top of page

လူသားချင်းစာနာမှုက ရေနစ်သူ ဝါးကူထိုးသလား

နိုင်ငံတော်(အစိုးရ)တွေ တာဝန်ခံမှုရှိဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အားထုတ်မှုဟာ လူသားချင်းစာနာမှုကြောင့် ထိခိုက်နေသလား


ဂရိခေတ် တိုင်လုံးကြီးတွေကို နောက်ခံထားပြီး၊ စစ်သူရဲ ဦးထုပ်တစ်လုံးနဲ့ တိုင်လုံးကြီးတစ်ခုရဲ့ အောက်ခြေပိုင်း

ကမ္ဘာ့ဉာဏ်ကြီးရှင်အဖွဲ့တစ်ခုဖြစ်တဲ့ ODI ရဲ့ ဝက်ဘ်ဆိုက်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က ဆောင်းပါးရှင် ဇိုင်နပ်မွယ်လင်ရဲ့ “Holding states to account: do humanitarians undermine civil society?” ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ (ရှေ့စာတမ်းနှစ်ခုဖြစ်တဲ့  လူသားချင်းစာနာမှုလား၊ နိုင်ငံတော်ဆန့်ကျင်ရေးလား နဲ့ “နိုင်ငံတော်(အစိုးရ) စည်းအပြင်ကို မျှော်ကြည့်ခြင်း”ကို CENCS မှာ တင်ဆက်ခဲ့ပြီးပါပြီ။) ODI ရဲ့ လူသားချင်းစာနာမှု မူဝါဒရေးရာအဖွဲ့ (HPG) က ၂၀၂၄-၂၀၂၇ အတွင်း နယ်ပယ်သုံးခုမှာ သုတေသန ပြုလုပ်ပြီး အမြဲလှုပ်ရှားပြောင်းလဲနေတဲ့ လူသားချင်းစာနာရေး နယ်ပယ်ကြီးအတွက် ကူညီဖြေရှင်းပေးနိုင်မယ့် တွေ့ရှိချက်တွေကို ရှာဖွေတဲ့ ပထမခြေလှမ်းအဖြစ် ထုတ်ဝေလာတဲ့ အတွေးအမြင်စာတမ်း သုံးစောင်တွဲထဲမှာ ဒီဆောင်းပါးဟာ နောက်ဆုံးပိတ်စာတမ်းဖြစ်ပါတယ်။ CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးပါရစေ။ မူရင်းဆောင်းပါးပါ ရည်ညွှန်းကိုးကားချက်တွေကို ဒီဘာသာပြန်ဆိုချက်မှာ ထည့်သွင်းမထားတာကို နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။ အသေးစိတ် ဆက်စပ်ဖတ်ရှုလိုသူတွေအဖို့ မူရင်းဆောင်းပါးမှာ တိုက်ဆိုင်စစ်ဆေးပြီး ရှာဖွေလေ့လာနိုင်ပါတယ်။

 

 

... အရပ်ဘက်အဖွဲ့အစည်းအများအပြား မဏ္ဍိုင်ပြုထားရတဲ့ အောက်ခြေရပ်ရွာလူထုရဲ့ နည်းလမ်းတွေနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်ပြီး ပြည်ပအလှူရှင်တွေပေါ် သိသိသာသာမှီခိုမှုတွေ ရှိလာပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ရန်ပုံငွေရရှိရေးတွေဟာ ပရောဂျက်ပြီး,ပြီးရော၊ ကြုံရင်ကြုံသလိုလုပ်တာတွေ ဖြစ်လာတယ်။

 

လူမှုအဖွဲ့အစည်း(civil society)နဲ့ နိုင်ငံတော်(state)ကြားက ဆက်ဆံရေးဟာ မျက်နှာစာစုံရှိနေတာကြောင့် ငြင်းခုံစရာတွေ အတောမသတ်နိုင်အောင်ပါပဲ။ တချို့တွေက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ (civil society organisations – CSOs) ဟာ လူမှုအပြောင်းအလဲတွေကို ထိထိရောက်ရောက် ဆော်ဩရာမှာ အစိုးရယန္တရားလို ဗျူရိုကရေစီနဲ့ ခြစားမှုနည်းလို့ “ဖွံ့ဖြိုးရေးကို ခရီးတွင်စေတဲ့ ပဉ္စလက်ကျည်ဆန်”လိုပဲလို့ တင်စားကြတယ်။ တချို့ကတော့ CSO တွေဟာ သူ့အရပ်နဲ့သူ့ဇာတ် ဆင့်ကဲတိုးတက်နေတဲ့ လူမှုရေးလှုပ်ရှားမှုတွေကို အားနည်းချည့်နဲ့စေတယ်လို့ မြင်ကြတယ်။ မြင်းမှာ မျက်လုံးကာတပ်ထားရသလို လက်ငင်းလိုအပ်ချက်တွေကို  ဦးစားပေးဖြည့်ဆည်းနေရတဲ့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေအဖို့တော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်ကြား ဆက်ဆံရေးဟာ ခရီးသွားဟန်လွဲ ဖြစ်နေပြီး နောင်မှပြန်သုံးသပ်စရာ ဖြစ်နေတတ်ပါတယ်။

 

လူ့အခွင့်အရေးတွေ လှိုက်စားပွန်းပဲ့လာချိန်၊ လစ်ဘရယ်ဝါဒ ထွန်းကားလာချိန်မှာ CSO တွေဟာ (ပြည်သူတွေအဖို့) ဒီမိုကရေစီစနစ်ယန္တရားတွေကို ကတုတ်ကျင်းသဖွယ် မဖြစ်မနေကာကွယ်ပေးနေသူတွေလို့ မြင်ကြပါတယ်။ ဒါပေမဲ့ လူမှုအဖွဲ့အစည်းဆိုတာ ဘယ်လိုပါလို့ တစ်ထစ်ချ ရေရေရာရာ သတ်မှတ်ထားလို့ရတာမျိုးတော့ မဟုတ်သေးပါဘူး။ တချို့တွေကတော့ လူမှုအဖွဲ့အစည်းဆိုတာဟာ အတင်းအဓမ္မ အာဏာပေးလို့မရတဲ့ နယ်ပယ်၊ ယုံကြည်လက်ခံမှုနဲ့တကွ ဝါဒရေးရာအရ ဩဇာကြီးလာရာက အာဏာထူထောင်ရတဲ့ နယ်ပယ်လို့ မြင်ကြပါတယ်။  တစ်နည်းအားဖြင့် အာဏာနဲ့ စီမံအုပ်ချုပ်ရေး အဆောက်အဦတွေကို ချမှတ်ထူထောင်ရာမှာဖြစ်ဖြစ်၊ အန်တုစိန်ခေါ်ရာမှာဖြစ်ဖြစ် (ပြည်သူတွေရဲ့ လက်ခံယုံကြည်မှုအပေါ်) ဝါဒရေးရာအရ ဘယ်လောက် အစစ်အဆေးခံနိုင်သလဲဆိုတဲ့ပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ဩဇာအာဏာ အားပြိုင်မှုတွေ၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အယူဝါဒ (အိုင်ဒီယိုလိုဂျီ) တွေကို သုံးသပ်ကြည့်ဖို့ဆိုတာ လူသားချင်းစာနာမှုနဲ့ ‘မဆီလေးရယ်တဲ့မှ အို... မဆိုင်’ လို့ မြင်ကြပါတယ်။

 

ဒီဆောင်းပါးမှာတော့ နိုင်ငံတော်(အစိုးရ)၊ လူမှုအဖွဲ့အစည်းနဲ့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေကြားက ဆက်ဆံရေးအကြောင်းနဲ့ အကျပ်အတည်းကြုံရချိန်မှာ သူတို့ဘယ်လို တုံ့ပြန်ဖြေရှင်းကြသလဲ ဆိုတာတွေကို ‌ဖော်ထုတ်တင်ပြသွားမှာပါ။ နိုင်ငံတော်(အစိုးရ)နဲ့ လူမှုအဖွဲ့အစည်းကြား အားပြိုင်မှုတွေဟာ နိုင်ငံတွေ၊ ဒေသတွေကိုလိုက်လို့ သူ့အရပ်နဲ့သူ့ဇာတ် ဖြစ်နေကြတာပါ။ ဒါဖြင့် မတူညီတဲ့ အခင်းအကျင်းတွေမှာ ပေါ်လာတဲ့ ဒီအားပြိုင်မှုတွေက ဘယ်လိုဖြစ်တတ်သလဲ။ သူတို့ရဲ့ အပြန်အလှန်ဆက်ဆံရေးတွေကို လူသားချင်းစာနာမှုကဏ္ဍက ဘယ်လိုပုံသွင်းသလဲ။ ဒါမှမဟုတ် နိုင်ငံတော်(အစိုးရ)နဲ့ လူမှုအဖွဲ့အစည်းကြား ဆက်ဆံရေးကြောင့် လူသားချင်းစာနာရေး စနစ်ယန္တရားအပေါ် ဘယ်လိုသက်ရောက်သလဲ။

 

အစိုးရအပြို၊ လူမှုအဖွဲ့အစည်းအလန်း၊ ကူညီပံ့ပိုးရေးအစီအစဉ်တွေ


အကျပ်အတည်းတွေနဲ့ လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုတွေက လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံတော်(အစိုးရ)ကြား အားပြိုင်မှုတွေ၊ ပြီးတော့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ဘယ်လို ပုံသွင်းပေးလိုက်သလဲဆိုတာပြဖို့ လယ်ပြင်မှာဆင်သွားသလို ထင်ရှားတဲ့ဥပမာကတော့ ဆိုမာလီနိုင်ငံပါပဲ။ ၁၉၉၁ ခုနှစ်မှာ ဆိုမာလီအစိုးရ ပြုတ်ကျသွားတဲ့နောက် တိုင်းပြည်မှာ ဗဟိုအာဏာပိုင်အဖွဲ့အစည်း ကင်းမဲ့သွားပါတယ်။ တစ်တိုင်းပြည်လုံး ကသောင်းကနင်းတွေဖြစ်၊ အကြမ်းဖက်မှုတွေ တောမီးလိုပျံ့နှံ့ပြီး မျိုးနွယ်စုတွေပေါ်အခြေခံတဲ့တိုက်ပွဲတွေ အပြင်းအထန် ပေါ်လာတယ်။ အဲဒီကနေ လူပေါင်းသောင်းချီ သေကြေပျက်စီးတဲ့ ပြည်တွင်းစစ်ကြောင့် လူသုံးသိန်းလောက် အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၉၁-၉၂ အငတ်ဘေးအပါအဝင် ရှည်ကြာကျယ်ပြန့်ပြီး စိတ်နှလုံးညှိုးချုံးစရာ လူသားချင်းစာနာမှု ပဋိပက္ခကြီး ပေါ်ပေါက်လာရတယ်။ လူသားချင်းစာနာရေး တုံ့ပြန်ဆောင်ရွက်ချက်တွေ ဘယ်လောက် အရေးတကြီးလိုလာတယ်၊ ဘယ်လောက် ခက်ခဲခဲ့တယ်ဆိုတာ ပုံကြီးချဲ့ပြောနေစရာ မလိုအောင်ပါပဲ။

 

မြင်းပုဆွဲတဲ့ ရေစည်လှည်းတစ်ခုအနား အမှိုက်ပွနေတဲ့ မြေကွက်လပ်မှာ အမျိုးသမီးတစ်ဦးက တခြား မြင်းပုနှစ်ကောင်နား ထိုင်နေတယ်။ အနားမှာ ကားတစ်စင်း ရပ်ထားတယ်။
၂၀၂၁ ခုနှစ် ဆိုမာလီယာနိုင်ငံ ဂါလ်ဒိုဂေါ့ဘ်မြို့က မြင်ကွင်းတစ်ခု Photo by Ismail Salad Osman Hajji dirir | Unsplash

ဗဟိုအစိုးရပြုတ်ကျသွားတဲ့နောက်မှာ လစ်လပ်နေတဲ့ အုပ်ချုပ်ရေးဟာကွက်မှာ ပြန့်ကားလာတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ဝင်နေရာယူကြတယ်။ အခြေခံဝန်ဆောင်မှုတွေ၊ လူသားချင်းစာနာမှု အထောက်အပံ့တွေ၊ ပဋိပက္ခဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးထူထောင်မှုတွေကို လုပ်ကိုင်လာကြတယ်။ ဒီနေ့ခေတ် ဆူဒန်မှာ ဖြစ်ပျက်နေသလိုပဲ အထူးသဖြင့် နိုင်ငံတကာ ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းတွေက မလုံခြုံမှုတွေ တင်းကြမ်းပြည့်နှက်နေတဲ့ ထိခိုက်ဆုံးရှုံးမှုအကြီးဆုံးဒေသတွေဆီ မဝင်ရောက်နိုင်ကြတဲ့အခြေအနေမှာ ရပ်ရွာအခြေပြု အပြန်အလှန်ကူညီပံ့ပိုးရေးအုပ်စုတွေဟာ လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုမှာ အခရာကျတဲ့ အခန်းကဏ္ဍက ပါဝင်လာတယ်။ အကျိုးဆက်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် ကူညီပံ့ပိုးရေး လုပ်ဆောင်သူတွေဟာ မလုံခြုံဆုံးနေရာဒေသတွေမှာ သွားရောက်လုပ်ကိုင်ခဲ့ကြရပါတယ်။

 

ဆိုမာလီယာရဲ့ လူမှုအဖွဲ့အစည်းဟာ ပြည်တွင်းစစ်ကာလအတွင်း အလုံးအထည်ပေါ်လွင်လာတာနဲ့အမျှ နိုင်ငံတကာ အလှူရှင်တွေရဲ့ အစီအစဉ်တွေကို ကြီးကြီးမားမား လွှမ်းမိုးခြယ်လှယ်တာကိုလည်း ခံလာရပါတယ်။ အဲဒီအခါ အရပ်ဘက်အဖွဲ့အစည်းအများအပြား မဏ္ဍိုင်ပြုထားရတဲ့ အောက်ခြေရပ်ရွာလူထုရဲ့ နည်းလမ်းတွေနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်ပြီး ပြည်ပအလှူရှင်တွေပေါ် သိသိသာသာမှီခိုမှုတွေ ရှိလာပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ရန်ပုံငွေရရှိရေးတွေဟာ ပရောဂျက်ပြီး,ပြီးရော၊ ကြုံရင်ကြုံသလိုလုပ်တာတွေ ဖြစ်လာတယ်။ အရပ်ဘက်အဖွဲ့အစည်း အများအပြားဟာ အနောက်နိုင်ငံရဲ့ အုပ်ချုပ်စီမံရေးမော်ဒယ်လ်တွေကို စန်းတင်ရင်တင်၊ မဟုတ်ရင် မျိုးနွယ်စုအလိုက် အကျိုးစီးပွားတွေကိုသာ ရှေးရှုတဲ့အဖွဲ့တွေအဖြစ် အမြင်ခံလာရပါတယ်။

 

နောက်ထပ် ဆယ်စုနှစ်တွေအကြာမှာ အုပ်ချုပ်ရေးနဲ့ အကျပ်အတည်းရဲ့ အနေအထားတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာပေမယ့် ဆိုမာလီယာမှာရှိတဲ့ လူသားချင်းစာနာရေး ရန်ပုံငွေအားလုံးနီးပါးဟာ အစိုးရကို ဖုတ်လေသည့်ငပိ ရှိတယ်လို့တောင် မထင်တော့ဘဲ ကျော်ခွစီးဆင်းကုန်တယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိလာတယ်။ အလှူရှင်နိုင်ငံတွေဆီက ကုလသမဂ္ဂ အေဂျင်စီတွေဆီ၊ အဲဒီကနေ နိုင်ငံတကာ NGO တွေလက်ထဲ ရောက်ကုန်တယ်လေ။ ဒီချဉ်းကပ်ပုံကြောင့် အစိုးရအင်စတီကျူးရှင်းတွေက လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုတွေ ဖြန့်ချိနိုင်စွမ်းအပါအဝင် သူတို့ရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ အခွင့်လမ်းတွေကို လက်လွတ်ကုန်ပါတယ်။ တချို့ကတော့ လူသားချင်းစာနာရေး ရန်ပုံငွေတွေကို အစိုးရထိန်းချုပ်ခွင့်ပေးလိုက်ရင် စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာပြီး ဆိုမာလီရဲ့ ဆင်းရဲဒုက္ခတွေဟာ ဘူးလေးရာ ဖရုံဆင့်ဖြစ်သွားလိမ့်မယ်လို့ ထောက်ပြကြပါတယ်။ ဒီလိုဝေဖန်ထောက်ပြမှုတွေက လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုတွေကို နိုင်ငံတော်(အစိုးရ)ဦးစီးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ရည်ရွယ်ချက်ပြောင်း သုံးစွဲလိုက်ရင် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရာသီဥတု ဖောက်ပြန်မှုရဲ့ ထိုးနှက်ချက်တွေကို ခံနေရတဲ့ လူသန်းပေါင်းများစွာအတွက် ဒုက္ခရောက်စရာပဲရှိမယ်လို့ သတိပေးခြိမ်းခြောက်ကြပါတယ်။

 

ဒီလိုနဲ့ ဆိုမာလီယာအစိုးရဟာ လူသားချင်းစာနာရေး ရန်ပုံငွေတွေကို နည်းနည်းလေးတောင် ဝင်ဩဇာပေးလို့မရ ဖြစ်လာပြီး ကူညီပံ့ပိုးရေး အဖွဲ့အစည်းတွေကလည်း နိုင်ငံတော်(အစိုးရ) အပေါ် တာဝန်ခံမှုမရှိ ဖြစ်လာကြပါတယ်။ ဒီအဖြစ်အပျက်ကနေ ဒီလိုစနစ်မျိုးရဲ့ ရေရှည်ကာလမှာ စဉ်ဆက်မပြတ်တည်တံ့နေမှုနဲ့ ဆိုမာလီယာရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ရေရှည်ကာလ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် အကျိုးသက်ရောက်မှုတွေအကြောင်း အရေးတကြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ လူမှုအဖွဲ့အစည်းရဲ့ ဝန်ဆောင်မှု ဖြန့်ချိရေးကိုသာ ဆက်ပြီးအာရုံစိုက်တာဟာ ဆိုမာလီယာရဲ့ နိုင်ငံတော်ယန္တရား လည်ပတ်မှု ကောင်းမွန်တိုးတက်ရေးအတွက် အထောက်အကူပြုသလား၊ အဟန့်အတား ဖြစ်စေသလား။ တခြားအခင်းအကျင်းတွေမှာရော နိုင်ငံတော်(အစိုးရ)နဲ့ လူမှုအဖွဲ့အစည်းအရေး ဆောင်ရွက်သူတွေကြားက ဆက်ဆံရေးက ဘယ်လိုရှိကြသလဲ ... ဆိုတဲ့မေးခွန်းတွေပေါ့။

 

တစ်စတစ်စနဲ့ အောက်ခြေပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ၊ အားထုတ်ကြိုးပမ်းမှုတွေဟာ နိုင်ငံရေးသရုပ်သကန် နည်းလာပြီး၊ ဝန်ဆောင်မှုဖြန့်ချိရေး ပိုဇောင်းပေးတဲ့ဘက်ကို အသွင်ပြောင်းလာတတ်ပါတယ်။ ဒီလိုအရွေ့ကို ရောက်လာရင်တော့ အလှူရှင်တွေရဲ့ ရန်ပုံငွေကို မှီခိုလာကြရတာ ပိုသိသာပေါ်လွင်လာပါပြီ။

 

NGO တွေ ဘာကြောင့် နီယိုလစ်ဘရယ်ဝါဒနဲ့ မကင်းကြသလဲ

 

ဒီစိုးရိမ်ပူပန်ချက်က ဆိုမာလီယာဖြစ်ရပ်မှာပဲ ထူးခြားဝိသေသအဖြစ် မြင်ရတာမဟုတ်ပါဘူး။ တချို့ဝေဖန်သူတွေက ဒီဖြစ်စဉ်ကို “နီယိုလစ်ဘရယ်ဝါဒရဲ့ ထရိုဂျန်မြင်းရုပ်ဖြစ်နေတဲ့ NGO တွေ” ဆိုပြီး တံဆိပ်ကပ်ကြသလို၊ ဒီသုံးစောင်တွဲ အတွေးအမြင်စာတမ်း ပထမဆုံးတစ်ပုဒ်မှာလည်း ထည့်ဖော်ပြခဲ့ပါတယ်။ အဲဒီထောက်ပြချက်အရ CSO တွေ၊ တိတိကျကျ ပြောရရင်တော့ NGO တွေဟာ နိုင်ငံတော်(အစိုးရ)ရဲ့ အခန်းကဏ္ဍကို အသေးဆုံးချုံ့ပြီး ဈေးကွက်ကို အထိန်းအကွပ်မပြုရဘူး ဆိုတဲ့ နီယိုလစ်ဘရယ်ဝါဒီ အုပ်ချုပ်ရေးသဘောတရားကို ဖြန့်ချိရာမှာ ပိုပြီးအသုံးတော်ခံဖြစ်လာကြပါတယ်။ ကနဦးအဆင့်မှာ နိုင်ငံတော်(အစိုးရ)က လူမှုဖူလုံရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို လက်ရှောင်သွားတဲ့အခါ အခြေခံကျတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ဖြန့်ချိပေးဖို့ NGO တွေ ခြေတစ်လှမ်းတိုးလာကြပါတယ်။ ဒါဟာ အစိုးရ အရွယ်အစားသေးကွေး ပိစိညှောက်တောက် ဖြစ်စေရေး၊ အစိုးရသုံးစရိတ် လျှော့ချရေးဆိုတဲ့ နီယိုလစ်ဘရယ်ဝါဒဘက် အရွေ့ပါပဲ။ တစ်စတစ်စနဲ့ အောက်ခြေပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ၊ အားထုတ်ကြိုးပမ်းမှုတွေဟာ နိုင်ငံရေးသရုပ်သကန် နည်းလာပြီး၊ ဝန်ဆောင်မှုဖြန့်ချိရေး ပိုဇောင်းပေးတဲ့ဘက်ကို အသွင်ပြောင်းလာတတ်ပါတယ်။ ဒီလိုအရွေ့ကို ရောက်လာရင်တော့ အလှူရှင်တွေရဲ့ ရန်ပုံငွေကို မှီခိုလာကြရတာ ပိုသိသာပေါ်လွင်လာပါပြီ။

 

ဒီလိုအပြောင်းအလဲတွေကြားမှာ အသက်ကယ်ရေး ကူညီပံ့ပိုးမှုတွေကို ပိုပြီးအာရုံစူးစိုက်ကြတဲ့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ တတ်အားသရွေ့ ဥပေက္ခာပြုထားကြတဲ့ မကြားချင်စရာ မေးခွန်းတွေကို ကြုံကြရပါတယ်။ ဆိုမာလီတင်မက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြည့်ရင် အချုပ်အခြယ်အကန့်သတ်ခံဘဝကနေ လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေဆီကနေ ပြည်သူ့ဝန်ဆောင်မှု ဖြန့်ချိရေးဘက်ကို တစ်ကမ္ဘာလုံးမှာ အုံနဲ့ကျင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲလာကြတာကတော့ “မူဝါဒရေး အစီအစဉ်သစ်” (New Policy Agenda - NPA) အောက်မှာလို့ ဆိုရမှာပါ။ အများပြည်သူဆိုင်ရာ ကျခံသုံးစွဲမှုတွေကို သိသိသာသာ လျှော့ချခဲ့ကြတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ် ပြင်ဆင်ပြောင်းလဲရေးအစီအစဉ်‌တွေကြောင့် စီးပွားရေးနာလန်မထူဖြစ်ခဲ့ရတာကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့ စစ်အေးခေတ်အကုန်မှာ NPA ပေါ်ခဲ့တာပါ။ ပြည်သူ့အသုံးစရိတ်တွေ ခြိုးခြံနေရတာဟာ NPA ကြောင့် အသက်ရှူချောင်သွားပေမယ့် အရင်တုန်းက အစိုးရထမ်းပိုးထားတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို လူမှုအဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားနေသူတွေ ကိုင်တွယ်ရတဲ့အခါ ခြေကုန်လက်ပမ်းကျစရာ ဖြစ်သွားပါတယ်။ အပြန်အလှန်အားဖြင့် လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုတွေကြောင့် လူမှုအဖွဲ့အစည်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ အခြေခံလိုအပ်ချက်လောက်ကို ဖြည့်စွမ်းပေးရုံဖြစ်သွားအောင် ပုံပျက်ပန်းပျက် ဖြစ်သွားစေပါတယ်။

 

လူမှုအဖွဲ့အစည်းနဲ့ တရားမျှတမှု ရှာပုံတော်

 

လူမှုအဖွဲ့အစည်းတွေဟာ ပြည်သူ့ဝန်ဆောင်မှုဖြန့်ချိရေးကိစ္စတွေအပြင် နိုင်ငံတော်(အစိုးရ)က တာဝန်ခံမှုရှိလာအောင်၊ ခွဲခြားဖယ်ကြဉ်ခံရတဲ့ လူ့အသိုင်းအဝိုင်းတွေကို ကိုယ်စားပြုမှုရှိလာအောင် လုပ်ရမယ့်ကိစ္စတွေမှာရော ဘာတွေလုပ်နိုင်ကြသလဲ။ ဒီမေးခွန်းအတွက်တော့ အထူးသဖြင့် အစ္စရေး လုပ်သမျှခံနေရပြီး၊ ခက်ခဲဆိုးရွားတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြရာမှာ လူမှုအဖွဲ့အစည်းတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ နှစ်လတာရှည် ပါဝင်နေတဲ့ သိမ်းပိုက်ခံ ပါလက်စတိုင်းပိုင်နက် (ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်း) ကိုကြည့်ရင် သိနိုင်ပါတယ်။ အစ္စရေးရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ ဂါဇာဗုံးကြဲတိုက်ခိုက်မှုကစလို့ အရှိန်အဟုန်နဲ့ နိုင်ငံတကာက သတိထားမလာမိကြခင်ကတည်းက ပါလက်စတိုင်း CSO တွေဟာ လူ့အခွင့်အရေး အလွဲသုံးစားမှုတွေကို မမောနိုင်မပန်းနိုင် မှတ်တမ်းတင်၊ ဥပဒေဆိုင်ရာ ဆန်းစစ်သုံးသပ်ချက်တွေ လုပ်ပေးပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) လို နိုင်ငံတကာအဖွဲ့အစည်းတွေဆီ တင်ပြတာ၊ သိမ်းပိုက်ခံနယ်မြေတွေက ပါလက်စတိုင်းတွေကို အားပေးကူညီတာတွေ လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ မဆုတ်မနစ် အားထုတ်ကြိုးပမ်းမှုတွေဟာ တောင်အာဖရိကအစိုးရနဲ့ ICJ တို့ရဲ့ အရေးယူဆောင်ရွက်မှုတွေ အပါအဝင် နိုင်ငံတကာ တရားမျှတမှုရဲ့ မကြာခင်က တိုးတက်ဖြစ်ထွန်းမှုတွေမှာ အခရာကျပါတယ်။ ဒါပေမဲ့ ဒီလိုအသက်တမျှအရေးကြီးတဲ့လုပ်ငန်းဟာ စိန်ခေါ်မှုမရှိဘဲ ပြီးမြောက်အောင်မြင်တာ မဟုတ်ပါဘူး။ အစ္စရေးအစိုးရဟာ ပါလက်စတိုင်း လူမှုအဖွဲ့အစည်းတွေကို တရားမဝင်အဖြစ် စာရင်းသွင်းနိုင်ဖို့၊ ပါးစပ်ပိတ်ပစ်ဖို့ အရပ်ဘက်အခင်းအကျင်းကို တစ်စထက်တစ်စ ကန့်သတ်ပိတ်ပင်တာတွေ လုပ်နေတာပါ။

 

အီဂျစ်ကနေ ဂါဇာကမ်းမြောင်ကို ဖြတ်ဝင်လာတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ တင်ထားတဲ့ကုန်ကားနောက်က လိုက်လာတဲ့ ပါလက်စတိုင်းတွေတွေ့ရပါတယ်။
အီဂျစ်ကနေ ဂါဇာကမ်းမြောင်ကို ဖြတ်ဝင်လာတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ တင်ထားတဲ့ကုန်ကားနောက်က လိုက်လာတဲ့ ပါလက်စတိုင်းတွေ (၂၁ ဇန်နဝါရီ ၂၀၂၅) ဓာတ်ပုံ - AP

လူမှုအဖွဲ့အစည်းအပေါ် နှိပ်ကွပ်ဖြိုခွင်းမှုတွေလုပ်တာ အစ္စရေးတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ကမ္ဘာအနှံ့မှာ ပါလက်စတိုင်းတွေဘက်က ရပ်တည်ကြသူတွေ၊ အစ္စရေးရဲ့ လုပ်ရပ်တွေမှာ ကြံရာပါအဖြစ် ရပ်တည်နေကြတဲ့ အစိုးရတွေ တာဝန်ခံမှုရှိဖို့ လုပ်ဆောင်နေသူတွေဟာလည်း သူတို့ရဲ့ အရပ်ဘက်အခင်းအကျင်းကိုယ်စီမှာ ပြင်းပြင်းထန်ထန် ကန့်သတ်မှုတွေ ကြုံကြရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဥပမာအားဖြင့် ဂါဇာဒေသနဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်ပြီး စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ လွတ်မြောက်ရေး လှုပ်ရှားမှုတွေ ဖော်ဆောင်နေကြတဲ့ ကျောင်းသားအဖွဲ့အစည်းတွေဟာလည်း ရဲတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ကြရပြီး ဆေးရုံတင်ရလောက်အောင် ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာ၊ မိခင်နိုင်ငံ ပြန်ပို့ခံရတာနဲ့ ဥပဒေကြောင်းအရ ရှင်းလင်းပြတ်သားတဲ့ အကြောင်းပြချက်မရှိဘဲ ပြစ်ဒဏ်ပေးခံရတာတွေကို ပေါ်ပေါက်ခဲ့ပါတယ်။

 

ဒါ့အပြင် ရပ်ဝေးမြေခြားဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက အခြေအနေတွေဟာလည်း ကမ္ဘာအနှံ့ အရပ်ဘက်အခင်းအကျင်းတွေ ကျဉ်းမြောင်းပိတ်ဆို့လာတဲ့ ရေစီးကြောင်းကို ထင်ဟပ်ပြသနေပါတယ်။ ၂၀၂၂ ခုနှစ်က သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ကနဦးက မျှော်လင့်ချက်တွေ ရှိခဲ့ကြပေမယ့် ဖိလစ်ပိုင်မှာ အရပ်ဘက် လှုပ်ရှားဆောင်ရွက်မှုတွေ အဟန့်အတားတွေနဲ့ ပြင်းပြင်းထန်ထန် ကြုံနေရဆဲပါ။ ၂၀၂၀ ပြည့်နှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကြောင့် အစိုးရဟာ ဘယ်အုပ်စုကိုမဆို အကြမ်းဖက်သမားလို့ တံဆိပ်ကပ်ခွင့်ရှိပြီး၊ လူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ တရားစွဲဆိုမှုမပြုဘဲ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းချုုပ်ကိုင်တာတွေ လုပ်ခွင့်ရှိသွားပါတယ်။ ဒီဥပဒေဟာ တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားဖို့မဟုတ်ပါဘူးလို့ အစိုးရက ကတိပြုထားပေမယ့် သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး အရပ်ဘက်အဖွဲ့တွေအပေါ် အပါအဝင် အဲဒီရည်ရွယ်ချက်အတိုင်း တိတိကျကျ ကျင့်သုံးနှိပ်ကွပ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုကြပါတယ်။ နိုင်ငံတော်(အစိုးရ)ဦးစီးတဲ့ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးမှာ ဖိလစ်ပိုင်နိုင်ငံက သိသိသာသာ တိုးတက်မှုတွေ ရှိပေမယ့် အရပ်ဘက်အခင်းအကျင်း ကျဉ်းမြောင်းကျပ်တည်းနေတာဟာ လူသားချင်းစာနာရေး လုပ်ကိုင်ဆောင်ရွက်ချက်တွေမှာ အားလုံးအကျုံးဝင် ဆောင်ရွက်နိုင်ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ လူမှုအဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်နေသူတွေက အစိုးရရဲ့ တာဝန်ခံရေးအတွက် မလုပ်ကိုင်နိုင်အောင် ကန့်သတ်ခံထားရရင် ခွဲခြားဖယ်ကြဉ်ခံရသူ လူအုပ်စုတွေရဲ့ အခွင့်အရေးတွေက ဘယ်နှယ့်လုပ်ပြီး ဖြစ်နိုင်ပါဦးမလဲ။

 

ဒါတွေက လူသားချင်းစာနာမှုစနစ်ကြီးနဲ့  ဘယ်လိုပတ်သက်နေသလဲ

 

အရပ်ဘက်အခင်းအကျင်းတွေ ကျဉ်းမြောင်းပိတ်ဆို့လာမှုနဲ့အတူ NGO တွေက ဝန်ဆောင်မှုဖြန့်ချိရေးဘက် ခြေဦးလှည့်သွားတဲ့ ရေစီးကြောင်းကြီး ရှိနေတာကို အသိအမှတ်ပြုပြီ၊ လက်ခံပြီဆိုရင် ပစ္စက္ခအခြေအနေတွေမှာ လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံတော် (အစိုးရ) ကြားက အားပြိုင်မှုတွေအပေါ် သက်ရောက်မှုရှိအောင် လူသားချင်းစာနာရေး စနစ်ကြီးနဲ့ ရန်ပုံငွေတွေက ဘယ်လိုလုပ်ကြမလဲ။ အကျပ်အတည်းဆိုက်နေတဲ့ အခင်းအကျင်းတစ်ခုဆီကို လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုတွေ ထုနဲ့ထည်နဲ့ စီးဆင်းသွားတဲ့အခါ CSO တွေဟာ သူတို့ရဲ့ မူလလက်ရင်း အချုပ်အခြယ်အကန့်သတ်ခံ ဘဝကနေ လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေကို စွန့်ခွာထားရစ်ခဲ့ပြီး လတ်တလော လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရေး အားထုတ်ဆောင်ရွက်မှုတွေဘက် ခြေဦးလှည့်သွားနိုင်ပါတယ်။ ပါလက်စတိုင်းတွေက သူတို့အခွင့်အရေးတွေနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမှာ သိသာမြင်သာတဲ့ ကိစ္စပါ။ သိမ်းပိုက်ခံ ပါလက်စတိုင်းပိုင်နက်တွေထဲက လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုတွေကတော့ အစ္စရေးရဲ့ နယ်မြေသိမ်းပိုက်မှု၊ ဘယ်အချိန်မှ အဆုံးသတ်မယ်မသိနိုင်တဲ့ သွားလာရေး ပိတ်ဆို့မှုနဲ့ အာဏာချိန်ခွင်လျှာ မမျှမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ ကြမ်းကြုတ်ရက်စက်တဲ့ နိုင်ငံရေးအရှိတရားတွေနဲ့ ကင်းကွာနေဆဲပါ။ ပါလက်စတိုင်းတွေအတွက် ဘဝကို ဂုဏ်သိက္ခာနဲ့ နေထိုင်ရှင်သန်နိုင်ဖို့ အားဖြည့်ပေးမယ့်အစား နိုင်ငံတကာ လူသားချင်းစာနာရေး စနစ်ကြီးရဲ့ လုပ်ကိုင်သမျှဟာ သူတို့ကို ပေးတာယူ ကျွေးတာစား ထားရာနေဘဝကို တွန်းပို့ပေးနေတဲ့ အစီအစဉ်ကြီးရဲ့ အစိတ်အပိုင်းတစ်ရပ်လောက်သာ ဖြစ်နေမှာပါ။ လူသားချင်းစာနာရေး ရန်ပုံငွေတွေကြောင့် မရောင်ရာဆီလူး လုပ်ခိုင်းနေချိန်မှာ လူမှုအဖွဲ့အစည်းတွေက အစိုးရကို တာဝန်ခံစေဖို့ ဘယ်လိုများ လုပ်နိုင်ကြပါ့မလဲ။

 

အီသီယိုးပီးယား၊ မြန်မာနဲ့ ဆီးရီးယား နိုင်ငံတွေမှာ ဥပမာပြရရင် နိုင်ငံတကာ NGO တွေက စနစ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းရမယ့်အစား ပြည်သူ့ဝန်ဆောင်မှုဖြန့်ချိရေးလောက်ကိုပဲ များသောအားဖြင့် ဦးစားပေးကြပါတယ်။

 

ဆယ်စုနှစ်ပေါင်းများစွာကြာအောင် သိမ်းပိုက်ခံပါလက်စတိုင်းနယ်မြေတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ထည့်ဝင်ထားတဲ့၊ ဒေါ်လာသန်းထောင်ချီတဲ့ ကူညီပံ့ပိုးမှုတွေကို ခွဲတမ်းချဖြန့်ဝေပေးနေပေမယ့် ပင်မဇစ်မြစ် အကြောင်းတရားဖြစ်တဲ့ အစ္စရေးရဲ့ နယ်မြေသိမ်းပိုက်မှုနဲ့ ပါလက်စတိုင်းတွေရဲ့ ဘဝမျက်နှာစာပေါင်းစုံနီးပါးမှာ ဝင်ရောက်ခြယ်လှယ်နေတာကိုတော့ ထိထိရောက်ရောက် ဖြေရှင်းမှုမရှိပါဘူး။ ဂါဇာမှာ အဲဒီသံသရာလည်နေတာက အဆိုးတကာ့ အဆိုးဆုံးပေါ့။ အကြမ်းဖက်မှု၊ ရွှေ့ပြောင်းသွားလာမှု ကန့်သတ်ချက်၊ စီးပွားရေးအရ လည်မျိုညှစ်ခံထားရမှု၊ အခြေခံ ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ပိတ်ပင်မှုဆိုတဲ့နည်းတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဆိုက်အောင် အစ္စရေးက ဖန်တီးနေ၊ သက်ဆိုးရှည်အောင် ဆွဲဆန့်နေတာပါ။ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေက သူတို့ဝင်ရောက်လုပ်ကိုင်ခွင့် ဆက်ရနေဖို့အတွက် အစ္စရေးရဲ့ ကန့်သတ်ချက်တစ်ပုံတစ်ခေါင်းကို လိုက်နာနေကြရပါတယ်။ ဒီအခင်းအကျင်းကြီးမှာ အစ္စရေးက နယ်မြေတွေဆက်သိမ်း၊ အကြမ်းဖက်မှုတွေ ဆက်အရှိန်မြှင့်ခွင့်ရနေပြီး၊ ကူညီပံ့ပိုးရေးကဏ္ဍကြီးကလည်း လူသားချင်းစာနာ‌ရေး ဝင်ရောက်ဖြေရှင်းမှုတွေ လိုသထက် လိုလာစေမယ့် ပါဝါချိန်ခွင်လျှာမမျှအခြေအနေတွေဆီ အမှတ်တမဲ့နဲ့ တွန်းပို့ပေးနေပါတယ်။

 

တခြားအခင်းအကျင်းတွေမှာလည်း အလားတူ အနေအထားတွေ ပေါ်ပေါက်လာတာ တွေ့ရပါတယ်။ HPG ရဲ့ လာမယ့်သုတေသနမှာ လတ်တလော လိုအပ်ချက်တွေ ပြေလည်ရေးနဲ့ အကျပ်အတည်းရဲ့ မူလဇစ်မြစ် အကြောင်းတရားကို ဖြေရှင်းရေးကြားက ပြင်းထန်တဲ့ လွန်ဆွဲမှုတွေအကြောင်း အသားပေးတင်ပြထားပါတယ်။ အီသီယိုးပီးယား၊ မြန်မာနဲ့ ဆီးရီးယား နိုင်ငံတွေမှာ ဥပမာပြရရင် နိုင်ငံတကာ NGO တွေက စနစ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းရမယ့်အစား ပြည်သူ့ဝန်ဆောင်မှုဖြန့်ချိရေးလောက်ကိုပဲ များသောအားဖြင့် ဦးစားပေးကြပါတယ်။ အင်တာဗျူးဖြေပေးသူတွေ အများအပြားရဲ့ အဆိုအရ လူသားချင်းစာနာမှုစနစ်ကြီးဟာ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကို အလေးဂရုပြုကြတဲ့ အရပ်ဘက် လှုပ်ရှားဆောင်ရွက်မှုတွေအဖို့ အဓိက အတားအဆီးကြီး ဖြစ်နေတယ်လို့ ရှုမြင်ကြပါတယ်။ ဒီလိုဖြစ်စေတဲ့ထဲမှာ အစိုးရရဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေ အပါအဝင် အကြောင်းတရားပေါင်းများစွာ ရှိ‌နေတာပါ။ ဒါပေမဲ့ (အလှူရှင်တွေရဲ့) တင်းကျပ်တဲ့ ကိုက်ညီရေး သတ်မှတ်ချက်တွေနဲ့ အမြဲတစေ တွဲဖက်နေတဲ့ ပြည်ပရန်ပုံငွေတွေပေါ် မှီခိုအားကိုးခြင်းဟာ သူတို့အထိုင်နဲ့သူတို့ အဓိပ္ပါယ်ပြည့်ဝတဲ့ လူမှုဝန်းကျင် အပြောင်းအလဲတွေကို ကြိုးစားဖော်ဆောင်ရမယ့်အစား အလှူရှင်တွေရဲ့ ဦးစားပေးမူတွေနဲ့ မကိုက်ကိုက်အောင် ဖိအားပေးရာ ရောက်သွားစေပါတယ်။

 

လူသားချင်းစာနာရေးကဏ္ဍအပေါ် ဝေဖန်ကြတာတွေကတော့ ဘာမှ အသစ်အဆန်း မဟုတ်ပါဘူး။ (အယ်လ်ဂျာဇီးရား သတင်းဌာနက ဆောင်းပါးတစ်ပုဒ်မှာ) စာရေးသူ ဟာလာအယ်လ်ကာရီဘ်ရဲ့ အာဘော်အရ အခုခေတ် အာဖရိကဦးချိုဒေသက အရပ်ဘက်အခင်းအကျင်းတွေထဲမှာ NGO တွေကပဲ လွှမ်းမိုးခြယ်လှယ်နေကြပါသတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း သူထောက်ပြတဲ့အတိုင်း ‘အရပ်ဘက်အခင်းအကျင်းမှာ NGO ဇာတ်သွင်းခံရ’တာ တွေ့ရပြီး နိုင်ငံတကာ NGO တွေက သူတို့ဟောချင်တဲ့တရားဟောပြီး ပုံဖော်နေကြပါတယ်။ အရပ်ဘက် လှုပ်ရှားဆောင်ရွက်မှုတွေဟာ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် တစ်ဆင့်ချင်းတက်လှမ်းရမယ့် လှုပ်ရှားမှုတွေအစား နိုင်ငံတကာက ချမှတ်ပေးထားတဲ့ ကိစ္စရပ်(issue) တွေပေါ် အခြေခံတဲ့ အစီအစဉ်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲလာတာဟာ ပြဿနာရှိပါတယ်။

 

ဒီဝေဖန်ထောက်ပြချက်အတွက် ဥပမာကောင်းကောင်း ပေးနိုင်တာကတော့ ဆူဒန်မှာ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူတွေအတွက် အရေးကြီးတဲ့ လူမှုဝန်ဆောင်မှုတွေ ပံ့ပိုးပေးတဲ့ ရပ်ရွာအခြေပြုလုပ်ကိုင်သူတွေရဲ့ ကွန်ရက်တစ်ခုဖြစ်တဲ့ Emergency Response Rooms (ERRs) ဖြစ်ပါတယ်။ အပြန်အလှန် ဖေးထူကူမကြတဲ့ ဓလေ့ထုံးစံပေါ်မှာ အခြေခံထားတဲ့ ERR အဖွဲ့တွေဟာ သက်ဆိုင်ရာ ရပ်ရွာတွေကို ကူညီပံ့ပိုးဖို့ အလွတ်သဘော ဖွဲ့စည်းထားကြတာပါ။ အစိုးရယန္တရားကင်းမဲ့နေချိန်မှာတောင် သူတို့ဟာ အောက်ခြေလူ့အသိုင်းအဝိုင်းတွေထိ စီမံအုပ်ချုပ်ရေးကိစ္စတွေကို တီထွင်ဆန်းသစ်တဲ့ စံနမူနာကောင်းတွေနဲ့ လုပ်ကိုင်နိုင်ခဲ့ကြလို့ နိုင်ငံတကာရဲ့ ချီးမွမ်းထောမနာပြုတာ ခံရပေမယ့် EER ကြောင့် တက်ကြွလှုပ်ရှားမှုကိစ္စပေါင်းစုံမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သူတွေကို လမ်းချော်သွားတာလည်း တွေ့ရပါတယ်။ ရလဒ်အားဖြင့်တော့ အသက်ကယ်ရေး ကူညီပံ့ပိုးမှုတွေမှာ အာရုံစူးစိုက်ရတာကြောင့် တရားမျှတမှုအတွက် လုပ်ကိုင်ဆောင်ရွက်မှုတွေ နယ်ပယ်ကျဉ်းမြောင်းသွားစေပါတယ်။

 

လူမှုအဖွဲ့အစည်း၊ နိုင်ငံတော်နဲ့ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းမှုတွေမှာ ဘာတွေ ကြုံရဦးမလဲ

 

ကိုဗစ်-၁၉ ကပ်ရောဂါပဲဖြစ်ဖြစ်၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပဲဖြစ်ဖြစ် တုံ့ပြန်ဖြေရှင်းရာမှာ နိုင်ငံတော်(အစိုးရ) မျက်မှောက်မှာဖြစ်စေ၊ မျက်ကွယ်မှာဖြစ်စေ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေက အခရာကျခဲ့ကြပါတယ်။ ဒီနေ့ခေတ် ဆိုမာလီဟာ ၁၉၉၁ ခုနှစ်တုန်းက ဆိုမာလီနဲ့ ခေါ်မကြားအော်မကြား အဝေးကြီးကို ရောက်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ အုပ်ချုပ်ရေးပိုကောင်းလာသလို၊ သန်းထောင်ချီတဲ့ ကြွေးမြီတွေက ကျွတ်လွတ်၊ အရှေ့အာဖရိက နိုင်ငံများအသိုက်အဝန်းရဲ့ အဖွဲ့ဝင်ဖြစ်လာပြီး၊ အယ်လ်ရှာဘပ်က ပိုင်နက်တွေကို လက်ရပြန်ယူနိုင်လာတဲ့အပြင် လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ခံထားခဲ့ရာက‌ ပြန်ကင်းလွတ်ခွင့်ရပြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။ ဒါပေမဲ့တိုင်းပြည်ကြီး အလဲလဲအပြိုပြို ဖြစ်နေချိန်မှာ အားယူထူထောင်ခဲ့တဲ့ လူမှုအဖွဲ့အစည်းတစ်ခုအတွက် ဒီတိုးတက်မှုတွေက ဘယ်လိုသဘော ဆောင်သလဲ။ ဖိလစ်ပိုင်မှာဆိုလည်း နိုင်ငံတော် (အစိုးရ)က အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးအတွက် ထိထိရောက်ရောက် ဦးဆောင်ဦးရွက်ပြုလာနိုင်ချိန်မှာ အရပ်ဘက်အခင်းအကျင်းတွေ ကျပ်တည်းကျဉ်းမြောင်းသွားတာကြောင့်ရော ဘာတွေဖြစ်လာဦးမလဲ။

 

ပြင်ပက တင်သွင်းလာကြတဲ့ လူသားချင်းစာနာရေး စံနမူနာတွေဟာ ပိုလို့အဝေဖန်ခံလာရပြီး ဒီကဏ္ဍနယ်ပယ်အတွင်း ကိုလိုနီလွှမ်းမိုးမှုကို ဖယ်ရှားလျှော့ချရေး (decolonization) ဆော်ဩသံတွေ ညံနေတဲ့အချိန်မှာ နိုင်ငံတကာက လွှမ်းမိုးခြယ်လှယ်နေပြီး ခုလက်ရှိထိ ခေါင်းမော့ရင်ကော့နေတဲ့ လူသားချင်စာနာရေး မိုဒယ်ကြီးရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲ။

 

နိုင်ငံတော်(အစိုးရ) ဦးစီးတဲ့ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးတွေနဲ့ ပတ်သက်တဲ့ အားပြိုင်မှုတွေကို ဘယ်လိုဆိုရင် အဓိပ္ပါယ်ရှိနိုင်တယ်ဆိုတာကို ခေတ်ပြိုင် လူမှုအဖွဲ့အစည်းတွေဘက်က ကြည့်ရင်တော့ နားလည်နိုင်စရာ ရှိပါတယ်။

  • စေတနာတွေဘယ်လောက်ကောင်းကောင်း လူသားချင်းစာနာရေး အားထုတ်ဆောင်ရွက်ချက်တွေက နိုင်ငံတော် (အစိုးရ)နဲ့အတူ စနစ်ယန္တရားတွေ ပြောင်းလဲရေးအတွက် တိုက်တွန်းဆော်ဩနေတဲ့ လူမှုအဖွဲ့အစည်းရဲ့ အစွမ်းအစကို ချည့်နဲ့ အားယုတ်စေသလား။

  • နိုင်ငံတော်(အစိုးရ) နဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ ထိခိုက်ခံစားလွယ်၊ ခွဲခြားဖယ်ကြဉ်ခံရတဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတွေအတွက် ကိုယ်စားပြုနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ CSO တွေရဲ့ အခန်းကဏ္ဍအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ။

  • ကြီးစိုးလွှမ်းမိုးနေတဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး စနစ်ယန္တရားကြီးရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေကြတဲ့  CSO တွေကရော ဘယ်လိုတွေ ‘တစ်ခါလာ မဲပြာပုဆိုး’ လုပ်နေကြလဲ။ နိုင်ငံတော်(အစိုးရ)ရဲ့ အကျပ်အတည်း ဖြေရှင်းရေးတွေကို ဘယ်လို ကန့်သတ်နေကြလဲ။

  • လက်တွေ့မြေပြင်အုပ်ချုပ်သူ (de facto) ဒါမှမဟုတ် အသိအမှတ်ပြု မခံရတဲ့ နိုင်ငံတော်(အစိုးရ)တွေနဲ့ ပတ်သက်လို့ရော ဘာတွေ လုပ်ကြရမလဲ။

 

နိုင်ငံတော်(အစိုးရ)ဦးစီးတဲ့ ပဋိပက္ခ တုံ့ပြန်ဖြေရှင်းရေးနဲ့ပတ်သက်တဲ့ သုတေသနနဲ့ တိုက်တွန်းနှိုးဆော်မှုတွေရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လာမယ့်သုံးနှစ်တာအတွင်းမှာ HPG က ဒီလိုအကြောင်းအရာတွေကို လေ့လာဆန်းစစ် တင်ပြမှာဖြစ်လို့ နားစွင့်ထားကြပါဦး။ တစ်ကမ္ဘာလုံးနဲ့ချီတဲ့ လူသားချင်းစာနာမှုစနစ်ကြီးရဲ့ ပြဿနာတွေကို အတွေးအမြင်ဆောင်းပါးသုံးစောင်တွဲမှာ တင်ပြထားသလောက်နဲ့ အရပ်တကာလှည့် အပေါက်တကာ ဖာထေးနိုင်ဖို့ ဘယ်ပြည့်စုံနိုင်ပါ့မလဲ။ စနစ်တကျ တွေးခေါ်ပြီး အရေးတကြီး ကိုင်တွယ်ဖြေရှင်းမှ ဖြစ်မှာပါ။ စာရေးသူတို့ရဲ့ လုပ်ငန်းစဉ်ကြီးက ‌ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကိုင်သလို ဖြစ်နေပြီး လူသားချင်းစာနာမှုနယ်ပယ်ရဲ့ ပြင်ပက ရှုမြင်သုံးသပ်ပုံတွေလည်း အများကြီး ရှိဦးမှာပါ။ HPG ရဲ့ ရှုမြင်ချက်တွေက ကွဲလွဲနေရင်လည်း ခွင့်ပြုစေချင်ပါတယ်။ ဒါဟာ ကမ္ဘာနဲ့ချီတဲ့ မျက်မှောက်ခေတ်စိန်ခေါ်မှုတွေနဲ့ လူသားချင်းစာနာမှုဝါဒရဲ့ နယ်စုံကဏ္ဍစုံကို သုံးသပ်တွေးတောကြည့်တာသာ ဖြစ်ပါတယ်။ လူသားချင်းစာနာမှု စနစ်ယန္တရားကြီး ကောင်းတဲ့ဘက် ပြောင်းလဲလာဖို့အတွက် အားသစ်လောင်းရင်း ဒီထက်ပိုစုံလင်တဲ့ လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ဆက်ထိတွေ့နိုင်ဖို့ မျှော်လင့်လျက်ပါ။

 

မူရင်းဆောင်းပါး - Holding states to account: do humanitarians undermine civil society? 


 

ဆောင်းပါးရှင် ဇိုင်နပ်မွယ်လင် (Zainab Moallin) ဟာ ODI ရဲ့ လူသားချင်းစာနာမှု မူဝါဒရေးရာအဖွဲ့ (Humanitarian Policy Group) မှာ သုတေသနအရာရှိတစ်ဦးဖြစ်ပါတယ်။ အရင်က ALNAP (Active Learning Network for Accountability and Performance) အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် လူသားချင်းစာနာမှုစနစ် အစီရင်ခံစာပြုစုရာမှာ ပါဝင်ခဲ့ပြီး အာဖရိကဦးချိုဒေသက အရေးပေါ်အခြေအနေတွေအတွင်း ကျား-မ,အခြေပြု အကြမ်းဖက်မှု၊ မိုးခေါင်ရေရှားမှုကပ်ဘေး ဖြေရှင်းမှု အပါအဝင် ကျယ်ပြန့်တဲ့အကြောင်းအရာတွေကို ယူကေအခြေစိုက် CARE International အဖွဲ့နဲ့အတူ သုတေသနပြုခဲ့သူလည်း ဖြစ်ပါတယ်။ ဇိုင်နပ်ဟာ လန်ဒန်စီးပွားရေးတက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးနဲ့ သမိုင်းဘာသာရပ်တွေနဲ့ ဘွဲ့ယူခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ မဟာဘွဲ့ရထားသူ ဖြစ်ပါတယ်။

1 Comment


Guest
Feb 26

ရှယ်ပါတယ်😍


Like
bottom of page