top of page

စောင့်ကြည့်စရာ ကူညီပံ့ပိုးရေးမူဝါဒ အလားအလာ

၂၀၂၆ အတွင်း ကမ္ဘာ့ကူညီပံ့ပိုးရေးအခင်းအကျင်းကို ပုံဖော်နေမယ့် ရေစီးကြောင်းတွေက ဘာတွေလဲ


သစ်ရွက်တွေ နောက်ခံနဲ့ တရုတ်စကားပန်းနှစ်ပွင့်


ကမ္ဘာ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးစနစ်ကြီးဟာ စပ်ကူးမပ်ကူးကာလထဲကို ရောက်လာပါပြီ။ အလှူရှင်နိုင်ငံတွေဟာ ဘဏ္ဍာရေးဖိအားတွေ ရင်ဆိုင်နေရသလို၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရဲ့ တရစပ် နှိပ်စက်မှုဒဏ်တွေကိုလည်း ကမ္ဘာတစ်လွှားက လူတွေဟာ ကျောကော့အောင် ခံနေကြရပါတယ်။ ဒီအခြေအနေတွေမှာ အရင်ကထက် ထိရောက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလိုအပ်လာတဲ့ ကူညီပံ့ပိုးမှုကဏ္ဍဟာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွေ၊ ဆန်းသစ်တဲ့ ဉာဏ်ရည်တု (AI) နည်းပညာတွေကို အားကိုးဖို့ နည်းလမ်းရှာကြပါတယ်။


အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှာ တာဝန်ကိုယ်စီထမ်းနေကြသူတွေအတွက် ဒီအကြောင်းခြင်းရာတွေဟာ စဉ်းစားထားရမယ့်၊ ငြင်းခုံဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲ၊ ရေစီးကြောင်းနဲ့ အလားလာတွေက ကိုယ်လက်ရှိဆောင်ရွက်နေတဲ့ ရပ်ရွာလူထု အကျိုးပြုရေး လုပ်ငန်းဆောင်တာတွေ၊ အဖွဲ့အစည်း ဖွံ့ဖြိုးမှုနဲ့ ရန်ပုံငွေကိစ္စတွေ၊ မိတ်ဖက်ဆက်ဆံရေးတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဘယ်လို အကျိုးသက်ရောက်မှာလဲ။ ဒီတော့ အခွင့်အလမ်းတွေကို လက်မလွတ်ရအောင်၊ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေအောင် ကမ္ဘာ့ကူညီပံ့ပိုးရေးမူဝါဒတွေဟာ လာမယ့်လတွေထဲမှာ ဘယ်ကိုဦးတည်လို့ ဘယ်သောင်ဘယ်ကမ်းကို ဆိုက်ကပ်မယ်ဆိုတာ သိထားနိုင်ဖို့၊ အရေးကြီးပါတယ်။


တစ်ဖက်မှာ ပြည်သူလူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် လက်တွဲသွေးစည်းမှုရှိဖို့ တောင်းပန်တိုးလျိုးကြပေမယ့် နောက်ဆုံးတော့ ရန်ပုံငွေပေးတဲ့ အစိုးရတွေ အလိုတော်ကျ လုပ်ကြရတာပါပဲ။

လူသားချင်းစာနာမှုနဲ့ ကူညီပံ့ပိုးမှုကိစ္စရပ်တွေကို အသားပေးတင်ဆက်တဲ့ The New Humanitarian ဝက်ဘ်ဆိုက်က ၂၀၂၆ ခုနှစ်မှာ မျက်ဝါးထင်ထင် မြင်တွေ့ရနိုင်တဲ့ ကူညီပံ့ပိုးရေးမူဝါဒအလားအလာတွေအကြောင်း မကြာခင်က တင်ဆက်ရာမှာ ဒီလို နိဒါန်းပျိုးထားပါတယ်။



လူသားချင်းစာနာရေးဟာ မြေပုံမပါ လမ်းဆုံလမ်းခွ ရောက်နေပါပြီ


၂၀၂၆ နှစ်ဆန်းရောက်ချိန်မှာ ကမ္ဘာ့ အရေးပေါ်ကူညီပံ့ပိုးရေးစနစ်ကြီးဟာ ယုံကြည်မှုနဲ့ တရားဝင်မှုတို့ရဲ့ အကျပ်အတည်းထဲမှာ ရှေ့မတိုးနောက်မဆုတ် ပိတ်မိနေဆဲပါ။ လုပ်နိုင်စွမ်းကနည်းနည်း၊ လုပ်သင့်တာတွေက များများ။ ပြုပြင်ပြောင်းလဲရေးတစ်ခု အရေးပေါ်လိုအပ်နေပြီလို့ ခေါင်းဆောင်ပိုင်းက ပြောနေပေမယ့် ကူညီပံ့ပိုးရေး အေဂျင်စီတွေကတော့ အပြောင်းအလဲကို ခံတွင်းသိပ်တွေ့ပုံမရဘူး။ ထိပ်တန်းအလှူရှင်တွေက မီးလောင်ရာလေပင့် လုပ်လေသမျှ လူသားချင်းစာနာရေး လှုပ်ရှားသူတွေ ကိုင်တွယ်ဖြေရှင်းရမယ့် အကျပ်အတည်းတွေ ပိုများလာလေရဲ့။ ဒီတော့ တစ်ဖက်မှာ ပြည်သူလူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် လက်တွဲသွေးစည်းမှုရှိဖို့ တောင်းပန်တိုးလျိုးကြပေမယ့် နောက်ဆုံးတော့ ရန်ပုံငွေပေးတဲ့ အစိုးရတွေ အလိုတော်ကျ လုပ်ကြရတာပါပဲ။


ဒီဆောင်းပါးမှာ လူသားချင်းစာနာရေးနယ်ပယ်မှာ ရှေ့ဆက်ရင်ဆိုင်ကြုံတွေ့ရမယ့် ရေစီးကြောင်း ခြောက်ခုကို ဖော်ပြထားပါတယ်။ ဒီထဲမှာ ကြီးမားလာနေတဲ့ ဘေးအန္တရာယ်ကြုံတွေ့ရနိုင်ခြေတွေ၊ ကမန်းကတန်း ဖြေရှင်းရမယ့် ဘေးကျပ်နံကျပ် ဒွိဟအဖြစ်တွေ၊ ကွဲပြားတဲ့ လမ်းကြောင်းတစ်ခုဆီ ပြောင်းလဲ မောင်းနှင်နိုင်တဲ့ အခွင့်အလမ်းငယ်လေးတွေကိုပါ တွေ့ရမှာပါ။



ရေစီးကြောင်းခြောက်ခု


The New Humanitarian ဆောင်းပါးမှာ ဆွေးနွေးတာတွေက ကမ္ဘာနဲ့ချီပေမယ့် ပြည်တွင်းမှာလည်း အနည်းနဲ့အများ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပြီး၊ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေ၊ ထက်သန်နိုးကြားတဲ့ နိုင်ငံသားတွေအဖြစ် ရပ်တည်နေသူတွေ သိနားလည်သင့်ပါတယ်။ ဒါကြောင့် အနှစ်ချုပ် မိတ်ဆက်တင်ပြပါရစေ။


၁။ ရန်ပုံငွေတွေ ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲ


ကမ္ဘာ့ လူသားချင်းစာနာမှုရန်ပုံငွေတွေဟာ ခြောက်ခန်းလာပါပြီ။ ဒီအကျိုးဆက်ကို ၂၀၂၆ မှာ ရင်ဆိုင်ရမှာပါ။ အမေရိကန်က USAID ကို ဖျက်သိမ်းခဲ့သလို၊ ဥပရောအစိုးရတွေနဲ့ တခြားနိုင်ငံတွေကလည်း အရင်လောက် ရက်ရက်ရောရော မရှိနိုင်တော့ပါဘူး။ ဒီအခါမှာ -

  • တစ်ကမ္ဘာလုံးမှာ ဘတ်ဂျက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက် လိုငွေပြနေတာကို အများအားဖြင့် ကြုံရပါတယ်။

  • ပြည်တွင်းမိတ်ဖက်အဖွဲ့တွေ၊ အထူးသဖြင့် အမျိုးသမီး ဦးဆောင်သူ အဖွဲ့တွေဟာ ဖျက်သိမ်း ရပ်ဆိုင်းလိုက်ရမယ့် အန္တရာယ်နဲ့ ကြုံနေရပါတယ်။

  • ကူညီပံ့ပိုးရေး အေဂျင်စီတွေကလည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ထက် ပြိုင်ဆိုင်ဖို့ကိုပဲ အားသန်နေကြပါတယ်။

  • လိုအပ်ချက်တွေ ကြီးမားလာချိန်မှာ ရှိစုမဲ့စု လူသားချင်းစာနာမှု အထောက်အပံ့တွေဟာ မလုံလောက်ပါဘူး။


၂။ နည်းပညာနဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မိတ်ဖက်လုပ်ကြမလား


ဘတ်ဂျက်တွေကနည်း၊ နည်းပညာက ညှို့အားကောင်းတဲ့အခါ ဖန်တီးဆန်းသစ်မှု၊ ထိရောက်မှု၊ အဖိုးနည်းဝန်ပါ ဖြစ်မှုတွေအတွက် လူသားချင်းစာနာမှုအဖွဲ့အစည်းတွေဟာ ဉာဏ်ရည်တုနည်းပညာနဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို လက်ကမ်းမိကြပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာတွေ ရှိနေတာက -

  • စစ်ဘက်ကာကွယ်ရေး ဒါမှမဟုတ် လူ့အခွင့်အရေး အလွဲသုံးစားပြုမှုရှိနေတဲ့ ကုမ္ပဏီတွေနဲ့ မိတ်ဖက်အဖြစ် လက်တွဲမိရင်တော့ လူသားချင်းစာနာမှု စည်းမျဉ်းဥပဒေသတွေကို ချနင်းရာ ရောက်သွားနိုင်ပါတယ်။

  • ဒီလိုဆက်ဆံပေါင်းသင်းမှုတွေကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ တရားဝင်မှုကို ထိပါးသွားနိုင်ပါတယ်။

  • လတ်တလောမှာတော့ အဲဒီလို မိတ်ဖက်လက်တွဲမှုတွေအတွက် ဘုံသဘောတူညီတဲ့ စံနှုန်းတွေ၊ စည်းမျဉ်းသတ်မှတ်ချက်တွေ ရှိမနေသေးပါဘူး။


၃။ ဒရုန်းတွေ၊ ထောက်လှမ်းရေးတွေနဲ့ ဩဇာလွှမ်းမိုးမှုတွေကြောင့် ဘယ်လိုဘေးကြုံရနိုင်သလဲ


လက်နက်တွေ၊ စစ်နည်းဗျူဟာတွေ အပြောင်းအလဲမြန် ပွေလီနေချိန်မှာ လူသားချင်းစာနာမှု ကူညီပံ့ပိုးသူတွေေဟာ ဘေးဘယာ မဝေးကွာနိုင်တော့ပါဘူး။ ဒီလိုအနေအထားတွေမှာ ဘယ်လိုများ ဆက်လုပ်ကိုင်ကြမလဲ ဆိုတာ စဉ်းစားဖွယ်တစ်ခုပါ။ ကြုံရနိုင်တဲ့ အန္တရာယ်တွေက -

  • ကူညီပံ့ပိုးရေးလုပ်ငန်းတွေကို ဦးတည်တိုက်ခိုက်တဲ့ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆမတန် မြင့်မားလာပါတယ်။ (ဆူဒန်မှာ NGO လုပ်ငန်း ၇၀ ရာခိုင်နှုန်းလောက်ဟာ ဒီအန္တရာယ်ကြောင့် ဖြောင့်ဖြောင့် အလုပ်မလုပ်နိုင်တော့ပါဘူး။)

  • ဒါ့အပြင် ကူညီပံ့ပိုးရေးဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထောင်ချနေတာတွေကလည်း ဝေးဝေးသွားကြည့်စရာ မလိုပါဘူး။

  • အထူးသဖြင့် ဆာဟဲလ်ဒေသမှာ မဟုတ်တမ်းတရား သတင်းလွှင့်၊ ဩဇာအသုံးချ လွှမ်းမိုးမှုတွေကြောင့် ကူညီပံ့ပိုးရေးလုပ်ငန်းတွေအပေါ် အမြင်မကြည်လင်တာတွေ ကြုံလာရပါတယ်။

  • ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ဇာတ်ကြောင်းပုံဖော် စစ်ဆင်ရေးတွေအပါအဝင် နည်းပညာနဲ့မောင်းနှင်နေတဲ့ အဲဒီခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကူညီပံ့ပိုးရေးလုပ်ဆောင်နေသူတွေက အဆင်သင့် မဖြစ်သေးပါဘူး။


၄။ ရာသီဥတု ပြောင်းလဲလာမှု တရားမျှတရေးမှာ ဥပဒေကြောင်းနဲ့ အင်စတီကျူးရှင်းတွေအရ အလားအလာကောင်းတွေ ဘယ်လိုရှိနေသလဲ


မနည်းမနောစိန်ခေါ်မှုဆိုတဲ့ တိမ်တိုက်ကြီးမှာ ငွေအနားကွပ်လေး ရှိပါသေးရဲ့။ နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှုတွေ မပြီးနိုင်မစီးနိုင်ဖြစ်နေပေမယ့် ရာသီဥတုဒဏ်ကြောင့် ထိခိုက်နစ်နာမယ့် တိုင်းပြည်တွေ၊ လူမှုလှုပ်ရှားမှုတွေဟာ အရင်က အိပ်မက်တောင် မမက်ဖူးတဲ့ တိုးတက်မှုတွေ ရနေပါတယ်။ အဲဒီထဲမှာ တချို့ကတော့ -

  • ဆုံးရှုံးမှုနဲ့ ပျက်စီးမှုရန်ပုံငွေတရပ် ထူထောင်ပြီး စလျော်နေပါပြီ။ (ရန်ပုံငွေက ဒေါ်လာ သန်းငါးရာလောက်ပဲ ရှိပြီး ဆုံးရှုံးမှုတွေက ဘီလီယံနဲ့ချီနေတာက တစ်ပိုင်းပေါ့)

  • ရာသီဥတုပြောင်းလဲမှုကိစ္စဟာ ဥပဒေအရစည်းနှောင်မှုရှိတယ် (လိုက်နာရမယ်)လို့ ICJ က ကြေညာခဲ့ပါတယ်။

  • ပတ်ဝန်းကျင် ညစ်ညမ်းစေသူ ဧရာမလုပ်ငန်းကြီးတွေကို ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူတာတွေ အတန့်အသင့် ခရီးရောက်နေပါပြီ။

  • တခြားနည်းလမ်းတွေ (ဥပမာ စည်းကြပ်ခွန်ကောက်တာ၊ မီသိန်းထုတ်လွှတ်မှု တင်းကျပ်တာ) နဲ့ ရာသီဥတုအရေးအတွက် ဘဏ္ဍာငွေဖန်တီးနိုင်ဖို့ တချို့တိုင်းပြည်တွေမှာ ပြင်ဆင်နေကြပါတယ်။


၅။ စုပေါင်းထည့်ဝင်ရန်ပုံငွေတွေဟာ ရေတိုဖြေရှင်းမှု ဖြစ်ရဲ့လား


လူသားချင်းစာနာရေး ပြန်လည်ပြင်ဆင်သတ်မှတ်မှု (humanitarian reset) ကို ဗဟိုမဏ္ဍိုင်ထားပြီး ကုလသမဂ္ဂက စုပေါင်းထည့်ဝင် ရန်ပုံငွေတွေ ရှိလာအောင် တွန်းနေပါတယ်။ အမေရိကန်အပါအဝင် အလှူရှင်နိုင်ငံတွေက ကုလသမဂ္ဂ စုပေါင်းထည့်ဝင်ရန်ပုံငွေထဲ ပိုပြီး ငွေကြေးထည့်ဝင်ဖို့ စီစဉ်ထားကြပါတယ်။ လောလောဆယ် သတ်မှတ် ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအထိရအောင် ကြိုးစားနေပေမယ့် ရထားတာ သုံးရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ ကြုံရနိုင်တဲ့ အန္တရာယ်တွေကတော့ -

  • ရန်ပုံငွေတွေကို ကုလသမဂ္ဂကပဲ ချုပ်ကိုင်ပြီး၊ တခြားသူက ကိုင်တွယ်စီမံခွင့်မရမှာ စိုးရိမ်ရပါတယ်။

  • ရန်ပုံငွေ စီမံခန့်ခွဲမှု မမျှတတာ၊ ဗျူရိုကရေစီဆန်တာတွေ ဆက်ရှိနေမှာပါ။

  • တချို့ INGO တွေ (ဥပမာ Save the Children) ကတော့ ပြည်တွင်းဦးစီးဦးဆောင်မှုကို အကြောင်းပြုပြီး အဲဒီထဲမှာ မပါတော့ဘူးလို့ နောက်ဆုတ်ခဲ့ပါတယ်။


၆။ လက်လွှဲလက်ပြောင်းလုပ်ရာမှာ လူသားချင်းစာနာရေး လုပ်ဆောင်သူတွေက ဘယ်လို ခွဲခွာရမယ်ဆိုတာ သိကြရဲ့လား


၂၀၂၅ မှာတော့ အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုနဲ့အတူ ကူညီပံ့ပိုးမှုတွေ ကောက်ခါငင်ခါ ရပ်ဆိုင်းသွားတာ မြင်ခဲ့ရပါတယ်။ ၂၀၂၆ ခုနှစ်ထဲမှာလည်း ကုလသမဂ္ဂရဲ့ (လူသားချင်းစာနာမှု) တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ် ၁၁ ခုဟာ လက်လွှဲလက်ပြောင်းလုပ်ရဖို့ ရှိနေပါတယ်။ ပြဿနာက -

  • ဆုတ်ခွာရေးမဟာဗျူဟာတွေက အားနည်းနေတာ၊ ဒါမှမဟုတ် လုံးဝကင်းမဲ့နေတာပါ။

  • ပြည်တွင်းက လုပ်ကိုင်ဆောင်ရွက်ရမယ့်သူတွေအတွက် ငွေကြေးရင်းမြစ်တွေတော့ မချန်ခဲ့ဘဲ တာဝန်ယူရမယ့်ကိစ္စတွေချည်းပဲ ချန်ထားမယ့်ပုံပေါ်နေပါတယ်။

  • လက်လွှဲလက်ပြောင်းမှာ ဟာကွက်တွေရှိရင် ကူညီပံ့ပိုးမှုလိုအပ်သူတွေမှာ အခြေအနေ ဆိုးသထက်ဆိုးရွားပြီး၊ ယုံကြည်မှုပါ ကျိုးပဲ့သွားနိုင်ပါတယ်။

  • ဒီတော့ အရေးအကြီးဆုံး မေးခွန်းက လူသားချင်းစာနာမှု စနစ်ကြီးဟာ တာဝန်ယူမှုရှိရှိ ဆုတ်ခွာနိုင်ဖို့ သင်ယူတတ်မြောက်ထားပြီလားလို့ မေးစရာရှိပါတယ်။


ဖတ်စရာ ဆွေးနွေးငြင်းခုံစရာ


အထက်မှာ အနှစ်ချုပ်ဖော်ပြထားတဲ့ ရေစီးကြောင်းနဲ့ အလားအလာတွေအကြောင်း မြန်မာဘာသာနဲ့ တစ်ပိုင်းချင်း ပြည့်ပြည့်စုံစုံ ဘာသာပြန်ဆိုထားတာတွေကို လာမယ့် ရက်သတ္တပတ်တွေမှာ CENCE ဝက်ဘ်ဆိုက်မှာ ပုံမှန် တင်ဆက်ပေးသွားမှာပါ။


အစအဆုံး မြန်မာဘာသာနဲ့ PDF ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ဖို့လည်း မကြာခင်မှာ တင်ဆက်ပေးသွားပါမယ်။


The New Humanitarian က ထုတ်ဝေခဲ့တဲ့ အင်္ဂလိပ်ဘာသာနဲ့ မူရင်းဆောင်းပါး “What’s Shaping Aid Policy in 2026” အစအဆုံးကိုတော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။


ရေစီးကြောင်းနဲ့အလားအလာ တစ်ခုချင်းအလိုက် အခန်းဆက်ဆောင်းပါးတွေကို စောင့်မျှော်ဖတ်ရှုကြရင်း သိမြင်နားလည်မှုအသစ်တွေ၊ ဆွေးနွေးငြင်းခုံစရာတွေနဲ့ ပြန်လည်ဆုံတွေ့ကြပါစို့။

Comments


bottom of page