ပြည်သူသည် အာဏာမဲ့မဟုတ်
- သင်းမြကြည်

- Jul 4, 2025
- 7 min read
အာဏာရှင်တစ်ခေတ်ထချိန်မှာ နည်းသစ်လူထုလှုပ်ရှားမှုတွေက နိုင်ငံရေးအာဏာကို ပြည်သူ့လက်ဝယ် ပြန်ရောက်ဖို့ ကူညီနိုင်မလား

စတန်းဖို့ဒ်လူမှုဝန်းကျင်ဆန်းသစ်ဖန်တီးမှုရီဗျူး (SSIR) ဝက်ဘ်ဆိုက်မှာ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့က ဆောင်းပါးရှင် ဂျိုးမက်ကန်နွန်ရဲ့ “Powerful, Not Powerless: Emerging Approaches to Massive Action” ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ အာဏာရှင်ဆန်မှု ခေတ်စားလာ၊ လူမှုဝန်းကျင်ရဲ့ တရားမျှတမှုတွေ ယိုယွင်းလာချိန်မှာ လူထုကြီးတစ်ရပ်လုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ ပေါ်ထွန်းလာတဲ့ နည်းလမ်းသစ်တွေကို ရှင်းလင်းတင်ပြထားပါတယ်။ လူထုလှုပ်ရှားမှုတွေရဲ့ အစွမ်းသတ္တိနဲ့ အရေးကြီးပုံကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ ဥပမာပေါင်းများစွာနဲ့တကွ ဖော်ပြထားတာဟာ စိတ်ဝင်စားဖွယ်၊ ချဲ့ထွင်တွေးတောဖွယ် ဖြစ်ပါတယ်။ CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးပါရစေ။ ဆောင်းပါးမှာ ဖော်ပြထားတဲ့ ဥပမာနဲ့ ဖြစ်စဉ်အချို့ကို အသေးစိတ်သိရှိနိုင်ဖို့ မူရင်းဆောင်းပါးမှာ ရှာဖွေလေ့လာနိုင်ပါတယ်။
လူထုပူးပေါင်းဆောင်ရွက်မှု နည်းလမ်းတွေဟာ လှုပ်ရှားမှုတွေရဲ့ အစွမ်းအာနိသင်ကို ပိုကြီးမားစေတယ်။ တစ်ချိန်တည်းမှာပဲ အကြောက်တရားရဲ့ အချုပ်အနှောင်တွေကိုလည်း ပြေလျော့စေတယ်။
ကျွန်တော်တို့ဟာ ကြောက်ခေတ်မှာ ရှင်သန်နေကြတာပါ။ အာဏာရှင်ဆန်ဆန် အစိုးရတွေ၊ (လောကဝတ် စံနှုန်းတွေကို ငြင်းဆန်တဲ့) နတ္ထိကဝါဒီ လက်တစ်ဆုပ်စာ အထက်တန်းလွှာတွေ၊ ပြင်းထန်ကြီးမားလာတဲ့ ရာသီဥတုဖောက်ပြန်မှု၊ ခုတစ်မျိုး တော်ကြာတစ်မျိုး ကပ်ရောဂါတွေ၊ နည်းပညာ ခြိမ်းခြောက်မှုတွေ၊ ထကြွသောင်းကျန်းနေတဲ့ သတင်းတုသတင်းမှားတွေ၊ ဒါတွေအားလုံး တစ်ကျိတ်တည်းတစ်ဉာဏ်တည်းလို့ ထင်လာရတဲ့အခါ အမေရိကန်မှာရော တစ်ကမ္ဘာလုံးမှာပါ လူတွေဟာ မလုံခြုံပါလား၊ မရေရာပါလား ဆိုတဲ့ ခံစားချက်တွေနဲ့အတူ အနာဂတ်အတွက် စိုးတထိတ်ထိတ် ဖြစ်လာကြတာပေါ့။ ဒီလို ရင်လေးမိတာဟာ သဘာဝကျတာတော့ မှန်ပါရဲ့။ ဒါပေမဲ့ အဲသလို ရင်တထိတ်ထိတ် စိုးရိမ်စိတ်တွေကိုယ်တိုင်က (ပြဿနာပေါင်းစုံကို) ထိထိရောက်ရောက် ဖြေရှင်းရေးရဲ့ မဟာရန်သူတော်ကြီး ဖြစ်နေလေတော့ ကျွန်တော်တို့အားလုံး အသည်းအသန် လိုအပ်နေတဲ့ သွေးစည်းညီညွတ်မှုတွေ၊ ဖန်တီးဆန်းသစ်မှုတွေ၊ လက်တွေ့ လုပ်ဆောင်ချက်တွေကိုပါ ယိမ်းယိုင်သွားစေပါတယ်။
အဲသလို အကြောက်တရားတွေကို အန်တုနိုင်မယ့် အဓိကရ မဟာဗျူုဟာတစ်ရပ်ကတော့ လူထုအင်တိုက်အားတိုက် ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှု (massive collaboration) တွေပါပဲ။ အဲသလို ပူးပေါင်းဆောင်ရွက်ရာမှာ လူတစ်ယောက်ချင်းစီ၊ အုပ်စုအသင်းအပင်း တစ်ခုချင်းစီက နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲတွေ ပေါ်လာအောင် ထင်မှတ်မထားတဲ့ အတိုင်းအတာနဲ့ တက်ညီလက်ညီ အားအင်စိုက်ထုတ်ကြပါတယ်။ လူထုပူးပေါင်းဆောင်ရွက်မှု နည်းလမ်းတွေဟာ လှုပ်ရှားမှုတွေရဲ့ အစွမ်းအာနိသင်ကို ပိုကြီးမားစေတယ်။ တစ်ချိန်တည်းမှာပဲ အကြောက်တရားရဲ့ အချုပ်အနှောင်တွေကိုလည်း ပြေလျော့စေတယ်။ လူထုပူးပေါင်းဆောင်ရွက်မှုတွေထဲ ပါဝင်ကြတဲ့ ကိန်းဂဏန်းတွေကို ကြည့်တာနဲ့တင် တန်ခိုးအာဏာပါဝါကိုလည်း ပြနိုင်၊ သတ္တိတွေလည်း နိုးကြွလာတာပေါ့။
ပျော်စရာကောင်းတာကတော့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ကာလကြီးဟာ အရင့်အရင် ဘယ်တုန်းကမှ မရဖူးတဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာစေတဲ့ ဧရာမ အရေအတွက်နဲ့ လူစုပေးနိုင်စွမ်းရှိနေတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲမှာ ပြန်ကြည့်ပါလား။
ဥရောပရဲ့ အကြီးမားဆုံး၊ အချမ်းသာဆုံး ဘောလုံးကလပ် ၁၂ သင်းက ဝင်ငွေတွေ တစ်ထောကြီးရနိုင်တဲ့ သီးသန့် စူပါလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကျင်းပဖို့ စီစဉ်ခဲ့ဖူးတယ်။ အဲဒီပွဲစဉ်တွေက မျှတတဲ့ အားကစားယှဉ်ပြိုင်မှုတွေကို ပျက်ပြားပြီး အသင်းငယ်လေးတွေကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်လို့ ၁၂ သင်းလုံးရဲ့ ပရိသတ်တွေက ကန့်ကွက်တားဆီးနိုင်ခဲ့ကြပါတယ်။
Undue Medical Debt ပရဟိတအဖွဲ့အစည်းရဲ့ ကမကထပြုမှုကြောင့် အလှူရှင်တွေရဲ့ စုပေါင်းထည့်ဝင်ငွေတွေနဲ့ အမေရိကန်ပြည်သူ ၁၀ သန်းနီးပါးရဲ့ ကျန်းမာရေးကြွေးမြီ ဒေါ်လာ ၁၅ ဘီလီယံကို ဝင်ရှင်းပေး၊ ဆပ်ပေးနိုင်ခဲ့ပါတယ်။
iNaturalist လို့ခေါ်တဲ့ ပလက်ဖောင်းက ဇီဝမျိုးကွဲစုံတို့ရဲ့ ပြောင်းလဲလာမှုကို တစ်ကမ္ဘာလုံး သိနားလည်နိုင်ဖို့ တစ်တပ်တစ်အား ဆောင်ရွက်ရာမှာ ကမ္ဘာတစ်ဝန်းက လူသုံးသန်းကျော်ရဲ့ ထည့်ဝင်မှုနဲ့ အပင်နဲ့ သတ္တဝါတွေအပေါ် လေ့လာဆန်းစစ်မှုပေါင်း သန်း ၂၀၀ ကျော်ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒီလို လှုပ်ရှားမှုတွေမှာ ပြုပြင်ပြောင်းလဲရေးသမားတွေချည်းပဲ ပါနေကြတာမျိုး မဟုတ်ပါဘူး။ နိုင်ငံရေး ခံယူရပ်တည်မှု အမျိုးမျိုးရှိသူတွေ ပါဝင်နေကြတာပါ။ ဥပမာပြရရင် အမေရိကန်မှာ ထိပ်တန်းရောင်းအားနဲ့ ရပ်တည်ခဲ့တဲ့ Bud Light ဘီယာက လိင်ပြောင်းလဲထားတဲ့ (transgender) လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ဦးနဲ့ ပူးပေါင်းခဲ့တဲ့အပေါ် အမေရိကန်ပြည်သူ သန်းပေါင်းများစွာက ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ခဲ့လို့ ရောင်းအား ၂၈ ရာခိုင်နှုန်း ထိုးကျသွားခဲ့ရပါတယ်။
ဒီနေရာမှာ လူထုကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လိုရာဆွဲပြီး နမူနာပေးထားတာ မဟုတ်ပါဘူး။ ပဋိပက္ခတွေ ပြင်းထန်လေ၊ ခြားနားကွာဟချက်တွေက ကျယ်ပြန့်သိသာလေ၊ နည်းပညာသစ်တွေက ပေါ်ထွန်းလေ လူတွေကို စည်းရုံးလှုံ့ဆော်ရတဲ့ နည်းလမ်းတွေက တိုးပြီးရင်း တိုးရင်းပါပဲ။ ဒါကြောင့် လူမှုဝန်းကျင်အတွက် လှုပ်ရှားဆောင်ရွက်နေသူတွေက ဒီအပြောင်းအလဲနဲ့အတူ တွဲပါလာတဲ့ အလားအလာနဲ့ ဘေးအန္တရာယ်တွေကို နားလည်ထားသင့်ပါတယ်။ နားလည်ထားမှ တရားမျှတမှုနဲ့ လူတွေရဲ့ ကိုယ်စွမ်းကိုယ်စ ထူထောင်ဖို့ ကြိုးပမ်းရာမှာ၊ အာဏာရှင်ဆန်တဲ့ အင်အားစုတွေနဲ့ ရင်ဆိုင်ရာမှာ၊ လူ့အဖွဲ့အစည်းထဲက မမျှတတာတွေကို လျှော့ချပြီး ပါဝါအရ တန်းတူရည်တူဖြစ်လာအောင် ဖော်ဆောင်ရာမှာ ဘယ်လိုအသုံးချရမလဲဆိုတာ သိနိုင်မှာ မဟုတ်လား။
ပူးပေါင်းရာက ပါဝါပိုကြီးမားခဲ့တဲ့ အတိတ်ဇာတ်ကြောင်းများ
အာဏာရှင်ဝါဒကို နှိမ်နင်းရာမှာရော လူမှုရေးတာဝန်ယူမှုကို တောင်းဆိုရာမှာပါ အလုပ်ဖြစ်ခဲ့တဲ့ လူထုအုံကြွမှု သမိုင်းကြောင်းဟာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ဘီစီ ငါးရာစုကနေ သုံးရာစုအတွင်းမှာ ရောမမြို့တော်က အောက်ခြေလူတန်းစားတွေဟာ ပလီဘီယန် သပိတ်ကြီးတွေ ဆင်နွှဲခဲ့ကြပါတယ်။ (အကျယ်သိနိုင်ဖို့ ရောမမြို့၏သမိုင်း - လူတန်းစားပဋိပက္ခများအပိုင်းကို ဒီမှာ ဖတ်ပါ။) အဲဒီသပိတ်တွေမှာ (ရောမအတွက် စစ်မှုထမ်းနေရတဲ့ ဆင်းရဲသားမိသားစုဝင် အောက်ခြေစစ်သား) ပလီဗီယန်တွေဟာ သူတို့လိုလားတောင်းဆိုတဲ့ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ ကြွေးမြီကင်းလွတ်မှုတွေကို အထက်တန်းလွှာတွေ သဘောမတူမချင်း မြို့တော်ဆင်ခြေဖုံးမှာ သွားနေကြပါတယ်။
ယုံကြည်သက်ဝင်သူ လူသန်းနှစ်ထောင် စုမိဖို့ ခရစ်ယာန်သာသနာပြုတွေက နှစ်ပေါင်း ၂,၀၀၀ လောက် အချိန်ယူခဲ့ရပေမယ့် Facebook က အဲသလောက်အရေအတွက် သုံးစွဲသူတွေ ရလာအောင် ကြိုးစားရတာ နှစ်နှစ်ဆယ် မကြာလိုက်ပါဘူး။
နောက်ပိုင်းရာစုနှစ်တွေမှာလည်း အထင်ကရလှုပ်ရှားမှုကြီးတွေ တသီကြီးမှာ အကြမ်းမဖက် လူထုလှုပ်ရှားမှု မဟာဗျူဟာတွေကို အသုံးပြုနိုင်ခဲ့ကြပါတယ်။
၁၇၇၃ ခုနှစ် ဘော်စတွန်တီးပါတီ (ဒီမှာဖတ်)၊
၁၇၉၀ ပြည့်နှစ်အလွန်က ဗြိတိန်က ကျေးကျွန်စနစ်ဖျက်သိမ်းရေး သကြားသပိတ်၊
၁၉၃၀ ပြည့်နှစ် အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲ၊
၁၉၆၀ ပြည့်လွန်ကာလ အမေရိကန်တောင်ပိုင်းက ထိုင်သပိတ်တွေ၊
၁၉၈၉ ခုနှစ် တရုတ်နိုင်ငံက ထျန်းအန်းမင် အရေးအခင်းအပါအဝင်
နောက်ထပ် လှုပ်ရှားမှုပေါင်းများစွာဟာ သတ္တိနဲ့ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့ ကာလတွေအဖြစ် ကျွန်တော်တို့တွေရဲ့ သိစိတ်အစဉ်မှာ မှတ်ထင်ကျန်ရစ်နေပါတယ်။
၁၈၈၅ ခုနှစ်လို အစောပိုင်းခေတ်တွေကတည်းက အမေရိကန်နိုင်ငံသား ၁၂၀,၀၀၀ ကျော်ဟာ လေဘာတီရုပ်တုကြီးထားဖို့ အုတ်ခုံဆောက်ရာမှာ ဒေါ်လာအနည်းငယ်စီ ထည့်ဝင်လှူဒါန်းခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်အတွင်း ထည့်ဝင်လှူဒါန်းမှုတွေကြောင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (The Nature Conservancy) ဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ မြေဧကပေါင်း သန်း ၁၀၀ ကျော် ဝယ်နိုင်ခဲ့တာတွေလည်း ရှိပါသေးတယ်။
ဒီနေ့ခေတ်အတွက် မှတ်မှတ်ထင်ထင်ဖြစ်စရာက လူထုပါဝင်လှုပ်ရှားမှုတွေ ပေါ်လာနိုင်ခြေ အတိုင်းအတာနဲ့ နှုန်းထား ကြီးမားလာတာပါ။ ပူးပေါင်းဆောင်ရွက်ဖို့ ပလက်ဖောင်းတွေက အရန်သင့်ရှိနေပြီး ဆက်သွယ်နိုင်စွမ်း ကျယ်ပြန့်လာတာနဲ့အမျှ ရင်သပ်ရှုမောစရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် လှုံ့ဆော်စည်းရုံးနိုင်လာပါပြီ။ ယုံကြည်သက်ဝင်သူ လူသန်းနှစ်ထောင် စုမိဖို့ ခရစ်ယာန်သာသနာပြုတွေက နှစ်ပေါင်း ၂,၀၀၀ လောက် အချိန်ယူခဲ့ရပေမယ့် Facebook က အဲသလောက်အရေအတွက် သုံးစွဲသူတွေ ရလာအောင် ကြိုးစားရတာ နှစ်နှစ်ဆယ် မကြာလိုက်ပါဘူး။ ကျယ်ပြန့်တဲ့ ကွန်ရက်တစ်ခုချင်းစီမှာဖြစ်ဖြစ်၊ ကွန်ရက်ပေါင်းစုံ ချိတ်ဆက်ပြီးတော့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းတွေကို လုပ်ရတာ သိပ်မလွယ် လွန်းပေမယ့် ရလဒ်အသီးအပွင့်တွေ မြင်ရနိုင်ဖို့ ပူးပေါင်းဖို့လိုတယ်ဆိုတာဟာ လူသန်းပေါင်းများစွာအတွက် အကျွမ်းတဝင်ရှိလာကြပါပြီ။ ဥပမာ -
အမေရိကန် နိုင်ငံသား ၄၀ ရာခိုင်နှုန်းကျော်ဟာ လူအများ တတ်အားသရွေ့ ရန်ပုံငွေဝိုင်းထည့်ဝင်ကြတဲ့ (crowdfunding) လှုပ်ရှားမှုတွေကို လှူဒါန်းပေးကမ်းကြဖူးပါတယ်။
လူမည်းတွေမှာလည်း အသက်နဲ့ပဲ (Black Lives Matter) ဆန္ဒပြပွဲတွေမှာ အမေရိကန်နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၄၀ ရာခိုင်နှုန်းကျော်က အမေရိကန် ၂၅ သန်းကျော် ပါဝင်ခဲ့ကြတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ Freerice ဆိုတဲ့ လူမှုအကျိုးပြုဂိမ်းဟာ နှစ်စဉ် နိုင်ငံ ၁၃၅ နိုင်ငံက လူ ၁၀ သန်း နီးပါးကို ဆွဲဆောင်ထိတွေ့နိုင်ပြီး စားနပ်ရိက္ခာအရေးပေါ်လိုအပ်တဲ့ အခြေအနေတွေအတွက် ဆန်စေ့ ၂၂၅ ဘီလီယံ ဝယ်နိုင်ခဲ့တယ်။ (ဆန်စေ့ တစ်ဘီလီယံ (သန်းတစ်ထောင်) = ၁၅ ဒသမ ၆၃ တန်ချိန်ခန့် ရှိပါတယ်။ ဆန်စေ့ ၂၂၅ ဘီလီယံဆိုရင် ၃,၅၁၆ ဒသမ ၇၅ တန်ချိန် ရှိပါတယ် - ဘာသာပြန်သူ)
သိသာမြင်သာတာကတော့ ဖန်တီးဆန်းသစ်မှုတွေနဲ့ ထိရောက်မှုတွေကြောင့် လူထု ပူးပေါင်းဆောင်ရွက်မှု ပုံစံတွေထဲမှာ နည်းလမ်းသစ်တွေ၊ ပိုခိုင်မာတည်တံ့တဲ့ နည်းလမ်းတွေ ပါဝင်လာပါတယ်။
နည်းလမ်းသစ်တွေ
ကြိုညှိထားတဲ့ ဈေးကွက်လုပ်ဆောင်ချက်တွေ - ဒီနည်းကတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျင့်စရိုက်တွေကို တည့်မတ်နိုင်အောင် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူတွေက အုံလိုက်ကျင်းလိုက်စုဖွဲ့ပြီး ဈေးကွက်လုပ်ဆောင်ချက်တွေကို ကြိုညှိထားကြတာပါ။ နာမည်ကြီးဖြစ်ရပ်က ၂၀၂၁ ခုနှစ်တုန်းကပါ။ Reddit လူမှုကွန်ရက်ပေါ်က Wallstreetbets အဖွဲ့ဟာ ဗီဒီယိုဂိမ်း လက်လီရောင်းတဲ့ GameStop ကုမ္ပဏီဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုညှိထားတဲ့ ဈေးကွက်လုပ်ဆောင်ချက်ကြောင့် ရက်အနည်းငယ်အတွင်းမှာ ကုမ္ပဏီ စတော့ရှယ်ယာဈေးတွေ ၁,၅၀၀ ရာခိုင်နှုန်း မြင့်သွားပြီး အကြီးစားရင်းနှီးမြှုပ်နှံသူတွေ အထိနာအရှုံးပေါ်ခဲ့ကြပါတယ်။ နောက်ထပ် ဥပမာက The Carbon Collective ပါ။ သူတို့ကတော့ စတော့ရန်ပုံငွေ (Equity Fund) တစ်မျိုးကို ဖန်တီးပြီး ရာသီဥတု ဖောက်ပြန်မှုကို ဖြေရှင်းကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ ကုမ္ပဏီတွေဆီမှာ ရင်းနှီးမြှုပ်နှံတာပါ။
ကောင်းကျိုးဝေဖို့ ကမ္ဘာနဲ့ချီပြီး ဂိမ်းဆော့စို့ - ကစားသူအများကြီး (Multi Player) ပါဝင်ရတဲ့ အွန်လိုင်းဂိမ်း (MMO)တွေဟာ ဂိမ်းကစားသူပေါင်းများစွာကို ဆွဲဆောင်ထိတွေ့ရာကနေ အရေးကိစ္စတစ်ရပ်ရပ်နဲ့ ပတ်သက်လို့ အသိအမြင်ကြွယ်ဝပြီး အပြုသဘောဆောင်တဲ့ လူမှုဝန်းကျင်ရလဒ်တွေ ပေါ်ပေါက်လာတဲ့ မာလ်တီပလေယာ အများကြီးပါဝင်ကစားရတဲ့ အွန်လိုင်းဂိမ်း(MMO)တွေ ရှိပါတယ်။ (အထက်မှာ ဖော်ပြခဲ့တဲ့) Freerice လို၊ (ကစားသူ လေးသန်းကျော်ရှိပြီး အယ်ဇိုင်းမားရောဂါ သုတေသနအတွက် ထည့်ဝင်ကူညီပေးနေတဲ့) Sea Hero Quest လို၊ (ပရိုတိန်းဒြပ်ပေါင်း အခွေလေးတွေကို ခေါက်ဖွဲ့ပေးရတဲ့ ပဟေဠိကို ဝိုင်းဖြေရှင်းဖို့ ကစားသူခြောက်သိန်းကျော်ရှိပြီး ရောဂါဗေဒသုတေသနတွေအတွက် ထည့်ဝင်ကူညီပေးနေတဲ့) Foldit တို့လို ဂိမ်းတွေက ကောင်းကျိုးအများကြီး ပေးခဲ့ပါပြီ။ ပြီးတော့ တစ်ခေတ်တစ်ခါက ဘက်မင်စတာဖူလာ ထွင်ခဲ့တဲ့ ကမ္ဘာ့ပြိုင်ပွဲ (World Game) ဆိုတဲ့ အနာလော့ဂ်ဂိမ်းပေါ် အခြေခံပြီး ကမ္ဘာ့သယံဇာတရင်းမြစ်တွေကို ညီတူမျှတူ ဝေခြမ်းတဲ့နေရာကနေ ပါဝင်ကစားရတဲ့ ဒီဂျစ်တယ် သရုပ်ဖော်ဂိမ်းတွေဟာလည်း ကစားချင်စရာ ဖြစ်စေပါတယ်။
အုပ်စုဖွဲ့ပြီး ဝယ်ကြမယ် - လူမှုဝန်းကျင်အတွက် တန်ဖိုးကြီးမားတဲ့ ဝန်းကျင်တွေ (ဥပမာ - သီးသန့်ချန်လှပ်မြေတွေ၊ ရေရှည်တည်တံ့မယ့် အခြေခံအဆောက်အဦတွေ၊ တန်ဖိုးနည်းအိမ်ရာတွေ) ကို ဝယ်ယူ၊ တည်ဆောက်ရာမှာ လူတစ်ဦးချင်းစီရဲ့ ထည့်ဝင်မှုတွေကို သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် ကိုစတာရီကာနိုင်ငံက ဧက ၅၇,၀၀၀ ကျယ်ဝန်းတဲ့ အကြီးဆုံး သဘာဝသစ်တောကြိုးဝိုင်းဟာ ကမ္ဘာအရပ်ရပ်က ကျောင်းနေအရွယ်ကလေးတွေရဲ့ လှူဒါန်းငွေတွေနဲ့ ကလေးများအတွက် ထာဝရ အမြဲစိမ်းတော (Children’s Eternal Rainforest) က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ Greater Yellowstone Coalition ကလည်း ဂေဟစနစ်ကို ပျက်စီးစေမယ့် ရွှေတွင်း တူးဖော်ဖို့ လျာထားတဲ့ မြေဧကပေါင်း ၁,၃၀၀ ကျော်ကို ဝယ်ခဲ့ပါတယ်။ Abundance Investment နဲ့ Spacehive ဆိုတဲ့ ရန်ပုံငွေကောက်ခံမှု ပလက်ဖောင်းတွေက ယူကေနဲ့ အိုင်ယာလန်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ်တဲ့ အခြေခံ အဆောက်အဦနဲ့ အခင်းအကျင်း ပရောဂျက်တွေအတွက် ပေါင် ၁၈၅ သန်း ကျော် ရန်ပုံငွေပံ့ပိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဂျစ်တယ်ငွေကြေး (cryptocurrency) နဲ့ ရန်ပုံငွေကောက်ခံမှုတွေလည်း ပေါ်လာနေပါပြီ။
သုတဘဏ္ဍာတိုက်ကြီးတွေ - ဒီနည်းလမ်းအားဖြင့် လူတစ်ဦးချင်းစီက သတင်းအချက်အလက်တွေ ပါဝင်ဖြည့်ဆည်းပြီး ကျယ်ပြန့်ပြည့်စုံတဲ့ ဗဟုသုတတွေကို စုပေါင်းဖန်တီးတာ၊ အမှန်တရားတွေကို စုပေါင်းမှတ်တမ်းတင်တာတွေ လုပ်နိုင်ပါတယ်။ နာမည်ကျော် ဥပမာတစ်ခုကတော့ သမိုင်းတလျှောက် အကြီးမားဆုံး စွယ်စုံကျမ်းလည်းဖြစ်၊ လစဉ်လတိုင်း ရေးသားပြုစုသူပေါင်း ၁၂၀,၀၀၀ ကျော်က စုပေါင်းပြုစုနေတဲ့ ဝီကီပီဒီးယားပါပဲ။ (အထက်မှာ ဖော်ပြခဲ့တဲ့) iNaturalist၊ လူသားချင်းစာနာရေး ပြန်လည်ထူထောင်မှု အကူအညီတွေကို ဝေးလံခေါင်ဖျား အရပ်ဒေသတွေအထိ ရောက်ရှိနိုင်အောင် စေတနာ့ဝန်ထမ်း ၁၈၀,၀၀၀ ကျော်က မြေပုံပေါ်မှာ မှတ်တမ်းတင်ပေးနေတဲ့ Missing Maps၊ ဆေးဝါးသုတေသန လုပ်ငန်းတွေအတွက် အထောက်အကူ ဖြစ်စေဖို့ လူတစ်သောင်းလောက်က သူတို့ရဲ့ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးတဲ့ Open Human ပလက်ဖောင်းတို့အပြင် တခြား စိတ်ဝင်စားစရာ ကြိုးပမ်းမှုတွေ အများကြီး ရှိပါတယ်။ အလားတူ သိပ္ပံနည်းကျ သတင်းအချက်အလက်တွေ၊ စိတ်ကူးစိတ်သန်းတွေကို စုဆောင်းထိန်းသိမ်းဖို့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရှူးရှူးရှားရှား ရန်လိုနေတဲ့ အစိုးရတွေနဲ့ တခြားအင်အားစုတွေက အဲဒါမျိုးတွေကို ခေါင်းမပြူနိုင်အောင် သုတ်သင်ဖယ်ရှားနေချိန်မှာ အင်မတန်မှ အရေးကြီးပါတယ်။
ကြွေးဆပ်ရေး စုပေါင်းထည့်ဝင်မှု - လူတစ်ဦးချင်းစီရဲ့ တတ်အားသရွေ့ ထည့်ဝင်မှုနဲ့ တခြားသူတွေမှာ ကြွေးမြီ ကင်းလွတ်နိုင်ဖို့ ဒီနည်းကို သုံးကြပါတယ်။ ဥပမာအားဖြင့် အထက်မှာ တင်ပြခဲ့ဖူးတဲ့ Undue Medical Debt အပြင် ကျောင်းသားတွေမှာ တင်ရှိနေတဲ့ ဒေါ်လာ သန်းပေါင်း ဆယ်ဂဏန်းအထိ ရှိနေတဲ့ ကျောင်းပညာရေးနဲ့ လခစရိတ်၊ ဒဏ်ကြေးလျော်ကြေးတွေကို ပြန်ဆပ်ပေးတဲ့ Rolling Jubilee/Debt Collective၊ လစဉ် ရေခွန်မဆောင်နိုင်တဲ့ အိမ်နီးနားချင်းတွေအတွက် ထည့်ဝင်ကျခံပေးတဲ့ The Human Utility တို့လို ကြိုးပမ်းမှုတွေ ရှိပါတယ်။ အထူးသဖြင့် လူမှုဖူလုံရေးအစီအမံတွေက ကျပ်တည်းကျဉ်းမြောင်းလွန်းတဲ့ အခြေအနေတွေမှာ ဒီနည်းဟာ အင်မတန် ဆီလျော်ပါတယ်။
အစဉ်အလာ နည်းလမ်းတွေ
ကုန်ဝယ် သပိတ်မှောက် သပိတ်လှပ် - မလုပ်သင့်မလုပ်ထိုက်တာကို ကျူးလွန်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်(boycott)တာ၊ ကျင့်ဝတ်နဲ့လျော်ညီတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် သပိတ်လှပ် (buycott) တာတွေဟာ အများသူငါ ပူးပေါင်းပါဝင်တဲ့ ရွေးချယ်ဝယ်ယူရေး လှုပ်ရှားမှုတွေပါပဲ။ မကြာခင်က ဥပမာပေးစရာ ဖြစ်ရပ်တွေထဲမှာ Bud Light ဘီယာကို သပိတ်မှောက်တာ၊ စုံလင်ကွဲပြားမှု၊ တန်းတူညီမျှမှုနဲ့ အားလုံးအကျုံးဝင်မှု (DEI) မူဝါဒတွေကို ကျင့်သုံးတဲ့ Costco မှာ ကျိတ်ကျိတ်တိုး ဈေးဝယ်အားပေးတာတွေ မြင်ရနိုင်ပါတယ်။
အရေးပေါ် ရန်ပုံငွေ - ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အမေရိကန်ပြည်ထောင်စု လော့စ်အင်ဂျလိစ် တောမီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့သူတွေအတွက် GoFundMe ပလက်ဖောင်းပေါ်ကနေ ရန်ပုံငွေ ဒေါ်လာ သန်း ၂၅၀ ကျော် ကောက်ခံနိုင်ခဲ့သလိုမျိုး အကျပ်အတည်းကြုံကြတဲ့ လူ့အသိုင်းအဝိုင်းတွေကို ပြန်ထူထောင်နိုင်ဖို့ လူတစ်ဦးချင်းက ကိုယ်တတ်နိုင်သလောက် ရန်ပုံငွေထည့် (တချို့လည်း လုပ်အားစိုက်) ကြတာမျိုး ဖြစ်ပါတယ်။
လူထုဆန္ဒပြပွဲတွေ - လူထုဆန္ဒပြပွဲတွေဆိုတာ ပြည်သူတစ်ဦးချင်းဟာ ဒီတိုင်းထိုင်နေလို့တော့ မဖြစ်တော့ဘူး၊ တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်ကြရမယ်ဆိုတာကို ဖော်ထုတ်ပြသဖို့အတွက် အင်တိုက်အားတိုက်နဲ့ ငြိမ်းချမ်းစွာ စုဝေးကြတာပါ။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက 50501 နဲ့ Indivisible တို့လို နိုင်ငံရေးလှုပ်ရှားမှု အုပ်စုတွေက အမေရိကန် ပြည်နယ်တိုင်းမှာ “လက်ရှောင် (Hands Off)” ဆန္ဒပြပွဲပေါင်း ၁,၂၈၀ ကိုကျင်းပနိုင်ခဲ့ကြပါတယ်။
အထွေထွေသပိတ် - မတရားတဲ့ မူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လူတစ်ဦးချင်းစီက အလုပ်တွေကို ရပ်ဆိုင်းထားကြတာကို အထွေထွေသပိတ်(General Strikes)လို့ ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က (ပြည်သူ သန်း ၂၅၀ ပါဝင်ခဲ့ကြတဲ့) အိန္ဒိယ အထွေထွေသပိတ်ကြီးနဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း (လူဦးရေ ၇ သန်းပါဝင်ဆင်နွှဲတဲ့) ကမ္ဘာ့ရာသီဥတုဆိုင်ရာ သပိတ်တို့ကို သိပ်မကြာခင်က ဥပမာတွေအဖြစ် တွေ့ရမှာပါ။
ဒီလို လူထုလှုပ်ရှားမှု နည်းလမ်းတွေကို ကြီးမားတဲ့ ကွန်ရက်ကြီးတွေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေက ပိုပြီး စိတ်ဝင်တစား ရှိကြရင်ဖြင့် သူတို့ရဲ့ ဖြန့်ကျက်နိုင်မှုကြောင့် ပိုပြီး အောင်မြင်ဖို့သာ ရှိမှာပါ။ အကယ်၍ Change.org လို အသုံးပြုသူ သန်းငါးရာကျော်ရှိတဲ့ တက်ကြွလှုပ်ရှားမှု ပလက်ဖောင်း၊ အသုံးပြုသူ ၆၈ သန်းရှိတဲ့ Avaaze၊ ဒါမှမဟုတ် ၂၀၂၃ ခုနှစ်က အလှူရှင် ၃၄ သန်းရှိခဲ့တဲ့ Giving Tuesday လို ပရဟိတ လှုပ်ရှားမှုတွေကနေ ဒီလိုနည်းလမ်းတွေကိုသာ သုံးလိုက်ရင် အင်အားကြီးမားမှုကို ပြသနိုင်သလို အကျိုးသက်ရောက်မှုတွေကိုလည်း မဆိုင်းမတွ ကြုံတွေ့ခံစားကြရမှာပါ။
အလားတူပဲ (လူမှုအကျိုးပြု ငွေစုလုပ်ငန်း (family credit union) တွေ၊ စုပေါင်းလှူဒါန်းတဲ့ အစုအဖွဲ့ (giving circle) တွေ၊ မဲဖောက်ငွေစုအဖွဲ့ (tanda) တွေ၊ ရင်းနှီးမြှုပ်နှံရေးကလပ် (investment clubs) တွေ အပါအဝင် အသေးစား ရန်ပုံငွေထည့်ဝင်မှုတွေကလည်း အခါအားလျော်စွာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်လာဖို့ စုပေါင်း အားထုတ်သင့်ကြပါတယ်။ ဥပမာ - တစ်ကမ္ဘာလုံးမှာ စုပေါင်းလှူဒါန်းတဲ့ အစုအဖွဲ့ (giving circles) ၄,၀၀၀ ကျော်ရှိပါတယ်။ သူတို့တွေဟာ တစ်နှစ်ကို ဒေါ်လာသုံးဘီလီယံ လှူဒါန်းစွန့်ကြဲနေကြတာ ဖြစ်ပြီး အများစုက သူတို့ရဲ့ စီမံခန့်ခွဲမှုအတွက် သုံးကြတဲ့ အွန်လိုင်းပလက်ဖောင်း တူတူပါပဲ။ အမေရိကန်ပြည်ထောင်စုက ကောလိပ်ကျောင်းတွေမှာ ဖွဲ့ထားတဲ့ ရင်းနှီးမြှုပ်နှံမှုကလပ်တွေက စီမံခန့်ခွဲနေတဲ့ ငွေကြေးဟာလည်း ဒေါ်လာ တစ် ဘီလီယံ ဝန်းကျင် ရှိပါတယ်။ ဒီထဲက ပမာဏတစ်ခုလောက်ကို လူမှုဝန်းကျင်အတွက် အပြောင်းအလဲကောင်းတွေ ဖြစ်လာအောင် သုံးစွဲနိုင်ကြတာပါပဲ။
လူများများ ဝင်လာစေချင်ရင် မဏ္ဍပ်ကြီးကြီး ထိုးထားဖို့ လိုသလိုပဲ မျှော်လင့်မထားတဲ့ မိတ်ဖက်တွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်ရပါမယ်။ အရပ်ဘက် အဖွဲ့အစည်းတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်မြေလုချင်၊ ကျေးဇူးတင်ခံချင်တဲ့ သဘောထားသေးသိမ်တဲ့ ...
အရေးကြီးတဲ့ တန်ဖိုးထားတွေ
တချို့နည်းတွေက ပေါ်ဦးပေါ်ဖျားပဲ ရှိသေးတာကြောင့်ရော ပင်ကိုမူလအားဖြင့် ဘက်မလိုက် အသုံးချနိုင်တာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေကို သုံးဖို့ရွေးချယ်တဲ့အခါ ပြည်သူတွေရဲ့ ကိုယ်စွမ်းကိုယ်စတွေကို မြှင့်တင်ပေးနိုင်၊ တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ တန်ဖိုးထားတွေကို လက်ဆုပ်လက်ကိုင် ပုံဖော်ကျင့်သုံးနိုင်ဖို့ လိုအပ်ပါတယ်။ အထက်မှာ ဆွေးနွေးတင်ပြခဲ့တာတွေက လူထုလှုပ်ရှားမှုအတွက် အကောင်းဆုံးနည်းလမ်းတွေလို့ ပြောနိုင်ဖို့ဆိုရင် အောက်မှာ ဆက်လက်ဆွေးနွေးထားတဲ့ တန်ဖိုးထားတွေနဲ့ ကိုက်ညီမှုရှိလို့ ဖြစ်ပါတယ်။
တရားမျှတရေး စေ့ဆော်မှု - အာဏာနဲ့ငွေကြေးတွေ မျှမျှတတ ဖြန့်ကျက်နိုင်ဖို့၊ ပြီးတော့ (အခွင့်ထူးခံအုပ်စုတွေမှာ) အာဏာနဲ့ငွေကြေး ပိုတောင့်တင်းခိုင်မာလာပြီး ဖိနှိပ်မှုတွေ ဆက်ကြုံနေရဆဲ ဆင်းရဲဒုက္ခရောက်နေသူ၊ ခွဲခြားဖယ်ချန်ခံရသူ၊ အာဏာမဲ့သူ အုပ်စုတွေရဲ့ အကျိုးစီးပွားကို ရှေးရှုဖို့အတွက် လူထုလှုပ်ရှားမှုတွေက ဦးတည်ကြရမှာပါ။ ဒီတော့မှလည်း ဘယ်လို ယုံကြည်မှုရှိသူတွေမဆို ကိုယ်ရည်မှန်းရာ ပိုကောင်းမွန်၊ မင်္ဂလာရှိတဲ့ လောကတစ်ခု ပေါ်ပေါက်လာဖို့ သဘောတူချင်စရာ၊ လက်ခံချင်စရာ ဖြစ်စဉ်ပုံဖော်တင်ပြချက်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပါဝင်နိုင်လာကြမှာ ဖြစ်ပါတယ်။
ကျင့်ဝတ်သိက္ခာနဲ့ပြည့်ဝတဲ့ အကောင်အထည်ဖော်မှု - လူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်တိုင်းမှာ အမှန်တရားကို တန်ဖိုးထားပြီး၊ ဘယ်အကြမ်းဖက်မှုမဆို ရှောင်ရှားရင်း၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို အနည်းဆုံးဖြစ်တဲ့အပြင် မျှမျှတတ ရှိဖို့နဲ့ အားလုံးပါဝင်နိုင်ဖို့ကို အာရုံစိုက်ကြဖို့ လိုပါတယ်။ ဒီတော့မှသာ လှုပ်ရှားမှုရဲ့ ဆန့်ကျင်ဘက်အုပ်စုတွေရဲ့ တရားမဝင်၊ အန္တရာယ်ပေးနိုင်တဲ့ နည်းဗျူဟာနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေက ကျင့်ဝတ်သိက္ခာအရ ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်မှာဖြစ်သလို လှုပ်ရှားမှုကြီးမှာ ပါဝင်ချင်သူတွေကိုလည်း ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
ထင်မှတ်မထားတဲ့ အတူတကွရပ်တည်မှု - လူထုလှုပ်ရှားမှုတွေဟာ အရွယ်အစား ပမာဏကြီးမားလေ အားကောင်းမောင်းသန်ရှိပြီး လုံခြုံမှုကို ပေးစွမ်းနိုင်လေ ဖြစ်ပါတယ်။ လူများများ ဝင်လာစေချင်ရင် မဏ္ဍပ်ကြီးကြီး ထိုးထားဖို့ လိုသလိုပဲ မျှော်လင့်မထားတဲ့ မိတ်ဖက်တွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်ရပါမယ်။ အရပ်ဘက် အဖွဲ့အစည်းတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်မြေလုချင်၊ ကျေးဇူးတင်ခံချင်တဲ့ သဘောထားသေးသိမ်တဲ့ အငြင်းအခုံတွေကို ရှောင်ရှားနိုင်ရပါမယ်။ (အင်အားစု အများအပြားကြားမှာ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ စိတ်ချရတဲ့ လုပ်နည်းကိုင်နည်းတွေ ပေါ်ပေါက်လာတာ မှန်ပေမယ့်လည်း) သဘောတူညီချက် (ဝါ) ပဋိညာဉ် ထူထောင်ရေးအတွက် အချိန်ကုန်လွန်းတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ရှောင်ကြရပါမယ်။ ဒီလိုတွေ ဆောင်နိုင် ရှောင်နိုင်မှ အခက်အခဲတွေကြားထဲက ထိရောက်မှု၊ နှစ်သိမ့်ကျေနပ်မှုနဲ့ ကျေနပ်ပီတိတွေကိုပါ ခံစားနိုင်ကြမယ် မဟုတ်လား။
ခိုင်မာတဲ့ ရလဒ် (ရိုးရှင်းတဲ့ ရည်မှန်းချက်) - လူထုလှုပ်ရှားမှုကြီးတွေမှာ ပါဝင်သူတိုင်းဟာ တခြားဟာတွေထက် အသိအမှတ်ပြု ခံချင်ကြတာ၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေ လိုချင်ကြတာ ဓမ္မတာပါပဲ။ အုပ်စုလိုက် ဆောင်ရွက်လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဟာ ဟောဒါတွေသာလုပ်လိုက်စမ်းပါ၊ ဒီလိုရလဒ်မျိုး ထွက်လာစေရမယ်ဆိုပြီး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောနိုင်ဖို့ လိုတယ်။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်ဖို့ အထွေထွေ အလှူခံပါခင်ဗျ/ရှင့် ဆိုတာမျိုးထက် ဘယ်နေရာမှာ ဟောသလောက် ကျယ်တဲ့မြေမျိုးကို ဝယ်ဖို့ ပိုက်ဆံထည့်ဝင်လှူဒါန်းတော်မူကြပါ ဆိုတာမျိုးက ပိုဆွဲဆောင်မှုရှိပါတယ်။
ကွန်ရက်တွေကို လှိုင်းစီး(အခွင့်အရေးကို အရယူ) - အထက်မှာ မှတ်ချက်ချခဲ့သလိုပါပဲ၊ အထူးသဖြင့် ကိစ္စပေါင်းစုံ အလုအယက် အရေးတကြီးဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် လူထုပါဝင်လာအောင် လှုံ့ဆော် တိုက်တွန်းရတာဟာ စိန်ခေါ်မှုကြီးမားပါတယ်။ ဒီတော့ ပိုကြီးမားတဲ့ ရလဒ်တွေ ခပ်မြန်မြန်လေး အကောင်အထည် ပေါ်လာအောင် ရှိနှင့်ပြီးသားကွန်ရက်တွေ၊ အဖွဲ့အစည်းတွေကို အားကိုးနိုင်မှလည်း ဖြစ်မှာပါ။
သင်ယူလေ့လာမှုနဲ့ စူးစမ်းဖော်ထုတ်မှုကို အရှိန်မြှင့်ပါ
ဒီနည်းလမ်းတွေဟာ ပြည်သူပြည်သားတွေရဲ့ တက်တက်ကြွကြွ မဲဆန္ဒပေးတာတွေ၊ ကောင်းမွန်တဲ့ အစိုးရစနစ်တွေနေရာမှာ အစားထိုးပစ်ဖို့တော့ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းအတွက် လိုအပ်နေတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေအတွက် ကျခံသုံးစွဲနိုင်ဖို့ အုတ်တစ်ချပ် သဲတစ်ပွင့် အခွန်ဆောင်ကြတာဟာ အကြီးမားဆုံးနဲ့ အရေးအကြီးဆုံး ပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အထူးသဖြင့် အစိုးရက အားကိုးအားထားပြုရလောက်အောင် အသုံးမကျတဲ့အခါ၊ ဒါမှမဟုတ် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရေးတယူဆောင်ရွက်ဖို့ အဆင်သင့်မဖြစ်သေးချိန်တွေမှာ ဒီနည်းလမ်းတွေထဲကလို စိတ်ကူးစိတ်သန်းကောင်းတွေကို အကောင်အထည်ဖော်နိုင်ရင် ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ မြင်လာရတဲ့အထိ အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်စွမ်း ရှိကြပါတယ်။
ဒါကြောင့်လည်း လူထုလှုပ်ရှားမှုတွေ၊ အဖွဲ့အစည်းတွေ၊ ဖောင်ဒေးရှင်းတွေ၊ အစိုးရတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဒီနည်းလမ်းတွေကို ပိုပြီး စိတ်ဝင်တစား လေ့လာသင့်ပါတယ်။ ဖောင်ဒေးရှင်းပေါင်းများစွာနဲ့ ငွေကြေးပေါကြွယ်ဝသူတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ပိုအကျိုးသက်ရောက်မှု ကောင်းမွန်စေဖို့ ရန်ပုံငွေတွေကို ပူးပေါင်းထောက်ပံ့ပြီး ဒီနေ့ခေတ်ရဲ့ စိန်ခေါ်မှုကြီးတွေကို ဝိုင်းကူဖြေရှင်းနိုင်ဖို့ ကတိကဝတ်ပြုကြတာ တွေ့ရပါတယ်။ ဒီအချက်အရလည်း လူထုပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတွေကို ပိုနားလည်လာဖို့၊ အဲဒီနည်းလမ်းတွေရဲ့ အကျိုးအာနိသင်ကို သတိပြုမိတာ ပိုမြင့်မားလာဖို့နဲ့ တရားမျှတတဲ့လူ့ဘောင်တစ်ခု ပေါ်ပေါက်လာရေးအတွက် လုပ်ကိုင်ထမ်းရွက်ကြရာမှာ အကျိုးရှိရှိ အသုံးချနိုင်ကြဖို့ ရင်းနှီးမြှုပ်နှံ ကျခံသုံးစွဲလာကြမှာပဲလို့ မျှော်လင့်ချက်ထား အကောင်းမြင်စရာ ဖြစ်စေပါတယ်။
လူထုလှုပ်ရှားပါဝင်မှုအတွက် ရှိရင်းစွဲနည်းလမ်းတွေ၊ နည်းလမ်းသစ်တွေဟာ အင်မတန်မှ အချိန်အခါကိုက်၊ လုပ်ကိုင်လို့ ဖြစ်နိုင်နေပါပြီ။ ကျွန်တော်တို့ရဲ့ တွေးခေါ်မှုနဲ့ မဟာဗျူဟာတွေထဲမှာ ပိုအရေးပါတဲ့ အထင်ကရနေရာ ရထိုက်ပါတယ်။
ဒီနယ်ပယ်ကို အကောင်အထည်ပီပြင်လာစေဖို့ စိတ်ပါဝင်စားသူတွေ အနေနဲ့ ဖော်ပြခဲ့တဲ့နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးရာမှာ ကြုံရနိုင်တဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းကြရမှာပါ။ ဥပမာအားဖြင့် - စရိုက်သဘာဝချင်း ကွဲပြားပြီး လွတ်လွတ်လပ်လပ် ရပ်တည်ကြတဲ့ အဖွဲ့အစည်းတွေကြားမှာ အဖွဲ့တစ်ခုခုကို လုပ်ပိုင်ခွင့် ပုံအပ်လိုက်ရတာမျိုး မဖြစ်စေဘဲ ဘယ်နည်းနဲ့ မြန်မြန်ဆန်ဆန် ပြည့်ပြည့်ဝဝ ပူးပေါင်းဆောင်ရွက်လို့ ရနိုင်လဲဆိုတဲ့ မေးခွန်းမျိုးကို ဖြေရှင်းနိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ SSIR ဝက်ဘ်ဆိုက်ထဲက (Unleashing Large-Scale Change) ဆောင်းပါးထဲမှာ ဖော်ပြထားတဲ့ ဩစတေးလျနိုင်ငံက သန္တာကျောက်တန်းတွေကို ကာကွယ်ထိန်းသိမ်းဖို့ လှုပ်ရှားမှုတွေမှာ ပေါ်ပေါက် လာနိုင်တဲ့ စိန်ခေါ်မှုတွေကို သိနားလည်တာ၊ ဖြေရှင်းနိုင်တာကြောင့်သာ တိုးတက်မှုတွေ ဖြစ်လာခဲ့တာပါ။ ဒီလို ဖြစ်ဖို့ဆိုရင် အုပ်စုတွင်း ဒီမိုကရေစီနဲ့ အစုအဖွဲ့ လုပ်ဆောင်မှုတွေကို ဆန်းသစ်ကျင့်သုံးရပါမယ်။
ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်ရာမှာ ကြုံရစမြဲ ခြိမ်းခြောက်မှုတွေကို စနစ်တကျ ဖော်ထုတ်သိရှိဖို့ လိုပါတယ်။ အလားတူပဲ တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နိုင်စေဖို့ ယုံကြည်မှုတည်ဆောက်ပြီး ဆုံးဖြတ်ချက်ချမှတ်ရေး ထိရောက်တဲ့နည်းလမ်းတွေလည်းကို စနစ်တကျ ဖော်ထုတ်သိရှိဖို့ လိုအပ်ပါတယ်။ ထို့နည်းတူစွာပဲ၊ အများစုပေါင်းဆောင်ရွက်မိတော့မှ တန်းတူညီမျှမဖြစ်တဲ့ အခြေအနေတွေ ပိုကြီးလာတာ အပါအဝင် မျှော်လင့်တွက်ဆမထားဘဲ ကြုံလာရနိုင်တဲ့ အကျိုးဆက်တွေအကြောင်း နားလည်ဖို့၊ ဉာဏ်ရည်တု (AI) တွေနဲ့ AI Developer တွေဟာ ဘယ်လိုနည်းနဲ့ လူထုရဲ့ ဩဇာအာဏာကို ကောင်းမွန်ထက်မြစေနိုင်ပြီး ဘယ်လို လှိုက်စား ယိမ်းယိုင်စေနိုင်သလဲဆိုတာ နားလည်သိမြင်ဖို့ ထပ်တူထပ်မျှ အရေးကြီးပါတယ်။
နောက်ထပ် အသစ်ပေါ်ထွန်းလာသမျှ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းတွေကို သိရှိဖို့ဟာလည်း အရေးကြီးတာပါပဲ။ ဂျင်းရှပ်ရဲ့ အကြမ်းမဖက် လှုပ်ရှားဆောင်ရွက်မှု ဂန္ထဝင်နည်းလမ်း ၁၉၈ သွယ်ကို လူထုလှုပ်ရှားမှု အသစ်တွေမှာ ဘယ်လိုကျင့်သုံးနိုင်မလဲ ဆွေးနွေးငြင်းခုံတာ၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်နိုင်မှုနဲ့ပတ်သက်လို့ ပေါ်ပေါက်လာနိုင်ခြေရှိတဲ့ အကျိုးဆက်တွေကို ပြန်လည် သုံးသပ်တာတွေ လုပ်သင့်ပါတယ်။ အကြမ်းမဖက် လှုပ်ရှားမှု လေ့လာရေးဌာန (Nonviolent Action Lab) ရဲ့ အွန်လိုင်းအချက်အလက်မှတ်တမ်းတစ်ခုဆိုရင်လည်း လူထုကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ ဖြစ်ပေါ်လာသမျှ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ဖော်ပြနေပြီ ဖြစ်ပါတယ်။
တခြားမေးခွန်း တကာထက် အရေးအကြီးဆုံးမေးခွန်း ဖြစ်နိုင်တာကတော့ အင်အားကြီးမားတဲ့ လူထုလှုပ်ရှားမှုတွေ လူသိထင်ရှား ဖြစ်လာအောင်နဲ့ အရှည်သဖြင့် တည်တံ့အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ အာဏာရှင်ဆန်မှု ခေတ်စားလာပြီး ဥစ္စာဓန ကြွယ်ဝသူတွေက ထားစရာမရှိအောင် ပိုပြီး ချမ်းသာလာတဲ့ ဒီလိုခေတ်မျိုးမှာ သာမန်ပြည်သူတွေဟာ ကိုယ့်ဩဇာအာဏာကို ချဲ့ထွင်နိုင်မယ့် ရှိရှိသမျှ နည်းလမ်းပေါင်းစုံကို ‘ဒါတွေဟာ ထူးကဲဖြစ်စဉ် မဟုတ်ပါလား၊ ကွက်တိကွက်ကျားသာ အလုပ်ဖြစ်တာမဟုတ်ပါလား’ ဆိုတာ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ လူထုလှုပ်ရှားပါဝင်မှုအတွက် ရှိရင်းစွဲနည်းလမ်းတွေ၊ နည်းလမ်းသစ်တွေဟာ အင်မတန်မှ အချိန်အခါကိုက်၊ လုပ်ကိုင်လို့ ဖြစ်နိုင်နေပါပြီ။ ကျွန်တော်တို့ရဲ့ တွေးခေါ်မှုနဲ့ မဟာဗျူဟာတွေထဲမှာ ပိုအရေးပါတဲ့ အထင်ကရနေရာ ရထိုက်ပါတယ်။
ဒီနည်းလမ်းတွေကို ဝုန်းခနဲ ဒိုင်းခနဲနဲ့ လူထုကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်အောင် ပေါင်းစပ်ဖော်ဆောင်နိုင်ရင် တရားမျှတမှုရော သိရှိနားလည်မှုမှာရော မှတ်လောက်သားလောက်အောင် အလားအလာကောင်းတွေ ပေါ်ပေါက်လာမှာပါ။ ကျွန်တော်တို့ရဲ့ အချိန်နဲ့ ဘဏ္ဍာရေးကို စုပေါင်းထည့်ဝင်ခြင်းအားဖြင့် သန်းပေါင်းများ စွာသော အိမ်နီးချင်းတွေရဲ့ ကြွေးမြီတွေကို အကျေဆပ်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ လက်ဦးမှုယူမယ့်ကိစ္စတွေကို နှောင့်နှေးပျက်ပြယ်သွားအောင် လုပ်နိုင်ပါတယ်။ ဧက သန်းပေါင်းများစွာကို ကာကွယ်မှုပေးနိုင်ပါတယ်။ နောက်ထပ် လုပ်နိုင်တာတွေလည်း တစ်ပုံကြီးပါပဲ။ ကမ္ဘာပေါ်မှာ သဘာဝကျကျ ပေါ်ပေါက်လာသမျှကို ပြည့်ပြည့်ဝဝ မှတ်တမ်းမှတ်ရာယူပြီး တစ်ကမ္ဘာလုံးလွှမ်းခြုံတဲ့ သုတေသနတွေအတွက် အချက်အလက် ပံ့ပိုးပေးနိုင်ရင် နောက်ထပ် သင်ယူဆည်းပူးနိုင်မှာတွေက အများကြီးပါ။ အကယ်၍ ကျွန်တော်တို့ ပြည်သူတွေကသာ လူသန်းထောင်ပေါင်းများစွာရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အလိုဆန္ဒတွေကို မျှတမှု၊ သာတူညီမျှ ခွဲခြမ်းမျှဝေမှုတွေဆီ ဦးတည်သွားအောင် ထိန်းကျောင်းနိုင်ရင် ပြည်သူတွေ ရရှိလာမယ့် ဩဇာအာဏာကလည်း အတိုင်းအဆမရှိဘဲ ဖြစ်ပါတယ်။
မူရင်းဆောင်းပါး - Powerful, Not Powerless: Emerging Approaches to Massive Action
ဂျိုးမက်ကန်နွန်ဟာ အမေရိကန်ပြည်ထောင်စု၊ ပန်ဆဲလ်ဗေးနီးယားတက္ကသိုလ်၊ လူမှုရေးရာ မူဝါဒနှင့် အကောင်အထည်ဖော်မှုဌာနမှာ ပြည်သူကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ လူမှုအပြောင်းအလဲတွေဖြစ်ရေး အကြောင်းအရာတွေကို သင်ကြားပို့ချနေတဲ့ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ Billions Institute နဲ့ Shared Nation အဖွဲ့အစည်းတွေကို တွဲဖက် ထူထောင်သူဖြစ်ပြီး Institute for Healthcare Improvement ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားနဲ့ ဘိုင်ဒင်တို့ လက်ထက်တွေမှာ ဖက်ဒရယ်အစိုးရပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။




အာဏာမဲ့မဟုတ်သော်လည်း လက်ငင်းအခြေအနေကတော့ ကြောက်နေရတာပါပဲ။ညီညာရင်တော့ ဟုတ်မှာပေါ့။