top of page

သီးခြားကမ္ဘာထဲက နိုင်ငံတကာ အကူအညီများ

14 hours ago
4 min read

ပြည်တွင်းအဖွဲ့အစည်းတွေဟာ နိုင်ငံတကာ ကူညီပံ့ပိုးရေးစနစ်ထဲက ဘာတွေရနေလဲ။ စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုဟာ ဘယ်လိုဖြစ်သင့်သလဲ။


မိုးရွာထဲ ထီးတစ်ဖက်၊ ပိုက်ရှည်တစ်ချောင်းနဲ့  စက်ဘီးစီးနေသူတစ်ယောက်

မြန်မာ့အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး အဖက်ဖက်က ကူညီပေးတတ်တဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ‘ဟိုဆေး’ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က မဇ္ဈိမ သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ CENCS က တင်ပြခဲ့ဖူးတဲ့ အမည်ခံမိတ်ဖက်များ ဆိုတဲ့ ဆောင်းပါးပါ ဆွေးနွေးချက်တွေကို ထင်ဟပ်နေတာလည်း တွေ့ရနိုင်ပါတယ်။ သူ့အတွေ့အကြုံနဲ့ အမြင် ရှုထောင့်တွေကို သိရှိနိုင်ဖို့ စာဖတ်သူတွေအတွက် သူ့ဆီက ခွင့်ပြုချက်ရယူပြီး ဘာသာပြန်ဆို တင်ဆက်လိုက်ရပါတယ်။



“ပြည်တွင်း”ဆိုတာ သရုပ်သကန်တစ်ခုထက် ကူညီပံ့ပိုးရေးစနစ်ကြီးထဲက နေရာအဆင့်တစ်ခုလို ဖြစ်သွားပါတယ်။ ရပ်ရွာလူ့အသိုင်းအဝိုင်းတွေထဲမှာ အမြစ်တွယ် ပေါက်ဖွားတာထက်၊ ရန်ပုံငွေလက်ခံဖို့ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီတဲ့အဖွဲ့တွေကပဲ ပြည်တွင်းအဖွဲ့အဖြစ် သတ်မှတ်ခံရပါတယ်။ ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားပါစေ စီမံခန့်ခွဲမှု အပါးမဝရင်တော့ ကျန်ရစ်ခဲ့မှာပါပဲ။

မြန်မာပြည်က ပင်လယ်စာစားသောက်ဆိုင်တွေဟာ ဘယ်တော့မှမပြီးဆုံးတဲ့ ပါတီပွဲတစ်ခုလိုပါပဲ။ လူတွေဟာ ဘီယာနဲ့ ဝီစကီအပေါစားတွေသောက်၊ ဂဏန်းချိုချဉ်၊ ကန်စွန်းရွက်ကြော်နဲ့ ခရုဟင်းချိုတွေစားပြီး စကားတွေ အကျယ်ကြီးပြောကြတယ်။ လျှောက်ပြေးနေကြတဲ့ ကလေးတွေက ခြင်ဖမ်းစက်တွေကြား ခေါက်တုံ့လူးလာ သွားနေကြတဲ့ စားပွဲထိုးတွေနဲ့ ဝင်တိုးမိကြတယ်။


ပြီးခဲ့တဲ့နှစ်တွေထဲမှာ ကုလသမဂ္ဂရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာစားဖို့ ကန်တော်ကြီးဘေးက ကျွန်တော့်အကြိုက် ပင်လယ်စာဆိုင်တစ်ဆိုင်ကို ကျွန်တော်ရောက်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေကို စားပွဲမှာ မတွေ့ရဘူး။ စားပွဲထိုးလေးက ကျွန်တော့်ကို အထူးဧည့်သည်တော် (VIP) ခန်းတစ်ခန်းကို ခေါ်သွားပေးတယ်။ ကျွန်တော်တို့က နိုင်ငံခြားသားတွေဖြစ်နေတော့ (ဝန်ထမ်းထဲက၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်ထဲက) တစ်ယောက်ယောက်က အဲယားကွန်းရတဲ့အခန်း သီးသန့် စီစဉ်လိုက်ပုံပဲ။ အခန်းထဲမှာ အရှေ့တိုင်း အနောက်တိုင်းတွေက နိုင်ငံခြားသား ကျွမ်းကျင်ပုဂ္ဂိုလ်တွေ တပြုံကြီးတွေ့ရတာဟာ ရုံးညစာစားပွဲအနေနဲ့ အတော် ကြောင်စီစီနိုင်ပါတယ်။


တစ်ယောက်က ဆယ်လ်ဖီဓာတ်ပုံရိုက်ပြီး ဌာနအကြီးအကဲဆီ လှမ်းပို့တယ်။ အဲဒါကို နောက်တစ်ယောက်က ပေါက်တတ်ကရ ဟာသလုပ်နေတယ်။ မြန်မာလုပ်ဖော်ကိုင်ဖက်တွေ ပါလာရင် ပိုမြိုင်မှာပဲလို့ ကျွန်တော် တမ်းတမိလိုက်တယ်။ ကိုယ့်အခွင့်ထူးခံဘဝနဲ့ကိုယ် ပိတ်မိနေတာပဲလို ကျွန်တော် ခံစားခဲ့ရတယ်။


ဆယ်စုနှစ်တစ်ခုစာလောက် (တရားဝင်အားဖြင့် ၂၀၁၆ ခုနှစ် မဟာညှိနှိုင်းမှု၊ မြေပြင်မှာ အဲဒီထက် ခပ်စောစော) ကာလကတည်းက နိုင်ငံတကာ ကူညီပံ့ပိုးရေးလောကမှာ ပြည်တွင်း ဦးစီးဦးဆောင်မှုအကြောင်း၊ လူသားချင်း စာနာရေး၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကြား၊ ဌာနအဖွဲ့အစည်းတွေ၊ အသင်းအပင်းတွေ၊ အထူးလုပ်ငန်းအဖွဲ့တွေကြား သီးခြားစီရပ်တည်နေတာ အဆုံးသတ်ဖို့ ပြောဆိုနေကြပါပြီ။ ဒါပေမဲ့ ကျွန်တော့်အတွက် အသိသာ အပေါ်လွင်ဆုံး တသီးတသန့် ရပ်တည်နေတဲ့ဟာက အဲဒီညစာစားပွဲပါပဲ။ အထူးဧည့်သည်တော်အခန်းထဲက နိုင်ငံခြားသား ကျွမ်းကျင်ပုဂ္ဂိုလ်ကြီးတွေရဲ့ တသီးတသန့် ဖြစ်တည်မှု။ အပြင်မှာက အရှိတရားလို့ခေါ်တဲ့ တသီးတသန့် ဖြစ်တည်မှု။


“ကျွန်တော်တို့”က ဘယ်သူတွေလဲ


“ကျွန်တော်တို့” ဆိုတာဟာ လူသားချင်း စာနာရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးကဏ္ဍတွေက နိုင်ငံခြားသား ကျွမ်းကျင်သူတွေ၊ မကြာခင် မျိုးပြုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေလို့ ဆိုချင်ဆိုပေါ့။ အဲဒီထဲ ကျွန်တော် ပါခဲ့သလို၊ အခုထိ ပါနေဆဲလို့ ထင်တုန်းပါပဲ။ လူတွေ ဘယ်လိုမှမယုံနိုင်စရာတွေ ကျွန်တော် မြင်ခဲ့ရဖူးပါပြီ။ ယုံရခက်ခက် ကျွန်တော်ကိုယ်တိုင် ကိုဆိုဗိုဒေသမှာ ယာယီအုပ်ချုပ်ရေမှူး လုပ်ခဲ့ဖူးတာ၊ ပြာပုံအတိနဲ့ အရှေ့တီမောကို ပြူတင်းပေါက်မပါတဲ့ (စစ်သုံး)လေယာဉ်တွေ ရောက်လာတာ၊ ရွာတွေ မီးလောင်ရာက မီးခိုးအူနေတာ၊ လူတွေ ပြောင်းရွှေ့ပြေးလွှားကြတာ၊ ပြီးတော့ အာဟာရချို့တဲ့နေတဲ့ ကလေးငယ် တစ်ယောက်ကို အတွေ့မှာ ဒေါသဆူဝေခဲ့တာ။ မြန်မာပြည်က လူတွေ မဲရုံတွေဆီ မျှော်လင့်ချက်အပြည့်နဲ့ ခြေဦးလှည့်ခဲ့လို့မှ မကြာခင် စစ်တပ် အာဏာသိမ်းခဲ့တာကလည်း ဆီလ်ဗီယို ရိုဒရီဂတ်ဇ်ရဲ့ “Canción del elegido” (the song of the chosen one) သီချင်းမှာပါတဲ့ ခေါင်းထဲ ဖန်ကွဲစတွေထည့်မွှေ့လိုက်သလို ဆိုတဲ့ သီချင်းစာသားအတိုင်း။ သံချပ်ကာကားတွေနဲ့ ပိတ်ထားတဲ့ တံတားတစ်စင်းပေါ်က မျိုးနွယ်စု ပဋိပက္ခတွေ။ ခပ်လှမ်းလှမ်းက ကြားနေရတဲ့ စက်သေနတ် အမြောက်ဆန်အသံနဲ့ ဗုံးတွေ ကျလာနေတဲ့ အသံတွေ။


ဒီအလုပ်ကရတဲ့ အခွင့်ထူးခံပုံတစ်မျိုးက ဂုဏ်သတင်း ကျင့်ဝတ်သိက္ခာနဲ့ ဆက်စပ်နေပြီး ကျွန်တော်တို့ရဲ့ ကိုယ်ရေးအကျဉ်းတွေမှာ ထည့်ဖော်ပြကြတယ်။ အလုပ်ကနေရတဲ့ နောက်ထပ် အခွင့်ထူးခံပုံတစ်မျိုးလည်း ရှိသေးတယ်။ အဲဒီ ဒုတိယအခွင့်ထူးခံပုံကို ကျွန်တော် ပိုပြီးသာယာခဲ့ပါတယ်။ ကြယ်ငါးပွင့်ဟိုတယ်တွေမှာ ကျင်းပတဲ့ ဘေးကင်းလုံခြုံရေး အစည်းအဝေးကြီးတွေ၊ ရွှေ့ပြောင်းဒုက္ခသည်စခန်းနဲ့ တစ်မိုင်ပဲဝေးတဲ့ (မိုဇမ်ဘစ်နိုင်ငံ) ကာဘိုဒဲလ်ဂါဒိုက ကမ်းခြေက ယမကာဆိုင် ကားရပ်စရာ မြေကွက်လပ်မှာ အဖွဲ့အစည်း လိုဂိုကပ်ထားတဲ့ လေးဘီးယက် (4x4) အဖြူရောင်ကားတွေ။ ကုန်ကျစရိတ်ကြီးတဲ့ လက်စသတ်ပြီးစ မဟာဗျူဟာတစ်ခုကို (အီတလီမြောက်ပိုင်းက) ကိုမိုရေကန်ကြီးဘေးမှာ ဒါမှမဟုတ် (နယ်သာလန်) သည်ဟိတ်ဂ်မြို့က ငြိမ်းချမ်းရေးနန်းတော်မှာ နေ့လယ်စာစားရင်း အတည်ပြုကြေညာတာတွေ။ ယေရုဆလမ်၊ မာပူတို၊ ခါတွမ်နဲ့ ရန်ကုန်တို့လို ကိုလိုနီလက်ဟောင်း မြို့တော်ကြီးတွေမှာ သွားရည်ကျစရာ နေထိုင်နေကြတဲ့ နိုင်ငံခြားသား ကျွမ်းကျင်ပုဂ္ဂိုလ်တွေ။


လူပြောသိပ်မများတဲ့ အကြောင်းတွေက အကြီးတန်း နိုင်ငံတကာဝန်ထမ်းတွေဟာ ခွင့်ရက်ရှည်တွေ ခံစားကြတာ၊ နေ့လယ်စာ နားချိန်ကို နေစောင်းတဲ့အထိ အချိန်ဆွဲကြတာ၊ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းအကောင်အထည်ဖော်ရေး ခါးစည်းခံနေချိန်မှာ (သူတို့ကတော့) လေယာဉ် အထူးတန်း ခုံလက်မှတ်တွေနဲ့ နိုင်ငံမြို့တော်ကြီးတွေကြား ကူးလူးသွားလာနေကြတာပါ။ ကျွန်တော့်ဇာတိမြို့လေးမှာ ကိုယ်တွေ့ချင်တဲ့ မြူနီစီပယ် အုပ်ချုပ်ရေးအရာရှိတစ်ယောက်က များသောအားဖြင့် “မနက်စာစား(ဖို့ အပြင်ထွက်)နေ” သလိုပါပဲ။ ကုလသမဂ္ဂမှာတော့ အဲဒီပုဂ္ဂိုလ်ဟာ “R&R လုပ်” (အနားယူ အားဖြည့်) နေတယ်လို့ ဆိုမှာပေါ့။ ဒါက ပုံပျက်ပန်းပျက် သရော်ပုံဖော်တာ မဟုတ်ပါဘူး။ ယူကရိန်းမှာ နိုင်ငံတကာ ဒုက္ခသည်များအဖွဲ့ တွေ့ရှိခဲ့ရတာက နိုင်ငံတကာဝန်ထမ်းတွေဟာ (လုပ်ငန်းတူ) ပြည်တွင်းဝန်ထမ်းတွေထက် ကုန်ကျစရိတ် ငါးဆပိုပြီး၊ ပြည်တွင်း NGO ဝန်ထမ်းတွေထက် ၁၇ ဆ ကုန်ကျစရိတ်ပိုများပါတယ်တဲ့။ နိုင်ငံတကာ ကူညီပံ့ပိုးရေးဝန်ထမ်းတွေကတော့ ဒီကိစ္စကို နှစ်ကိုယ်ကြားပဲ ပြောကြပါတယ်။ အစည်းအဝေးမှာ တင်ပြဖို့ဆိုတာ ခပ်ရှားရှားပါ။


၂၀၂၅ ခုနှစ်မှာ USAID ကို ဖြိုဖျက်ပစ်လိုက်ရာကစတဲ့ ရန်ပုံငွေလဲပြိုမှုဟာ “ကျွန်တော်တို့” အတွက် အဲသလို အခွင့်ထူးခံမှုတချို့ ဆုံးရှုံးခဲ့ရပါတယ်။ မိုးသည်းထဲမှာ မိုးနဲ့မျက်ရည် ဘယ်လိုခွဲခြားနိုင်ပါ့မလဲ။ ကိုယ့်အတွက် တစ်ကွက်ချန်ထားတတ်တဲ့ စနစ်ကြီးရဲ့ မွေးရာပါဗီဇသိစိတ်ကို ဘယ်တော့မှ မျက်မြင်ထင်ရှား မတွေ့ရပေမယ့် ရပ်ရွာအခြေပြုချဉ်းကပ်မှုတွေဟာ “ရန်ပုံငွေ ဖြတ်တောက်မှုတွေကြောင့် အထိခိုက် အနစ်နာဆုံး ဦးဆောင်လုပ်ကိုင်မှုတွေ”ထဲမှာ ပါဝင်တယ်လို့ ALNAP ရဲ့ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုစနစ် အခြေပြ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ စစ်ကြီးက ဆက်ဖြစ်နေဆဲ၊ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ဒုက္ခတွေကလည်း ဆက်ရှိနေဆဲပါ။


နာမည်တပ်မရတဲ့ ဆက်ဆံရေး


အလှူရှင်တွေနဲ့ မိတ်ဖက်တွေကြား ဆက်ဆံရေးမှာ ဒီကဏ္ဍနယ်ပယ်က နာမည်တပ်မထားတဲ့ ဆက်ဆံရေး (dynamic) တစ်ခု ရှိပါတယ်။ နိုင်ငံတကာ အဖွဲ့တွေက ငွေ၊ သတင်းအချက်အလက်နဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို ကိုင်ထားတယ်။ ပြည်တွင်းအဖွဲ့တွေကတော့ တခြားမှာ ဒီဇိုင်းရေးဆွဲလာတဲ့ သတ်မှတ်ချက်တွေကို ပြည့်မီအောင် ကြိုးစားရတယ်။ သူတို့ မပိုင်တဲ့ သတ်မှတ်ပုံစံတွေ၊ မကျွမ်းတဲ့ ဘာသာစကားတွေနဲ့ အစီရင်ခံစာတွေ ရေးရတယ်။ သူတို့ ရပ်ရွာအသိုင်းအဝိုင်းထဲ ဘယ်တုန်းကမှ လာမလည်ဖူးတဲ့သူတွေ ချမှတ်ပေးလိုက်တဲ့ ဦးစားပေးကိစ္စတွေကို လိုက်နာ အကောင်အထည်ဖော်ရတယ်။ ပြန်အာခံရင် သူတို့လက်လှမ်းမီနေတာတွေ ဆုံးရှုံးတဲ့ဘေးနဲ့ ကြုံမယ်။ အလိုက်အထိုက်လေးနေပြန်တော့ သူတို့ရဲ့ မူလရည်ရွယ်ဦးတည်ချက်တွေကို လက်လွှတ်ရတဲ့ဘေးနဲ့ ကြုံပြန်တာပါပဲ။


ဒါဟာ နိုင့်ထက်ကလူ ဆက်ဆံရေးတစ်ခုရဲ့ တည်ဆောက်ပုံပါပဲ။ အားကိုးတည်မှီအောင် လုပ်၊ ပါဝါ ဘက်မမျှ ဖြစ်လာ၊ အားနည်းတဲ့ဘက်က လုပ်ပိုင်ခွင့်တွေ တိုက်စားပွန်းပဲ့၊ ပုဂ္ဂလိက ထိန်းချုပ်မှုတွေကို “မိတ်ဖက် ဆက်ဆံရေး” ဆိုတဲ့ လူကြားကောင်းတဲ့ဝေါဟာရနဲ့ မျက်နှာဖုံးစွပ်ပေးလိုက်တာပေါ့။ မြန်မာပြည်က အရပ်ဘက်လူ့အဖွဲ့အစည်း ကျွမ်းကျင်သူတွေက နိုင်ငံတကာမိတ်ဖက်တွေကို နှမ်းဖြူးသူတွေလို့ ခေါ်ကြပါသတဲ့။ ကိုယ့်အစွမ်းပြရအောင် သူများလုပ်ကိုင်ဆောင်ရွက်ထားတဲ့ပေါ်မှာ အပိုအဆာတွေနဲ့ မွမ်းမံတန်ဆာဆင်တာကို ဖော်ပြတဲ့ မြန်မာစကား အသုံးအနှုန်းပါ။ အဲသလို နှမ်းဖြူးတိုင်း ယုံကြည်မှုတွေ လွင့်စင်ပျောက်ကွယ်ရသလို ပြည်တွင်းက သိမြင်နားလည်မှုတွေဟာ သိပ်အရေးမပါဘူးဆိုတဲ့ သင်္ကေတ ဆောင်နေသလိုပါပဲ။


ပါဝါဆိုတဲ့ထဲမှာ သတင်းအချက်အလက်လည်း ပါပါတယ်။ မြန်မာ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဒေါ်လာသန်းချီပြီး စီမံခန့်ခွဲနေရတဲ့ နိုင်ငံတကာ ကြားခံအဖွဲ့အစည်းကို ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့အခါ အဲဒီအစည်းအဝေးက တိုတိုနဲ့ပဲ ပြီးသွားပါသတဲ့။ သူတို့ ကြားခံအဖွဲ့အစည်းတွေရဲ့ မိတ်ဖက်အဖွဲ့တွေကတဆင့် ဆက်သွယ်ပါလို့ ပြောလိုက်တာပါ။ ဒါပေမဲ့ အဖွဲ့အစည်းအမည်တွေ၊ ဆက်သွယ်ရမယ့်သူတွေကိုတော့ ပြောမပြပါဘူး။ တံခါးပိတ် ဂျိတ်ပါပဲ။


လက်ဖက်ရည်ဆိုင်ရှေ့ ဆိုက်ကားဂိတ်မှာ မြင်ရတဲ့ ပြည်သူတချို့

“သူတို့”ကရော ဘယ်သူတွေလဲ


နိုင်ငံတကာအပြင် ပါဝါလက်ကိုင်ရှိသူတွေထဲမှာ ထိပ်ဆုံးကတော့ “ကျွန်တော်တို့” ပါပဲ။ မြန်မာပြည်မှာတော့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး၊ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလတွေမှာ ရွေးကောက်ပွဲ ကျင်းပ၊ ၂၀၂၆ ခုနှစ် ဧပြီလမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ်ခန့်၊ ဒီအုပ်ချုပ်မှုတစ်မျိုးတည်းကိုပဲ အရပ်သားအဆင်တန်ဆာတွေနဲ့ ပုံဖော်ထားတဲ့ စစ်အစိုးရရှိပါတယ်။ ဒါ့အပြင် ၁၉၄၈ ခုနှစ်ကတည်းက စစ်တပ်နဲ့ ပစ်ခတ်လိုက် အပစ်ရပ်လိုက်လုပ်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အာဏာသိမ်းမှုနောက်မှ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိတယ်။ ပြီးတော့ ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာ NGO တွေရဲ့ တဆင့်ခံ စာချုပ်အကောင်အထည်ဖော်သူတွေအဖြစ် အများအားဖြင့် ဆက်ဆံခံရတဲ့၊ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေထဲမှာ ပေါ်လာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပေါ့။


“ပြည်တွင်း” ဆိုတဲ့ စကားလုံးကတောင် သိပ်ပြီးတော့ သမာသမတ် မကျပါဘူး။ ဒီဝေါဟာရဟာ တိုင်းပြည် အာဏာပိုင်တွေ၊ ရပ်ရွာအလိုက် အုပ်စုတွေအပြင် ငွေအသပြာနဲ့ မဟာဗျူဟာကို ဆုပ်ကိုင်ထားရင်း ပြည်တွင်း ဦးစီးဦးဆောင်မှုဆိုတဲ့ အကွက်လေးထဲမှာ အမှန်ခြစ်နိုင်ဖို့ နိုင်ငံတကာ အေဂျင်စီတွေက ဖန်တီးထားတဲ့ အင်အားစုတွေအထိ အဓိပ္ပာယ်ဖြန့်ကြက်နေတယ်လို့ မြန်မာ အရပ်ဘက် လူ့အဖွဲ့အစည်း သုတေသီတွေက မှတ်တမ်းတင်ထားကြတာပါ။ “ပြည်တွင်း”ဆိုတာ သရုပ်သကန်တစ်ခုထက် ကူညီပံ့ပိုးရေးစနစ်ကြီးထဲက နေရာအဆင့်တစ်ခုလို ဖြစ်သွားပါတယ်။ ရပ်ရွာလူ့အသိုင်းအဝိုင်းတွေထဲမှာ အမြစ်တွယ် ပေါက်ဖွားတာထက်၊ ရန်ပုံငွေလက်ခံဖို့ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီတဲ့အဖွဲ့တွေကပဲ ပြည်တွင်းအဖွဲ့အဖြစ် သတ်မှတ်ခံရပါတယ်။ ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားပါစေ စီမံခန့်ခွဲမှု အပါးမဝရင်တော့ ကျန်ရစ်ခဲ့မှာပါပဲ။


လူသားချင်းစာနာရေး ရန်ပုံငွေတွေရဲ့ လေးပုံတစ်ပုံကို ပြည်တွင်းနဲ့ တစ်နိုင်ငံလုံးအဆင့် လျှောက်ထားသူတွေဆီ “ဖြစ်နိုင်သမျှ တိုက်ရိုက်နည်းနဲ့” စီးဆင်းစေဖို့ ရည်ရွယ်ထားခဲ့တဲ့ ၂၀၁၆ ခုနှစ် မဟာညှိနှိုင်းမှု သဘောတူညီချက်ကို အလှူရှင်တွေ ကတိကဝတ်ပြုပြီးလို့ ဆယ်နှစ်ကြာခဲ့ပါပြီ။ ရန်ပုံငွေတွေ မြန်မာပြည်က အရပ်ဘက် လူ့အဖွဲ့အစည်း အများစုဆီ ရောက်ရှိဖို့ကတော့ နိုင်ငံတကာ NGO တွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ စုပေါင်းထည့်ဝင် ရန်ပုံငွေတွေဆီက တဆင့်ခံနေရဆဲ၊ အထွေထွေ ကုန်ကျစရိတ်တွေ အနုတ်အသိမ်းခံရပြီး၊ အလွှာအဆင့်တိုင်းမှာ ပြဋ္ဌာန်းချက်တွေ ထပ်ဆင့်သတ်မှတ်ခံရဆဲ ဖြစ်ပါတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေဟာ အလုပ်ရှုပ်နေဆဲ၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို တန်ဖိုးထားရဆဲဖြစ်ပေမယ့် အဲဒီရန်ပုံငွေတွေက ပုံဖော်ထားတဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ဖြေရှင်းမှုတွေအတွက် လုပ်ကိုင်ပေးရတာက ပိုများပါတယ်။ လုပ်ငန်းရဲ့ ဘေးအန္တရာယ် ကြုံရနိုင်ခြေတွေကို တခြားအဖွဲ့တွေဆီ လက်ပြောင်းပေးလိုက်တာတောင် မြန်မာနိုင်ငံဟာ ကူညီပံ့ပိုးမှုတွေ ဖြန့်ချိဖို့ အန္တရာယ်အများဆုံး ဆယ်နိုင်ငံစာရင်းထဲ ချိတ်နေပါတယ်။ ဒါတောင် ပြည်တွင်းက ကူညီပံ့ပိုးမှု ဖြန့်ချိသူတွေဟာ ထိုးနှက်မှုပေါင်းစုံ ရင်ဆိုင်နေရတာ‌ကို ဘယ်တော့မှ မှတ်တမ်းအတင် မခံရပါဘူး။


နိုင်ငံတကာ သွေးစည်းညီညွတ်မှုမှာ တကယ်တမ်း လိုအပ်နေတာတွေ


နိုင်ငံတကာအခင်းအကျင်းကိုရော၊ ယူကရိန်အစ၊ ဂါဇာအလယ်၊ ဆူဒန်အဆုံး “ကာကွယ်စောင့်ရှောက်ပေးရမယ့် ဝတ္တရား” ပျက်ယွင်းပြိုကျနေတာကိုပါ စောင့်ကြည့်ပြီး၊ ကျွန်တော့် အိမ်စရိတ်ရှာဖို့ အတိုင်ပင်ခံကျွမ်းကျင်ပုဂ္ဂိုလ်ခေါ်သံတွေ နားစွင့်ရင်းနဲ့ မြန်မာပြည်က အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ကျွန်တော် အားပေးထောက်ကူခဲ့ပါတယ်။ သူတို့နဲ့ တပြေးတည်းထိုင်မိတော့မှ နိုင်ငံတကာ ဝန်ထမ်းတွေ အလိုလိုနေရင်း ရနေကြတဲ့ လုံခြုံရေးအကာအကွယ်တွေနဲ့ ဘာမှမဆိုင်ဘဲ နေ့စဉ်ဘဝမှာ သူတို့ကြုံနေရတဲ့ မရေမရာ၊ မျှော်လင့်ချက် ကင်းမဲ့လှတဲ့ အဖြစ်တွေကို ကျွန်တော် နားလည်လာပါတယ်။


ပြည်တွင်းက လျှောက်ထားသူတွေကိုပေးဖို့ ရည်ရွယ်ထားတဲ့ စုပေါင်းထည့်ဝင်ရန်ပုံငွေတွေအပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေကပါ သူတို့ဆီ ချဉ်းကပ် တောင်းခံလာတာတွေကို တုံဏှိဘာဝေ ဆိတ်ဆိတ်နေတဲ့ နည်းနဲ့ပဲ တုံ့ပြန်ကြပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း အများအပြားဟာ ဘယ်လို ပိတ်သိမ်းလိုက်ရမလဲလို့ တွေးဆနေကြရပါပြီ။ ဒီလိုကြုံနေရတာက ၂၀၂၆ ခုနှစ်မှာ တိုင်းပြည်လူဦးရေရဲ့ သုံးပုံတစ်ပုံ၊ ပြည်သူ ၁၆ ဒသမ ၂ သန်းဟာ လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရပြီး၊ လူဦးရေ လေးသန်းကျော်ဟာ နေရပ်စွန့်ခွာ ပြေးနေရပါတယ်လို့ ကုလသမဂ္ဂက ကြေညာထားတဲ့ အခြေအနေမှာပါ။


အရင်ကလည်း တနည်းတဖုံ မြင်ခဲ့ဖူးပြီးသားပါ။ ကမ္ဘာ့ လူသားချင်းစာနာရေး ထိပ်သီးညီလာခံကြီးမှာ ပြည်တွင်းဦးစီးဦးဆောင်မှု အာဂျင်ဒါကို မတင်ရသေးခင် တစ်နှစ်အလို ၂၀၁၅ ခုနှစ်မှာ ကျွန်တော် မြန်မာပြည်ကို ရောက်သွားပြီး ခွဲခြားဖယ်ကြဉ်ခံရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေမှာ နိုင်ငံသားဖြစ်မှု စာရွက်စာတမ်း (မှတ်ပုံတင်၊ သန်းခေါင်စာရင်း စသဖြင့်) ရကြဖို့ ကူညီလုပ်ကိုင်ပေးခဲ့ပါတယ်။ ပြည်တွင်းဝန်ထမ်းတွေဟာ အင်မတန်မှ ဗဟုသုတ များပြားကြွယ်ဝပြီး သန္နိဋ္ဌာန်ရှိကြသူတွေပါ။ နိုင်ငံခြားသား ကျွမ်းကျင်ပုဂ္ဂိုလ်တွေကတော့ ရောက်လာလိုက် ပြန်သွားလိုက်ကြနဲ့ လုပ်ငန်းတွင်း ပါဝါအားပြိုင်မှုတွေထဲ တဝဲလည်လည် ဖြစ်နေကြတာပေါ့။


ကံကောင်းထောက်မလို့ နိုင်ငံခြားသား ကျွမ်းကျင်ပုဂ္ဂိုလ်တွေ ကင်းစင်လုနီးပါးဖြစ်ပြီး ပြည်တွင်းအဖွဲ့တွေက လယ်သမားတွေကို လယ်ယာမြေ အသိမ်းခံရတဲ့ဘေးက ကာကွယ်ပေးနေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ကျွန်တော် တာဝန်ကျပါတယ်။ သူတို့ရဲ့ ကြိုးပမ်းလုပ်ကိုင်ပုံတွေက စင်းလုံးချောမဟုတ်ပေမယ့် ရိုးသားမှုရှိကြပြီး လုပ်လို့ကိုင်လို့ရတဲ့ နည်းအမျိုးမျိုးအဖုံဖုံရှိတယ်ဆိုတာ ကျွန်တော့်ကို ပြကြပါတယ်။ အဲဒီနောက်ပိုင်းတော့ ကုလသမဂ္ဂ ဌာနခွဲတစ်ခုအတွက် ကျွန်တော် အဝေးက အလုပ်လုပ်ပေးခဲ့ရပါတယ်။ ကွာခြားပုံကတော့ သိသာထင်ရှားပါတယ်။ မြေပြင်နဲ့ ဝေးကွာလေ၊ စနစ်ယန္တရားကြီးတွေက သူ့နည်းသူ့ဟန်နဲ့ လည်ပတ်နေလေပါပဲ။ အဲဒီတချိန်တည်းမှာ ကျေးရွာတွေအထိဆင်းပြီး ကာကွယ်ကူညီမှုပေးနေတာက အရပ်ဘက် အဖွဲ့အစည်းတွေပါ။


ပြည်တွင်းဦးစီးဦးဆောင်မှုအကြောင်း တွင်တွင်ပြောပြီး ပြည်တွင်းအဖွဲ့တွေကို ရန်ပုံငွေ မထောက်ပံ့တာကို အရင်းခံမူလ မရိုးသားမှုလို့ ဒီဆောင်းပါးအနေနဲ့ နာမည်ပေးချင်ပါတယ်။ မြန်မာ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ တောင်းဆိုနေတာ ရေရာတိကျတဲ့ ကိစ္စတွေပါ။

  • သူတို့ဆီ တိုက်ရိုက် စီးဆင်းရောက်ရှိမယ့်၊ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ တစ်နှစ်ထက်ပိုတဲ့ (multi-year) ရန်ပုံငွေ၊

  • ဦးစားပေးလုပ်ငန်းတွေ သတ်မှတ်ရာမှာ ပြီးမှလာတိုင်ပင်တာမဟုတ်ဘဲ အမှန်တကယ် ပါဝင်ဆွေးနွေးနိုင်မယ့် နေရာထိုင်ခင်း၊

  • လုံခြုံရေး၊ ဥပဒေကြောင်းနဲ့ ငွေကြေးစီမံခန့်ခွဲမှု ဘေးအန္တရာယ်တွေကို အောက်ပိုင်းတွန်းပို့မယ့်အစား စစ်မှန်တဲ့ ဘေးအန္တရာယ်ခွဲဝေရင်ဆိုင်ဖြေရှင်းမှု၊

  • ငွေကြေးစီးဆင်းရာတလျှောက် ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပွင့်လင်းမြင်သာရှိမှု တို့ ဖြစ်ပါတယ်။


မြန်မာပြည်အတွက် သွေးစည်းညီညွတ်တဲ့ ရပ်တည်မှုကို ပြတဲ့အခါ လက်ရှိအရပ်သားအစိုးရအဖြစ် အဝတ်လဲထားတဲ့စစ်တပ်နဲ့ ပင်းလုပ်လို့မဖြစ်သလို၊ ဖြန့်ဝေပေးတဲ့ အင်စတီကျူးရှင်းတွေထဲမှာ သုံးစွဲ ကုန်ခန်းသွားတာမျိုး မဖြစ်သင့်ပါဘူး။ မြန်မာပြည်က အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ သုတေသီတွေကတော့ ခပ်ရှင်းရှင်းပဲ ပြောကြပါတယ်။ မိတ်ဖက်လက်တွဲမှု အစစ်အမှန်ဟာ အထူးတလည် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ထပ်ပိုးလုပ်ဆောင်ဖို့ မဟုတ်ပါဘူး၊ ဒီမိုကရေစီရဖို့အပေါ်မှာ မူတည်ပါတယ်တဲ့။ ဒီလိုမှမဟုတ်ရင် မြန်မာ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ သူတို့ကို မဟာဗျူဟာပိုင်ရှင်တွေအဖြစ် လိုအပ်နေတဲ့စနစ်ထဲမှာ သူတို့ ကောင်းကျိုးဆောင်လိုတဲ့ ပြည်သူ‌ရဲ့အသံကို ဆောင်ကြဉ်းပေးရမယ့်အစား အကောင်အထည် ဖော်သူတွေအဖြစ်သာ ကျန်ရစ်ပါလိမ့်မယ်။


ပြည်တွင်းက လုပ်ကိုင်ဆောင်ရွက်နေသူတွေကို အားပေးထောက်ကူဖို့ တစ်ခုတည်းသော အသုံးတည့်တဲ့ မဟာဗျူဟာက နိုင်ငံတကာ အဖွဲ့အစည်းတွေကို တာဝန်ခံမှုရှိ‌စေဖို့နဲ့ လိုအပ်တဲ့အခါမှ ထည့်သုံးဖို့ပါပဲ။ အထူးဧည့်သည်တော်ကြီးများအခန်းရဲ့ တံခါးကို အခန်းထဲက ဖွင့်ပေးရမှာပါ။




မူရင်းဆောင်းပါးရှင် ဟိုဆေး မာရီးယား အရီးဇားဟာ အိုးအိမ်၊ မြေယာနဲ့ ပိုင်ဆိုင်ခွင့်၊ ဒီဂျစ်တယ် ကိုယ်ရေးအချက်အလက်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေး အပိုင်းတွေမှာ အာရုံစူးစိုက်ပြီး ကုလသမဂ္ဂရဲ့ စီမံကိန်းတွေ၊ လူသားချင်းစာနာရေး လုပ်ငန်းတွေမှာ နှစ်ပေါင်း ၂၅ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ အလွတ်တန်း အတိုင်ပင်ခံ ကျွမ်းကျင်သူ၊ ဓာတ်ပုံသတင်းထောက်တစ်ဦး ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံက အရပ်ဘက်လူ့အဖွဲ့အစည်းတွေအတွက် အခငွေကြေးမယူဘဲ စေတနာမေတ္တာနဲ့ လုပ်ကိုင်အားပေးနေသူလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေစဉ်အတွင်း သူရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Comments


bottom of page