top of page

NGO တွေ ခေတ်ကုန်ပြီလား

အရပ်ဘက်အဖွဲ့အစည်းဟာ စစ်အေးလွန်ခေတ် ပါဝါကို ဘယ်လိုဆုံးရှုံးသွားကြသလဲ


တိမ်တိုက်တွေက ရွာသွန်းတဲ့မိုးရေဟာ ပဲ့နေတဲ့ ခွက်ကလေးထဲက အပင်ပေါက်လေးအတွက်တော့ မစိုစွတ်စေပါဘူး


အနောက်နိုင်ငံအစိုးရတွေက နိုင်ငံခြား ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို လျှော့ချပြီးတဲ့နောက်မှာ နိုင်ငံတကာ NGO လောကဟာ ရန်ပုံငွေရရှိဖို့၊ လုပ်ငန်းတွေ ရှေ့ခရီးဆက်နိုင်ဖို့ အခက်အခဲတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံလာကြရပါတယ်။ ကမ္ဘာကြီးကို နေကောင်းထိုင်သာရှိအောင် ကူညီမယ့်သူတွေလို့ တစ်ချိန်က ရှုမြင်ထားခံရတဲ့ NGO တွေရဲ့ ဩဇာရှိန်ဝါတွေဟာ ဘယ်လိုကျဆင်းသွားခဲ့ပြီလဲ။ နိုင်ငံတကာ အစိုးရတွေကရော ဘယ်လိုသဘောထားကြသလဲ။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး နာမည်ကျော် The Foreign Affairs စာစောင်မှာ ၂၀၂၅ ဇူလိုင်လ ၃ ရက်နေ့က ဆာရာဘုရှ်နဲ့ ဂျနီဖာဟတ်ဒန်တို့ ရေးသားထားတဲ့ “NGOတွေ ခေတ်ကုန်ပြီလား - အရပ်ဘက်အဖွဲ့အစည်းဟာ စစ်အေးလွန်ခေတ် ပါဝါကို ဘယ်လိုဆုံးရှုံးသွားကြသလဲ” (The End of the Age of NGOs? – How Civil Society Lost Its Post–Cold War Power) ဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဆောင်းပါးပါ ဆွေးနွေးတင်ပြချက်တွေဖြစ်တဲ့ စစ်အေးလွန်ကာလ NGO တွေရဲ့ ဩဇာလွှမ်းမိုးမှု မြင့်မားခဲ့ပုံ၊ အရေအတွက် များပြားမှုနဲ့အတူ ရင်းမြစ်ငွေကြေးတွေ ရရှိဖို့ အလုအယက်ဖြစ်လာတဲ့နောက်မှာ အစိုးရတွေရဲ့ ကန့်သတ်ချုပ်ချယ်မှု၊ ပြည်သူတွေရဲ့ သံသယဝင်လာမှုတွေဆီ ဦးတည်ပြီး နိုင်ငံခြားကူညီပံ့ပိုးရေး ဘတ်ဂျက်တွေ ဖြတ်တောက်ခံရပုံတွေကို ဖတ်ရှုရမှာဖြစ်တဲ့အတွက် CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးပါရစေ။

 


၁၉၉၀ ပြည့်လွန်နှစ်တွေဟာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအတွက် ရွှေခေတ် ဖြစ်ခဲ့ပါတယ်။ အဲဒီကာလဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International)၊ ဂရင်းန်ပိစ်(Greenpeace)၊ အောက်စ်ဖမ်း (Oxfam)တို့လို လူသိများတဲ့ အဖွဲ့ကြီးတွေရဲ့ ဘတ်ဂျက်တွေ ကြီးမားပြီး သူတို့ရဲ့ခြေတံလက်တံတွေကို တစ်ကမ္ဘာလုံးကို ဆန့်ထုတ်နိုင်ခဲ့တဲ့ ကာလပါပဲ။ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေကြားမှာ ကိုယ်ကျိုးစီးပွားမရှာတဲ့ အဖွဲ့တွေဟာ အစိုးရတွေနဲ့ ကင်းကင်းလွတ်လွတ်ရှိပြီး နိုင်ငံပေါင်းများစွာမှာ အများပြည်သူကောင်းစားရေး လုပ်ကိုင်နိုင်ခဲ့တဲ့အပြင် နိုင်ငံတကာ NGO တွေဟာ အရေအတွက်အားဖြင့် ၄၂ ရာခိုင်နှုန်းလောက် တိုးပွားလာတယ်။ အဖွဲ့အစည်းတွေ ထောင်ချီပြီး ထူထောင်လာကြတယ်။ ဒီအဖွဲ့အစည်းတွေဟာ LGBTQ အခွင့်အရေးနဲ့ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အပါအဝင် လစ်ဘရယ် အရေးကိစ္စတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ကြတယ်။ ဒါတွေနဲ့ အပြိုင်အဆိုင်ဖြစ်တဲ့ မူဝါဒဦးစားပေးတွေနဲ့အတူ ကွန်ဆာဗေးတစ်အဖွဲ့တွေလည်း ပေါ်လာခဲ့တယ်။


အရေအတွက်ကြီးမားလာတာနဲ့အမျှ NGO တွေဟာ အရေးကြီးတဲ့ နိုင်ငံရေးဇာတ်ကောင်တွေလည်း ဖြစ်လာကြတယ်။ အသစ်ကျပ်ချွတ်အဖွဲ့အစည်းတွေဟာ အစိုးရမူဝါဒတွေကို ပြောင်းနိုင်ခဲ့ကြတယ်။ ၁၉၉၂ ခုနှစ်မှာ NGO တွေ မဟာမိတ်ညွန့်ပေါင်းဖွဲ့ထားတဲ့ မြေမြှုပ်မိုင်းများတားဆီးရေး နိုင်ငံတကာကမ်ပိန်းအဖွဲ့က ၁၉၉၇ ခုနှစ် နင်းမိုင်းတားဆီးရေးပဋိညာဉ်ကို အောင်အောင်မြင်မြင် ချမှတ်ဖော်ဆောင်နိုင်ခဲ့လို့ နိုဘယ်ငြိမ်းချမ်းရေးဆု ဆွတ်ခူးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဘာလင်(ဂျာမနီ)အခြေစိုက် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာရေး (International Transparency) အဖွဲ့ကလည်း အကျင့်ပျက်ခြစားမှုကိစ္စ ဆော်ဩမှုတွေကနေ ၂၀၀၃ ခုနှစ် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂပဋိညာဉ်ကို ချမှတ်နိုင်တဲ့ထိ အရှိန်အဟုန်ရလာခဲ့တယ်။ ၁၉၉၃ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးမှာ တစ်ချိန် ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်ဖြစ်လာမယ့် ကိုဖီအန်နန်က “၂၁ ရာစုဟာ NGO တွေရဲ့‌ခေတ်ဖြစ်လာမယ်” လို့ ကြွေးကြော်ခဲ့ပါတယ်။


၁၉၉၇ ခုနှစ်က အရှိန်အဝါရှိတဲ့ Foreign Affairs စာတမ်းတစ်စောင်မှာ ဂျက်စီကာမက်သယူးက စစ်အေးခေတ် ကုန်ဆုံးသွားတာနဲ့အတူ “ပါဝါအပြောင်းအရွေ့”ဖြစ်ပြီး၊ NGO တွေအဖြစ် ဖွဲ့စည်းထားတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ နိုင်ငံ(အစိုးရ)တွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ဩဇာလွှမ်းမိုးမှုတွေကို နင်လားငါလား အန်တုနိုင်လာမယ်လို့ အဆိုပြုတင်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း NGO တွေဟာ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာရေး ဝန်ဆောင်မှုဖြန့်ချိရေးကို တိုးချဲ့တာဝန်ယူလာတာ၊ နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှုတွေမှာ အစိုးရတွေကို ဩဇာပေးလာတာ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မူဝါဒ ချမှတ်လာတာတွေအကြောင်း မက်သယူးက ကြုံရင် ကြုံသလို အခိုင်အမာ တင်ပြဆွေးနွေးပါတယ်။


ဒီနေ့ခေတ်မှာတော့ ဒီရုပ်ပုံကားချပ်ဟာ သိသိသာသာ ခြားနားသွားခဲ့ရပြီ။ နိုင်ငံတကာ NGO အရေအတွက်က ၂၀၁၀ နဲ့ ၂၀၂၀ ပြည့်နှစ်တွေကြားမှာ တန့်သွားပြီး တိုးတက်မှုနှုန်းက ငါးရာခိုင်နှုန်းအောက်မှာပဲ ရှိတော့တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာလည်း NGO တွေရဲ့ ကောင်းခြင်းတွေ၊ အကျိုးကျေးဇူးတွေအပေါ် အများပြည်သူရဲ့ သံသယတွေ နက်ရှိုင်းလာပြီ။ အစိုးရတွေကလည်း NGO တွေရဲ့ လုပ်ငန်းဆောင်တာတွေ ယိုင်နဲ့သွားစေမယ့် မူဝါဒတွေကို မွမ်းမံပြင်ဆင်ခဲ့ကြပြီ။ ဒီရက်သတ္တပတ်ထဲမှာ တရားဝင်ရပ်သွားခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ (USIAD) လိုမျိုး NGO တွေကို လုပ်ငန်းလည်ပတ်နိုင်ဖို့ စီးဝင် နေတဲ့ ငွေဝင်ပေါက်တွေဟာ တဖြည်းဖြည်းနဲ့ ခြောက်ခန်းလာကြပြီ။


ခြုံပြောရရင် တစ်ခေတ်တစ်ခါကလို နိုင်ငံရေး အခွင့်အလမ်းတွေ၊ အစွမ်းအစတွေ NGO လောကမှာ သိပ်မကျန်တော့ပါဘူး။ များသောအားဖြင့် NGO တွေဟာ အရင်ဆယ်စုနှစ်တွေမှာ ရခဲ့ရှိခဲ့ကြတဲ့ ပါဝါတွေကို ဆုံးရှုံးလိုက်ရရုံ မကပါဘူး။ နိုင်ငံတော်(အစိုးရ)တွေက အဲဒီ ပါဝါတွေကို ပြန်သိမ်းပိုက်သွားတာပါ။ ရလဒ်ကတော့ NGO တွေရဲ့ခေတ် နိဋ္ဌိတံပြီး၊ အဲဒီအဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှုတွေပေါ် မှီခိုနေရတဲ့ ပြည်သူတွေအဖို့ ဆုံးရှုံခြင်းကြီးစွာ ရင်ဆိုင်ရပေမယ့်၊ NGO တွေရဲ့ တိုက်တွန်း နှိုးဆော်မှုတွေကို ခြိမ်းခြောက်မှုသဖွယ် ရှုမြင်နေကြတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတွေအတွက်ကတော့ အူမြူးစရာ ဖြစ်သွားပါတယ်။


ဝေဖန်ချက်တွေ တောင်လိုပုံ


စာရေးသူတို့ရဲ့ သုတေသနမှာ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း နိုင်ငံတကာ NGO တွေရဲ့ ပြောင်းလဲမှုတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။ NGO တွေရဲ့ ထူထောင်ဖွဲ့စည်းမှု၊ ဖျက်သိမ်းမှုနဲ့ ဘတ်ဂျက်တွေရဲ့ အနိမ့်အမြင့် အတက်အကျကို လေ့လာနိုင်ဖို့ အဖွဲ့အစည်းလမ်းညွှန်စာအုပ်တွေ၊ အခွန်မှတ်တမ်းတွေဆီက အချက်အလက်တွေကို စုဆောင်းခဲ့တဲ့အပြင်၊ အကျယ်တပြန့် မြေပြင်ဆင်း စစ်တမ်းကောက်ယူတာ၊ Focus Group ဆွေးနွေးပွဲ ကျင်းပတာ၊ အရည်အသွေးအခြေပြု တွေ့ဆုံမေးမြန်းတာတွေ အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးရဲ့ အကြီးတန်း တာဝန်ရှိသူတွေနဲ့ စကားပြောပြီး ဒီလောကထဲမှာ ကျင်လည်လုပ်ကိုင်နေသူတွေရဲ့ အမြင်ရှုထောင့်တွေကို စုစည်းခဲ့ပါတယ်။


ကျွန်မတို့ တွေ့လိုက်ရတာက အင်မတန်ခြားနားကွဲပြားသွားတဲ့ ပြောင်းလဲမှုတစ်ခုပါပဲ။ နိုင်ငံတကာ ဇာတ်ကောင်တွေအဖြစ် NGO တွေ ဝင့်ကြွားခဲ့ချိန်တုန်းက သူတို့ဟာ စံနှုန်းတွေနဲ့အညီ တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်ခဲ့ကြသလို၊ သူတို့ရဲ့ အကျိုးအမြတ်ကို မမျှော်ကိုးတဲ့ သဘောသဘာဝကြောင့်လည်း အစိုးရတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ တခြားစီ ကွဲပြားခဲ့ပါတယ်။


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာအဖွဲ့ကြီးတို့၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီးတို့ဟာ ထိခိုက်ခံစားလွယ်သူ လူသားထုကို အကာကွယ်ပေးလို့ ကောင်းချီးဩဘာပေးခံရသလို၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာစံနှုန်းတွေ တွင်ကျယ်လာအောင် ဖိဖိစီးစီး လုပ်ကိုင်ခဲ့ကြပါတယ်။ တခြားနည်းနဲ့ နိုင်ငံတကာအင်စတီကျူးရှင်းတွေမှာ ဘယ်သူမှ ကိုယ်စားလှယ်လုပ် ပြောမပေးကြတဲ့ အရေးကိစ္စတွေနဲ့ ပြည်သူ့အသံတွေကို နားဖောက်ပေးပြီး၊ ကမ္ဘာ့စီမံအုပ်ချုပ်မှု စင်မြင့်ပေါ်မှာ အရေးတကြီး ထည့်သွင်းစဉ်းစားစရာတွေကို ထောက်ပြပြောဆိုနိုင်လို့ သူတို့ဟာ တရားဝင်မှုကို အခိုင်အမာရခဲ့ပါတယ်။


ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့မူဘောင်ကွန်ဗင်းရှင်း (UNFCCC) မှာ ဝင်ဆောင်ရွက်တဲ့ အဖွဲ့တွေကလည်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက်နစ်နာရတဲ့ ရပ်ရွာနေ ပြည်သူလူထုရဲ့ရှုထောင့်တွေကို ထည့်သွင်းတင်ပြနိုင်ခဲ့တယ်။ ဒီလို ထိန်းကျောင်းတည့်မတ်ပေးတဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက NGO တွေ တက်ရောက် ပါဝင်ခွင့်ကို ချဲ့ထွင်ပေးခဲ့ကြတယ်။ ရပ်ရွာပြည်သူတွေအတွက် NGO တွေက တိုက်ရိုက်ဝန်ဆောင်မှုတွေ ပေးလာတာနဲ့အမျှ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေကလည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လာကြတယ်။


၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ အစိုးရတွေက နိုင်ငံရပ်ခြားကူညီပံ့ပိုးမှုတွေ ဖြန့်ချိရာမှာ CARE International တို့၊ Mercy Corps တို့လို NGO တွေပေါ်မှာ ပိုအားကိုးအားထားပြုလာရတယ်။ ကောင်းကွက်တွေမြင်ခဲ့တဲ့ ခေတ်တုန်းက NGO တွေ ရှေ့တန်းရောက်လာတာဟာ ပိုကောင်းမွန်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပံ့ပိုးရင်း၊ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနဲ့ လက်နက်ထိန်းချုပ်မှုတွေမှာ မူဝါဒအပြောင်းအလဲကောင်းတွေ ဖန်တီးရင်း “ဒီကမ္ဘာကို အချစ်များနဲ့ ဆေးခြယ် ဒဏ်ရာတွေကုစား ပေးနိုင်ဖို့” အရပ်ဘက်လူ့အဖွဲ့အစည်းတွေအနေနဲ့ စနစ်တကျဖွဲ့စည်းလုပ်ကိုင်နိုင်စရာ အခွင့်အလမ်းသဖွယ် ရှုမြင်ခဲ့ကြတာပေါ့လေ။



မျက်မှန်တပ်ထားတဲ့ ဂျာမန်အဓိပတိ ဖရီးဒရစ်မာ့ဇ်ရဲ့ ရုပ်ပုံ။
အရပ်ဘက်အဖွဲ့အစည်းတွေကို မေးခွန်းထုတ်ခဲ့တဲ့ လက်ရှိ ဂျာမန်အဓိပတိ၊ ခရစ်ယာန်ဒီမိုကရက်ပါတီခေါင်းဆောင် ဖရီးဒရစ်မာ့ဇ်ကို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တွေ့ရစဉ်။ ဓာတ်ပုံ - REUTERS - Lisi Niesner

ဒါပေမဲ့ ၂၁ ရာစုအဆန်းပိုင်းနှစ်တွေလည်း ရောက်လာရော NGO တွေပေါ် ဝေဖန်သံတွေ တောင်လိုပုံလာပါ တော့တယ်။ လက်ဝဲ၊ လက်ယာ ဝါဒရေးရာ နှစ်ရပ်လုံးမှာ ရပ်တည်ကြသူတွေက NGO တွေရဲ့ ထိရောက်မှု၊ တာဝန်ခံမှုနဲ့ နိုင်ငံရေး ဩဇာလွှမ်းမိုးမှုတွေပေါ် သံသယမေးခွန်းတွေ ထုတ်လာကြတယ်။ တချို့ NGO တွေက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးစားလာကြတယ်။ သူတို့ရဲ့ ဘဏ္ဍာရေးနဲ့ ဆုံးဖြတ်လုပ်ကိုင်ပုံအဆင့်ဆင့်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပိုမျှဝေနိုင်မယ့် ပွင့်လင်းမြင်သာရေး ဦးဆောင်ဦးရွက်လုပ်ငန်းတွေ အသက်သွင်း လာကြတယ်။ ၂၀၁၀ ပြည့်လွန်နှစ်တွေမှာတော့ ဆုံးဖြတ်ချက်ချတာနဲ့ ငွေကြေးကိုင်တွယ်သုံးစွဲခွင့် ပါဝါတွေကို မိတ်ဖက်ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုယ်တိုင် လုပ်ခွင့်ရမယ့် ပြည်တွင်းဦးစီးဦးဆောင်ရေး (localisation) ဦးဆောင်ဦးရွက်မှုတွေကတဆင့် လှုပ်ရှားဆောင်ရွက်ရမယ်လို့ အဖွဲ့အများစုက အသိအမှတ်ပြုလာကြတယ်။


ဒါပေမဲ့ NGO တွေရဲ့ ဇာတိချက်ကြွေဖြစ်တဲ့ အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်ပိုင်းတွေက NGO တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် အသည်းအသန် ကန့်သတ်ပိတ်ပင်လာတာကို မတားဆီးနိုင်ပါဘူး။ ဥရောပ ပါလီမန်ရဲ့ ကိုယ်စားလှယ်တော်ကြီးတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO တွေကို အကျင့်ပျက် ခြစားမှု၊ လျှို့ဝှက်ဖုံးကွယ်မှု၊ ဥရောပသမဂ္ဂရဲ့ ဦးတည်ချက်၊ တန်ဖိုးထားမှုနဲ့ အကျိုးစီးပွားတွေအပေါ် ဆန့်ကျင် လုပ်ဆောင်မှုတွေ ရှိတယ်လို့ စွပ်စွဲပြောဆိုလာတယ်။ ဂျာမနီအဓိပတိ ဖရီးဒရစ်မာ့ဇ်က အစိုးရဆီက ရန်ပုံငွေလက်ခံပြီးလုပ်နေတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း အုပ်စုတွေရဲ့ “နိုင်ငံရေးကြားနေမှု”ကို မေးခွန်းထုတ်တယ်။ ပါတီစွဲမကင်းတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ အများကြီးရှိနေတယ်လို့ စွပ်စွဲပြစ်တင်တယ်။


ပြီးခဲ့တဲ့ ဆယ်စုနှစ်,နှစ်ခုအတွင်းမှာလည်း NGO တွေရဲ့ ကောင်းခြင်းတွေ၊ အကျိုးကျေးဇူးတွေအပေါ် အများ ပြည်သူရဲ့သံသယတွေ နက်ရှိုင်းလာပြီ

တချို့ဝေဖန်ချက်တွေဟာ NGO လောကရဲ့ တကယ့်ပြောင်းလဲဖြစ်ထွန်းမှုတွေပေါ် အခြေခံနေပါတယ်။ တစ်ချက်က အရေအတွက်များလာတဲ့ NGO တွေဟာ ရန်ပုံငွေရင်းမြစ်တွေရဖို့ အချင်းချင်း အလုအယက် အပြိုင်အဆိုင် ဖြစ်လာတာပါ။ အလှူရှင်တွေဆီက ရန်ပုံငွေရဖို့၊ အစိုးရနဲ့ နီးစပ်ဖို့၊ မီဒီယာတွေ အရေးတယူ လုပ်တာခံရဖို့ သူ့ထက်ငါ ကြိုးပမ်းကြရင်း သူတို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ လှုံ့ဆော်တိုက်တွန်းမှုတွေကို ပြည်သူတွေ မျက်ခြည်ပြတ်ကုန်ကြတယ်လို့ NGO ဝန်ထမ်းတစ်ဦးက မှတ်ချက်ချပါတယ်။ သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ကိုင်နေတဲ့ NGO ဝန်ထမ်းတစ်ယောက် ဥပမာပေးတာက - ဘေး တစ်ခုခု ဆိုက်ပြီဆိုရင် NGO တွေဟာ ရန်ပုံငွေ ရဖို့နဲ့ မီဒီယာက အရေးတယူလုပ်တာ ခံရချင်လို့ တုံ့ပြန်ဖြေရှင်းမှု လုပ်ငန်းတွေမှာ ခေါင်း‌ဆောင်နိုင်ဖို့ ကြိုးစားကြတာ ဇောင်းထဲကလွှတ်လိုက်တဲ့ မြင်းတွေလိုပါပဲတဲ့။ ဒါတွေကြောင့် လူသားချင်းစာနာရေး အကူအညီပေးတဲ့ အဖွဲ့တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ စိတ်မသန်ကြတော့တဲ့အပြင် တစ်ခါတစ်ရံ သူတို့ကူညီပံ့ပိုးပေးမှ ရမယ့်သူတွေကိုပါ စိတ်ပျက်သွားစေပါတယ်။ ဒီလိုဖြစ်ရပ်တွေက ဘယ်မှာပဲကြုံရကြုံရ NGO တွေဟာ အလှူရှင်တွေနဲ့ မီဒီယာတွေကို မျက်နှာလုပ်ဖို့ပဲ အာရုံစိုက်နေတယ်ဆိုတဲ့ ရှုမြင်မှုကြောင့် သူတို့ဟာ အကျိုးအမြတ်မျှော်ကိုးတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သဘောသဘာဝချင်း ကွာခြားတယ်ဆိုတဲ့ အမြင်တွေ အားနည်းလာပါတယ်။


NGO လောကကို တုန်လှုပ်ခြောက်ခြားစရာ ထပ်ဖြစ်စေတာက မတော်တလျော် ထင်ရာစိုင်းကြတာတွေကြောင့်ပါ။ ဥပမာ ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်ကိုင်နေတဲ့ နိုင်ငံတကာအဖွဲ့ကြီးနဲ့ မိတ်သဟာအဖြစ် နိုင်ငံအဆင့် ဖွဲ့စည်းထားတဲ့ ဗြိတိန်က အောက်စ်ဖမ်းအဖွဲ့ဟာ ဟေတီနိုင်ငံက ၂၀၁၈ ခုနှစ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု အရှုပ်တော်ပုံမှာ ပတ်သက်ခဲ့လို့ ဗြိတိသျှအစိုးရရဲ့ ရန်ပုံငွေထောက်ပံ့မှုမှာ ပါဝင်လျှောက်ထားခွင့် သုံးနှစ်တိုင်တိုင် မရဘဲ ရှိခဲ့ပါတယ်။ ဖြည်းဖြည်းနဲ့ ရန်ပုံငွေ ပြန်လည်လျှောက်ထားခွင့် ရှိသွားပေမယ့် ၂၀၂၁ ခုနှစ်မှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက လိင်အမြတ်ထုတ်မှုနဲ့ မလျော်ဩဇာသုံးမှုတွေ ကျူးလွန်ခဲ့တယ်လို့ ထပ်စွပ်စွဲခံရပြန်ပါတယ်။ အလားတူ အပုပ်နံ့ တလှိုင်လှိုင်ကိစ္စတွေက Plan International နဲ့ ကြက်ခြေနီအဖွဲ့ကြီးရဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလည်း ပလိပ်ရောဂါလို ကူးစက်နေတာပါ။ ထိခိုက် နစ်နာလွယ်တဲ့ ကူညီပံ့ပိုးမှု လိုအပ်နေသူတွေအပေါ် ဒီလို ကျင့်ဝတ်သိက္ခာနဲ့မညီ လုပ်ရက်တဲ့ အမှုအခင်းတွေကြောင့် NGO တစ်ဖွဲ့ချင်းမှာသာမက NGO လောက တစ်ခုလုံးပါ အစရှိအနောင်နောင် ဂုဏ်သတင်း ညှိုးနွမ်းထိခိုက်စရာ ဖြစ်လာခဲ့ပါတယ်။


NGO တွေအပေါ် ပြည်သူ့ယုံကြည်မှု ကျဆင်းယုတ်လျော့လာတာဟာ ရလဒ်ပါပဲ။ ၂၅ နှစ်တိုင်တိုင် နိုင်ငံ ၂၈ နိုင်ငံမှာ စစ်တမ်းကောက်ယူခဲ့တဲ့ Edelman လူမှုယုံကြည်စိတ်ချမှုညွှန်းကိန်းတွေအရ ၂၀၂၁ ကစလို့ NGO တွေထက် စီးပွားရေးလုပ်ငန်းတွေကိုပဲ ပိုယုံကြည်စိတ်ချတယ်လို့ ဖြေဆိုသူတွေက တုံ့ပြန်ခဲ့ကြပါသတဲ့။ ၂၀၂၅ ခုနှစ်မှာတော့ စီးပွားရေးလုပ်ငန်းတွေဟာလည်း NGO တွေလောက်နီးပါး ကျင့်ဝတ်ညီညွတ်မှုရှိပြီး လုပ်ရည်ကိုင်ရည် အပုံကြီး သာတယ်လို့ ဖြေခဲ့ကြပါတယ်။


နှိမ်နင်းဖြိုခွင်းမှုကြီး


ဒီလို ဝေဖန်သံတွေက NGO လောကအတွက် နိုင်ငံရေးရာသီဥတုမကောင်းချိန်မှာ ပိုညံလာပါတယ်။ စစ်အေးခေတ်ကုန်ခဲ့ပြီး လစ်ဘရယ်ဝါဒစိုးမိုးချိန်မှာ NGO တွေကို ထောက်ပံ့အားပေးမယ့် အလှူရှင်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ တစ်ကမ္ဘာလုံး အနှံ့အပြား ဖြစ်ခဲ့တာပါ။ အထူးသဖြင့် အာဖရိကနဲ့ အရှေ့ဥရောပက နိုင်ငံတွေမှာ ဒီမိုကရေစီကို ပိုကျင့်သုံးနိုင်လာတာနဲ့အမျှ NGO တွေကို လာပါ,လာပါလို့ လက်ကမ်းကြိုခဲ့ကြပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကဆိုရင် တရုတ်နဲ့ ဇင်ဘာဘွေတို့လို ဒီမိုကရေစီ မကျင့်သုံးတဲ့ နိုင်ငံတွေကတောင် မရှိမဖြစ် ပြည်သူ့ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပေးနိုင်ဖို့ NGO တွေကို ခွင့်ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီရဲ့ စိန်ခေါ်မှုတွေ ကြီးထွားလာတာနဲ့အမျှ NGO တွေကို လက်သင့်ခံမှုဟာလည်း တစ်စတစ်စ လျော့နည်းလာတယ်။ သေချာပြောရရင် ၂၀၁၀ ပြည့်လွန်နှစ်တွေ အကုန်ပိုင်းရောက်တော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ တူရကီတို့လို တိုင်းကြီးပြည်ကြီးတွေ အပါအဝင် တစ်ကမ္ဘာလုံးမှာ ဒီမိုကရေစီနည်းကျ ပြည်သူ့အခွင့်အရေးတွေ ယုတ်လျော့လာတယ်။ ဒီအပြောင်းအလဲနဲ့အတူ လက်ချင်းချိတ်ပြီး ပါလာတာက NGO တွေအပေါ် ပိုပြီး စိစစ်တာ၊ ကန့်သတ်တာတွေက ကြီးမားလာတာပါ။ ဒီမိုကရေစီကို မျက်နှာသာ မပေးတော့တာနဲ့အတူ နိုင်ငံတကာ NGO တွေရဲ့ လှုပ်ရှားဆောင်ရွက်ခွင့်ဟာလည်း လုံးပါး ပါး ပျောက်ကွယ်တော့မတတ် ဖြစ်လာတယ်။ ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာလည်း နိုင်ငံတကာ NGO တွေနဲ့ ပူးပေါင်းနေတယ်ဆိုပြီး ဖိအငြိုးခံရတာတွေ တိုးလာတော့တာပဲ။


ခုအချိန်မှာဆိုရင် အာဏာရှင်ဆန်တဲ့ အစိုးရပေါင်းများစွာဟာ NGO တွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုမိလို့ ဒီမိုကရေစီကူးပြောင်းရေးလုပ်ဖို့၊ အစိုးရ အပြောင်းအလဲလုပ်ဖို့ ဖိအားပေးလာမှာကို ကြောက်နေကြပြီ။ ဒီတော့ သူတို့ အာဏာမြဲဖို့ ဒီအဖွဲ့အစည်းတွေကို ဘယ်လိုချည့်နဲ့သွားအောင်လုပ်ရမလဲဆိုတဲ့ နည်းပေါင်းစုံကို ရှာနေကြတယ်။ ဥပမာ - ရုရှားမှာ သမ္မတ ဗလာဒီမာပူတင်က ၂၀၀၆ ခုနှစ်မှာ NGO လုပ်ဆောင်ချက်တွေကို တွင်တွင်ကျယ်ကျယ် နှိပ်ကွပ်နိုင်မယ့် ဥပဒေတစ်ခု ထုတ်ပြန်တယ်။ ဒီဥပဒေအရ ဘယ် NGO ကိုမဆို “ရုရှားဖက်ဒရေးရှင်းကို အန္တရာယ်ပြုခြိမ်းခြောက်”နိုင်တယ်လို့ အစိုးရအနေနဲ့ ယူဆရင် မှတ်ပုံတင်ခွင့်မပေးတာ၊ လုပ်ငန်းစဉ်တွေကို တားမြစ်တာတွေအထိ လုပ်ခွင့်ရှိတယ်။ ရုရှားအစိုးရနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးမကောင်းဖြစ်လာတဲ့ အချိန်မှာ ခုလို နှိပ်ကွပ်တာပါ။ ဒီလို နှိပ်ကွပ်တာက တစ်စိတ်တစ်ပိုင်းအားဖြင့် တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စုထဲ ပါခဲ့ဖူးတဲ့ နိုင်ငံတွေနဲ့ ဆားဗီးယားမှာ အာဏာရှင်ဆန်တဲ့ အစိုးရတွေကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ၂၁ ရာစု အစောပိုင်း “ဘာရောင်တော်လှန်ရေး၊ ညာရောင်တော်လှန်ရေး” (colored revolution) တွေကို အနောက်နိုင်ငံတွေနဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းရှိတဲ့ NGO တွေ ကြိုးကိုင်ခြယ်လှယ်ခဲ့တာကြောင့်လို့ ပူတင်အနေနဲ့ ယုံကြည်ယူဆလို့လည်း ပါတယ်။


၂၀၁၂ ခုနှစ်မှာတော့ ပူတင်အစိုးရက ဒီလောက်နဲ့ မတင်းတိမ်တော့ဘူး။ နိုင်ငံရေးသဘောသက်ဝင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး၊ နိုင်ငံခြားရန်ပုံငွေ လက်ခံတဲ့ NGO တိုင်းဟာ “ပြည်ပ(ဩဇာခံ)ကိုယ်စားလှယ်” (foreign agent) တွေအဖြစ် မဖြစ်မနေ မှတ်ပုံတင်ရမယ်၊ များမြောင်ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးအစီရင်ခံမှုတွေ၊ လှုပ်ရှားမှုတွေအပေါ် အစိုးရရဲ့ စောင့်ကြည့်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတဲ့ ဥပဒေသစ်တစ်ခု ထပ်ထုတ်ပြန်ပါတယ်။ ပြည်ပ(ဩဇာခံ) ကိုယ်စားလှယ်ပါလို့ ကိုယ့်ကိုယ်ကိုယ် လူသိရှင်ကြား ပြောဆိုရတာဟာ (NGO တွေအတွက်) ပြည်တွင်းလူထုရဲ့ ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေပါတယ်။ ရုရှားရဲ့ ပြည်ပ(ဩဇာခံ) ကိုယ်စားလှယ်ဥပဒေဟာ ဂျော်ဂျီယာ၊ ဟန်ဂေရီနဲ့ ကာဂျစ္စတန်နိုင်ငံတွေမှာ အတုယူ ဥပဒေပြဋ္ဌာန်းစရာ စံနမူနာတစ်ခုတောင် ဖြစ်လာခဲ့တယ်။


NGO တွေရဲ့ လှုပ်ရှားမှုတွေကို ယိုင်နဲ့စေမယ့် မဟာဗျူဟာတွေကို အစိုးရတွေက ရေးဆွဲနိုင်ခဲ့ပြီ

နိုင်ငံရေးသိပ္ပံပညာရှင် ဆူပါနာချောင်ဒရီရဲ့ သုတေသနအရ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုအတွင်း နိုင်ငံပေါင်း ၁၃၀ ကျော်မှာ နိုင်ငံတကာနဲ့ ပြည်ပရန်ပုံငွေ ပံ့ပိုးတဲ့ NGO တွေကို ကန့်သတ်ချုပ်ချယ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ရုရှားဥပဒေမှာ ပါသလို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ စီမံအုပ်ချုပ်ရေးပိုင်း စည်းမျဉ်းတွေ ချမှတ်တာမျိုးအပြင် တက်ကြွလှုပ်ရှားသူတွေကို ဥပဒေကြောင်းအရ ဒဏ်ခတ်တာ၊ ထောင်ချတာ၊ အကြမ်းဖက်ဖိနှိပ်တာ စတဲ့အနေအထားတွေဟာလည်း တစ်နည်းနည်းနဲ့ ကန့်သတ်ချုပ်ချယ်တာပါပဲ။ ဒီလိုဖိအားတွေအောက်မှာ NGO တွေဟာ လူ့အခွင့်အရေး၊ ကျား- မ တန်းတူညီမျှမှု၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ဒီမိုကရေစီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တခြား နိုင်ငံရေးနှီးနွယ်တဲ့ အရေးကိစ္စတွေကို လုပ်ကိုင်ဖို့ ခက်လာကြပါတယ်။



ပင်လယ်ကမ်းစပ်တစ်နေရာ အမှိုက်ပုံထဲမှာ ရပ်နေတဲ့ ဝတ်ကောင်းစားလှနဲ့ လူတစ်ယောက်ရဲ့ ခေါင်းပေါ်မှာ သင်္ဘောပုံကြီး ချိတ်ဆွဲထားပါတယ်။
သင်္ဘောပျက်တွေနဲ့ ရေကြောင်းစွန့်ပစ် အမှိုက်သရိုက်တွေကြောင့် ကမ်းရိုးတန်းညစ်ညမ်းမှုတွေကို သိသာစေဖို့ သရုပ်ပြထားတဲ့ Greenpeace India ရဲ့ လှုံ့ဆော်ပညာပေးမှု မြင်ကွင်းတစ်ခု။ ဓာတ်ပုံ - Greenpeace India Website

ဥပမာအားဖြင့် အိန္ဒိယမှာ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီရဲ့ အစိုးရအဖွဲ့က ပြည်ပရန်ပုံငွေ ရယူဆောင်ရွက်နေတဲ့ NGO ပေါင်း ထောင်ဂဏန်းလောက်ရဲ့ အဖွဲ့အစည်းမှတ်ပုံတင်တွေကို ၂၀၁၄ ခုနှစ်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ဒီလို နှိမ်နင်းဖြိုခွင်းမှုကြီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ Greenpeace India လို လူသိများထင်ရှားတဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတာပါ။ Greenpeace India ဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရပ်ခြားအလှူငွေတွေကို လက်ခံခွင့်မရှိဘူးလို့ အပိတ်ပင်ခံခဲ့ရပြီး ရလဒ်အားဖြင့် ဝန်ထမ်းအင်အား လျှော့ချရတဲ့အပြင် ရုံးခွဲနှစ်ရုံး ပိတ်လိုက်ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၂၀၁၀ ပြည့်နှစ် နိုင်ငံခြားထည့်ဝင် လှူဒါန်းမှုများကို ကြပ်မတ်သည့် ဥပဒေကို ကိုးကားပြီးတော့ အစိုးရက Greenpeace အဖွဲ့ဟာ “နိုင်ငံတော်၏ စီးပွားရေး အကျိုးကျေးဇူးများကို အာဃာတဖြင့် ထိခိုက်စေ”တယ်၊ ပြည်ပ ရန်ပုံငွေ လက်ခံရရှိမှုတွေကို ထိမ်ချန်ထားတယ်လို့ စွဲချက်တင်ခဲ့ပါတယ်။ Greenpeace India ဘက်ကတော့ သူတို့ဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျောက်မီးသွေးတူးဖော်မှုတွေကို ဆန့်ကျင်ကန့်ကွက်ကြမယ့် ရပ်ရွာလူထုကို စုစည်းပေးခဲ့တဲ့ အားထုတ်ကြိုးပမ်းမှုကြောင့် ခုလို ပစ်မှတ်ထားခံရတာလို့ ရှင်းလင်းပြီး ရန်ပုံငွေတွေကို မမှန်မကန် အစီရင်ခံတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ ဒီနေ့အထိတော့ အိန္ဒိယတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ Greenpeace ရုံးခန်း ဆက်ဖွင့်ခွင့်ရှိပေမယ့် အဖွဲ့အစည်းကို ချုံ့လိုက်ရပြီး သူတို့ရဲ့ လှုံ့ဆော်စည်းရုံးမှု အများအပြားကို ရည်ရွယ်ချက်ပြင်ဆင်ခဲ့ရပါတယ်။


အီသီယိုးပီးယားမှာလည်း ၂၀၀၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ NGO မှတ်ပုံတင်ဥပဒေအရ လူ့အခွင့်အရေးအတွက် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ အားလုံးနီးပါးကို ပိတ်ပင်ခဲ့ပြီး အပိတ်မခံရတဲ့ အဖွဲ့တွေဟာလည်း အခွင့်အရေးတွေအတွက် တိုက်တွန်း လှုံ့ဆော်မှုတွေကို ရပ်နားခဲ့ရတဲ့အပြင် ပညာရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့လို ယေဘုယျဆန်တဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေအတွက်ပဲ ဝန်ဆောင်မှုပေးနိုင်ကြပါတော့တယ်။


NGO တွေကို ချည့်နဲ့စေဖို့အတွက် သိပ်တည့် (ဒဲ့) တိုးမဟုတ်တဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ တချို့ဖြစ်စဉ်တွေမှာ အစိုးရကိုယ်တိုင်က NGO ဆန်ဆန် အဖွဲ့အစည်းတွေ ထူထောင်ဖန်တီး၊ သူတို့ကို ပြည်သူ့အင်အားစုတွေပုံစံ ဟန်ဆောင်ခိုင်းပြီး အစိုးရရဲ့ အာဂျင်ဒါတွေနောက် လိုက်ခိုင်းတာပါ။ ဥပမာ - ဒီနေ့ခေတ်မှာ ပေါပေါပဲပဲ ဒါမှမဟုတ် အမှောင့်ပယောဂ ဝင်နေတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဟာ အဇာဘိုင်ဂျန်၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေ တို့လိုနိုင်ငံတွေမှာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်အကဲဖြတ် နေကြပါတယ်။ ဒီလိုစောင့်ကြည့်အဖွဲ့တွေက လွတ်လပ်မှုလည်း မရ၊ မျှတမှုလည်း မရှိတဲ့ ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတကြောင်း အတည်ပြုပေးကြပါတယ်။ ဒီနည်းနဲ့ ကာတာ စင်တာလို တကယ်ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ အကဲဖြတ် သုံးသပ်ချက်တွေကို အာဏာရှင်ဆန်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ပြန်ငြင်းချက်ထုတ်နိုင်အောင် လုပ်ပေးကြတာပါ။


ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လူ့အခွင့်အရေးအခြေအနေတွေကို လေးနှစ်တစ်ကြိမ် အပြန်အလှန် ကြားနာသုံးသပ်တဲ့ Universal Periodic Review အစည်းအဝေးတွေမှာ အစိုးရက ဖွဲ့ထားတဲ့ NGO တွေက အစီရင်ခံစာတွေတင်၊ နှုတ်ပြော တင်ပြဆွေးနွေးချက်တွေလုပ်ပြီး ဖိနှိပ်အုပ်ချုပ်နေတဲ့ တိုင်းပြည်တွေကို ဂုဏ်တင် ချီးမွမ်းခန်းဖွင့်တာတွေလည်း ရှိပါတယ်။ အဲဒီ အသားထဲကလောက်ထွက် NGO တွေဟာ အမှန်အကန် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ တိုက်တွန်း‌ ဆော်ဩမှုတွေကို ရွှံ့အလိမ်းလိမ်း ပေကျံညစ်ထေးသွားစေပြီး လူထုရဲ့မျက်‌စိထဲမှာ NGO တွေရဲ့ တရားဝင်မှုဟာလည်း တိုက်စားပါးလျသွားပါတော့တယ်။


ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အထူးသဖြင့် တရုတ်နဲ့ ရုရှားလို ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေရဲ့ ဩဇာရှိန်ဝါကြီးမားလာမှု ကလည်း NGO တွေရဲ့ပါဝါကိုပြန်ထိန်းမယ့် အစိုးရမဟာဗျူဟာတွေ ဖောခြင်းသောခြင်းဖြစ်လာဖို့ ဇက်ကြိုးလျှော့ပေး လိုက်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ သူတို့ရဲ့ နိုင်ငံခြားပို့ကုန်တွေကို အနောက်နိုင်ငံတွေဆီ မပို့တော့ဘဲ တရုတ်ကို ပိုပြီး တင်ပို့ရောင်းချလာတဲ့အခါမှာ သူတို့ဟာ NGO တွေကို ဖိနှိပ်ချုပ်ချယ်လာနိုင်ခြေ ပိုရှိလာတယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် ခရစ္စတိုဖာအဒေါ့ဖ်နဲ့ အဆင်းမ်ပရာကက်ရှ်တို့က တွေ့ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံအစိုးရတွေနဲ့ လုံးလုံးမတူတာက တရုတ်အစိုးရဟာ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့အတွက် တခြားနိုင်ငံတွေအပေါ် ကုန်သွယ်မှု ဒဏ်ခတ်ပိတ်ဆို့တာတွေ မလုပ်တာကြောင့်ပါ။


ဒီစာတမ်းကို ပြုစုသူတွေထဲက တစ်ဦးဖြစ်တဲ့ ဆာရာဘုရှ်ဟာ နိုင်ငံရေးသိပ္ပံပညာရှင် ခရစ္စတီနာ ကော်တီယာရို၊ လော်ရန် ပရာသာတို့နဲ့အတူ မှတ်တမ်းတင်ထားတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေကစလို့ ရုရှားဟာ အနောက်ကမ္ဘာက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရဲ့ တရားဝင်မှုကို အစဉ်သဖြင့် သံသယထားပြီး၊ ဒီမိုကရေစီ ထွန်းကားပြန့်ပွားရေး အားထုတ်မှုတွေကိုလည်း နိုင်ငံတော်အချုပ်အခြာအာဏာ ချိုးဖောက်မှုတွေအဖြစ် ဘယ်လိုရှုတ်ချခဲ့တယ်ဆိုတဲ့ အချက်တွေပါ။ ရုရှားအစိုးရရဲ့ အားထုတ်မှုတွေကြောင့် နိုင်ငံရေးနဲ့ စီးပွားရေးအရ ရုရှားနဲ့ မကင်းရာမကင်းကြောင်း တိုင်းပြည်တွေဟာ ပေါပေါပဲပဲ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကိုပဲ ပိုသဘောတွေ့ကြပါတယ်။


ပြားပြားချပ်ချပ် ဘတ်ဂျက်


NGO တွေဟာ တန်ဖိုးကြီးမားတဲ့ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ လူသားချင်းစာနာရေး ကူညီပံ့ပိုးမှု အစီအစဉ်တွေကို ရန်ပုံငွေ ပံ့ပိုးနေတာ၊ အကောင်အထည်ဖော်ပေးနေတဲ့ မက်လုံးရှိတာကြောင့် အစိုးရတွေဟာ NGO တွေရဲ့ နိုင်ငံရေးဆန်တဲ့ လှုပ်ရှား‌ဆောင်ရွက်မှုတွေကို သိပ်ခံတွင်းမတွေ့ကြရင်တောင် ပြင်းပြင်းထန်ထန် ပိတ်ပင်ကန့်သတ်ဖို့ တွန့်ဆုတ်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ ခုတော့ မက်လုံးက ပြောင်းသွားပါပြီ။ ဘတ်ဂျက်အကန့်အသတ်တွေက ပိုတင်းကျပ်လာ၊ ဦးစားပေး လုပ်စရာတွေက အလုအယက် တောင်လိုပုံလာ၊ ပေါ်ပင် အတိုက်အခံတွေက အားကောင်းလာတဲ့အခါ အစိုးရတွေဟာ နိုင်ငံတကာ NGO တွေရဲ့ ပဓာနငွေတွင်းကြီးသဖွယ် ဖြစ်နေတဲ့ နိုင်ငံခြားကူညီပံ့ပိုးမှု အသုံးစရိတ်တွေကို လျှော့ချလာကြပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီး (OECD) ရဲ့ ထိပ်တန်းအလှူရှင်နိုင်ငံတွေရဲ့ ရေခြားမြေခြား ဖွံ့ဖြိုးရေး ကူညီပံ့ပိုးမှုတွေဟာလည်း ၂၀၂၄ ခုနှစ်မှာ ၇ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။ ဒီထပ်ပိုပြီး သိသိသာသာ ကျဆင်းသွားဖို့လည်း ရှိနေပါသေးတယ်။


ဒီအပြောင်းအလဲက အမေရိကန်ပြည်ထောင်စုမှာတော့ ဗြုန်းခနဲဒိုင်းခနဲပါပဲ။ သမ္မတဒေါ်နယ်ထရမ့် တာဝန်စယူတဲ့ ဇန်နဝါရီလကစလို့ သူ့အစိုးရအဖွဲ့ဟာ နိုင်ငံခြားရန်ပုံငွေအစီအစဉ်တွေ အားလုံးနီးပါးကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ပုံမျိုးက သမ္မတထရမ့် တာဝန်မယူခင်ကတည်းက စတင်ခဲ့သလို အမေရိကန်တစ်ခုတည်းမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ဥရောပမှာလည်း ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်တွေကိုပဲ မျက်စောင်းထိုးနေကြတာပါ။ နော်ဝေနဲ့ ဆွီဒင်တို့လို ဖြစ်စဉ်တွေမှာ လက်ယာယိမ်းပါတီတွေက (ဒီလိုဖြတ်တောက်ဖို့) ဖိအားပေးကြတာဖြစ်ပြီး တချို့နိုင်ငံတွေမှာတော့ ဗဟိုနဲ့ လက်ဝဲယိမ်းအုပ်စုတွေကပါ လျှော့ချသုံးစွဲရေး တွန်းအားပေးနေကြတာပါ။


တရားဝင် ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုအရ တိုင်းတာရင် ကမ္ဘာ့ဒုတိယအကြီးဆုံး အလှူရှင်ဖြစ်တဲ့ ဂျာမနီနိုင်ငံမှာတောင် ၂၀၂၄ ခုနှစ်မှာ ခေတ်မီတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးနဲ့ ဗဟိုလက်ယာပါတီတွေ ပါဝင်ဖွဲ့စည်းခဲ့တဲ့ ညွန့်ပေါင်းအစိုးရရဲ့ ခြိုးခြံချွေတာရေးမူအရ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီနှစ်မျိုးလုံးကို သိသိသာသာ လျှော့ချခဲ့ပါတယ်။ ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ဖို့ တိုက်တွန်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသစ်စက်စက် ကွန်ဆာဗေးတစ်ဝါဒီ ဂျာမန်အဓိပတိကြီးက ဒီ (နိုင်ငံခြား ကူညီပံ့ပိုးရေး လျှော့ချမယ့်) ခြေလှမ်းတွေကို ဘယ်လိုမှ နောက်ကြောင်းပြန်လှည့်နိုင်ဖို့ မလွယ်ပါဘူး။


ယူကေဟာလည်း ၂၀၂၀ ပြည့်နှစ် ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ထူထောင်မှု အစီအစဉ်တွေကို တင်းတင်းရင်းရင်း မလုပ်ခင်ကတည်းက နိုင်ငံခြားကူညီပံ့ပိုးရေးဘတ်ဂျက်ကို လျှော့သုံးခဲ့တာပါ။ လက်ရှိ လေဘာပါတီ အစိုးရဟာလည်း ကာကွယ်ရေးအသုံးစရိတ် ပိုသုံးနိုင်ဖို့အတွက် လျှော့သထက် လျှော့ဦးမယ်လို့ပဲ မျှော်လင့်စရာ ရှိပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးနေပြီး ပြည်သူ့ကြွေးမြီတင်ရှိမှုက မီးပုံးပျံကြီးလို တရိပ်ရိပ်တက်နေတဲ့ ပြင်သစ်နိုင်ငံကတော့ ၂၀၂၄ ခုနှစ်ကစလို့ ရေခြားမြေခြား ဖွံ့ဖြိုးရေးကူညီပံ့ပိုးမှုတွေကို သိသိသာသာ လျှော့ချခဲ့ပါပြီ။


NGO တွေရဲ့ လုပ်ငန်းလည်ပတ်စေနိုင်တဲ့ ရင်းမြစ်စီးကြောင်းတွေ ခန်းခြောက်ခဲ့ပါပြီ။

နိုင်ငံရပ်ခြားအကူအညီတွေကို ဖြန့်ချိပေးဖို့ (NGO တွေလို) အဖွဲ့အစည်းတွေကို အသုံးချရမယ်ဆိုတဲ့ နားလည်သိမြင်မှု အပေါ် အစိုးရရဲ့ ထိပ်ဆုံးအဆင့်တွေကပါ သံသယကြီးထွားလာတဲ့ တစ်ချိန်တည်းဆိုသလို NGO တွေအတွက် (ငွေကြေး) ရင်းမြစ်ရနိုင်တဲ့ နတ်ရေကန်ကြီးတွေ ခန်းခြောက်လာပါတယ်။ အမေရိကန်အစိုးရက USAID ကို တရားဝင် ပိတ်သိမ်းလိုက်ချိန်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက “USAID ထောက်ပံ့ခဲ့တဲ့ မရေမတွက်နိုင်တဲ့ NGO တွေရဲ့ အကြီးတန်းအရာရှိတွေသာ ကောင်းကောင်းမွန်မွန် စားသောက်နေထိုင်နိုင်တာပါ။ သူတို့ ကူညီနေပါတယ်ဆိုတဲ့ လူတွေကတော့ ဟိုးအဝေးကြီးမှာ ချန်ထားခံရနေပါတယ်” လို့ ရေးခဲ့ပါတယ်။ နယ်သာလန်နိုင်ငံက လက်ယာယိမ်း နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေးနဲ့ ဖွံ့ဖြိုးရေးဝန်ကြီး ရီအင်နတ်ကလဲဗာက နိုင်ငံခြားကူညီပံ့ပိုးမှုတွေသာမက အစိုးရရဲ့ အထောက်အပံ့ တစ်စိတ်တစ်ပိုင်းအဖြစ် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ပေးနေတဲ့ ရန်ပုံငွေတွေကိုပါ လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။


တချို့ အစိုးရမဟုတ်တဲ့ ရန်ပုံငွေပံ့ပိုးသူ အဖွဲ့အစည်းတွေကတော့ ဒီလိုလျှော့ချသုံးစွဲလာတာတွေကို တုံ့ပြန်တဲ့အနေနဲ့ ပိုမို သုံးစွဲလာနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဖောင်ဒေးရှင်း ၇၀ ကျော်က သမ္မတထရမ့်အစိုးရရဲ့ အသုံးစရိတ် ဖြတ်တောက်လျှော့ချမှုကြောင့် ဖြစ်လာမယ့် လစ်ဟာမှုတွေကို ဖြည့်ဆည်းနိုင်ဖို့ “အချိန်ကိုက် ဖြည့်ဆည်းရေး(meet the moment)” ကတိကဝတ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ USAID ရပ်တန့်သွားလို့ ရန်ပုံငွေတွေ သုံးခွင့်မသာတဲ့ လုပ်ငန်းစဉ်တွေကို ရေတိုကူညီပံ့ပိုးနိုင်အောင် ပုဂ္ဂလိကအလှူရှင်အုပ်စုတစ်ခုက “ပေါင်းကူးရန်ပုံငွေ” (bridge fund) တစ်ခု ထူထောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိ ကမ္ဘာ့ဘဏ္ဍာငွေကြေး မရေရာမှုတွေကြောင့် ပရဟိတ အလှူရှင်ကြီးတွေနဲ့ တခြားပုဂ္ဂလိက တစ်ဦးချင်းအလှူရှင်တွေအဖို့မှာ ကြီးကြီးမားမား ထည့်ဝင်သုံးစွဲနိုင်ဖို့တော့ သိပ်မပြေလည်ကြပါဘူး။ ပြီးတော့ ဘယ်လိုပဲပြောပြော တစ်ဦးချင်းရဲ့ ငွေကြေး ရင်းနှီးထည့်ဝင်နိုင်စွမ်းဆိုတာ နိုင်ငံတော် အစိုးရတစ်ရပ်ရဲ့ စီးပွားရေး ရင်းမြစ်တွေနဲ့ ဘယ်လိုမှ ယှဉ်နိုင်စရာ မရှိပါဘူး။


ကမ္ဘာအနှံ့က အဖွဲ့အစည်းပေါင်းများစွာကတော့ ဝန်ထမ်းအင်အား လျှော့ချနေပါပြီ။ ရန်ပုံငွေတွေ ဆုံးရှုံးရတာကြောင့် လူသားချင်းစာနာမှု ပြန်လည်ထူထောင်ရေး ကြိုးပမ်းချက်တွေ၊ နေရပ်စွန့်ခွာပြောင်းရွေ့သူတွေအတွက် အစီအစဉ်တွေ၊ ကာကွယ်ဆေး ထိုးနှံမှုတွေနဲ့ တခြား NGO လှုပ်ရှားမှုတွေပါ အားလျော့သွားပါလိမ့်မယ်။ ဒါဆိုရင် အသုံးတည့်တဲ့ ဝန်ဆောင်မှုတွေ ဖြန့်ချိပေးနိုင်လို့သာ လုပ်ကိုင်ခွင့်ရနေတဲ့ NGO တွေခမျာ ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေ ပြုသမျှ နုရမလို ဖြစ်လာနေပါတယ်။ အဲသလို အစိုးရမျိုးတွေဟာ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း စီမံကိန်း (Belt and Road Initiative) ကနေ အစားထိုး ဖွံ့ဖြိုးရေး ကူညီပံ့ပိုးမှုတွေရဖို့ တရုတ်ဘက် မျက်နှာမူသွားနိုင်ပါတယ်။ တရုတ်ရဲ့ စံပြုယန္တရားစနစ်ထဲမှာ NGO တွေ မပါရေးချ မပါ,ပါဘူး။ ကူညီမှု လက်ခံမယ့်နိုင်ငံတွေက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို မဖြစ်မနေ လိုက်နာရမယ်လို့လည်း မျှော်လင့်သတ်မှတ်ထားမှာ မဟုတ်ပါဘူး။ ကြုံလာရနိုင်တာက အနောက်နိုင်ငံငွေကြေးနဲ့ မဝယ်ယူနိုင်လို့ တန်ဖိုးထားမှုတွေကို ဆုံးရှုံးရမယ်။ အဲဒီအခါ ကမ္ဘာအရပ်ရပ်က NGO တွေက လွတ်လပ်အမှီအခိုကင်းတဲ့ တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ကြရင်တောင် အစိုးရတွေကတော့ တိုက်တွန်းသင့်လို့ တိုက်တွန်းတယ်မထင်ဘဲ ပြဿနာကို မီးခွက်ထွန်းရှာနေတာပဲဆိုပြီး အငြိုးခံရမှာ အမှန်ပါ။


ပါဝါနောက်ပြန်အရွေ့


လူအများကြားမှာ NGO တွေပေါ် သံသယကြီးထွားလာတာ၊ အဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖို့ အစိုးရတွေက အားတက်သရော ကြိုးပမ်းကြတာ၊ ငွေကြေးရင်းမြစ်တွေ ခြောက်ခန်းလာတာတွေဟာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံကြီးပေါ်က NGO တွေရဲ့ ပါဝါကို လျှော့ချပစ်လိုက်ကြပါတယ်။ ဖြစ်စဉ်အများအပြားမှာ အဲဒီပါဝါကို နိုင်ငံအစိုးရတွေက သူတို့လက်ထဲသူတို့ ပြန်ထည့်ထားကြပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ အဖွဲ့အစည်းတွေကို နှင်ထုတ်လိုက်တဲ့ အစိုးရတစ်ရပ်ဟာ သတင်းအချက်အလက်တွေကို ထိန်းချုပ်တဲ့နေရာ၊ အတိုက်အခံတွေကို နှိပ်ကွပ်တဲ့‌နေရာတွေမှာ လုပ်ရည်ကိုင်ရည် မြှင့်တင် လိုက်တာပဲ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး NGO တွေကို ချုပ်ချယ်ထားတဲ့ အစိုးရတစ်ရပ်ဟာ ညစ်ညမ်းမှုတွေ ဖြစ်ချင်သလောက် ဖြစ်စမ်းဆိုပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးစေမယ့် စီးပွားရေးလုပ်ငန်းတွေကို ထဲထဲဝင်ဝင် လုပ်ကိုင်ရ လွယ်သွားတာပါပဲ။ ပြည်တွင်းမှာ နိုးကြားတက်ကြွတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခု မရှိတဲ့အခါမှာ အစိုးရ တစ်ရပ်ဟာ နိုင်ငံတကာ ပဋိညာဉ်စာချုပ်တွေ၊ လူမှုရပ်ဝန်းက မျှော်လင့်ချက်တွေနဲ့ မကိုက်ညီလည်း ဖိအားပေးမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်ပနိုင်ငံအစိုးရတွေနဲ့ ခပ်ကင်းကင်း နေနိုင်လာမှာ ဖြစ်ပါတယ်။ ဒီသဘောကိုသာ ဆောင်သွားရင် နိုင်ငံအစိုးရတွေလက်ထဲ အာဏာတွေ ကြီးမားလာပြီး တစ်မ္ဘာလုံးမှာ လစ်ဘရယ်စံနှုန်းတွေ လျော့ကျ နိမ့်ဆင်းသွားဖို့ပဲ ရှိပါတယ်။


တကယ်လို့သာ NGO တွေ ရှိရတဲ့ အကြောင်းရင်းဟာ ဒီရေစီးကြောင်းကြီးကို တန်ပြန်အန်တုဖို့ဆိုရင် ဒီအချိန်ဟာ အဲဒီကိစ္စတွေကို ကိုယ့်ခြေကိုယ့်လက် လုပ်ကြရမယ့် ကာလပါပဲ။ အစိုးရတွေက သူတို့ရဲ့ နိုင်ငံခြားကူညီပံ့ပိုးရေး ဘတ်ဂျက်တွေကို ကောက်ခါငင်ခါ မြှင့်တင်ပေးမယ့်ပုံ မပေါ်ပါဘူး။ အလားတူပဲ illiberal ဝါဒ ခေါင်းထောင်ထလာပြီး အရင်နဲ့သိပ်မကွာတဲ့ နိုင်ငံတကာအခင်းအကျင်းတစ်ခု ရှိလာမယ့်ပုံလည်း မပေါ်ပါဘူး။ NGO တွေအနေနဲ့ ပြုခဲ့သမျှ ကောင်းမှုအစုစုနဲ့ အတိတ်က ကျူးလွန်ခဲ့ဖူးသမျှ အမှားအယွင်းတွေထဲက သင်ခန်းစာယူနိုင်တဲ့ အစွမ်းအစတွေကို အသားပေးကြရပါမယ်။ ဒါကလည်း ရှိဖူးသမျှ တရားဝင်မှုတွေ ပြန်သိမ်းပိုက်နိုင်ရုံထက် မပိုပါဘူး။ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ဘဏ္ဍာငွေကြေး အစီရင်ခံမှုတွေကို ပိုပွင့်လင်းမြင်သာရှိဖို့နဲ့ အကျိုးကျေးဇူး ခံစားထိုက်သူ ပြည်သူလူထုအပေါ် တာဝန်ခံမှုတွေကို မြှင့်တင်နိုင်ဖို့ အတော်လေး နောက်ကျနေပြီလို့ ဆိုနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဖို့လိုလာပါလိမ့်မယ်။ ဒီလို တက်ညီလက်ညီ လုပ်နိုင်ကြမယ်ဆိုရင် ၂၀၁၃ ခုနှစ်တုန်းက ကင်ညာမှာ တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်ရောက်တော့ နိုင်ဂျီးရီးယားမှာ တစ်ကြိမ်၊ နိုင်ငံခြားရန်ပုံငွေတွေအပေါ် တင်းကျပ်ပိတ်ပင်မယ့် ဥပဒေကျင့်သုံးမှုတွေကို ကာကွယ်ဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အောင်အောင်မြင်မြင် လှုပ်ရှားဆောင်ရွက်ပြီး တားဆီးနိုင်ခဲ့ကြသလိုပဲ ဖိနှိပ်မှုတွေကို အန်တုနိုင်ကြမှာပါ။


NGO လောကဆိုတာကလည်း နိုင်ငံရေးလောကဓံတွေ ဘဏ္ဍာရေးအကျပ်အတည်းတွေကို ဆေးဝါးသိဒ္ဓိပြီးမြောက်ထားသူတွေမှ မဟုတ်ကြဘဲ

အစိုးရတွေရဲ့ ရန်ပုံငွေတွေ မရနိုင်တော့တဲ့နေရာမှာ NGO တွေဟာ ကိုယ့်လုပ်ငန်းစဉ်တွေက စူးစိုက်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဖန်တီးထိုးထွင်းမှုရှိရှိ စဉ်းစားတွေးတောတာ၊ တခြားသော ရင်းမြစ်တွေဆီကနေ ကူညီအားပေးမှု ရှာဖွေတာတွေ လုပ်ဖို့လိုပါလိမ့်မယ်။ ဘဏ္ဍာငွေကြေး အကျပ်အတည်းရဲ့ဒဏ်ချက်အောက်မှာ ပြားပြားမှောက်တဲ့ အဖွဲ့တွေလည်း အများကြီးရှိနိုင်ပါတယ်။ လူမှုဝန်းကျင်ကို အလေးဂရုပြုတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ GiveWell လို တိုက်ရိုက်လှူဒါန်းရေး နှိုးဆော်တဲ့ အဖွဲ့တွေအပါအဝင် တချို့အဖွဲ့အမျိုးအစားတွေကတော့ တစ်ချိန်က NGO တွေ ဖြန့်ချိ ပေးခဲ့ကြတဲ့ ဝန်ဆောင်မှုတွေ ပေးလာနိုင်တဲ့အထိ တစ်ဆင့်တိုးလာမှပါ။ ဒါပေမဲ့ NGO တွေရဲ့ အခရာကျတဲ့ တိုက်တွန်း နှိုးဆော်သူ၊ စောင့်ကြည့်လေ့လာသူ အခန်းကဏ္ဍတွေကိုတော့ အလွယ်တကူ ပြန်ဖြည့်လို့ရဦးမှာ မဟုတ်သေးဘူးပေါ့။


စစ်အေးခေတ်ကုန်သွားတဲ့နောက်မှာ အံ့အားသင့်စရာ ဖွံ့ထွားခဲ့တဲ့ NGO တွေဟာ နိုင်ငံတော်(အစိုးရ)တွေဆီက ပါဝါကို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆီ ပခုံးပြောင်းပေးခဲ့တယ်။ ဒီလိုပြောင်းပေးခဲ့လို့လည်း အဲသလို အဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်တွေနဲ့ ဒီမိုကရေစီနည်းကျ အစိုးရတွေရဲ့ အကျိုးလိုလားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကိုက်ညီတဲ့အခါ အစိုးရမှာ အကျိုးရှိဖို့ပဲ ဖြစ်လာရတယ်။ ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ ကောလင်းပါဝဲလ်ရဲ့ ကျော်ကြားတဲ့ (အငြင်းပွားစရာလည်းဖြစ်ခဲ့တဲ့) အပြောကတော့ NGO တွေဟာ ဒီမိုကရေစီ ထွန်းကားရေး၊ လူ့အခွင့်အရေး ကာကွယ်ရေးတို့အပါအဝင် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဆွတ်ခူးရရှိစေခဲ့တဲ့ “အင်အား ဆတိုးပွားစေသူတွေ” (force multiplier) ပါတဲ့။ NGO လုပ်ငန်းတွေကို ပံ့ပိုးရာရောက်တဲ့ နိုင်ငံခြားကူညီပံ့ပိုးမှု ဘတ်ဂျက်ကို လျှော့ချလိုက်ရင် အမေရိကန်နဲ့ ဥရောပတို့ဟာ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှု ပင်မရင်းမြစ်ကြီးကနေ ဝေးသထက် ဝေးရာကို ရောက်သွားကြပါလိမ့်မယ်။ NGO လောက အင်အားချည့်နဲ့သွားလို့ သူတို့မှာ အကျိုးအမြတ်တိုးပွားစရာ ဘာမှမရှိပါဘူး။ တစ်ခြားဘက်ကကြည့်ရင် လစ်ဘရယ်တန်ဖိုးထားမှုတွေကို မြှင့်တင်တဲ့ အဖွဲ့အစည်းတွေကို ဖိနှိပ်တာကြောင့် ဒီမိုကရေစီနဲ့ မညီတဲ့ အစိုးရတွေမှာသာ နိုင်ငံရေးအကျိုးစီးပွား များပြားမှာဖြစ်ပါတယ်။


စစ်အေးခေတ်လွန် ပါဝါအပြောင်းအလဲတွေဟာ တက်ကြွထက်သန်ပြီး ရင်းမြစ်အင်အားတောင့်တင်းတဲ့ ကမ္ဘာ့ အရပ်ဘက် လူမှုအဖွဲ့အစည်းကြီးကနေ ကမ္ဘာကြီးကို ပိုနေပျော်စရာဖြစ်အောင် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ အကောင်းမြင်မှုတွေ ပေါ်ထွက်စေခဲ့ပါတယ်။ ဒါပေမဲ့ NGO လောကဆိုတာကလည်း နိုင်ငံရေးလောကဓံတွေ၊ ဘဏ္ဍာရေးအကျပ်အတည်းတွေကို ဆေးဝါးသိဒ္ဓိပြီးမြောက်ထားသူတွေမှ မဟုတ်ကြဘဲ။ အကောင်းမြင်သူတွေ မျက်စိလျှမ်းသွားတဲ့တစ်ချက်က ပါဝါတွေဟာ တဖြည်းဖြည်းနဲ့ နောက်ပြန်အရွေ့အပြောင်း ပေါ်လာနိုင်တာ ဖြစ်ကြောင်းပါ။



မူရင်းဆောင်းပါး - The End of the Age of NGOs? | Foreign Affairs

ဆာရာဘုရှ်(Sarah Bush)ဟာ အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗေးနီးယားတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခဖြစ်ပြီး ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသမီးကိုယ်စားပြုမှုနဲ့ ကမ္ဘာတစ်ဝန်းက ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများအပေါ် သုတေသနပြုလေ့လာနေသူလည်း ဖြစ်ပါတယ်။ The Taming of Democracy Assistance: Why Democracy Promotion Does Not Confront Dictators (၂၀၁၅) နဲ့ Monitors and Meddlers: How Foreign Actors Influence Local Trust in Elections (၂၀၂၂) တို့ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ပရင်စတန်တက္ကသိုလ်က ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။


ဂျနီဖာဟတ်ဒန်ဟာ(Jennifer Hadden) အမေရိကန်ပြည်ထောင်စု၊ ဘရောင်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံဌာနနဲ့ ဝတ်ဆန် နိုင်ငံတကာနှင့် ပြည်သူ့ရေးရာဌာနတို့ရဲ့ တွဲဖက်ပါမောက္ခ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲလာမှု၊ စွမ်းအင်နိုင်ငံရေး၊ လူမှု လှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာ NGO တွေနဲ့ပတ်သက်လို့ သုတေသနပြု လေ့လာနေသူပါ။ ဆာရာဘုရှ်နဲ့ ပူးတွဲရေးသားထားတဲ့ Crowded Out: The Competitive Landscape of Contemporary International NGOs ကို ဒီနှစ်ထဲမှာပဲ ထုတ်ဝေခဲ့ပြီး ၂၀၁၅ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ Networks in Contention: The Divisive Politics of Climate Change စာအုပ်ဟာလည်း ဘာသာရပ်ဆိုင်ရာ စာပေဆု ငါးခုရရှိခဲ့ပါတယ်။

1 Comment


Guest
Aug 17, 2025

ဟိုနေရာဝင်ယောင်သည်နေရာဝင်ယောင်သူတွေက တော့ သွားမှာပါ။ကိုယ့်အလုပ် ကိုယ့်တန်ဖိုးကို တည်တည်ကြည်ကြည် လုပ်နိုင်သူ လုပ်သူတွေကတော့ ခေတ်ကုန်ရိုးမရှိပါ။

Like
bottom of page