ကူညီပံ့ပိုးမှုတွေ လျှော့ချလိုက်တဲ့နောက်
- ခူးဂလယ်

- 4 hours ago
- 4 min read
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလုပ်ငန်းတွေအတွက် အတိတ်ရဲ့နည်းနာ ရှစ်ခု

ပဋိပက္ခတွေ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အုပ်ချုပ်မှုစနစ်ကောင်း ထူထောင်ရေး (Democracy, Rights and Governance – DRG) လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ကမ္ဘာတလွှားမှာ နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေ ဖြတ်တောက်လျှော့ချကြတဲ့ ရေစီးကြောင်းကြောင့် ဒီကဏ္ဍမှာ လှုပ်ရှားနေသူတွေအတွက် ရန်ပုံငွေတွေ အကန့်အသတ် ပိုရှိလာပါတယ်။ ခုလိုအခြေအနေမှာ ဒီလုပ်ငန်းတွေ ပေါ်ဦးပေါ်ဖျား ခေတ်ကာလတွေထဲမှာ ဘယ်လိုရှင်သန်ရပ်တည်ခဲ့ကြသလဲ ဆိုတာကို စာရေးသူ ဘလဲယားဂလန်ကော့စ်နဲ့ ရှယ်လီဘားလော့တို့က Open Democracy ဝက်ဘ်ဆိုက်မှာ ဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြခဲ့ပါတယ်။ မြန်မာ့အရပ်ဘက် အဖွဲ့အစည်းတွေမှာ ဦးဆောင်လှုပ်ရှားနေသူတွေ တွေးတောငြင်းခုံနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြလိုက်ရပါတယ်။
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အုပ်ချုပ်မှုစနစ်ကောင်းတွေ ထူထောင်ရေးတွေဟာ ဘာလင်တံတိုင်းပြိုပြီး အရှေ့ဥရောပနဲ့ ဘော်လကန်ဒေသမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းကြတဲ့နောက်ပိုင်း ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေကျမှ လုပ်ငန်းသဘာဝအနေနဲ့ ပီပီပြင်ပြင် ပုံပေါ်လာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်တွေထဲက ရက်ရက်စက်စက် ရန်ပုံငွေဖြတ်တောက်မှုတွေကြားမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အုပ်ချုပ်မှုစနစ်ကောင်းမွန်ရေး (DRG) နယ်ပယ်က အဖွဲ့အစည်းတွေ ဝန်ထမ်းလျှော့ချ၊ လုပ်ငန်းချုံ့၊ ပရောဂျက်တွေ လက်ပြောင်းလက်လွှဲလုပ်၊ ပေါင်းလုပ်၊ အကျိုးခံစားခွင့်တွေ ဖျက်သိမ်း၊ စေတနာ့ဝန်ထမ်းတွေနဲ့လုပ်ကိုင်ရတာ စသဖြင့် အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အုပ်ချုပ်မှုစနစ်ကောင်း ထူထောင်ရေး ရန်ပုံငွေအနည်းအကျဉ်းတော့ ကျန်ပါသေးရဲ့။ ဒါပေမဲ့ အလှူရှင်ထောက်ပံ့ငွေသက်သက်နဲ့ ကာလရှည်ရပ်တည်မယ့်ဘက်က အလောင်းအစားလုပ်ရင်တော့ အမြော်အမြင်နည်းရာ ကျတာပေါ့။ လက်ရှိရပ်တည်မှုပုံစံ ပေါ်လာတာ သိပ်မကြာသေးတဲ့အကြောင်းကလည်း မေ့လွယ်ပျောက်လွယ် ဖြစ်လိုက်တာ။
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အုပ်ချုပ်မှုစနစ်ကောင်းတွေ ထူထောင်ရေး (ရှေ့ဆက်ပြီး DRG လို့ သုံးပါရစေ) တွေဟာ ဘာလင်တံတိုင်းပြိုပြီး အရှေ့ဥရောပနဲ့ ဘော်လကန်ဒေသမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းကြတဲ့နောက်ပိုင်း ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေကျမှ လုပ်ငန်းသဘာဝအနေနဲ့ ပီပီပြင်ပြင် ပုံပေါ်လာခဲ့တာပါ။ အဲဒီခေတ်မတိုင်ခင်က လော့ဂ်ဖရိမ် (log-frame) တွေဆွဲပြီး အထက်-အောက်ဆန်တဲ့ အုပ်ချုပ်မှုစနစ်ကောင်းထူထောင်ရေး စီမံကိန်းတွေ အခုလို မပေါ်သေးပါဘူး။ ဒီနယ်ပယ်ဟာ ကျဉ်းမြောင်းသေးငယ်ပြီး၊ ကိန်းကြီးခန်းကြီးလည်း မနိုင်၊ ရေရာတယ်လို့လည်း မပြောသာ၊ ရန်ပုံငွေလည်း အနည်းအကျဉ်းလောက်သာ ရှိခဲ့ပါတယ်။
ဒါဖြင့် အဖွဲ့အစည်းတွေဟာ ဘယ်လိုများ စနစ်တကျဖွဲ့စည်းပြီး သူတို့လုပ်ငန်းတွေကို ဆက်ဆောင်ရွက်ကြတာလဲ။ ပြန်လှည့်ကြည့်လိုက်ရင်တော့ အဲဒီအဖွဲ့အစည်းတွေဟာ အနည်းဆုံး အောက်မှာဖော်ပြထားတဲ့ နည်းလမ်းရှစ်ခုကိုသုံးပြီး ပေါ့ပါးသွက်လက်အောင်၊ ရပ်ရွာလူ့အသိုက်အဝန်းမှာ အမြစ်တွယ်နိုင်အောင်၊ ဘဏ္ဍာငွေကြေး ရပေါက်ရလမ်းအဖုံဖုံနဲ့ ရပ်တည်ခဲ့ကြတာပါ။
လက်ရှိရပ်တည်မှုပုံစံ ခြေကုန်လက်ပန်းကျလာချိန်မှာ အဲဒီနည်းလမ်းတွေအတိုင်း ရိုးရိုးလေး ပြန်လိုက်နာကျင့်သုံးကြဖို့ တထစ်ချ မတိုက်တွန်းချင်ပါဘူး။ ဒါပေမဲ့ ဒီနည်းတွေသုံးတဲ့အခါ ပိုကျစ်လျစ်၊ နိုင်ငံရေးအရ ဆီလျော်အပ်စပ်ပြီး၊ ရန်ပုံငွေရင်းမြစ် တစ်ခုတည်းအပေါ် မှီခိုအားကိုးနေတာတွေကို လျှော့ချနိုင်မှာပါ။ ဒီလိုသဘောထားနိုင်ရင် အတိတ်ကိုကြည့်ရင်း အနာဂတ်ကို တစွန်းတစ လှမ်းမြင်နိုင်မှာပါ။
၁။ ကုန်ကျစရိတ်တွေကို လျှော့ထား
DRG ဆောင်ရွက်ချက်အများစုဟာ စေတနာ့ဝန်ထမ်းကွန်ရက်တွေ၊ ကျောင်းသား ဒါမှမဟုတ် သက်မွေးဝမ်းကျောင်း အလိုက်ဖွဲ့ထားတဲ့ အသင်းအဖွဲ့တွေက အနိမ့်ဆုံးပုံသေကုန်ကျစရိတ်တွေ၊ အထိုက်အလျောက် စေတနာကြေး ထည့်ဝင်ထောက်ပံ့မှု (in-kind support) တွေနဲ့ ကြီးမားလာကြတာပါ။
၁၉၉၀ ပြည့်နှစ်တုန်းက အိန္ဒိယမှာ ထူထောင်ခဲ့တဲ့ မက်ဇ်ဒေါကီစန်ရှက်တီး စန်ဂါသန် (အလုပ်သမား၊ လယ်သမား သမဂ္ဂ) ဟာ အကျင့်ပျက်ခြစားမှုနဲ့ လုပ်အားခခေါင်းပုံဖြတ်တာတွေကို တိုက်ဖျက်ဖို့ အောက်ခြေလူထု လှုပ်ရှားမှုအဖြစ် ပေါ်လာခဲ့ပါတယ်။ နောင်အခါမှာ ဒီသမဂ္ဂဟာ သတင်းအချက်အလက် သိရှိပိုင်ခွင့် ဥပဒေပေါ်ပေါက်လာဖို့အထိ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
ဆာဘီးယားနိုင်ငံက ကျောင်းသားလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ အော်တပေါ် (Otpor!) အဖွဲ့ဟာ အရပ်ဘက်အဖွဲ့အစည်းတွေကို လှုံ့ဆော်စည်းရုံးပြီး ၂၀၀၀ ပြည့်နှစ်မှာ အာဏာရှင် ဆလိုဘိုဒန် မီလိုဆီဗစ်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ကျောင်းသားတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို အားကိုးပြီး ရွေးကောက်ပွဲ စောင့်ကြည့်တာ၊ အထွေထွေသပိတ် ဆင်နွှဲတာ၊ အာဏာရှင်အစိုးရကို ဖြုတ်ချရေး လူထုထောက်ခံမှုတွေ မြှင့်တင်တာတွေ လုပ်ခဲ့ပါတယ်။
ဒီနေ့ခေတ်အထိ ရှိစုမဲ့စုနဲ့လှုပ်ရှားဆောင်ရွက်နိုင်ကြတဲ့အတွက် အဲသလို သေးငယ်ပြီးဗျူရိုကရေစီနည်းတဲ့ အဖွဲ့အစည်းတွေဟာ ရေရှည်တည်တံ့ကြတဲ့အကြောင်း သက်သေပြခဲ့ကြပြီး ဖြစ်ပါတယ်။
၂။ အဖွဲ့ဝင်အခြေပြုစနစ် ထူထောင်
အဖွဲ့ဝင်စနစ်ပုံစံဟာ ပြင်ပအလှူရှင်တွေပေါ်မမှီခိုဘဲ အဖွဲ့အစည်းရဲ့အခြေခံအုတ်မြစ်ကို သိသာပေါ်လွင်စေတဲ့အတွက် ဘဏ္ဍာရေးတည်ငြိမ်မှုနဲ့ နိုင်ငံရေးအားသာချက်တွေကို ရရှိစေပါတယ်။
တောင်အာဖရိက အလုပ်သမားသမဂ္ဂများကွန်ဂရက် (COSATU) ဟာ အထင်ကရ ဥပမာကောင်းပါ။ ၁၉၈၀ ပြည့်လွန် နှောင်းပိုင်းနှစ်တွေကစလို့ အသင်းဝင်ကြေးတွေနဲ့ ဘဏ္ဍာရေးအရ ရပ်တည်ခဲ့ပြီး အသားရောင်ခွဲခြားမှု ခေတ်ကာလထဲမှာရော၊ အဲဒီအလွန်မှာပါ အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာအောင် တိုက်တွန်းနိုင်ခဲ့ပါတယ်။ သမဂ္ဂ ၃၃ ခုက အလုပ်သမား ငါးသိန်းနဲ့စတင်ခဲ့ပြီး အခုအချိန်မှာ အဖွဲ့ဝင်ပေါင်း နှစ်သန်းကျော် ရှိနေပါပြီ။
ဒါဟာ ငွေရေးကြေးရေးသာမက နိုင်ငံရေးအရလည်း အရေးကြီးပါတယ်။ COSATU ဟာ ကိုယ့်ငွေနဲ့ကိုယ် ရပ်တည်တယ်ဆိုတာ အခြေခံအုတ်မြစ်ဖြစ်တဲ့အဖွဲ့ဝင်တွေရဲ့ငွေနဲ့ စရိတ်ခံသုံးစွဲရတာပါ။ တချိန်တည်းမှာ သမဂ္ဂရဲ့ ဖွဲ့စည်းမှုပုံစံကြောင့် ပူးပေါင်းဆောင်ရွက်တာတွေကို လမ်းဖွင့်ပေးပြီး အခြေခံလစာရရှိရေး စုရုံးကြတာ၊ အလုပ်သမားအခွင့်အရေး မြှင့်တင်တာတွေနဲ့ တောင်အာဖရိကရဲ့ အသားရောင်ခွဲခြားမှု ခေတ်ကာလအလွန် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပုံဖော်ရာမှာ ပါဝင်တာတွေအထိ လုပ်နိုင်ခဲ့ပါတယ်။
၃။ ပရဟိတအလှူငွေ ရရာရကြောင်းတွေ ချဲ့ထွင်
အင်စတီကျူးရှင်းနဲ့ ရပ်ရွာလူ့အသိုက်အဝန်းတွေဆီက စေတနာအလျောက် ထည့်ဝင်လှူဒါန်းငွေတွေဟာ ရန်ပုံငွေစီးဆင်းမှုကြီးကြီးမားမား မရှိသေးတဲ့ ထူထောင်စ အဖွဲ့အစည်းတွေ၊ သုတေသနနဲ့ ကွန်ရက်တွေကို ပံ့ပိုးရာမှာ အခရာကျတဲ့ အခန်းကဏ္ဍက ရှိနေပါတယ်။
တောင်အာဖရိက ဒီမိုကရေစီအင်စတီကျု (Institute for Democracy in South Africa) နဲ့ အဂါခန်း ဖွံ့ဖြိုးရေးကွန်ရက် (Aga Khan Development Network) တို့လို အသေးစား ကြားခံအဖွဲ့တွေဟာ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ ဂေဟစနစ် အရှည်တည်တံ့ဖို့ ကူညီခဲ့ကြပါတယ်။ တချိန်တည်းမှာ Ford နဲ့ Open Society တို့လို ဖောင်ဒေးရှင်းကြီးတွေဟာ ဒီမိုကရေစီ ကူးပြောင်းတဲ့နိုင်ငံတွေက တက်သစ်စအဖွဲ့တွေနဲ့ လွတ်လပ်တဲ့မီဒီယာတွေကို ကျော်ထောက်နောက်ခံ ပံ့ပိုးကြပါတယ်။
ဒီအတွဲအစပ်မျိုးတွေက အရေးကြီးနေဆဲပါ။ ဒါပေမဲ့ ရန်ပုံငွေအကျပ်အတည်းတွေ ကြီးမားလာချိန်မှာ DRG ကဏ္ဍအနေနဲ့ မျက်စိကျနေကျ အရင်းအမြစ်တွေထက် ကျော်လွန်ပြီး ရန်ပုံငွေအခွင့်အလမ်းသစ်တွေကို ဘယ်လောက်အထိ ရှာဖွေမလဲဆိုတာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ငွေအင်အားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းတွေ၊ အလှူရှင်အကြံပြုတဲ့ အဖွဲ့အစည်းနဲ့အရေးကိစ္စတွေကို ကူညီပံပိုးနိုင်အောင် စီမံခန့်ခွဲပေးတဲ့ ရန်ပုံငွေ (donor-advised funds) တွေအပါအဝင် ပုဂ္ဂလိက ကြွယ်ဝမှုအရင်းအမြစ်တွေ အများကြီးရှိနေပေမယ့် DRG လုပ်ငန်းတွေဆီ စီးဝင်လာတဲ့ ရန်ပုံငွေကတော့ အတော်လေး နည်းပါးနေဆဲ ဖြစ်ပါတယ်။
စိန်ခေါ်နေတာကတော့ ရှင်းလင်းမှုပါ။ ဒီလုပ်ငန်းဟာ ဘယ်လောက်အရေးကြီးတယ်၊ ဘာကြောင့် ရန်ပုံငွေ ရထိုက်တယ်ဆိုတာ တမူထူးခြားအောင် ပြတ်ပြတ်သားသား ဖော်ပြနိုင်ရမှာပါ။ အာဖရိကတိုက်မှာ ကြံ့ခိုင်တဲ့ခေါင်းဆောင်မှုနဲ့ အုပ်ချုပ်ရေးစနစ်ကောင်း ထူထောင်မှုတွေကို အားတက်သရော ပံ့ပိုးနေတဲ့
ဖောင်ဒေးရှင်းတစ်ခု ထူထောင်ထားတဲ့ ဆူဒန်-ဗြိတိန်နွယ်ဖွား လုပ်ငန်းရှင် မိုအီဘရာဟင်တို့လို ပုဂ္ဂိုလ်တွေရဲ့ အားထုတ်မှုကိုကြည့်ရင် ဒါဟာ ဖြစ်နိုင်တဲ့ကိစ္စလို့ပဲ ဆိုရမှာပါ။ ဒါပေမဲ့ ပိုကောင်းအောင်လုပ်ရမှာတွေ အများကြီး ကျန်ပါသေးတယ်။
၄။ ယုံကြည်ကိုးကွယ်မှုအခြေပြု ကူညီပံ့ပိုးမှုတွေဆီ ပြန်လှည့်
လက်ရှိ DRG နဲ့ပတ်သက်တဲ့ အငြင်းအခုံတွေထဲမှာ ဘာသာရေး ယုံကြည်ကိုးကွယ်မှုအခြေခံ အဖွဲ့အစည်းတွေရဲ့ လှူဒါန်းငွေတွေအကြောင်း သိပ်မပါတော့ပါဘူး။ ဒါပေမဲ့ သမိုင်းတလျှောက်မှာတော့ ဒါဟာ ပင်မမဏ္ဍိုင် ရန်ပုံငွေနဲ့ စုဖွဲ့မှု ဖြစ်ခဲ့ပါတယ်။
၁၉၁၃ ခုနှစ်ကတည်းက ကင်ညာနိုင်ငံမှာ ထူထောင်ခဲ့တဲ့ (ခရစ်ယာန်) အသင်းတော်များ နိုင်ငံအဆင့်ကောင်စီက ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေထဲမှာ ကောက်ယူရရှိထားတဲ့ အလှူခံငွေတွေနဲ့ အောက်ခြေပြည်သူ့ကွန်ရက်တွေသုံးပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်ဖို့ တိုက်တွန်းဆော်ဩခဲ့ပါတယ်။ ကက်သိုလစ် ပြန်လည်ထူထောင်ရေး အမှုတော် (Catholic Relief Services) နဲ့ ခရစ်ယာန်အထောက်အပံ့ (Christian Aid) တို့လိုအဖွဲ့တွေက အဓိက ကူညီပံ့ပိုးရေး စာချုပ်ချုပ်ဆို ဆောင်ရွက်သူတွေ မဖြစ်သေးခင်ကတည်းက အုပ်ချုပ်မှုစနစ်ကောင်း ထူထောင်ရေးနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အဖွဲ့ငယ်တွေကို ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အထောက်အပံ့တွေ ပေးခဲ့ကြသလို၊ မြေယာပိုင်ဆိုင်ခွင့်လို နှီးနွယ်ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကိုလည်း ကျောထောက်နောက်ခံ ပေးခဲ့ကြပါတယ်။
ဒီအင်စတီကျူးရှင်းတွေဟာ အတွင်းဝိရောဓိမကင်းကြပါဘူး။ ဒါပေမဲ့ ရန်ပုံငွေ သိပ်ကျပ်တည်းတဲ့ အချိန်တွေမှာတော့ ယုံကြည်ကိုးကွယ်မှုကွန်ရက်တွေဟာ တာဝန်ခံရေးလုပ်ငန်းတွေကို ထောက်ပံ့နိုင်တဲ့ ရင်းမြစ်တွေ သိသိသာသာရှိသလောက် သူတို့ဆီ ချဉ်းကပ်အထောက်ပံ့ယူတာ နည်းကြပါတယ်။
၅။ အင်စတီကျူးရှင်းတွေထဲ ထည့်သွင်းဖွဲ့စည်း
တချို့အဖွဲ့အစည်းတွေက တက္ကသိုလ်တွေ သုတေသနအဖွဲ့တွေထဲမှာ ဝင်ရောက်လုပ်ကိုင်ရင်း စီမံအုပ်ချုပ်မှုအပိုင်း ကူညီပံ့ပိုးမှုတွေ၊ စရိတ်တချို့တဝက် မျှခံတာတွေ၊ ယုံကြည်ကိုးစားထိုက်မှု မြင့်မားလာတာတွေ ရရှိကြပါတယ်။
ဥပမာအားဖြင့် ၁၉၈၉ ခုနှစ်တုန်းက ဘူလ်ဂေးရီးယားမှာ ထူထောင်ခဲ့တဲ့ ဒီမိုကရေစီလေ့လာရေးစင်တာဟာ အုပ်ချုပ်မှုစနစ်ကောင်းနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ပညာရှင်တွေ၊ မူဝါဒ ရေးဆွဲချမှတ်သူတွေ တတပ်တအား ပါဝင်နိုင်ကြဖို့အတွက် ပေါင်းကူးပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ အလားတူ ဖွဲ့စည်းမှုပုံစံတွေဟာ နယူးယောက်တက္ကသိုလ်က GovLab ကအစ၊ (ဂျာမနီက) Hertie တက္ကသိုလ်အခြေစိုက် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေး ဥရောပသုတေသနစင်တာ အလယ်၊ မက္ကဆီကိုနဲ့ တခြားနိုင်ငံတွေက တက္ကသိုလ်တွေဆီက တာဝန်ခံမှုမြှင့်တင်ရေးအစီအစဉ်တွေအဆုံး ဆက်ရှိနေကြပါတယ်။
ဒီလိုစုဖွဲ့မှုတွေကနေ တည်ငြိမ်မှုနဲ့ ဘောင်ဝင်တန်းဝင်ဖြစ်မှုတွေကို ထူထောင်နိုင်ကြပါတယ်။ ဒါပေမဲ့ ဗျူရိုကရေစီ အကန့်အသတ်၊ ကြီးမားတဲ့ အထွေထွေ ကုန်ကျစရိတ်နဲ့ ပညာရပ်ဆိုင်ရာ ရန်ပုံငွေနဲ့ မိတ်ဖက်ဖွဲ့စည်းမှု မရေရာတာတွေလို သူ့အားနည်းချက်နဲ့သူ ရှိပါတယ်။
၆။ ပူးပေါင်းလုပ်ကိုင်
အဖွဲ့အစည်းတွေဟာ ကြုံရင်ကြုံသလို ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ကြတာကို “ကူးလူးဆက်ဆံမှုရှိတဲ့ ပြည်တွင်းအဖွဲ့တွေ” (translocal) လို့ ခေါ်ပြီး အချိန်နဲ့အမျှ ပိုလို့ စနစ်တကျ စုဖွဲ့မှုတွေ ဖြစ်လာကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာရေးအဖွဲ့ကြီး (Transparency International) ဖြစ်လာဖို့အတွက် အစောပိုင်းကာလတွေမှာ သိမြင်နားလည်မှု၊ ရင်းမြစ်နဲ့ ပေါက်ရောက်မှု ဝိုင်းဝန်းထည့်ဝင်ကြတဲ့ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ မဟာမိတ်စုဖွဲ့လုပ်ကိုင်ရာက စတင်ခဲ့တာပါ။ ဒီတွေးပုံမြင်ပုံက အခုထိလည်း မှန်နေဆဲပါ။ နီးနီးကပ်ကပ် ဆက်ဆံရေးတွေရှိရာက စရိတ်တွေ မျှခံနိုင်လာပါတယ်။ ထပ်နေတာတွေကို ရှောင်လုပ်နိုင်ပါတယ်။ သက်ရောက်မှုတွေကို ပိုအားကောင်းစေပါတယ်။ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာလည်း ပိုပြီး တည်ငြိမ်မှုရှိလာစေပါတယ်။
ရန်ပုံငွေ ကျပ်တည်းချိန်မှာ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်ပြီး မိတ်ဖက်လက်တွဲမှုအသစ်တွေ၊ မဟာမိတ် စုဖွဲ့မှုတွေနဲ့ DRG ကဏ္ဍတွင်း ပေါင်းစပ်လုပ်ကိုင်မှုတွေပါ ရှိလာနိုင်ပါတယ်။
၇။ ဝင်ငွေဖန်တီးဖွေရှာ
DRG အဖွဲ့အစည်း အများစုဟာ ပြင်ပထောက်ပံ့ကူညီမှုသက်သက်ကို အားကိုးတာထက် သုတေသန၊ သင်တန်း၊ နည်းနာပိုင်းဆိုင်ရာ အတိုင်ပင်ခံမှုစတဲ့ တန်ဖိုးထားရတဲ့ ဝန်ဆောင်မှုတွေ ဖန်တီးထုတ်လုပ်ခြင်းအားဖြင့် ရေရှည်တည်တံ့တဲ့ ဝင်ငွေထူထောင်ကြပါတယ်။
နိုင်ငံတကာ ဘတ်ဂျက်မိတ်ဖက်အဖွဲ့ (International Budget Partnership) ဟာ သူတို့ရဲ့ တိုက်တွန်းဆော်ဩရေး လုပ်ငန်းတွေကို ထောက်ပံ့နိုင်ဖို့အတွက် အလှူရှင်တွေ၊ အစိုးရတွေ၊ နိုင်ငံစုံ အဖွဲ့အစည်းတွေနဲ့ သုတေသနမိတ်ဖက် ထူထောင်ထားပါတယ်။ ဘတ်ဂျက်နှင့်မူဝါဒဦးစားပေးမှုဆိုင်ရာ စင်တာ (Center on Budget and Policy Priorities) တို့လို တခြားအဖွဲ့အစည်းတွေကလည်း နိုင်ငံအစိုးရတွေကို ဆန်းစစ်သရုပ်ခွဲမှုနဲ့ ဝန်ဆောင်မှုတွေပေးပြီး သူတို့ရဲ့ တာဝန်ခံမှုဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် ရန်ပုံငွေရှာပါတယ်။ တချို့ကတော့ ဥပမာအားဖြင့် စာသင်ကျောင်းနဲ့ ကျန်းမာရေးဌာနတွေလို ဝန်ဆောင်မှုအစီအစဉ်တွေ လုပ်ဆောင်ပြီး သူတို့ရဲ့ ဖွဲ့စည်းလုပ်ဆောင်မှုတွေကို တဖက်တလမ်းက ဝင်ငွေရအောင် ရှာဖွေကြပါတယ်။
ဒီနေ့ခေတ်မှာတော့ အဖွဲ့အစည်းတွေဟာ ဒီနည်းတူလုပ်ဖို့ကြိုးစားကြပေမယ့် အများအပြားကတော့ အလုအယက် တိုးဝှေ့လုပ်ကိုင်နေကြရတာပါ။ စိန်ခေါ်မှုကတော့ ဝင်ငွေလမ်းကြောင်းသစ်ရှာနိုင်ဖို့သာမက၊ ရှိရင်းစွဲကျွမ်းကျင်မှုတွေနဲ့ လုပ်ငန်းပုံစံတွေက ခေတ်အပြောင်းအလဲနဲ့ ကိုက်ညီရဲ့လား၊ ဘယ်တန်ဖိုးကဲမှ ထူးခြားသိသာမလဲလို့ ခွဲခြားသိရှိနိုင်ဖို့လည်း လိုပါတယ်။၊
၈။ လှုပ်ရှားမှုတွေထဲမှာ အမြစ်တွယ်
အဆုံးသတ်မတော့ DRG လုပ်ငန်းတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ သိသိသာသာ နှီးနွှယ်နေပါတယ်။ အဖွဲ့အစည်းတွေဟာ အလုပ်သမား သမဂ္ဂတွေ၊ နိုင်ငံရေးပါတီတွေ၊ ရပ်ရွာ လူ့အသိုင်းအဝိုင်း ကွန်ရက်တွေရဲ့ ထောက်ခံအားပေးမှုကို ရယူပြီး ပိုကျယ်ပြန့်တဲ့ ဆန့်ကျင်ဖီဆန်ရေးလုပ်ငန်းတွေမှာ ပါဝင်ကြရပါတယ်။
ပိုလန်က သွေးစည်းညီညွတ်ရေး (Solidarity) လှုပ်ရှားမှုနဲ့ ချက်ကိုဆလိုဗက်ကီးယားက ပြည်သူ့ဖိုရမ် (Civic Forum) တို့လို လှုပ်ရှားမှုတွေဟာ တရားဝင်ဘတ်ဂျက် အကန့်အသတ်ရှိကြပေမယ့် လူမှုရေသောက်မြစ်တွေ နက်နက်ရှိုင်းရှိုင်း ရှိနေကြတဲ့ တန်းတူရည်တူ ကွန်ရက်ချိတ်ဆက်မှုတွေထဲကနေ အကောင်အထည်ဖော်ယူခဲ့ကြတာပါ။
မက္ကဆီကိုက မြို့ပြပြည်သူများ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှု (Coordinadora Nacional del Movimiento Urbano Popular) ဟာ မြို့ပြလူမှုအသိုက်အဝန်းတွေကို အလားတူ လှုံ့ဆော်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အစောပိုင်း ဆယ်စုနှစ်တွေမှာ နိုင်ငံရေး အခြေခံအုတ်မြစ်တွေ ရှိတာကြောင့် ဒီလိုအခင်းအကျင်းတစ်ခုအတွက် လိုအပ်တဲ့ရင်းမြစ်တွေကို ရရှိစေခဲ့တာပါ။
(ဂျာမန်စကားမှာ ‘ရှတစ်ဖ်တွန်’ (stiftung) လို့ခေါ်တဲ့) အကျိုးအမြတ်မရှာတဲ့ ဖောင်ဒေးရှင်းပုံစံကတော့ စီးပွားရေး ကုမ္ပဏီတစ်ခုခုကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ရှယ်ယာအများစု ပိုင်ဆိုင်ထားပါတယ်။ ရှယ်ယာရှင်အနေနဲ့ ရေတိုအကျိုးအမြတ် အများဆုံးရရုံ မဟုတ်ဘဲ၊ ရေရှည်မျှော်မှန်းချက်တွေကို ပြည့်ဝစေဖို့ လုပ်ကိုင်တာပါ။ ဒီပုံစံကိုသုံးပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက နိုင်ငံရေးဆန်တဲ့ DRG လုပ်ငန်းတွေကို ရန်ပုံငွေထောက်ပံ့ခဲ့ပြီး၊ ၁၉၈၀ ပြည့်လွန်နှစ်တွေထဲမှာ အမျိုးသားဒီမိုကရေစီအင်စတီကျု National Democratic Institute (NDI) နဲ့ နိုင်ငံတကာ ရီပါဘလီကန်အင်စတီကျု International Republican Institute (IRI) တို့လို အမေရိကန်အဖွဲ့အစည်းတွေ အတုယူ ထူထောင်ခဲ့ကြပါတယ်။
(ဘာသာပြန်သူမှတ်ချက် - ဒီနေရာမှာ ဖော်ပြထားတဲ့ Stiftungen model ဟာ မြန်မာနိုင်ငံရဲ့ DRG ကဏ္ဍမှာ လူသိများတဲ့ Friedrich Naumann Foundation (FNF)၊ Konrad Adenauer Foundation (KAS) တို့လို နိုင်ငံရေးပါတီမိတ်ဖက်ရှိတဲ့ ဖောင်ဒေးရှင်းတွေနဲ့ သဘောသဘာဝချင်း ကွဲပြားကြောင်း၊ ဥပမာပေးထားတဲ့ NDI နဲ့ IRI တို့ဟာ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု ကျောထောက်နောက်ခံနဲ့ ရန်ပုံငွေ ဖန်တီးတာမဟုတ်လို့ ဒီနှိုင်းယှဉ်မှုဟာ ဒီမိုကရေစီထောက်ပံ့ရေးအခန်းကဏ္ဍကို ပိုပြီး ရည်ညွှန်းလိုတာ ဖြစ်နိုင်ကြောင်း စာဖတ်သူများ သတိချပ်စေလိုပါတယ်။)
မူရင်းဆောင်းပါး - After the aid cuts: Eight lessons from a leaner past
မူရင်းဆောင်းပါးရှင် ဘလဲယားဂလန်ကော့စ် (Blair Glencorse) ဟာ Civic Strength Partner အဖွဲ့ထူထောင်သူဖြစ်ပြီး၊ Accountability Lab အဖွဲ့ရဲ့ တွဲဖက် အမှုဆောင်အရာရှိချုပ်ဖြစ်ပါတယ်။
ရှယ်လီဘားလော့ရှ် (Shally Barloch) ကတော့ Accountability Lab ရဲ့ မိတ်ဖက်ဆိုင်ရာ အရာရှိဖြစ်ပါတယ်။




Comments