လက်တွေ့မြေပြင်အုပ်ချုပ်သူတွေနဲ့ လူသားချင်းစာနာမှုစနစ်ရဲ့ သက်ရောက်ပုံတွေက ဘယ်လိုတွေ ရှိသလဲ
ကမ္ဘာ့ ဉာဏ်ကြီးရှင်အဖွဲ့တစ်ခုဖြစ်တဲ့ ODI ရဲ့ ဝက်ဘ်ဆိုက်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က ဆောင်းပါးရှင် အလက်ဇန္ဒြာ စပင်ဆာနဲ့ ဂျွန်ဘရိုင်ယန့်တို့ရဲ့ “Seeing beyond ‘the State’: De Facto Authorities and Humanitarian System Implications” ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးဟာ ODI ရဲ့ လူသားချင်းစာနာမှု မူဝါဒရေးရာအဖွဲ့ (HPG) က ၂၀၂၄-၂၀၂၇ အတွင်း နယ်ပယ်သုံးခုမှာ သုတေသန ပြုလုပ်ပြီး ကူညီဖြေရှင်းပေးနိုင်မယ့် တွေ့ရှိချက်တွေကို ရှာဖွေတဲ့ အတွေးအမြင်စာတမ်း သုံးစောင်တွဲထဲမှာ ဒုတိယစာတမ်းလည်း ဖြစ်ပါတယ်။ (ပထမဆောင်းပါးကိုလည်း CENCS ရဲ့ ထွေရာလေးပါးကဏ္ဍမှာ “လူသားချင်းစာနာမှုလား၊ နိုင်ငံတော်ဆန့်ကျင်ရေးလား” ဘလော့ဂ်အဖြစ် တင်ပြခဲ့ပါသေးတယ်။) ဒီဆောင်းပါးမှာလည်း မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ တွေးတောစရာများလည်း ပါဝင်နေတဲ့အတွက် CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးပါရစေ။ မူရင်းဆောင်းပါးထဲက ဆောင်းပါးရှင်တွေရဲ့ ရည်ညွှန်းကိုးကားချက်တွေကို ဘာသာပြန်ရာမှာ ထည့်သွင်းမထားတာကို နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။ အသေးစိတ် ဆက်စပ်ဖတ်ရှုလိုသူတွေအဖို့ မူရင်းဆောင်းပါးမှာ တိုက်ဆိုင်စစ်ဆေးပြီး ရှာဖွေလေ့လာနိုင်ပါတယ်။
ကမ္ဘာ့လူသား သန်းပေါင်း ၂၀၀ နီးပါးဟာ နိုင်ငံတော် (အစိုးရ) မဟုတ်တဲ့ လက်နက်ကိုင်အစုအဖွဲ့တွေက အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နေထိုင်နေကြရပါတယ်။ အားလုံးအကျုံးဝင်တဲ့ လူသားချင်းစာနာရေး တုံ့ပြန်ဆောင်ရွက်မှုတွေ တကယ်ဖြစ်လာဖို့ဆိုရင်...
ပြီးခဲ့တဲ့ ဆယ်စုနှစ်ထဲမှာ နိုင်ငံတကာရေးရာတွေနဲ့ ပတ်သက်ရင် “နိုင်ငံတော်(အစိုးရ)တွေဆီပဲ ပြန်ခြေဦးလှည့်ကြစို့” ဆိုတဲ့ အလှည့်အပြောင်းတစ်ခု မြင်ခဲ့ရပါတယ်။ ယူကရိန်းနဲ့ ဂါဇာဒေသတွေမှာ အရပ်သားပြည်သူတွေကို ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအပေါ် ကမ္ဘာ့တုံ့ပြန်မှုတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် (အထူးသဖြင့် ကာကွယ်ဆေး ရရှိနိုင်မှုလို) မြင့်မြင့်မားမားကွာဟနေတဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေမှာ မျက်ဝါးထင်ထင် မြင်ခဲ့ရတာတွေကို ကြည့်လိုက်ရင် “မူပေါ်အခြေခံတဲ့ နိုင်ငံတကာ အခင်းအကျင်း” လို့ ခေါ်ဝေါ်သမုတ်ကြတဲ့ဖွဲ့စည်းမှုကြီး ပြိုကွဲသွားခဲ့ပါပြီ။ ဒီလို ရွက်ဟောင်းအဖြစ်ကြွေကျသွားရတဲ့ အခင်းအကျင်းနေရာမှာ ပြည်သူတွေရဲ့ ဘေးကင်းရန်ကွာ ကျန်းမာရွှင်လန်းရေးအတွက် တာဝန်ရှိမှုနဲ့အညီ ပြည်တွင်းအုပ်ချုပ်စီမံနိုင်မှုနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်မှုတွေရဲ့ အခြေခံယူနစ်အဖြစ် နိုင်ငံတော်(အစိုးရ)တွေကို ပြန်လည်အာရုံစူးစိုက်မှုတွေက ရွက်သစ်တွေအဖြစ် အစို့အညှောက်ပေါ်ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ လူသားချင်းစာနာရေး တုံ့ပြန်မှုတွေမှာတော့ ရွက်သစ်လောင်းလာတဲ့ နိုင်ငံတော်(အစိုးရ) အပေါ် အလေးထားမှုတွေက တညီတညာတည်း ရှိနေတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ဧရာမ INGO ကြီးတွေကို ဗဟိုပြုလည်ပတ်ပြီး နိုင်ငံတကာက လွှမ်းမိုးကြီးစိုးနေတဲ့ လူသားချင်းစာနာမှု စနစ်ကြီးကတော့ လူသားချင်းစာနာမှု စည်းမျဉ်းမူဘောင်တွေနဲ့ညီညွတ်ဖို့၊ လွတ်လပ်မှုရှိရှိ အမှီအခိုကင်းကင်း လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နိုင်ငံတော် (အစိုးရ)တွေနဲ့ သူတို့ကြားမှာ အစဉ်အလာမပျက် စည်းခြားထားကြဆဲ ဖြစ်ပါတယ်။ လူသားချင်း စာနာမှုရှုထောင့်အရ လူ့အသက်တွေကို ကယ်တင်ဖို့ ဦးထိပ်ထားရတာ အင်မတိအင်မတန် အရေးကြီးတာမှန်ပေမယ့် စီမံအုပ်ချုပ်ရေးနဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ပြေလည်ရေးတို့လို ပိုကျယ်ပြန်တဲ့ ထည့်စဉ်းစားစရာကိစ္စတွေကို မျက်နှာလွှဲခဲပစ်ပြုရာရောက်သွားတာမျိုး မကြာခဏ ကြုံဖူးကြမှာပါ။
လူသားချင်းစာနာမှုမှန်ပြောင်းထဲက ကြည့်ရင်တော့ နိုင်ငံတော် (အစိုးရ) တွေကို “အိမ်ဦးနတ် ဖခင်အရိုက်အရာ” ကနေပေမယ့် လုံလောက်တဲ့အစွမ်းအစမရှိ၊ အကျင့်ပျက်ခြစား ဒါမှမဟုတ် ခြိမ်းခြောက် အန္တရာယ်ပေး၊ ကိုယ်တိုင်က ပြဿနာကောင်ဖြစ်နေတဲ့အပြင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ရမယ့် သူတွေအဖြစ် ရှုမြင်ကြလေ့ရှိပါတယ်။ အခုလို ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု စနစ်ကြီးက ခြေကုန်လက်ပမ်းကျနေပြီး များသောအားဖြင့် နိုင်ငံတော် (အစိုးရ)တွေကပဲ အပီအပြင်ကိုင်တွယ် ဖြေရှင်းရတဲ့အချိန်မှာ (အစိုးရတွေနဲ့ လူသားချင်းစာနာရေးသမားတွေကြား) ကင်းကင်းရှင်းရှင်း ဖြစ်ရမယ်ဆိုတာဟာ ရေရှည်တည်တံ့မှုကို မပေးနိုင်သလို မလိုလားအပ်တဲ့ကိစ္စလည်း ဖြစ်လာပါတယ်။
မျက်နှာမွဲ လက်တွေ့မြေပြင် အုပ်ချုပ်သူအစိုးရများ
လူသားချင်းစာနာမှုလိုအပ်ချက်တွေရှိနေတဲ့ နေရာဒေသတွေက အုပ်ချုပ်ရေးတည်ဆောက်ပုံတွေနဲ့ စပ်ယှဉ် စဉ်းစားကြည့်တဲ့အခါ နိုင်ငံတော် (အစိုးရ)တွေကို ပြန်အာရုံစိုက်ဖို့ လိုအပ်ချက်ဟာ ထင်ထားတာထက် ရှုပ်ထွေးပွေလီပါတယ်။ အဲသလိုနေရာတွေမှာ အစိုးရစီမံအုပ်ချုပ်ရေးဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီး နိုင်ငံတော်(အစိုးရ)သဖွယ် ဆောင်ရွက်နေသူတွေကို ကျယ်ပြန့်တဲ့ နိုင်ငံတကာစနစ်ကြီးက အသိအမှတ် မပြုဘဲ ထားမိတတ်ကြပါတယ်။ အဲဒီထဲမှာ သက်ဆိုင်ရာဒေသကို လက်တွေ့အုပ်ချုပ်နေသူတွေ (de facto states)လည်း ပါပါတယ်။ သူတို့ဟာ တန်းညီတဲ့သူတွေအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုမှုခံရစရာ အရည်အသွေးတွေနဲ့ ညီညွတ်နေဦးတော့ ကမ္ဘာ့သံတမန်ခင်းမှာ အတန်အသင့် ဖယ်ထုတ်ခံထားရသူတွေ ဖြစ်နေပြီး လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးမှုနဲ့ တခြားဘဏ္ဍာရေးအထောက်အပံ့တွေကို လက်လှမ်းမမီကြပါဘူး။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ နိုင်ငံတော် (အစိုးရ) တွေ မစွမ်းဆောင်နိုင်တဲ့ ပြည်သူ့ ဝန်ဆောင်မှုတွေနဲ့ အစိုးရစီမံအုပ်ချုပ်ရေးတွေကို ပေးစွမ်းနိုင်ကြတဲ့ အဲသလို လက်တွေ့(de facto) အုပ်ချုပ် နေသူတွေဟာ ပြည်တွင်းတရားဝင်မှုကိုလည်း သိသိသာသာ ရရှိကောင်း ရရှိနေနိုင်ကြပါတယ်။
နိုင်ငံတော်(အစိုးရ)အဖြစ် ရပ်တည်မှု (statehood) ဆိုတဲ့စကားလုံးကိုတောင် ဝေဝေဝါးဝါးလောက်ပဲ ဖွင့်ဆိုနိုင်တဲ့အချိန်မှာ de facto လို့ တံဆိပ်ထပ်တိုးကပ်ရတဲ့အခါ အနက်ဖွင့်ပုံ တစ်မျိုးမက ရှိလာပါတယ်။ လက်တွေ့မြေပြင်က အစိုးရအုပ်ချုပ်သူ (de facto state) လို့ပြောရင် ဘယ်လို အရည်အသွေးတွေ ပါဝင်ရမယ်လို့ အမျိုးအစားခွဲခြားသတ်မှတ်ဖို့ ခက်ပါတယ်။ ဆီးရီးယားမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသ ကာဒစ်ရှ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ (AANES) ကနေ ထိုင်ဝမ်အထိ မဆုံးတမ်း စာရင်းချရေးကြည့်ရင် အဲသလိုအုပ်ချုပ်သူတွေဟာ ကိုယ်ပိုင်စီရင်ဆုံးဖြတ်ပိုင်ခွင့် အမျိုးမျိုး၊ နိုင်ငံတကာ အသိအမှတ်ပြုမှု အဆင့်အတန်းအမျိုးမျိုးကို ရရှိထားကြတာပါ။ သူတို့တွေဟာ ကုလသမဂ္ဂရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်တွေ မဟုတ်သလို (တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံဖြစ်တိုင်းလည်း အသိအမှတ်ပြုမှု တစ်စွန်းတစ်စပဲ ရကြတဲ့နိုင်ငံတွေ ရှိနေပါတယ်) လက်တွေ့မြေပြင်က အသိအမှတ်ပြုမခံရတဲ့ အစိုးရအုပ်ချုပ်သူ (de facto state) တွေဟာ “နိုင်ငံတော်(အစိုးရ)အဖြစ် ကိုယ်တွေ့လက်တွေ့ လုပ်နေရပေမယ့် တရားဝင်တယ်လို့ နိုင်ငံတကာသိရှိလက်ခံမှု၊ ကမ္ဘာအဆင့် နှီးနှောဖလှယ်ပွဲကြီးတွေမှာ လွှမ်းမိုးပါဝင် ဆုံးဖြတ်ချက်ချခွင့်တို့ မရဘဲဖြစ်နေပါတယ်။ ဒီစိန်ခေါ်မှုတွေအပြင် သူတို့ရဲ့ နယ်နိမိတ်နဲ့ နယ်မြေထိန်းချုပ်မှုတွေဟာ အငြင်းပွားဖွယ်ဖြစ်နေပြီး အသိအမှတ်ပြုခြင်းမခံရတဲ့ နိုင်ငံတော်(အစိုးရ) တွေအဖြစ် သူတို့ကိုခေါ်ဝေါ်သမုတ်မယ်ဆိုရင်တောင် အငြင်းပွားမှုတွေ ပေါ်လာနိုင်ပါသေးတယ်။
ကမ္ဘာ့လူသား သန်းပေါင်း ၂၀၀ နီးပါးဟာ နိုင်ငံတော်(အစိုးရ)မဟုတ်တဲ့ လက်နက်ကိုင်အစုအဖွဲ့တွေက အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားတဲ့ဒေသတွေမှာ နေထိုင်နေကြရပါတယ်။ အားလုံးအကျုံးဝင်တဲ့ လူသားချင်းစာနာရေး တုံ့ပြန်ဆောင်ရွက်မှုတွေ အာမခံချက်ရှိပြီး သူတို့လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်ဖို့ဟာ သိပ်အကဲဆတ်ပါတယ်။ ဥပမာ - ဆီးရီးယားနိုင်ငံမှာ နိုင်ငံတကာ လူသားချင်းစာနာမှု အထောက်အပံ့တွေ အများအပြားကို နိုင်ငံအရှေ့မြောက်ပိုင်းမှာ လက်တွေ့မြေပြင်အုပ်ချုပ်သူ (AANES)ရဲ့ ထိန်းချုပ်မှုအောက်ကပဲ ဖြန့်ဝေပေးရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေက နယ်မြေဒေသထိန်းချုပ်မှု ပိုကျယ်ကျယ်ပြန့်ပြန့် ရလာပြီး စီမံအုပ်ချုပ်လာနေတယ်။ တစ်ကမ္ဘာလုံးက အသိအမှတ်မပြုတဲ့ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အစိုးရဟာ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အလှူရှင်နိုင်ငံတွေက သူတို့နဲ့ထိတွေ့ဆက်ဆံဖို့ တွန့်ဆုတ်နေတာကြောင့် အကျပ်အတည်းပိုကြီးလာတယ်။ ဂါဇာဒေသမှာ အစ္စရေးရဲ့ အငြိုးတကြီးရက်စက်ကြမ်းတမ်းမှုတွေကြောင့် အနောက်နိုင်ငံတွေနဲ့ အလှူရှင်နိုင်ငံတွေဟာ ပါလက်စတိုင်းတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်မြှင့်တင်မှု ဆောင်ရွက်ချက်အဖြစ် ပါလက်စတိုင်း အစိုးရကို အသိအမှတ်ပြုဖို့ လိုအပ်လာပါတယ်။
လက်တွေ့မြေပြင်မှာ အသိအမှတ်ပြုမခံရဘဲ အစိုးရအုပ်ချုပ်သူလုပ်နေရတဲ့ အစုအဖွဲ့တွေကို ဆိုက်ဆိုက်မြိုက်မြိုက် ထိတွေ့နိုင်ဖို့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဖို့ လိုအပ်ရတဲ့ အကြောင်းရင်းက အဲဒီဒေသတွေမှာ အကျပ်အတည်းဆိုက်လို့၊ တုံ့ပြန်ဖြေရှင်းမှုတွေလုပ်ရမယ့် ဒေသဖြစ်နေတာကြောင့်သက်သက် မဟုတ်ပါဘူး။ ထိတွေ့မှုတွေကနေ အုပ်ချုပ်ရေးကဏ္ဍနဲ့ ရေရှည်ကြံ့ကြံ့ခံနိုင်မှု တည်ဆောက်ရေးတွေအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် အင်အားဖြစ်စေပြီး လူသားချင်းစာနာမှုမူဝါဒတွေနဲ့ လက်တွေ့အကောင်အထည်ဖော်မှုမှာ အထင်ကရဖြစ်တဲ့ အပြောင်းအလဲကြီးတွေ ပေါ်လာနိုင်လို့ပါ။
လက်တွေ့မြေပြင်အုပ်ချုပ်သူတွေဟာ လက်နက်ကိုင်အဖွဲ့ဆိုတာထက် ပိုနိုင်ပါတယ်
လူသားချင်းစာနာမှု လုပ်ဆောင်ချက်တွေ၊ ဆန်းစစ်သုံးသပ်မှုတွေနဲ့ လက်ရှိမှာ မြေပြင်က လက်တွေ့အစိုးရ,အုပ်ချုပ်သူတွေ ပက်ပင်းကြုံရတာက လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းရေးပါ။ ပဋိပက္ခဖြစ်ပေါ်ရာအခင်းအကျင်းမှာ ထိခိုက်ခံစားရတဲ့ ပြည်သူတွေဆီ လက်လှမ်းမီဖို့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ လက်နက်ကိုင်အစုအဖွဲ့တွေဆီက ခွင့်ပြုချက်တောင်းခံရလေ့ရှိပါတယ်။ အဲဒီ (မြေပြင်အုပ်ချုပ်သူ) ပုဂ္ဂိုလ်အစုအဖွဲ့တွေဟာ အလကားသက်သက် လက်နက်ကိုင်ထားတာ မဟုတ်ပါဘူး။ နိုင်ငံတကာ အသိအမှတ်ပြုခံထားရပြီး အုပ်ချုပ်ခွင့်အာဏာရှိနေပါတယ်လို့ ကြုံးဝါးနေတဲ့ အစိုးရတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး နိုင်ငံတော်(အစိုးရ)အဖြစ် ရပ်တည်မှု(statehood)ရဖို့ ကြိုးပမ်းနေတာပါ။ အခုဆိုရင် လူသားချင်းစာနာရေး စေ့စပ်ညှိနှိုင်းတဲ့ ဖြစ်စဉ်တွေမှာ လူသားချင်းစာနာမှု ကူညီရေးဝန်ထမ်းတွေအတွက် လုံခြုံရေးအန္တရာယ်တွေကို အတတ်နိုင်ဆုံးလျှော့ချနိုင်မယ့် စီမံခန့်ခွဲမှု မဟာဗျူဟာတွေ၊ လုပ်ထုံးလုပ်နည်းတွေ အသေးစိတ် ရှိနေကြပါပြီ။
ဒီနယ်မြေဟာ သူတို့ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်ဆိုပြီး ဆီးရီးယားက အာဆတ်အစိုးရလို မြန်မာစစ်အာဏာရှင်တွေလို နိုင်ငံတကာမှာ တရားဝင်မှုယူထားကြတဲ့ အစိုးရထက် မြေပြင်မှာ လက်တွေ့အုပ်ချုပ်နေသူတွေက ပိုလို့တောင် တရားဝင်မှုရှိတဲ့သူတွေပါ...
ဒါပေမဲ့ ဥပမာ - စစ်ဆေးရေးဂိတ်တွေကိစ္စမျိုးတွေမှာ လူသားချင်းစာနာရေးဆောင်ရွက်သူတွေ မြေပြင်မှာ လက်တွေ့အုပ်ချုပ်စီမံခွင့်ရသူတွေနဲ့ ညှိထားဖို့ လိုတတ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီဟာ ရေတိုကာလနဲ့ လက်တွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့အချက်တွေနဲ့ ဘယ်လောက်ပဲ ညီနေပါစေ၊ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ထည့်စဉ်းစားစရာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေမှာပါ။ ဥပမာ - ဆိုကြပါစို့၊ နယ်မြေစိုးမိုးရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ မြေပြင်မှာ လက်တွေ့အုပ်ချုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့အဖို့ သူတို့ရဲ့နိုင်ငံရေးရည်ရွယ်ချက်တွေမှာ လူသားချင်း စာနာမှုအကူအညီတွေကြောင့် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာစေနိုင်မလဲ (ဆိုတဲ့ မေးခွန်းမျိုးပေါ့)။ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ မူတွေအတိုင်း လိုက်နာလုပ်ကိုင်ကြရတာပါ။ ဒါပေမဲ့ အခြေအနေတစ်ရပ်မှာ ရင်းမြစ်တွေကို တစ်ဖက်ဖက်ရဲ့လက်ထဲကို ထည့်ရမယ်ဆိုတာက အကျိုးဆက်တွေ အများကြီး ရှိလာနိုင်တယ်။ ပဋိပက္ခကိုသတိပြုနားလည်မှု(conflict sensitivity)နဲ့ ဘေးအန္တရာယ် မဖြစ်စေရေး (do no harm) မူတွေက ဒီလိုအခြေအနေတွေကို ထင်ဟပ်ထားဦးတော့ တကယ်တမ်း သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ နယ်မြေမှာ လူသားချင်းစာနာမှုလုပ်စရာပေါ်တဲ့အခါ ထင်သလောက် မရိုးရှင်းပါဘူး။ ဒါတွေဟာ ပြောင်းကိုပြောင်းလဲရမယ့် ကိစ္စတွေပါ။
လူသားချင်းစာနာရေးကဏ္ဍက အင်မတန်ကူညီပံ့ပိုးချင်နေတဲ့ ဘေးဒုက္ခကြုံနေရတဲ့ ပြည်သူပေါင်း များစွာအတွက် မြေပြင်မှာ လက်တွေ့အုပ်ချုပ်သူတွေဟာ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီနယ်မြေကို သူတို့အုပ်စိုးပါတယ်ဆိုပြီး ဆီးရီးယားက အာဆတ်အစိုးရလို၊ မြန်မာစစ်အာဏာရှင်တွေလို နိုင်ငံတကာမှာ တရားဝင်မှုယူထားကြတဲ့ အစိုးရတွေထက် မြေပြင်မှာ လက်တွေ့အုပ်ချုပ်နေသူတွေက ပိုလို့တောင် တရားဝင်မှုရှိတဲ့သူတွေပါ။ လူသားချင်းစာနာမှုစနစ်ကြီးက နိုင်ငံတော်(အစိုးရ) တစ်ရပ်တည်းနဲ့သာ ဆက်ဆံနိုင်ဖို့ သတ်မှတ်ထားလေတော့ ကူညီပံ့ပိုးမှုဖြန့်ချိရေး ထိရောက်ရေး၊ အားလုံး အကျုံးဝင်ရေးနဲ့ တာဝန်ခံမှုရှိတဲ့ လူသားချင်းစာနာမှုလုပ်ဆောင်ချက်တွေ ပေါ်ပေါက်လာရေးမှာ မြေပြင်မှာ လက်တွေ့အုပ်ချုပ်သူတွေဟာ ဉာဏ်စမ်းအရုပ်ဆက်ကားချပ်ကြီးထဲက ပျောက်ဆုံးနေတဲ့ အပိုင်းအစလေး တစ်ခု ဖြစ်နေပါတယ်။
အဲသလို အုပ်ချုပ်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ပတ်သက်လို့ ဘုံစည်းမျဉ်းတစ်ခုတော့ ရှိနေပါသေးတယ်။ မြန်မာပြည်မှာ စစ်အာဏာရှင်တွေကို အရှည်သဖြင့်တော်လှန်နေတဲ့ အုပ်စုတွေနဲ့ ယှဉ်ကြည့်ရင် (ဆိုမာလီအခြေစိုက် လူငယ်မူဂျာဟေဒင် လက်နက်ကိုင်လှုပ်ရှားမှု) အယ်လ်ရှာဘတ် အဖွဲ့အပေါ် နိုင်ငံတကာက (အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ်) ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြီးကြီးမားမား သတ်မှတ်ထားကြလို့ လက်တွေ့ အကောင်အထည်ဖော်မှုမှာ သိသိသာသာ ကွာခြားကြပါတယ်။
ဒီနေ့ခေတ်မှာ ဥပမာပေးဖို့အကောင်းဆုံးက တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံပါ။ အာဖဂန်နစ္စတန်မှာ ပြည်သူထက်ဝက်ကျော်က လူသားချင်းစာနာမှု အကူအညီတွေကို လိုအပ်နေကြပြီး နိုင်ငံတကာအလှူရှင်အများစုက တာလီဘန်အစိုးရကို အသိအမှတ် မပြုကြပါဘူး။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေ ဆိုးရွားထိခိုက်လာမှုနဲ့အတူ အာဖဂန်နစ္စတန်မှာ ခွဲခြား ဖယ်ကြဉ်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။ အထူးသဖြင့် အလှူရှင် အနောက်နိုင်ငံတွေအဖို့ တာလီဘန်နဲ့ ထိတွေ့ဆက်ဆံတာကိုလည်း လက်ခံချင်စရာ မရှိဘူး။ အခုဆိုရင် ဆင်းရဲတွင်းနက်လွန်းမှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်ရ၊ ရာသီဥတု ဖောက်ပြန်မှုကလည်း နူရာဝဲစွဲ နှိပ်စက်လာတဲ့အခါ သံတမန်ရေးအရ အခေါ်အပြောမလုပ်ခြင်းနဲ့ လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုတွေ မလုံလောက်ခြင်း တို့ဟာ ရေရှည် ရှေ့မတိုးနောက်မဆုတ် ဖြစ်မနေသင့်တော့ပါဘူး။ ဒီလို ဒွိဟအနေအထားမှာ ဘယ်နည်းလမ်းချဉ်းကပ်မှုက လူသားချင်းစာနာမှု စံနှုန်းတွေနဲ့ ရှေ့သွားနောက်လိုက် အညီဆုံးလို့ ဆိုနိုင်မှာလဲ။ တချို့ဧရာမအဖွဲ့အစည်းကြီးတွေ မကြာခင်က တိုက်တွန်းနှိုးဆော်ကြသလို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ချက်တွေအတွက် ပိုက်ဆံထုတ်သုံးလို့ ရအောင် “စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့တာ၊ ဒါမှမဟုတ် အာဖဂန်နစ္စတန် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရံငွေကြေးတွေ ထိန်းသိမ်းထားတာကို ဖြေလျှော့ပေးတာ”မျိုးအတွက် တိုက်တွန်းနှိုးဆော်ဖို့ရော သင့်တော်ပါ့မလား။
လူသားချင်းစာနာရေးတွေ လုပ်သမျှ မျက်နှာမွဲ အုပ်ချုပ်သူအစိုးရတွေ ချောင်ထိုးခံရတယ်
လက်တွေ့မြေပြင်အုပ်ချုပ်သူတွေကို အသိအမှတ်ပြုမှုကင်းမဲ့တဲ့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူအဖို့ လုပ်ငန်းမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ။ ဖြစ်စဉ်အများစုမှာတော့ နိုင်ငံရေး အဖြူအမည်းမသဲကွဲသရွေ့ နိုင်ငံတော်(အစိုးရ)တွေဟာ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဒါမှမဟုတ် ဖွံ့ဖြိုးရေးရန်ပုံငွေ အမျိုးအစားတွေရဖို့ အတားအဆီး ကြုံရပါတယ်။ ပံ့ပိုးရေးစနစ်ကြီးက ပြန်လည်ထူထောင်ရေးနဲ့ ကြံ့ကြံ့ခံနိုင်မှုတည်ဆောက်ရေး အပြောင်းအလဲတွေဆီ ခြေဦးမလှည့်နိုင်ဘဲ အကျပ်အတည်းတွေကို ထပ်တလဲလဲတုံ့ပြန်ဖြေရှင်းနေရတဲ့ အာဖဂန်နစ္စတန်ဟာ မျက်မှောက်ခေတ် ဥပမာတစ်ခုပါ။
ဒါပေမဲ့ အာဖဂန်နစ္စတန်ရဲ့ အနေအထားက လုံးဝ အများနဲ့မတူ တစ်မူထူးနေတာမျိုး မဟုတ်ပါဘူး။ အသိအမှတ်ပြု မခံရခြင်းကြောင့် သက်ဆိုင်ရာအုပ်ချုပ်သူတွေဟာ စီးပွားရေးဖွံ့ဖြိုးလာအောင် နှိုးဆွပေးမယ့် နိုင်ငံတကာရန်ပုံငွေတွေကို လက်လှမ်းမမီတော့ပါဘူး။ ဒါဟာ ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုတွေကိုလည်း နှောင့်နှေးစေပါတယ်။ (ဗဟိုအစိုးရထက် တစ်ဆင့်နိမ့်တဲ့) ပြည်နယ်/ဒေသခွဲ အဆင့်မှာ တရားဝင်မှုပြဿနာက တစ်ခါ ထပ်ကြုံရပါသေးတယ်။ နိုင်ငံတကာက အသိအမှတ်ပြုပြု၊ မပြုပြု အင်အားအကြီးဆုံး အုပ်ချုပ်ပိုင်ခွင့်ရှိသူတွေက တောက်မယ့်မီးခဲတရဲရဲ ဖြစ်နေတဲ့ တခြားအုပ်ချုပ်သူ အဖွဲ့တွေဆီပေးတဲ့ ဘယ်လိုထောက်ပံ့မှုကိုမဆို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြတာပါ။
ဆီးရီးယားအရှေ့မြောက်ပိုင်းနဲ့ ပတ်သက်လို့ သိပ်မကြာသေးတဲ့ HPG သုတေသနတစ်ခုမှာ ဒေသတွင်း လိုအပ်ချက်တွေရဲ့ အများစုဟာ ရေကောင်းရေသန့်ရရှိရေး မြှင့်တင်ပေးမယ့် မရှိမဖြစ် အခြေခံအဆောက်အဦတွေဖြစ်တယ်လို့ ပဋိပက္ခရဲ့ ဘေးဒုက္ခကို ကြုံတွေ့ရင်ဆိုင်နေရသူတွေ၊ ပြည်တွင်း လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းသူတွေရဲ့ တင်ပြချက်တွေအရ တွေ့ရပါတယ်။ လက်တွေ့ မြေပြင်အုပ်ချုပ်သူ AANES အဖွဲ့က အဲဒီလိုအပ်ချက်မျိုးကို ဖြည့်စွမ်းနိုင်လောက်တဲ့ ရင်းမြစ်တွေ မရှိသလို၊ ဆီးရီးယားတစ်နိုင်ငံလုံးအတွက် ချမှတ်ခဲ့ကြတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်လည်း အဲသလို ပရောဂျက်မျိုးအတွက် နိုင်ငံတကာကူညီပံ့ပိုးမှု မရနိုင်ပါဘူး။ ဒီတော့လည်း ဒီလိုကန့်သတ်ချက်တွေ ဘယ်လောက်အောင်မြင်သလဲဆိုတဲ့ ရလဒ်ကိုကြည့်ရင် ‘အဓိပ္ပါယ်ရှိရှိ ရေရှည်တည်တံ့ရေးအတွက် မဟုတ်ဘဲ အသက်ကယ်ပေးရုံလောက်’ လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုတွေအဖြစ် လက်လီစိပ်ပြီး ပေးလိုက်တာကို တွေ့ရမှာပါ။
ဒီဥပမာမျိုးက လက်တွေ့မြေပြင်က အုပ်ချုပ်သူတွေရဲ့ သက်ရောက်မှုကို ပြသနေတာပါ။ အဲသလို အကန့်အသတ်များတဲ့ အခင်းအကျင်းတွေ၊ ရှိစုမဲ့စု နိုင်ငံတကာအကူအညီ ရဖို့အရေး ဘယ်သူ့အာဏာ ပိုထက်တယ်လို့ ယှဉ်ပြိုင်နေတဲ့ ထိပ်တန်းဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ “မက်လောက်စရာ” ဖြစ်နေတာကို မေ့မသွားအောင် ထောက်ပြနေတာပါ။ ပြန်လည်ထူထောင်ရေး၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိရေးနဲ့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုတွေ ပေါ်ပေါက်လာရေးတို့ကို တည်ဆောက်နိုင်စွမ်းရှိတဲ့၊ ပမာဏကြီးမားပြီး တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်စေတဲ့ ‘ဖွံ့ဖြိုးတိုးတက်ရေး’ လုပ်ဆောင်မှုတွေတော့ မပါရေးချ မပါ,ပါဘူး။
အဖွဲ့အစည်းမှတ်ပုံတင်ခြင်းကိစ္စဟာ နိုင်ငံရေးအရ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် လိုလား တောင့်တချက်နဲ့အညီ လုပ်ရမယ့်အစား ကြမ်းကြမ်းရမ်းရမ်း အုပ်ချုပ်သူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖြည့်ဆည်းခြင်းနဲ့ပဲ အဆုံးသတ်သွားနိုင်ပါတယ်...
တောက်မယ့်မီးခဲတရဲရဲ အုပ်ချုပ်သူအစိုးရတွေနဲ့ ဆက်ဆံရေးကို နိုင်ငံတကာ လူသားချင်းစာနာရေးကဏ္ဍက ဘယ်လိုမောင်းနှင်ကြသလဲ
ရှုပ်ထွေးခက်ခဲတဲ့ နိုင်ငံရေးအခြေအတွေထဲမှာ ဘေးဒုက္ခကြုံနေရသူ ပြည်သူတွေနဲ့ အဆက်အသွယ်ရဖို့၊ အထောက်အပံ့ပေးနိုင်ဖို့ နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေဟာ ပဲ့ကိုင်နေရာကို ရောက်သွားတတ်ကြပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရေးနဲ့ နိုင်ငံတော်(အစိုးရ)သဖွယ် ရပ်တည်ဖို့ အလားအလာရှိနေတာတွေနဲ့ ပတ်သက်လာရင် ကြားနေရေးနဲ့ ဘက်မလိုက် ရပ်တည်ရေးမူတွေပေါ်မှာ ရပ်တည်ကြတဲ့ လူသားချင်းစာနာရေး ဆောင်ရွက်သူတွေဟာ ထိတွေ့ဆက်ဆံဖို့ တွန့်ဆုတ်နေကြ လေ့ရှိပါတယ်။ ဒါက နားလည်ပေးစရာရှိတာ မှန်ပေမယ့် တစ်ဖက်မှာတော့ အကျပ်အတည်းတွေကြောင့် ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဘက်က ရပ်တည်ပါတယ်လို့ ပြောပြောနေကြတဲ့ လူသားချင်း စာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ (အဲဒီပြည်သူတွေက) တရားဝင်မှုမရှိဘူးလို့ ရှုမြင်နေကြတဲ့ အာဏာပိုင်တွေကို လူရာဝင်လာအောင်၊ အစိုးရတစ်ရပ်သဖွယ် အသိအမှတ်ပြုခံရလာအောင် ထိထိရောက်ရောက်ကြီး လုပ်ပေးမိလျက်သား ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေ သူတို့ကိုယ်သူတို့ နိုင်ငံရေးနဲ့ ကင်းကွာလို့မရကိစ္စမှာ သိသာမြင်သာတာက အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရမယ့် လိုအပ်ချက်မျိုးပါ။ ဒီလို အဖွဲ့အစည်းမှတ်ပုံတင်ခြင်းတာကြောင့် ပြည်သူတွေ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် လိုလား တောင့်တချက်နဲ့အညီ လုပ်ရမယ့်အစား ကြမ်းကြမ်းရမ်းရမ်း အုပ်ချုပ်သူတွေရဲ့ တောင်းဆိုချက်တွေကို လိုက်နာဖြည့်ဆည်းခြင်းနဲ့ပဲ အဆုံးသတ်သွားနိုင်ပါတယ်။ ဒီကိစ္စမှာ မြန်မာနိုင်ငံဟာ အင်မတန်နမူနာပြဖို့ ကောင်းပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက နိုင်ငံတွင်း လုပ်ငန်းဆောင်ရွက်ခွင့်ရရေးအတွက် စစ်အစိုးရဆီမှာ အဖွဲ့အစည်းမှတ်ပုံတင်တဲ့အတွက် စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို တရားဝင်လာအောင် လုပ်ပေးရာကျတယ်ဆိုပြီး ဝေဖန်ခံနေရတာပါ။
တစ်ဖက်က ကြည့်ပြန်ရင် လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေဟာ နိုင်ငံအနှံ့အပြားမှာ နယ်မြေတွေကို ထိန်းချုပ်နိုင်ပြီး မြေပြင်မှာ လက်တွေ့အုပ်ချုပ်နိုင်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေလို အတိုက်အခံ အုပ်စုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ယေဘုယျအားဖြင့် လိုလားဆန္ဒ နည်းပါးနေကြပါတယ်။ တော်လှန်ရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ထိတွေ့ဆက်ဆံတာ တရားမဝင်ဘူးလို့ စစ်တပ်က သတ်မှတ်ထားချိန်မှာ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေက အာဏာသိမ်း စစ်အစိုးရဆီမှာ မှတ်ပုံတင်ဖို့ စိတ်သန်နေတာပါ။ လူသားချင်းစာနာရေး လက်တွေ့ပဓာနဝါဒကို ကျဉ်းကျဉ်းမြောင်းမြောင်းပဲ ရှုမြင်နိုင်ရင် စစ်အာဏာရှင်ကိုဖြုတ်ချပြီး ပြည်သူလူထုရဲ့အခွင့်အရေးတွေကို ရှေးရှုတဲ့အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ တစ်နိုင်ငံလုံးက ဆင်နွှဲနေတဲ့တော်လှန်ရေးနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သွားမှာပါ။ ဒီလိုဆိုတော့ အကဲဆတ်တဲ့ကိစ္စတွေကို လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေက ရှောင်ချင်ကြပေမယ့် ကြားနေရေးဆိုတဲ့မူကို အကြောင်းပြရင်တောင် သမာသမတ်ကျတယ်လို့ မဆိုနိုင်ပါဘူး။
ဆောင်းပါးရှင်တို့ စာဖတ်သူတို့ ဘယ်လောက်ပဲ ဆန္ဒရှိရှိ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေက အဲသလို ဝိရောဓိတွေ၊ တရားဝင်မှုအတွက် လွန်ဆွဲအားပြိုင်မှုတွေကို ခံနိုင်ရည်ဝနေတာ ဒါမှမဟုတ် ကင်းကင်းရှင်းရှင်း ရပ်တည်နေနိုင်တာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အဲသလိုမဖြစ်ဖို့ လူသားချင်းစာနာမှု ဘတ်ဂျက်ချထားငွေတွေနဲ့ ဩဇာလွှမ်းမိုးမှုတွေ ရှိနေပါသေးတယ်။ ဆိုမာလီလန်းဒ်က မြေပြင်မှာ လက်တွေ့အုပ်ချုပ်နေသူအဖွဲ့တွေအတွက် ဘတ်ဂျက်တွေဟာ သူတို့နယ်မြေအတွင်းမှာ လုပ်ကိုင်နေကြတဲ့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေကြောင့် ခြောက်ခန်း နည်းပါးသွားခဲ့ပါတယ်။ (ဘာသာပြန်သူရဲ့ မှတ်ချက် - ဆိုမာလီလန်းဒ် ဟာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆိုမာလီယာနိုင်ငံ အနောက်မြောက်ပိုင်းက ဒေသတစ်ခုဖြစ်ပြီး သီးခြားအစိုးရ ဖွဲ့စည်းထားပေမယ့် ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံရခြင်း မရှိသေးပါဘူး။) နိုင်ငံတကာက အားဖြည့်ပေးလိုက်တဲ့ များပြားတဲ့ (ငွေကြေး)ရင်းမြစ်တွေဟာ မလွှဲသာမရှောင်သာ နိုင်ငံရေး အကျိုးဆက်တွေ ပေါ်ပေါက်စေပါတယ်။
ဆယ်စုနှစ်တွေချီပြီး ကြာမြင့်တဲ့အထိ လူသားချင်းစာနာရေး အစီအစဉ်တွေ ဆက်တိုက်လုပ်ဆောင်ခြင်းရဲ့ အကျိုးဆက်အဖြစ် ကြာလေ လူသားချင်းစာနာရေး အဖွဲ့အစည်းတွေက ‘စင်ပြိုင်နိုင်ငံတော်(အစိုးရ)တွေ’ အဖြစ် ဝင်နေရာယူလာတာကြောင့် တကယ့်နိုင်ငံတော်(အစိုးရ)က ဦးစီးဖြန့်ဖြူးပေးရမယ့် ပြည်သူ့ဝန်ဆောင်မှုတွေ ဟာလာဟင်းလင်း ဗလာကျင်းသွားတာ၊ ဒါမှမဟုတ် စုပြုံများပြားသွားစေနိုင်ပုံနဲ့ ပတ်သက်လို့ အထင်ကရ ထောက်ပြဝေဖန်ချက်တွေလည်း ရှိပါတယ်။ ဒီအတွက် အကောင်းဆုံး ဥပမာကတော့ ပြည်သူ့ဝန်ဆောင်မှုတွေရဲ့ ထက်ဝက်လောက်ကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဝင်ရောက်ဖြန့်ဖြူးနေတဲ့ ဟေတီနိုင်ငံပဲ ဖြစ်ပါတယ်။ မြေပြင်မှာ လက်တွေ့အုပ်ချုပ်တဲ့ အဖွဲ့တွေနဲ့ လုပ်ကိုင်ရာမှာလည်း အလားတူကိစ္စရပ်မျိုး ပေါ်ပေါက်လာနိုင်ပြီး လူသားချင်းစာနာရေး အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ပြည်သူ့ဝန်ဆောင်မှုဖြန့်ဖြူးသူတွေအဖြစ် လုပ်ဆောင်နေရုံသာမကဘဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ကြိုးပမ်းအားထုတ်မှုတွေကို အသက်ရှူကြပ်သွားစေတဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။
လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ မျက်နှာမွဲ အုပ်ချုပ်သူအစိုးရတွေ ဘယ်လိုခရီးဆက်မလဲ
လူသားချင်းစာနာမှု အကူအညီတွေနဲ့ လှုပ်ရှားဆောင်ရွက်သူတွေဟာ အသိအမှတ်ပြုမခံရတဲ့ နိုင်ငံတော် (အစိုးရ) တွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံရတဲ့ သမိုင်းကြောင်းရှည်ရှည်လျားလျား ရှိခဲ့ပါတယ်။ ဖြစ်စဉ်ပေါင်းများစွာမှာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေ၊ INGO တွေနဲ့ အလှူရှင်(နိုင်ငံ/အဖွဲ့အစည်း) တွေဟာ နိုင်ငံတော်(အစိုးရ) ဦးဆောင်တဲ့ အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးဖြစ်စဉ်တွေမှာ လောင်းရိပ်မိုးပြီး နိုင်ငံရေးအာဂျင်ဒါအဖုံဖုံနဲ့ သိသာထင်ရှားတဲ့ အရှိန်အဝါတွေ သုံးတတ်ကြပါတယ်။ ဒါပေမဲ့ ဒါကိုအသိအမှတ်ပြုပြီး ပြန်လည်သုံးသပ်တာမျိုးတော့ သိပ်များများစားစား မတွေ့ရပါဘူး။ ဝန်ထမ်းဟောင်းတွေနေရာကို ဝန်ထမ်းသစ်တွေ အစားထိုးဝင်ရောက်လာမှု မြင့်မားတဲ့ လူသားချင်းစာနာမှုကဏ္ဍမှာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲဖို့ ရင်းမြစ်နည်းနည်းပဲရှိတာပါ။
ဒီတော့ အရေးတကြီး အလျှင်စလိုဖြစ်နေတဲ့၊ တစ်ခုနဲ့တစ်ခု ဘာ,ဘာ,ဘာမှမဆိုင်တဲ့ တုံ့ပြန် ဖြေရှင်းမှုတွေကို ဆန်စင်ရာကျည်ပွေ့လိုက် ဆက်တိုက်ဖြေရှင်းနေရတာကြောင့် ပြန်သုံးသပ်ဖို့ဆိုတာလည်း အဝေးကြီးပါပဲ။ ရလဒ်အားဖြင့်တော့ ဆယ်စုနှစ်နဲ့ချီပြီး ဆင့်ကဲတိုးပွားလာတဲ့ လူသားချင်းစာနာမှုကဏ္ဍရဲ့ သက်ရောက်မှုတွေ၊ နိုင်ငံတော်(အစိုးရ) အဖြစ် ရပ်တည်မှုလို ဧရာမကိစ္စရပ်ကြီးတွေပေါ် လွှမ်းမိုး သက်ရောက်ပုံတွေကို ပြန်လည်သုံးသပ်တာ အင်မတန်ရှားပါတယ်။
နိုင်ငံတော်(အစိုးရ)နဲ့ထိတွေ့ရေး အားထုတ်ဆောင်ရွက်မှုတွေဟာ ကမ္ဘာတစ်လွှားက လူသားချင်းစာနာရေး တုံ့ပြန်ဆောင်ရွက်မှုတွေမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပါ။ မြေပြင် လက်တွေ့အုပ်ချုပ်သူအစိုးရတွေ ရှိနေတဲ့ နေရာမျိုးမှာ ပိုလို့တောင် စိန်ခေါ်မှုကြီးမားတယ်လို့ ပြောရမှာပါ။ လူသားချင်းစာနာရေး အဖွဲ့အစည်းတွေဟာ ဒေသတစ်ခုမှာ ကာလရှည်ကြာ ဆောင်ရွက်လုပ်ကိုင်ပြီး လူသားချင်းစာနာမှု အခင်းအကျင်းတွေအပေါ် ဆင့်ကဲတိုးပွားလာတဲ့ သက်ရောက်မှုရှိသူတွေအနေနဲ့ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိတဲ့ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်သူ အခန်းကဏ္ဍမျိုးမှာ မပါဝင်လိုဘဲ ရှက်ကိုးရှက်ကန်း တွန့်ဆုတ်မနေသင့်ပါဘူး။ ဒီကောင်းမွေဆိုးမွေတွေကြာင့် သူ့ပိုင်နက် ကိုယ့်ပိုင်နက် အငြင်းပွားနေတဲ့ အုပ်ချုပ်စီမံရေး ကိစ္စတွေမှာ သင့်တင့်လျှောက်ပတ်တဲ့ တာဝန်ယူတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်သလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။
အုပ်ချုပ်ရေးအာဏာကို သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ အခင်းအကျင်းတွေမှာ ပြည်တွင်းက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ညီညွတ်တဲ့ လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုတွေက ဘယ်လိုလုပ်သင့်သလဲ။
ကျင့်ဝတ်သိက္ခာအရ လုပ်သင့်ကိုင်သင့်တယ်လို့ ဘယ်သူ(တွေ)က ဆုံးဖြတ်သင့်သလဲ။
ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ရေရှည်ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေတွေ မရှိဘဲ လူသားချင်းစာနာရေး တုံ့ပြန်ဆောင်ရွက်မှုတွေက ဘယ်လောက်အထိ ရေရှည် တည်တံ့ဖြစ်ထွန်းနိုင်မလဲ။
တာလီဘန်တွေရဲ့ အုပ်ချုပ်မှုနဲ့ မူဝါဒတွေကို ဝိုင်းဝန်းပြစ်တင်ရှုတ်ချနေတဲ့ အာဖဂန်နစ္စတန်မှာ လူသားချင်းစာနာမှု ရေတိုအကူအညီတွေသာရတဲ့ ပြည်သူတွေအတွက် ဘယ်လို အကျိုးဆက်တွေကို ရေရှည်မှာ ကြုံတွေ့လာရနိုင်လဲ။
မြန်မာနိုင်ငံမှာ တော်လှန်ရေး ဘယ်အဆင့်ရောက်မှ လူသားချင်းစာနာရေး အဖွဲ့အစည်းတွေက လက်တွေ့မြေပြင်အုပ်ချုပ်သူတွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာလဲ။
ဒီမေးခွန်းတွေက အမေးနွားကျောင်းသား အဖြေဘုရားလောင်း သဘောမျိုးပါပဲ။ HPG ရဲ့ ပေါင်းစပ် အစီအစဉ်သစ်က လူသားချင်းစာနာရေး တုံ့ပြန်ဖြေရှင်းမှုတွေမှာ နိုင်ငံတော်(အစိုးရ)ရဲ့ အခန်းကဏ္ဍအပေါ် ဆွေးနွေးမှုတွေ၊ ပြည်တွင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေရဲ့ အားထုတ်မှုတွေက နိုင်ငံတော်(အစိုးရ) နဲ့ စည်းချက်မိအောင် လုပ်သင့်သလား၊ ဘယ်လိုအခြေအနေတွေမှာ လုပ်သင့်သလဲဆိုတဲ့ ဝေဖန်ဆန်းစစ်မှုတွေနဲ့ တိုက်တွန်းအကြံပြုချက်တွေ အသစ်တစ်ဖန် ဖြစ်ထွန်းလာအောင်နှိုးဆွဖို့ ရည်ရွယ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီဆောင်းပါးထဲမှာ နိုင်ငံတော်(အစိုးရ) ဆိုတာကိုယ်တိုင်က ပြန်ဆန်းစစ်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာကိုလည်း ထောက်ပြထားပါတယ်။ တိုင်းပြည်တစ်ပြည် အစိုးရတစ်ရပ်ဆိုတဲ့ ယုတ္တိစနစ်ကို အခြေခံပြီး လုပ်ကိုင်နေတဲ့ လူသားချင်းစာနာရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ စနစ်ယန္တရားကြီးအတွက်တော့ ဒီအချက်ကို ဖြေရှင်းဖို့ လက်ပေါက်ကပ်တာ အမှန်ပါ။
ဒီလို စိန်ခေါ်မှုကြီးမားတဲ့ အရေးကိစ္စတွေရော၊ လူသားချင်းစာနာရေး မူဝါဒတွေနဲ့ လက်တွေ့ ကျင့်သုံးလုပ်ကိုင်မှုတွေမှာ အဲဒါတွေက ဘယ်လိုအရေးပါနိုင်တယ်ဆိုတာတွေကိုပါ HPG က နပန်းလုံးရဦးမှာပါ။ တစ်ချိန်တည်းမှာပဲ နောက်ရက်သတ္တပတ်ထဲမှာ အတွေးအမြင်စာတမ်းသုံးစောင်တွဲရဲ့ နောက်ဆုံးပိတ်အပိုင်းလည်း ထွက်လာတော့မှာပါ။ အဲဒီအပိုင်းမှာ အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားရုန်းကန်မှုတွေနဲ့ ထိတွေ့ခြင်းမရှိဘဲ နိုင်ငံတော်(အစိုးရ)တွေနဲ့ စကားပြောလို့မရတဲ့အကြောင်း အသိအမှတ်ပြု တင်ပြထားပါတယ်။ နားစွင့်တော်မူကြပါဦး။
မူရင်းဆောင်းပါး - Seeing beyond ‘the state’: de facto authorities and humanitarian system implications
မူရင်းဆောင်းပါးကို အလက်ဇန္ဒြာ စပင်ဆာ (Alexandra Spencer) နဲ့ ဂျွန်ဘရိုင်ယန့် (John Bryant) တို့ ပူးပေါင်းရေးသားထားတာပါ။
အလက်ဇန္ဒြာဟာ ODI ရဲ့ လူသားချင်းစာနာမှု မူဝါဒရေးရာအဖွဲ့ (Humanitarian Policy Group - HPG) ရဲ့ အကြီးတန်းသုတေသနအရာရှိဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု ဘဏ္ဍာရေးစနစ်အကြောင်း၊ အထူးသဖြင့် ဆီးရီးယားနိုင်ငံနဲ့ ဒေသတွင်းမှာ ငွေကြေးစီးဆင်းမှု၊ ပုဂ္ဂလိက လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုတွေနဲ့ ရန်ပုံငွေေထာက်ပံ့ရေးတို့နဲ့ ပတ်သက်လို့ အတွေ့အကြုံရှိသူပါ။ မက်စထရစ်ရှ် တက္ကသိုလ်မှာ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖွံ့ဖြိုးရေးလေ့လာမှု ဘာသာရပ်နဲ့ မဟာဘွဲ့ ရရှိထားပါတယ်။
ဂျွန်ကတော့ HPG ရဲ့ သုတေသနရောင်းရင်းဖြစ်ပြီး ကူညီပံ့ပိုးမှု ရရှိသုံးစွဲသူတွေအပေါ် တာဝန်ခံမှု၊ ဒီဂျစ်တယ် နည်းပညာ၊ ဘဏ္ဍာငွေကြေးဆိုင်ရာနဲ့ ပြည်တွင်းဦးစီးဦးဆောင်မှုတို့ အပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ သက်ဆိုင်တဲ့ ကျယ်ဝန်းတဲ့ကိစ္စရပ်တွေကို လေ့လာနေသူ ဖြစ်ပါတယ်။ အရင်က Practical Action အဖွဲ့နဲ့ UK နိုင်ငံခြားနှင့် ဓနသဟာယဌာန (FCDO) တို့မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။
ရှုပ်ထွေးပွေလီလွန်းတဲ့ ကိစ္စတွေပါပဲ။