top of page

ခေတ်စနစ်ကိုပြောင်းဖို့ ဂရုစိုက်ကြဦးစို့နော်

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုဟာ တက်ကြွလှုပ်ရှားသူတွေအဖို့ ဘာကြောင့် အရေးကြီးတာလဲ


တရားထိုင်နေတဲ့ လူတစ်ဦးနဲ့ ကျောဘက်က ဆိုဖာပေါ် အိပ်နေတဲ့ ကြောင်တစ်ကောင်

ကမ္ဘာနဲ့ချီပြီး ရာသီဥတုဖောက်ပြန်မှုနဲ့အတူ သဘာဝဘေးအန္တရာယ်တွေက တစ်ခုပြီးတစ်ခု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေက အားနည်း၊ ဒီမိုကရေစီစံနှုန်းတွေယိုင်နဲ့လာတဲ့ ခေတ်ကာလမှာ တက်ကြွလှုပ်ရှားသူတွေကို နည်းနည်းလောက် နားကြပါဦးလားလို့ ပြောရတာ အင်မတန်ခက်ပါတယ်။


လုပ်ရမယ့် ကိစ္စပေါင်းက သောင်းခြောက်ထောင်၊ လူက တစ်ကိုယ်တည်းမို့ ဆယ်ကိုယ်ခွဲလို့မရ။ လေ့လာသင်ယူစရာတွေက တပုံတပင်။ ပင်ကိုသဘာဝအရ စိတ်ထိခိုက်စရာတွေ အများကြီးကြုံရနိုင်တဲ့ တက်ကြွလှုပ်ရှားသူတွေဟာ စိတ်ရောလူပါ ခြေကုန်လက်ပန်းမကျအောင် ‌ရှောင်ရှားနိုင်ဖို့ ပိုတောင် ခက်ပါသေးတယ်။


ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ဖို့ (self-care) ကိစ္စ ပြောသံဆိုသံတွေကိုတော့ ဒီခေတ်မှာ ပိုကြားလာရပါပြီ။ သိပ်တော့ မလွယ်ပါဘူး။ တချို့ကဆို ဇိမ်ခံချင်လို့များ ဒီလိုပြောသလားလို့ အောက်မေ့ကြသေးတာ။ အမှန်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်တာဟာ ဇိမ်ယူတာ မဟုတ်ပါဘူး။ ဒါဟာ အန်တုမှု၊ ကြံ့ကြံ့ခံမှု တစ်ခုပါ။ ကိုယ့်တက်ကြွလှုပ်ရှားမှုကို ‌ရေရှည်တည်တံ့စေချင်ရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ဖို့ မဖြစ်မနေ လိုပါတယ်။


ဒါကြောင့် ၂၀၁၃ ခုနှစ်က ခရစ္စတင်းဘွိုင်းလ် ရေးခဲ့တဲ့ “သန္နိဋ္ဌာန်ကြီးတဲ့ တက်ကြွလှုပ်ရှားသူတွေအတွက် မိမိကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ရေးနှိုးဆော်ချက်ကိုးခု” ဆောင်းပါးမှာပါတဲ့ စိတ်ဝင်စားဖွယ် ရှုမြင်သုံးသပ်ပုံတွေကို CENCS ပရိသတ်များအတွက် ဝေမျှပေးလိုက်ရပါတယ်။



ဘယ်ကိစ္စမှာမဆို “သူရဲကောင်း”တွေ၊ “အာဇာနည်ပုဂ္ဂိုလ်”တွေအဖြစ် ခေါင်းခံခိုင်း၊ စတေးပစ်တာမျိုး လုပ်မယ့်အစား ပြည်သူလူထုနဲ့ အထိအတွေ့မပြတ်တဲ့၊ နိုးကြားတဲ့ ခေါင်းဆောင်မှုတွေ ရှိလာဖို့လိုပါတယ်

၁။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုဟာ အခြေခံလိုအပ်ချက်ပါ။


ပိုပြီး မျှတတဲ့၊ သာယာတဲ့ ကမ္ဘာကြီးဖြစ်လာဖို့ တစ်တပ်တစ်အား ပါဝင်လှုပ်ရှားကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် စောင့်ရှောက်ဖို့ ပိုအရေးကြီးသေးတယ်။ ဘယ်မှာပဲဖြစ်ဖြစ် “ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ဖို့” ဆိုတဲ့စကား စလိုက်တာနဲ့ ဇိမ်ခံတဲ့ကိစ္စ၊ ငွေပိုအချိန်ပိုရှိမှ လုပ်နိုင်မယ့် အခွင့်ထူးခံကိစ္စတွေလို့ ထင်တတ်ကြတယ်။ ကိုယ်ကြိုးစားနေတာက လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခွင့်ရှိတဲ့ခေတ်မျိုး ရောက်ဖို့ဆိုရင် အဲဒီခေတ်ရောက်မှပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဂရုစိုက်မယ်လို့ သဘောမထားပါနဲ့။ ကြိုးပမ်းအားထုတ် နေစဉ်တလျှောက်မှာလည်း အဲဒီအတိုင်း ကျင့်သုံးနေထိုင်ရမှာပေါ့လို့ ခရစ္စတင်းက ဆိုပါတယ်။


ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်နိုင်ကြတာ အောင်မြင်ပျော်ရွှင်တဲ့ လက်တစ်ဆုပ်စာတွေပါဆိုတဲ့ အပြောအဆိုမျိုးတွေနဲ့ တိုက်ခိုက်ထိုးနှက်မယ့်အစား ကိုယ့်ရပ်ရွာ လူ့အသိုင်းအဝိုင်းထဲမှာ သူသူကိုယ်ကိုယ် ကျန်းမာပျော်ရွှင်ဖို့၊ လူမှုဘဝကောင်းတွေ ရရှိပိုင်ဆိုင်ဖို့ နည်းလမ်းတွေ တွင်ကျယ်လာအောင်သာ လုပ်ရမှာပါ။


၂။ ဘာသာစကား အသုံးအနှုန်း အံဝင်ခွင်ကျဖြစ်ဖို့ လိုသေးတယ်။


ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ကြပါလို့ ဆိုလိုက်ရင် တုံ့ပြန်ပုံတွေက အမျိုးမျိုးပဲ။ မျက်လုံးပြူး ကြည့်မယ့်သူနဲ့၊ တစ်ကိုယ်ကောင်း ဆန်သလိုများ ဖြစ်သွားမလားလို့ ကျိတ်စိုးရိမ်သူနဲ့၊ ကိုယ်က ပျော့တိပျော့ဖတ်လို့ အထင်ခံရမှာ စိုးတာနဲ့၊ ဇိမ်ယူတတ်လိုက်တာလို့ အောက်မေ့ကြမှာနဲ့။ ဒီစကားမျိုး ပြောရတာဟာ မပြတ်သားလို့၊ ယုံကြည်ချက် မခိုင်မာလို့၊ ဒူပေဒါပေ မခံနိုင်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ရော အပြန်အလှန်ပါ စွပ်စွဲပြစ်တင်တတ်ကြတာကြောင့် အန္တရာယ်များပါတယ်။


ဒါကြောင့်လည်း ပွတ်ကာသီကာ ဝေ့ကာဝိုက်ကာ ပြောခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့။ လူတွေ ရရှိခံစား ပိုင်ခွင့်ရှိတဲ့ ကောင်းမွန်တဲ့ဘဝနဲ့ ရှင်သန်နေထိုင်မှုဆိုရင် ဘာတွေ အကျုံးဝင်တယ်၊ အဲသလိုဖြစ်လာဖို့ စနစ်နဲ့ချီတဲ့ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရမယ်ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း ဖွင့်ဆိုသတ်မှတ်ထားနိုင်မှ ဘူးလုံးနားမထွင်း မဖြစ်တော့ဘဲ အံဝင်ခွင်ကျ စကားလုံးတွေနဲ့ ထိထိရောက်ရောက် ပြောဆိုနိုင်မှာပါ။


၃။ ပြိုင်တူတွန်းမှ ရွေ့နိုင်မှာပါ။


အုံးအုံးကျွက်ကျွက် ကမ္ဘာကြီးမှာ ဒုက္ခရောက်ရတဲ့သူတွေက များသထက်များလာတယ်ဆိုတာ ဝါးလုံးရှည်နဲ့ ရမ်းတာမဟုတ်ပါဘူး။ တကယ့်နေ့စဉ်ကြုံတွေ့နေရတာပါ။ ရှိရှိသမျှ တက်ကြွလှုပ်ရှားတဲ့သူတွေခေါင်းပေါ် ပစ်တင်လေလေ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုကိစ္စဆီ ပြန်ရောက်သွားလေ ဖြစ်နေမှာပါ။ ဒါကြောင့် အားလုံး တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကြဖို့ အင်မတန်လိုတယ်။ ဒါဖြင့် လူတိုင်းပါလာအောင် ဘယ်လိုလုပ်မလဲ။


ဘယ်ကိစ္စမှာမဆို “သူရဲကောင်း”တွေ၊ “အာဇာနည်ပုဂ္ဂိုလ်”တွေအဖြစ် ခေါင်းခံခိုင်း၊ စတေးပစ်တာမျိုး လုပ်မယ့်အစား ပြည်သူလူထုနဲ့ အထိအတွေ့မပြတ်တဲ့၊ နိုးကြားတဲ့ ခေါင်းဆောင်မှုတွေ ရှိလာဖို့လိုပါတယ်။ ကမ္ဘာအနှံ့က ကိစ္စပေါင်းစုံဟာ “မီးခိုးမဆုံး မိုးမဆုံးတွေပါ။ ဇာတ်သိမ်းစရာလည်း မရှိဘူး၊ ဝင်မပါတော့ပါဘူး” ဆိုတဲ့ အမြင်တွေ အဆိုးကျော့သံသရာမလည်အောင် လုပ်ရမှာပါ။ ဒီအတွက်လည်း ပေါ်လာသမျှ လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်တဲ့ “နိုးကြားထက်သန်တဲ့ လှုပ်ရှားမှု”တွေကို ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။


၄။ တစ်ယောက်တည်းလုပ်လို့ မရဘူး။


ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ဖို့ကိစ္စကို နှာခေါင်းရှုံ့ချင်ကြတာက တစ်ကိုယ်ကောင်းဆန်တဲ့ကိစ္စလို့ ထင်မြင်ယူဆနေကြလို့ပါ။ တကယ်တော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ဖို့တောင် ကိုယ်တစ်ယောက်တည်းနဲ့ မပြီးပါဘူး။ မထိရောက်ပါဘူး။


လူဟာ အများအပေါ် အညမညမှီခိုရတဲ့ သတ္တဝါတွေပါ။ ကိုယ်လိုအပ်တဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေကို ကိုယ့်ခြေကိုယ့်လက် ဖန်တီးလို့ရတာ ရှိနိုင်ပေမဲ့ အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး။ ကိုယ်လိုအပ်နေတဲ့ ဖေးမကူညီပံ့ပိုးမှုတွေကို ကိုယ့်ပတ်ဝန်းကျင်က ပေးနိုင်ဖို့ဆိုရင် သူတို့ကိုယ်သူတို့ ဂရုစိုက် စောင့်ရှောက်နိုင်ကြတဲ့ အနေအထားမှာ ရှိနေဖို့၊ သူတို့နဲ့ ကင်းကွာမနေဖို့ လိုပါသေးတယ်။


လိုချင်စရာ တိုလီမိုလီတွေလျှောက်ဝယ်၊ ခွက်လှလှ ပုလင်းလှလှလေးတွေစု၊ အာဟာရ တန်ဖိုးမရှိတဲ့ သွားရည်စာတွေ လျှောက်စား၊ ကိုယ့်ခံစားချက်တွေကို အာရုံလွှဲရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် စောင့်ရှောက်ရာမကျပါဘူး

၅။ တစ်ကြိမ်တည်းနဲ့ လုံးဝပြောင်းလဲမသွားဘူး။


ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုအကြောင်း စာလေးတစ်ပုဒ်လောက်ဖတ်၊ အဟောအပြောလေး တစ်ခါလောက် နားထောင်ရုံနဲ့ ဘာလုပ်ရမယ်လို့ တန်းမသိနိုင်ပါဘူး။ သင်တန်းတို့ ဝပ်ရှော့တို့မှာ တစ်ကြိမ်လောက်ပါ၊ အပန်းဖြေခရီး တစ်ခေါက်သွားရုံနဲ့လည်း အားလုံး ပြေပျောက်သွားပြီလို့ မဆိုနိုင်ပါဘူး။ ကိုယ့်အတွက် လိုအပ်တဲ့ ဂရစိုက်စောင့်ရှောက်မှုဟာ တစ်ခေါက်တစ်ခါနဲ့ ပြီးသွားတယ်လို့မှ မဖြစ်နိုင်တာ။


တစ်နေ့နည်းနည်းနဲ့ ဆက်တိုက် သတိထားနေနိုင်မှသာ အမူအကျင့်တွေ ပြောင်းလာ၊ နေ့စဉ်ဘဝ အချိန်ဇယားတွေ ပြောင်းလာပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ် ကိုယ်တိုင် သိမှတ်လက်ခံတဲ့အထိ ယုံကြည်မှုတွေ တိုးတက်လာမှာပါ။ ဆောင်းပါးရှင် ခရစ္စတင်းကလည်း ဒီကိစ္စမှာ သူ့ကိုယ်တွေ့အရ အချိန်ပေးခဲ့ရပါတယ်။ အတော်လေး ဟန်ကျနေပြီလို့ ထင်ထားပြီးမှ ကပျက်ကချော်ဖြစ်စရာတွေကြုံရပြီး တည်ဆောက်ခဲ့သမျှ အငွေ့ပျံသွားတာနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျင့်သားရလာ‌လေလေ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ရတာ ပိုလွယ်လေလေပါပဲ။ တကူးတကလည်း မဖြစ်တော့ဘူးပေါ့။ အိုးနင်းခွက်နင်း ဘယ်လောက်ဖြစ်ဖြစ် ကြာလေ ပြန်ထူထောင်ရမခက်တော့လေလို့ ဆိုပါတယ်။


၆။ ပိုက်ဆံတွေ သောက်သောက်လဲကုန်ဖို့ မလိုပါဘူး။


ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုအကြောင်း နားလည်ချင်ရင် လေ့လာစရာတွေ တစ်ပုံကြီးပါ။ မြင်ဆရာ ကြားဆရာတွေ ရှိကြတယ်။ ဖတ်ရှုလေ့လာစရာတွေလည်း ရှိတယ်။ ပြီးတော့ ကိုယ့်ဘဝနဲ့ကိုယ် သိသင့်သလောက် သိထားပြီဆိုတာလည်း စိတ်ထဲမှာ စွဲမှတ်ထားဖို့လည်း လိုတာပေါ့။


တချို့အခြေအနေတွေမှာ ကျွမ်းကျင်ပုဂ္ဂိုလ်တွေ၊ စိတ်ပညာပိုင်း နားလည်တတ်ကျွမ်းသူတွေနဲ့ နှီးနှောဖလှယ်ပြီး အတိုင်ပင်ခံဖို့ လိုတယ်။ လေ့လာဆည်းပူးသင့်တဲ့ သင်တန်းတွေ၊ ဆရာတွေ၊ စာအုပ်တွေလည်း ရှိနေတာပဲ။ ဒါပေမဲ့ ငွေကြေးမတတ်နိုင်လို့ အဲဒါတွေကို လက်လှမ်းမမီဘူးဆိုရင်တောင် “ကိုယ့်မှာ ဘာလိုနေတယ်လို့ ကိုယ်တိုင် သိထားသလဲ” ဆိုတာ ပြန်စဉ်းစားကြည့်ဖို့ အချိန်ပေးပါ။ ပြီးတော့ ကိုယ့်ကို ဝိုင်းဝန်းဖေးမပေးမယ့်သူတွေနဲ့ အချိတ်အဆက် ရှိနေသင့်ပါတယ်။


၇။ ကိုယ့်တန်ဖိုးထားတွေနဲ့ ကိုက်ဖို့ လိုတယ်။


တချို့က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုဆိုတာကို ကိုယ့်စိတ်အလိုလိုက်တာတွေနဲ့ ရောထွေး အထင်မှားတတ်ကြတယ်။ လိုချင်စရာ တိုလီမိုလီတွေ လျှောက်ဝယ်၊ ခွက်လှလှ ပုလင်းလှလှလေးတွေစု၊ အာဟာရ တန်ဖိုးမရှိတဲ့ သွားရည်စာတွေ လျှောက်စား၊ ကိုယ့်ခံစားချက်တွေကို အာရုံလွှဲရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် စောင့်ရှောက်ရာမကျပါဘူး။ ရေချိုးကန်ကြီးထဲက ဆပ်ပြာမြှုပ်တွေထဲ ဝင်စိမ်လိုက်ရလို့ နည်းနည်းလောက် အသက်ရှူ ချောင်ချင်ချောင်သွားနိုင်ပေမဲ့ တကယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုဆိုတာ ဇိမ်ခံတာ၊ စားသုံးသူပဓာန ဝါဒရဲ့ သားကောင်အဖြစ်ခံလိုက်တာ၊ ကိုယ်လွတ်ရုန်းတာ မဟုတ်ပါဘူး။


ဆောင်းပါးရှင် ခရစ္စတင်းက “ဒါလုပ်လိုက်ရင် ကျေနပ်မှာလား၊ တင်းတိမ်မှာလား” လို့ သူ့ကိုယ်သူ မေးပါသတဲ့။ သူ့အနေနဲ့ အပီအပြင်ကြီး တရားထိုင်တာတွေ၊ ဘဝနေထိုင်မှုဟန်ပန်ကို တကူးတကပြောင်းလဲတာတွေ မလိုဘဲ ကျေးဇူးတရား၊ ကျေနပ်ပီတိ၊ ချစ်ခြင်းမေတ္တာနဲ့ အဓိပ္ပါယ်ရှိတဲ့ဘဝလို့ ခံစားမိစေမယ့် အခွင့်အလမ်းတွေကို ပိုပြီးရှာပါသတဲ့။ တစ်ခါတလေကျရင် လမ်းလျှောက်ထွက်၊ တစ်ရေးတစ်မော အိပ်၊ ထ,က၊ ဖတ်ဖြစ်တဲ့ စာအုပ်တွေအကြောင်း ဝေမျှဆွေးနွေး၊ တစ်ယောက်တည်း နားအေးပါးအေးနေ၊ ဒါမှမဟုတ် ချစ်ခင်မြတ်နိုးတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အချိန်ယူပြီး တွေ့လိုက်ရတာတွေက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် စောင့်ရှောက်မှုအတွက် ပိုပြီးတော့တောင် အလုပ်ဖြစ်နေပါသေးတယ်။


၈။ ဒါဟာ စနစ်နဲ့ချီတဲ့ စိန်ခေါ်မှုပါ။


ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုတွေကို ကန့်လန့်တိုက်နေတဲ့ အကြောင်းရင်းတွေက ရေတွက်လို့ ကုန်နိုင်စရာမရှိဘူး။ အရှည်တည်တံ့ပြီး ဒေါင်ဒေါင်မြည်ဖြစ်တဲ့ လူမှုဘဝတွေကို ထူထောင်ဖို့ ကြိုးပမ်းအားထုတ်ကြတဲ့အခါ စီးပွားရေးဖိအားတွေက တစ်မျိုး၊ မိသားစု မျှော်လင့်ချက်တွေက တစ်ဖုံ၊ ကိုယ်ပါဝင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း၊ လှုပ်ရှားမှုတွေရဲ့ စနစ်ယန္တရားတွေက တစ်မှောင့်၊ တမင်တကာပဲလား၊ မတော်တဆပဲလားမသိ အဟန့်အတားဖြစ်နေတတ်ကြတယ်။


ဒါက အတော်ခက်တာပါ။ ကိုယ်တစ်ယောက်တည်း ကြုံရတာလည်း မဟုတ်။ လူတိုင်း ကြုံရတာပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်တဲ့ အမူအကျင့်တွေကို စွဲမြဲလာဖို့ဆိုရင် အဲဒီအတွက် ဦးစားပေးရတယ်၊ ရိုးရိုးသားသား ပြန်သုံးသပ်နိုင်ရတယ်၊ အများနဲ့အတူ ဖြတ်သန်းကျော်လွှားရတယ်။ ဒီတော့မှပဲ လူ့အဖွဲ့အစည်းရဲ့ စနစ်ယန္တရားတွေက ကိုယ့်ကို ဘယ်လိုတားတား အများနဲ့အတူ ရင်ဆိုင်နိုင်စွမ်း ရှိလာမှာပါ။ ဒီလို စနစ်ယန္တရားကြီးတွေကို ကြံ့ကြံ့ခံနိုင်ဖို့၊ ပြောင်းလဲပစ်ဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှ ကြိုးပမ်းအားထုတ်သူတိုင်း ကိုယ်စီ အစွမ်းအစတွေ၊ အတားအဆီးတွေကြားက ပြိုင်တူရုန်းမှ လွတ်မှာပါ။


၉။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်တယ်ဆိုတာ သီးခြားကိစ္စမဟုတ်ဘူး။


ဒီတော့ တက်ကြွလှုပ်ရှားသူတွေပဲဖြစ်ဖြစ်၊ တခြားဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ရင် ပြီးတာပဲလို့လည်း တစ်ထစ်ချတွက်ပြီး ကွက်ကွက်လေး အရေးစိုက်နေလို့ မရဘူး။ အားလုံး ညီတူညာတူ ဝိုင်းရုန်းရမယ့် စနစ်နဲ့ချီတဲ့ ပြဿနာတွေက တစ်ပုံတစ်ခေါင်းမဟုတ်လား။


ကိစ္စတစ်ခုကို ရှင်းဖို့ကြိုးစားတော့ နောက်ကိစ္စတစ်ခုက ပေါ်လာပြန်ရော။ နောက်ကိစ္စကိုရှင်းတော့ နောက်ထပ်ကိစ္စသစ်တစ်ခု ထပ်တွေ့ရပြန်ရော။ ခေတ်စနစ်ရဲ့ အလွဲအချော် အမှားအယွင်းတွေက တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ် အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဖြစ်နေတာပါ။ ဒီတော့ အားလုံးကို ရှင်းနိုင်ကြမှ ဖြစ်မှာ‌ပေါ့။ အဲဒါတွေ ရှင်းရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်နိုင်တဲ့ ခေတ်စနစ်အခင်းအကျင်းတွေ ဖြစ်လာအောင် တစ်လက်စတည်း ထည့်သွင်းဖြေရှင်းသင့်ပါတယ်။


ဂရုစိုက်ဦးစို့နော်


ဒီကိုးချက်ဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ဆောင်းပါးရှင် ခရစ္စတင်းရဲ့ ၂၀၁၃ ခုနှစ်က သုံးသပ်ချက်နဲ့ နှိုးဆော်မှုတွေ ဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိလည်း ခေတ်ကိုထင်ဟပ်နေဆဲ ဖြစ်ပါတယ်။


မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုနဲ့ အရပ်ဘက်အဖွဲ့အစည်းနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေ့စဉ်ကြိုးပမ်းအားထုတ်မှုတွေဟာ နှစ်ကာလ ရှည်ညောင်းလာတာနဲ့အမျှ ကိုယ်စိတ်ပင်ပန်း နွမ်းနယ်မှု ဒဏ်ရာဒဏ်ချက်တွေနဲ့ မကင်းကြပါဘူး။ အချင်းချင်း တွေ့ကြဆုံကြလို့ နှုတ်ဆက်ချိန်ကို ရောက်လာရင် “ဂရုစိုက်ဦးနော်” လို့ ပြောမိတတ်ကြပါတယ်။ ဒီစကားကပဲ “ဆက်ကြိုးစားကြဦးစို့” ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နေသလို တစ်ချိန်တည်းမှာပဲ ကိုယ်စိတ်နှလုံးမှာ ရင်ဆိုင်နေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ သက်သာပါစေဆိုတဲ့ စေတနာတွေလည်း လွှမ်းမိုးနေတာပါ။


နောက်တစ်ခါ ဆုံကြတဲ့အခါ “ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်” ဆိုတဲ့ စကားကို ပိုပြီး အဓိပ္ပါယ်ပြည့်ပြည့်ဝဝ ပြောဖြစ်ကြပါစေကြောင်း ...။

  

 


ဆောင်းပါးရှင် ခရစ္စတင်းဘွိုင်းလ်ဟာ ဒီဆောင်းပါးကိုရေးစဉ်မှာ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ခဲ့ပြီး လက်ရှိမှာ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်သလို ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာဒေသရဲ့ အိုးအိမ်နဲ့ စည်ပင်သာယာရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

4 Comments


Guest
Oct 08

ခပ်ပါးပါးရယ်ပါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာက စုန်ရေ။ အခြားသူတွေကို ဗဟိုပြုတာက ဆန်ရေပါ။ ဒီကိစ္စက အတော်လေး အငြင်းပွားစရာကောင်းပြီး ခပ်ပါးပါးလေးခြားနေတာမျိုးပါ။ ဒီအပိုင်းမှာ အနောက်တိုင်းနဲ့ အရှေ့တိုင်းအမြင် ချဉ်းကပ်မှုတွေကလည်း မတူညီနိုင်ပါဘူး။

Like

Guest
Sep 19

တကယ်လို့များ ကျနော်သာ ဆောင်းပါးရှင် ဆိုရင် ၁၀ ဆိုပြီး တစ်ချက်တိုးချင်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဟာ တခြားသူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူးဆိုတဲ့ အချက်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ဂရုစိုက်ဖို့ဆိုတာ တကယ်တော့ ပြောစရာမလိုပါဘူး။ လူတိုင်း ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတယ်။ လူတိုင်းဟာ မိမိကိုယ်ကိုယ် အချစ်ဆုံး၊ ဂရုအစိုက်ဆုံးပါ။ နည်းလမ်းမမှန်တာပဲ ရှိနိုင်ပါတယ်။ မိဘရဲ့ ချစ်ခြင်းမေတ္တာမှာတောင် ဒီအချက်က ခြွင်းချက် မဟုတ်ပါဘူး။ မာသာထရီဇာလည်း ကိုယ့်ကိုယ့်ကိုယ်ချစ်ပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ဂရုစိုက်ဖို့ တိုက်တွန်းချက်တွေဟာ တစ်ကိုယ်ကောင်းဆန်သူတွေအဖြစ် အယူလွဲ အကောက်လွဲမသွားစေနိုင်မယ့် အချက်ကိုလည်း ထည့်သွင်းရေးဖို့လိုအပ်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

Like

Guest
Sep 19

တခုနဲ့တခု ပြန်လှန်မှီပြုနေသလိုပါပဲ။ခေတ်မေကောင်းတော့လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ဆိုတာ အတော်ခက်တာရှင့်။ကျန်တာတွေဆိုတာ ပိုဝေးရော။ပိုကောင်းအောင် လုပ်ကြည့်ရမှာပေါ့ရှင်။

Like

Guest
Sep 19

ဂရုစိုက်ဖို့ ဂရုမစိုက်နိုင်မှ တော်ကာကျမယ်။

Like
bottom of page