လာဖို့ အားထုတ်နေသူဖြစ်ပြီး အာရှနဲ့ အာဖရိက နိုင်ငံတွေမှာ မြေပြင်အတွေ့အကြုံ ၁၅ နှစ်ကျော် ရရှိခဲ့ပါတယ်။ သူ့လုပ်ငန်းထဲမှာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးတည်ဆောက်မှုတွေမှာ ပြည်တွင်းဦးဆောင်မှုရှိဖို့ အစ၊ ဆိုမာလီနဲ့ အာဖရိက ဦးချိုဒေသမှာ ဒဏ်ခတ်ပိတ်ဆို့မှု၊ ကြွေးမြီ သက်သာလျော့ပါးစေရေးနဲ့ အငတ်ဘေး လျှော့ချမှုတွေကို နိုင်ငံတကာအဆင့် လွှမ်းမိုးမှုပြုနိုင်ဖို့အဆုံး ပါဝင်ပါတယ်။ ကိန်းဘရစ်ချ် တက္ကသိုလ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပြီး နိုင်ငံတကာ ကူညီပံ့ပိုးမှု လုပ်ထုံးလုပ်နည်းတွေ၊ တက်ကြွလှုပ်ရှားမှု၊ လက်နက်ကိုင် ပဋိပက္ခ၊ သယံဇာတ စီမံခန့်ခွဲမှုနဲ့ လူမှုတရားမျှတမှုတို့နဲ့ ဆက်နွယ်‌နေတဲ့ အကြောင်းအရာတွေကို ဆန်းစစ်ရေးသား ထုတ်ဝေမှုများစွာ ရှိခဲ့ပါတယ်။

၁,၀၆၅ views၃ comments

3 Comments


Guest
Jan 14

ပြောချင်တာ ငြင်းခုန်ချင်တာများရှိနေပါရဲ့။အချိန်မတန်သေးတော့လည်း ...ဒီလောက်ပါပဲ...

Like

Guest
Nov 19, 2024

ဆွေးနွေးဖို့ကောင်းတဲ့ အကြောင်းအရာပါ။ငြင်းခုန်မှုတွေတသီကြီးလည်း ရှိမှာ။ပွင့်လင်းခေတ်ဆိုရင် ဘယ်လောက်ကာင်းလိမ့်မလဲ။

Like

Guest
Nov 18, 2024

လူသားချင်းစာနာမှုက ဒီမှာတော့ဖြင့် စစ်တပ်ဆန့်ကျင်ရေးပဲ🤐

Like
bottom of page