လူသားချင်းစာနာမှုစနစ်အကြောင်း ပြန်စိစစ်တွေးတောပြီး ဘယ်လို ပြန်လည်ထူထောင်သင့်သလဲ

အမေရိကန်ရဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရုတ်တရက် ရပ်တန့်သွားလို့ ပေါ်ပေါက်လာတဲ့ ရိုက်ခတ်မှုတွေအကြောင်း နေရာအနှံ့မှာ ပြောဆိုနေကြချိန်မှာ The New Humanitarian ရဲ့ အမှုဆောင်အရာရှိချုပ် တမမ် အလူဒတ်က “လူသားချင်းစာနာရေးစနစ်ကြီး ဘေးကျပ်နံကျပ်ဖြစ်သွားတာဟာ ထရမ့်အစိုးရက ကူညီပံ့ပိုးမှုတွေကို ရပ်လိုက်မှ စဖြစ်တာ မဟုတ်ဘူး” လို့ ငြင်းပါတယ်။ ခုတကယ်လုပ်ရမှာက သမ္မတ ထရမ့်ရဲ့ အမိန့်ကြောင့် လူသားချင်းစာနာမှုအကူအညီတွေ ရုတ်တရက် ရပ်တန့်သွားတာလောက်ကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာလောက်နဲ့ မပြီးဘူး။ နဂိုကတည်းက စနစ်အတွင်းမှာ လှိုက်စားနေတဲ့ ချွတ်ယွင်းချက်တွေကို ပြင်ဆင်ရမယ်ဆိုတဲ့အကြောင်း “ပြုပြင်ပြောင်းလဲရေးနှင့် မလုံလောက်ပါ - လူသားချင်းစာနာမှုစနစ်ကို ပြန်လည်စိစစ်တွေးတောခြင်းမှ ပြန်လည်ထူထောင်ခြင်းသို့” (Why reform isn’t enough: From rethinking to remaking humanitarianism) ဆိုတဲ့ဆောင်းပါးနဲ့ မေးခွန်းထုတ်၊ ထောက်ပြဆွေးနွေးထားပါတယ်။ CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးပါရစေ။
ကျွန်တော့်တစ်ဘဝလုံးမှာ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့တာပါ။ ၂၀၀၃ ခုနှစ် အီရတ်မှာ ခြေချခဲ့ချိန်ကစပြီး ပြီးခဲ့တဲ့နှစ်က ဆူဒန်နိုင်ငံက ဒါဖာတောင်ပိုင်းဒေသကို နောက်ဆုံး ခရီးထွက်ခဲ့တဲ့ အချိန်အထိ ဆိုပါတော့။ အဲဒီ ဆယ်စုနှစ်,နှစ်ခုကျော် အတိတ်တွေမှာ ကြီးပေ့ဆိုတဲ့ အကျပ်အတည်းတွေ၊ ပဋိပက္ခတွေ၊ ကူးစက်ရောဂါ ပျံ့နှံ့မှုတွေကို မြေပြင်မှာရော နိုင်ငံတကာ NGO တွေရဲ့ ရုံးချုပ်တွေမှာပါ ကြုံတွေ့ကိုင်တွယ်ခဲ့ရပါတယ်။
အကျပ်အတည်းတွေကြောင့် ထိခိုက်ခံစားကြရတဲ့ ပြည်သူတွေနဲ့ သူတို့ကို မြေပြင်မှာ စောင့်ရှောက်ကူညီမှု ပေးခဲ့ကြတဲ့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေရဲ့ စွမ်းရည်သတ္တိနဲ့ အစွမ်းအစတွေကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်ဝါဒအောက်က လူသားချင်းစာနာရေး ဘာကြောင့်လုပ်သင့်တယ်ဆိုတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အဆိုပြုချက်တွေ ပွန်းပဲ့တိုက်စားခံလာရတာလည်း တွေ့ရပါတယ်။
ကျွန်တော့် မိခင်နိုင်ငံဖြစ်တဲ့ ဆီးရီးယားပြည်သူတွေကို ပစ်ပစ်ခါခါ လုပ်ခဲ့ကြတာတွေ မြင်ခဲ့ရတယ်။ စစ်ပွဲကနေ လွတ်ရာလွတ်ကြောင်း ဥရောပကို ပြေးလာတဲ့ ရွှေ့ပြောင်းအခြေချသူတွေအပေါ် ဖိအားပေးတာတွေ မြင်ခဲ့ရတယ်။ ဟေတီ၊ ဆိုမာလီယာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မြန်မာပြည်နဲ့ ဆူဒန်တို့မှာရှိနေတဲ့ အကျပ်အတည်းတွေကို မီဒီယာတွေက ရေငုံနှုတ်ပိတ်လုပ်နေတာ၊ ပုံဖျက်တင်ပြနေတာတွေလည်း မြင်ခဲ့ရတယ်။ အားလုံးထဲမှာ မျက်နှာပြောင် အတိုက်ဆုံးကတော့ တစ်နှစ်သာသာအတွင်း ဂါဇာဒေသမှာ အစ္စရေးက မျိုးသုဉ်းလုနီးပါး သတ်ဖြတ်နေတဲ့အပေါ် နိုင်ငံတကာ ဥပဒေနဲ့ တရားရေးတို့ကနေ မျက်နှာလွှဲနေတာလည်း မြင်ခဲ့ရတယ်။
အချိန်နဲ့အမျှ များစွာသော လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေလိုပဲ ကျွန်တော်ဟာလည်း (ဒုက္ခရောက်နေသူတွေနဲ့) တစ်သားတည်းရပ်တည်မယ်၊ ဓမ္မဘက်တော်သား ဖြစ်စေရမယ်ဆိုတဲ့ ကိုယ့်အာသီသနဲ့ ပေါ်ပေါ်တင်တင် များပြားလာတဲ့ လူသားချင်းစာနာရေးအဖွဲ့အစည်းတွေကို လက်သပ်မွေးတာတွေ၊ နိုင်ငံရေးဇာတ်သွင်းတာတွေ၊ ပင်ကိုအစွမ်းအစကင်းမဲ့တာတွေကြားမှာ ရင်ကြားစေ့ ဟန်ချက်ညှိပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်ကိုယ်တိုင်ဟာ ဖြေရှင်းမှုရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်မနေဘဲ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေပါလားဆိုတာ မစိုးရိမ်ဘဲ မနေနိုင်တော့ဘူး။ လူသားချင်းစာနာရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာ NGO တစ်ခုမှာ ရာထူးကြီးကြီးနဲ့ လုပ်ကိုင်နေရပေမယ့် ပြဿနာတွေကို နှိုင်းနှိုင်းချိန်ချိန်နဲ့ ပညာသားပါပါ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ လုပ်ငန်းတွင်းထိုးနှက်မှုတွေ၊ နံရံကိုခေါင်းနဲ့တိုက်သလိုဖြစ်မလားဆိုတဲ့ ဒွိဟတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ လူသားချင်းစာနာရေး လှုပ်ရှားနေသူတွေကိုယ်တိုင်က ဂါဇာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အဆန်းမဟုတ်သလိုလို၊ သူတို့ကိုယ်တိုင်ပဲ ကြံရာပါတွေလိုလို ပြုမူလာချိန်မှာတော့ ကျွန်တော့် ခံနိုင်စွမ်းဘောင်ကို ကျော်သွားခဲ့ပါပြီ။
လူတစ်ယောက်ဟာ သူ့ဘဝမျှော်မှန်းချက် ကုန်းကောက်စရာတောင် မရှိတော့ဘူးလို့ သံသယဝင်လာတဲ့အခါမှာ အဆိုးမြင်ဝါဒကိုပဲ ဆုပ်ကိုင်သွားမလား၊ ကျားပိန်တွယ် တွယ်မလားဆိုတဲ့ တုံ့ပြန်နည်းနှစ်ခုရှိပါသတဲ့။ ပထမတစ်နည်းက လုပ်ချင်စရာကောင်းပေမယ့် ဒုတိယနည်းက ငါမရရအောင် ချမယ်ဆိုတဲ့ တာဝန်တစ်ရပ်သဖွယ် ဖြစ်နေပါတယ်။
လူသားချင်းစာနာမှုစနစ်ကြီး ကြုံနေရတဲ့ အကျပ်အတည်းကို အဖြေရှာဖို့အတွက် နှိုင်းနှိုင်းချိန်ချိန် ဝေဖန်စစ်ဆေးမှုလုပ်မယ်ဆိုရင် အမေရိကန်က ကူညီပံ့ပိုးရေးတွေ ကောက်ခါငင်ခါ ဖြတ်တောက်လိုက်တာကိုပဲ ပုံကြီးချဲ့တုံ့ပြန်ဖြေရှင်းနေလို့ မပြီးဘူး
ဘာတွေဖြစ်ကုန်ကြပြီလဲ
ဒါပေမဲ့ အထူးသဖြင့် လက်ရှိကာလလို အနောက်နိုင်ငံတွေမှာ လက်ယာစွန်းရောက် အာဏာပိုင်ဝါဒနိုင်ငံရေးက တားမနိုင်ဆီးမရ ခေတ်စားလာတဲ့အခါ၊ မူဝါဒအခြေပြု နိုင်ငံတကာအခင်းအကျင်းလို့ ခေါ်နေကြတာကြီး သိသိသာသာ ပြိုလဲကျတဲ့အချိန်မျိုးမှာ လူသားချင်းစာနာရေးစနစ်ကြီး လက်သပ်မွေးခံနေရတာကို ဘယ်လိုတွန်းလှန်ကြမလဲ။
ပထမဆုံးတော့ နားဝင်မချိုတဲ့ အမှန်တရားတချို့ကို စပြီး လက်ခံစဉ်းစားကြည့်ကြတာပေါ့။
လူသားချင်းစာနာရေးစနစ်ကြီး အသက်ငင်ရုန်းကန်နေတာ သမ္မတထရမ့်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ နိုင်ငံခြားကူညီပံ့ပိုးမှုတွေ ရပ်တန့်ပစ်ဆိုပြီး အမိန့်ထုတ်လိုက်တော့မှ စဖြစ်ခဲ့တာ မဟုတ်ပါဘူး။
လက်ရှိ ဝရုန်းသုန်းကားအခြေအနေကြီးဟာ ကိုလိုနီနယ်ချဲ့ယူ၊ ကျား-မ ခွဲခြား၊ လူမျိုးရေး ခွဲခြားရာကနေ ပဋိပက္ခတွေကို ပေါ်ပေါက်စေခဲ့တဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းပေါ်မှာ မျိုးစေ့ကျခဲ့တာပါ။ ပြီးတော့ အနောက်တိုင်း လစ်ဘရစ်ဝါဒ ချဲ့ထွင်မှုမှာ ပျော်ဝင်သွားခဲ့တယ်။ ဒီ့နောက်မှာတော့ ရာသီဥတု ဖောက်ပြန်မှုတွေ၊ အမြတ်ထုတ်မှုတွေ၊ တမင် မျက်နှာလွှဲထားတာတွေကြောင့် တစ်နွယ်ငင်တစ်စင်ပါ ပြဿနာတွေ၊ စနစ်နဲ့ချီတဲ့၊ နိုင်ငံရေးလောင်းရိပ်မိုးတဲ့ အကျိုးဆက်တွေဟာ ဆိုးသထက်ဆိုးလာခဲ့ပါတယ်။
လူသားချင်းစာနာမှုစနစ်ကြီး ကြုံနေရတဲ့ အကျပ်အတည်းကို အဖြေရှာဖို့အတွက် နှိုင်းနှိုင်းချိန်ချိန် ဝေဖန်စစ်ဆေးမှုလုပ်မယ်ဆိုရင် အမေရိကန်က ကူညီပံ့ပိုးရေးတွေ ကောက်ခါငင်ခါ ဖြတ်တောက်လိုက်တာကိုပဲ ပုံကြီးချဲ့တုံ့ပြန်ဖြေရှင်းနေလို့ မပြီးဘူး။ ဒါဟာ အားလုံးချောမွေ့လည်ပတ်နေတဲ့ စက်ယန္တရားကြီးထဲက မူလီလေးတစ်လုံး မမျှော်လင့်ဘဲ ပြုတ်ထွက်သွားလို့ ပြဿနာတက်တာမျိုး လုံးဝမဟုတ်ပါဘူး။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း ဆက်စပ်ရှုမြင်ပြီး၊ သမိုင်းကို ခြေရာခံရာကစမှပဲ ဖြစ်မှာပါ။

သိပ်မကြာခင်က ရေစီးကြောင်းအပြောင်းအလဲတွေကြောင့် စနစ်ကြီးထဲမှာ မွေးရာပါလိုဖြစ်နေတဲ့ တန်းတူညီမျှမရှိတာတွေက ဆိုးသထက် ဆိုးလာပါတယ်။ အလှူရှင်အစိုးရတွေက လူသားချင်းစာနာမှု ရန်ပုံငွေတွေ ဖြတ်တောက်တာကြောင့် “ဦးစားပေးသတ်မှတ်မှု” ဆိုတဲ့ လံကြုပ်စနစ်ကြီးကို မဖြစ်မနေ ဖြတ်သန်းရပါတယ်။ တစ်ပြားကနှစ်ပြားခွါနေတဲ့ အနောက်နိုင်ငံအစိုးရတွေအဖို့ လာမယ့်နှစ်တွေမှာလည်း အမေရိကန် ရှေ့ဆောင်လမ်းပြတဲ့တိုင်း ရန်ပုံငွေဖြတ်တောက်မှုတွေ ဆက်ရှိနေနိုင်ပြီး နိုင်ငံခြားအကူအညီနဲ့ ဖွံ့ဖြိုးရေး ကူညီထောက်ပံ့မှုတွေ ပိုကျပ်တည်းလာဖို့ရှိတာ အချက်ပြနေပါတယ်။
ဒါဟာ ရန်ပုံငွေအပိုင်းချည်းသီးသန့်တော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်များစွာတိုင်အောင် လူသားချင်းစာနာမှုလုပ်ငန်းတွေ စင်းလုံးချောလည်ပတ်နိုင်စွမ်းမရှိတဲ့ နိုင်ငံစုံထည့်ဝင်ငွေတွေနဲ့ အလှူရှင်ယန္တရားကြီးဟာ တဖြည်းဖြည်းနဲ့ တစ်စစီ ပြုတ်ထွက်နေတာပါ။ ယူကရိန်း၊ ဂါဇာ၊ ဆူဒန်နဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့မှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက လူသိရှင်ကြားဖြစ်မလာတာကြောင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာရေး ဥပဒေတွေဟာ ချောင်ထိုးခံထားရပါတယ်။ လူသားချင်းစာနာရေး အထောက်အပံ့တွေကို ပထဝီနိုင်ငံရေး နည်းလမ်းတစ်သွယ်အဖြစ် အသုံးပြုတာပိုများလာတာနဲ့အမျှ ကူညီပံ့ပိုးမှုတွေဟာလည်း နိုင်ငံရေးသစ္စာခံမှုတွေ၊ ကုန်သွယ်ရေးအကျိုးအမြတ်တွေနဲ့ အလဲအထပ်လုပ်ခံလာရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါလိုမျိုး တကယ့်ကမ္ဘာ့အကျပ်အတည်းကြီးနဲ့လည်း ရင်ဆိုင်ရရော အနောက်နိုင်ငံအစိုးရတွေက တစ်သားတည်း ရပ်တည်ပါ့မယ်ဆိုတဲ့ ကတိစကားတွေဟာ အနှစ်မပါတဲ့ အခေါင်းပွကြီးတွေ ဖြစ်တယ်ဆိုတာ မြင်လိုက်ရတော့တာပါပဲ။
လက်ရှိ လူသားချင်းစနာမှုစနစ် တည်ဆောက်ပုံကို နည်းနည်းပါးပါးလောက် ကလိလိုက်ရုံနဲ့တော့ အဖြေထွက်လာမှာ မဟုတ်ပါဘူး။
နှစ်ပေါင်းများစွာကတည်းက ဒါကြီး အလုပ်မဖြစ်ပါဘူးဆိုတာ ကျွန်တော်တို့ မြင်ခဲ့ပြီးသားပဲ။၊ လုပ်လိုက်သမျှ မရေမတွက်နိုင်အောင် များလိုက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကလည်း တန်ဖိုးရှိတဲ့ အချိန်တွေ၊ ရင်းမြစ်တွေကို ဖြုန်းတီး၊ အဓိပ္ပါယ်ရှိတဲ့ တကယ့်အပြောင်းအလဲတွေကို ထိထိရောက်ရောက် ပိတ်ပင်တားဆီးပြီးတော့ အငွေ့ပျံသွားကြသလိုပဲ။ ပြည်တွင်းဦးစီးဦးဆောင်ပြုရေး(localisation) အတွက် စေတနာကောင်းနဲ့ အားထုတ်မှုတွေနဲ့ ပြည်တွင်းခေါင်းဆောင်မှုကို ထူထောင်တာတွေကလည်း ဥရောပဒေသဗဟိုပြုပြီး တန်းတူညီမျှမှုမရှိတဲ့ လူသားချင်းစာနာရေး စနစ်ယန္တရားကြီးကို မှဲ့တစ်ပေါက်စွန်းလောက်အောင်ကို မတတ်နိုင်ကြပါဘူး။
စနစ်နဲ့ချီ အမြစ်တွယ်နေတဲ့ကိစ္စတွေ
ကျွန်တော်တို့ကြုံနေရတဲ့ နိုင်ငံရေးကသောင်းကနင်းဖြစ်မှုတွေမှာ ဒါကတော့ လူထုကြီးကြောင့်၊ ဒါကတော့ လက်တစ်ဆုပ်စာ အာဏာရှိနေသူတွေကြောင့် ဖြစ်ရတာပါဆိုပြီး လူသားချင်းစာနာမှုစနစ်တို့၊ ဒီမိုကရေစီတို့ ကြုံနေရတဲ့ ပြဿနာတွေကို လွယ်လွယ်ကောက်ချက်မဆွဲမိဖို့ အရေးကြီးပါတယ်။
ဘာတွေဖြစ်ပျက်နေတယ်၊ ဘာတွေကြောင့် အပြောင်းအလဲဖြစ်ရတယ်ဆိုတာ တကယ်တမ်း နားလည်နိုင်ဖို့အတွက် အင်စတီကျူးရှင်းနဲ့ချီပြီး စည်းမျဉ်းတွေ၊ စံနှုန်းတွေပါ ထည့်တွက်ပြီး စဉ်းစားနိုင်ဖို့ လိုနေပါပြီ။
NGO က အရာရှိကြီးတစ်ယောက်က ဒေါ်လာသန်းနဲ့ချီပြီး လစာရနေတာ၊ ဘီလျံနာသူဌေးကြီးတစ်ယောက်က လူတွေဟာ ကူညီပံ့ပိုးမှုတွေ၊ ကာကွယ်မှုတွေ ရဖို့တောင်မတန်ဘူးလို့ထင်နေတာတွေဟာ နက်နဲတဲ့ ပြဿနာကြီးရဲ့ အကြောင်းရင်းတွေ မဟုတ်ပါဘူး၊ ရောဂါလက္ခဏာတွေလောက်ပဲ ဖြစ်ပါတယ်။
လူသားချင်းစာနာမှုစနစ်ရဲ့ တည်ဆောက်ပုံတို့ အင်စတီကျူးရှင်းတို့နဲ့ချီပြီး အားနည်းနေတာတွေကို ဖြေရှင်းရာမှာ မစားရ,ဝမခန်း ပြောဆိုနေကြသလို ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာကို တွင်တွင်ကျယ်ကျယ်သုံးရုံနဲ့လည်း အောင်မြင်စရာ မရှိပါဘူး။ ပါဝါမညီမျှမှုတွေထဲမှာ နည်းပညာနယ်ပယ်ချဲ့ထွင်မှု (technocolonialism) ကြောင့် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး’ ဖြစ်ရတာနဲ့ပဲ ဇာတ်သိမ်းသွားမှာပါ။
(လူသားချင်းစာနာမှုစနစ်ရဲ့ အားနည်းချက်တွေကို ဖြေရှင်းချင်ရင်) လုပ်ရမှာက စနစ်ကြီးတစ်ခုလုံးကို အခြေအမြစ်ကျကျ ပြန်လှန်စစ်ဆေးမေးခွန်းထုတ်ရမှာပါ။ အဲဒီထဲမှာမှ ‘ငါဟဲ့သူပုန်’လို့ ကြုံးဝါးထားသူတွေကို စာရင်းကိုင်တွေအဖြစ် အသွင်ပြောင်းလိုက်တဲ့ လူသားချင်းစာနာမှုစနစ်အပေါ် ဝေဖန်ထောက်ပြ မေးခွန်းထုတ်တာမျိုးက အစပေါ့။
အဲသလို ရှိရင်းစွဲ စနစ်ရဲ့အားနည်းချက်တွေဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကွာဟချက်မှုတွေနဲ့ ပေါင်းစပ်သွားကြောင်းကို ဝန်ခံအသိအမှတ်ပြုဖို့ လိုလားထက်သန်မှုနဲ့အတူ ပိုပြီး တန်းတူညီမျှရှိတဲ့ လူသားချင်းစာနာမှုစနစ်သစ်တစ်ခု ထူထောင်နေချိန်မှာ ပေါ်ပေါက်နေတဲ့ ရောဂါလက္ခဏာတွေကို စတင်ကုစားကြဖို့ လိုပါတယ်။
ဒီနေရာမှာ လူသားချင်းစာနာမှုလို့ ဆိုလိုက်ရင် လိုအပ်ချက်ကိုယ်စီနဲ့ ပြည်သူတွေအတွက် ကူညီပံ့ပိုးမှုတွေ ဖြန့်ဝေပေးနေတဲ့ (ပြည်တွင်းနဲ့နိုင်ငံတကာက) လူသားချင်းစာနာရေး လုပ်ကိုင်ဆောင်ရွက်သူတွေကို ပြောတာလား၊ ဒါမှမဟုတ် လူသားချင်းစာနာရေးအတွက် ထူထောင်ထားတဲ့ အဖွဲ့အစည်းကြီးတွေကို ပြောတာလားဆိုတာ ကွဲကွဲပြားပြားရှိဖို့လိုပါတယ်။
ဒုတိယအမျိုးအစား (အဖွဲ့အစည်းကြီးတွေ) ကတော့ သူတို့အတွက် အကျိုးအမြတ်လည်း ရှိနေတဲ့အလျောက် ဟန်မပျက်နေပြီး၊ ပါဝါချိန်ခွင်လျှာမမျှတဲ့အခြေအနေတွေမှာ ဆက်လုပ်ကိုင်ပြီး၊ လူသားချင်းစာနာမှုစနစ်ကြီး ပုပ်ပွယိုယွင်းလာတဲ့ အကြောင်းခံဖြစ်တဲ့ စနစ်နဲ့ချီ နိုင့်ထက်ကလူပြုနေတာတွေ ပိုကျယ်ပြန့်စေလာမှာသာ ဖြစ်ပါတယ်။
လက်သပ်မွေးခံလာရတာနဲ့အမျှ အဖိုးထိုက်အဖိုးတန် အခြေခံအဆောက်အဦတွေနဲ့ ရာထူးအဆောင်အယောင်တွေ မြဲဖို့အရေး အလှူရှင်အလိုကျဖို့သက်သက် (narrative) ဇာတ်ကြောင်းပုံဖော်တာတွေ လုပ်လာကြပါတယ်
ပြုပြင်ပြောင်းလဲရေးနဲ့ ဘာကြောင့်မလုံလောက်ရသလဲ
ဒီလိုဆိုတော့ ကျွန်တော်မေးခွန်းထုတ်ချင်တာက “လူသားချင်းစာနာရေးဟာ ပြုပြင်ပြောင်းလဲရေးလိုတာထက် အစက ပြန်ထူထောင်ဖို့ လိုနေပြီလား”။ တို့ကနန်းဆိတ်ကနန်း ပြင်နေတာထက် စနစ်ကြီးတစ်ခုလုံးရဲ့ ပါဝါတည်ဆောက်မှုတွေ၊ နိုင်ငံရေးဘောဂဗေဒတွေကို ပယ်ပယ်နယ်နယ် ပြောင်းလဲပစ်လိုက်ဖို့ လိုနေပြီလား။
အပြောနဲ့အလုပ်မညီဖြစ်နေတာက ဒီနေ့ခေတ် လူသားချင်းစာနာရေးစနစ်ကြီးဟာ အကျပ်အတည်းကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် ကာကွယ်မှု၊ ဝန်ဆောင်မှုနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတွေ ထူထောင်ပေးတာမျိုး လုံးဝမဟုတ်တော့တာပါ။ အဲဒီအစား အလှူရှင်တွေရဲ့ ကွက်ကွက်ကလေး အာရုံစိုက်ရာ၊ နိုင်ငံရေးကဲတဲ့ ရန်ပုံငွေတွေရဲ့ လက်သပ်မွေးခံလာရတာနဲ့အမျှ အဖိုးထိုက်အဖိုးတန် အခြေခံအဆောက်အဦတွေနဲ့ ရာထူးအဆောင်အယောင်တွေ မြဲဖို့အရေး အလှူရှင်အလိုကျဖို့သက်သက် (narrative) ဇာတ်ကြောင်းပုံဖော်တာတွေ လုပ်လာကြပါတယ်။ ဒီအခါမှာ သူတို့ အမှုတော်ထမ်းရမယ့် ပြည်သူတွေရဲ့ ရှင်သန်ရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်တွေကို ချနင်းမိတတ်တာတွေတောင် ရှိပါတယ်။
လူသားချင်းစာနာရေး ရွေးချယ်မှုတွေဟာ အကျပ်အတည်းတွေကြောင့် ဒုက္ခဆင်းရဲရောက်သူတွေရဲ့ လိုအပ်ချက်တွေ လမ်းပြခေါ်ဆောင်ရာနောက် မလိုက်တော့ဘဲ အလှူရှင်တွေရဲ့ အာသီသ၊ ပြီးတော့ မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြခံရပြီး ရန်ပုံငွေတွေ ထပ်ရလာစေမယ့် အနောက်တိုင်းပရိသတ်တွေရဲ့ အာသီသတွေနဲ့ညီညွတ်ရေးနောက် တကောက်ကောက်လိုက်သွားပုံရပါတယ်။
ဒါဖြင့် ဒီစနစ်ကြီးကို ထိရောက်မှုမရှိအောင် လုပ်ခဲ့ကြတဲ့၊ နဂိုမူလ ကြံရာပါတွေ ဦးဆောင်ပြီး အောင်မြင်မှုမရှိတဲ့ ပြုပြင်ပြောင်းလဲရေးမျိုး ဇာတ်သိမ်းမသွားစေချင်ရင် လူသားချင်စာနာရေးကို ဘယ်လို အစက ပြန်ထူထောင်ရမှာလဲ။
လူများစုနေထိုင်ကြရာ (ကမ္ဘာ့တောင်ခြမ်းက) လူတွေနဲ့ အဖွဲ့အစည်းတွေကို ပြည်တွင်းဦးဆောင်မှုဆိုတဲ့ ထိရောက်မှုမရှိတဲ့ ချွေးသိပ်စကားတွေနဲ့ ဝတ်ကျေတမ်းကျေ ပါဝင်ခွင့်ပေးတာမျိုးမဟုတ်တဲ့ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ကြတဲ့ လူသားချင်းစာနာမှုလုပ်ငန်းကြီးတစ်ခု ဖြစ်လာအောင် ဘယ်လိုပြန်ထူထောင်ကြမလဲ။
လူတွေဟာ လူသားချင်းစာနာမှုအကျပ်အတည်းထဲကို မတော်တဆ ရောက်ခဲ့ကြရတာမဟုတ်ဘူး။ ရာစုနှစ်တွေချီပြီး သူတို့ကို အဓမ္မဖိနှိပ်ခဲ့တဲ့ အရင်းရှင်စနစ်နဲ့ ကိုလိုနီစနစ်တွေကြောင့်သာ မြေနိမ့်ရာလှံစိုက် ဖြစ်ခဲ့ရတာပဲလို့ သိမှတ်လက်ခံပြီး နိုင်ငံရေးဖြေရှင်းမှုပါဝင်တဲ့ လုပ်ငန်းကြီးတစ်ခုရော ဘယ်လိုဖြစ်လာနိုင်မလဲ။
လူသားချင်းစာနာမှုနယ်ပယ်မှု ထိထိရောက်ရောက် လုပ်ရမယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဖအေဆန်ဆန် ငါသိငါတတ် စရိုက်တွေ၊ ဈေးတွက်တွက်တဲ့ ကော်ပိုရိတ်စရိုက်တွေကို စွန့်ခွါပြီး လုံးလုံးလျားလျား အပြောင်းအလဲဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ။
လူ့အဖွဲ့အစည်းကို ထိုးနှက်ရိုက်ခတ်နေတဲ့ အကျပ်အတည်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ (လူမျိုးရေးနဲ့ လိင်ခွဲခြားဆက်ဆံတာ၊ ရာသီဥတု ဖောက်ပြန်တာကို ထိုင်ကြည့်နေတာ၊ နိုင်ငံရေးနဲ့ စီးပွားရေးအရ ဖိနှိပ်တာတွေ အပါအဝင်) စနစ်နဲ့ချီတဲ့ နိုင့်ထက်ကလူပြုမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်လို့ နားလည်လက်ခံမှုအရ လုပ်ကိုင်ဆောင်ရွက်ပြီး၊ စနစ်နဲ့ချီတဲ့ တန်းတူညီမျှမရှိမှု ပုံသဏ္ဌာန်အမျိုးမျိုးကို အန်တုရင်ဆိုင်နေသူတွေနဲ့ ရှေ့သွားနောက်လိုက်ညီညီ စွမ်းဆောင်နိုင်တဲ့ တက်ကြွလှုပ်ရှားသူဆန်ဆန် လူသားချင်းစာနာရေး ဖြစ်လာသင့်သလား။
ထရမ့်အစိုးရက ကူညီပံ့ပိုးမှုတွေကို ရပ်တန့်တယ်ဆိုတာ အစမှတ်တစ်ခုမဟုတ်သလို အဆုံးသတ်တစ်ခုလည်း မဟုတ်ပါဘူး။ ဒီစနစ်ယန္တရားကြီးထဲမှာ ရန်ပုံငွေတွေ ဆက်ပေးနေရုံသတ်သတ်နဲ့လည်း ပြင်နိုင်တဲ့အတိုင်းအတာထက် ပျက်စီးယိုယွင်းမှုတွေက ပိုများနေပြီးသားပါ။
နိုင်ငံတကာစံနှုန်းတွေကို ဥပေက္ခာပြု၊ ပဋိပက္ခတွေကို ထောက်ပံ့၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပြီး လူသားဘဝတွေထက် တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ပဲ ဦးစားပေးနေတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်(အစိုးရ)တွေက လူသားချင်းစာနာမှုအရေးမှာ နိုးကြားထက်သန်တဲ့ အလှူရှင်တွေဖြစ်ရမယ်ဆိုတဲ့ အယူအဆဟာ ပြန်ပြုပြင်နိုင်ဖို့ မရတော့လောက်အောင် ဖုံးဖိမရအောင် ပေါ်လွင်နေပါပြီ။
လူသားချင်းစာနာရေးသမားတွေနဲ့ သူတို့ရဲ့အဖွဲ့အစည်းကြီးတွေ အခုလုပ်ကြရမယ့် ရွေးချယ်မှုဟာ အမေရိကန်ရဲ့ ရန်ပုံငွေပံ့ပိုးမှုတွေမပါဘဲ ဘတ်ဂျက်တွေကို ဟန်ချက်ညီအောင် ဘယ်လိုလုပ်ရမလဲဆိုတာထက် အများကြီး ပိုပါသေးတယ်။ ဒီတော့ စကားလမ်းကြောင်းကို တကယ်ပြောင်းကြဖို့အချိန်တန်ပါပြီ။
မူရင်းဆောင်းပါး - The New Humanitarian | Why reform isn’t enough: From rethinking to remaking humanitarianism
မူရင်းဆောင်းပါးရှင် တမမ်အလူဒတ် (Tammam Aloudat) ဟာ ဆီးရီးယား-ဆွစ် သွေးနှော ဆရာဝန်၊ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်ပြီး နယ်သာလန်နိုင်ငံဆိုင်ရာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ လက်ရှိဥက္ကဋ္ဌလည်းဖြစ်၊ အပြည်ပြည်ဆိုင်ရာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲကာလကတည်းက လူသားချင်းစာနာမှု အရေးပေါ်အကူအညီတွေအတွက် လုပ်ကိုင်ခဲ့ပြီး ပဋိပက္ခနဲ့ အရေးပေါ်အခြေအနေပေါင်းများစွာမှာ ပါဝင်ဆောင်ရွက်ခဲ့သူပါ။ လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ်ဗေဒ၊ ဇီဝနိုင်ငံရေး၊ နိုင်ငံရေးဘောဂဗေဒနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိုလိုနီလွှမ်းမိုးမှုကို ဖယ်ရှားလျှော့ချရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သုတေသနပြု ရေးသားမှုတွေကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်နေပါတယ်။
မပြီးသေးရင် ဆက်ကြတာပေါ့ 😍