top of page

နိုင်ငံတော်ဗဟိုချက်နဲ့ ရပ်ရွာဗဟိုချက်

နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေက နိုင်ငံတော်ကို ဗဟိုချက်ဆီက မဖယ်ရှားဘဲ ရပ်ရွာကို ဗဟိုချက်ပြုနိုင်ပါ့မလား။


သစ်ရွက်တွေ နောက်ခံနဲ့ တရုတ်စကားပန်းနှစ်ပွင့်


ကမ္ဘာ့မြောက်ခြမ်းက နိုင်ငံကြီးတွေဟာ နိုင်ငံတကာ ကူညီပံ့ပိုးမှုငွေကြေးတွေ တက်ညီလက်ညီ ဖြတ်တောက် လျှော့ချနေကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကူညီပံ့ပိုးမှုလိုအပ်နေတဲ့ ကမ္ဘာ့တောင်ခြမ်းတိုင်းပြည်တွေက ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ပြုလုပ်ပြီး၊ ပြည်တွင်းဦးစီးဦးဆောင်မှုကို မြှင့်တင်နိုင်ရင် သူတို့ရဲ့ ကူညီမှုတွေက ထိရောက်နေဆဲ ဖြစ်မှာပါဆိုတဲ့သဘော ပြောဆိုလာကြပါတယ်။ ကြားရတာက နားဝမှာ ချိုသလိုလိုပါပဲ။ ဒါပေမဲ့ တစ်ဖက်မှာတော့ “ရပ်ရွာအသိုက်အဝန်း ဦးဆောင်”တယ်ဆိုတဲ့နောက်မှာ ကူညီပံ့ပိုးမှုလက်ခံရာ နိုင်ငံ(အစိုးရ)တွေကို ချန်ထားရစ်ခဲ့တာ၊ ဒါမှမဟုတ် သဗ္ဗေသတ္တာ ကမ္မသကာသဘောထားပြီး ကူညီပံ့ပိုးမှုတွေ ဆက်မပေးတော့လို့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေကိုယ်တိုင် ငုတ်တုတ်ကြီး ကျန်နေရစ်ခဲ့တာမျိုး မဖြစ်ဖို့ ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို ၁၇ ဒီဇင်ဘာ ၂၀၂၅ နေ့စွဲနဲ့ The New Humanitarian ဝက်ဘ်ဆိုက်မှာ ကျွမ်းကျင်သူ ဆရာမ သာမရိစ်ခန်းက သူ့အမြင်ကို ဝေမျှခဲ့ပါတယ်။ CENCS ပရိသတ်များ မြန်မာဘာသာနဲ့ ဖတ်ရှုနိုင်ဖို့ ပြန်လည်ဝေမျှလိုက်ရပါတယ်။

 


ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှု နယ်ပယ်က ပုဂ္ဂိုလ်အဖွဲ့အစည်းတွေက သူတို့ဟာ “ကူညီပံ့ပိုးရေးခေတ်လွန် ကမ္ဘာကြီး”မှာ ဘယ်လောက် အ‌ရေးပါတယ်၊ ဆီလျော်တယ်လို့ သက်သေပြဖို့ အသည်းအသန် ကြိုးပမ်းနေကြပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ပါကစ္စတန်မှာ ပေါင်းစပ်စုစည်းလုပ်ကိုင်တဲ့ ကျေးလက်ထောက်ပံ့ရေးအစီအစဉ် (Rural Support Program – RSP) ဆိုတဲ့ နည်းလမ်းကို အတော်လေး လူကြိုက်များခဲ့ပါတယ်။ အဲဒီအချိန်က RSP တွေဟာ ကျေးရွာအဆင့်က ရပ်ရွာလူ့အသိုင်းအဝိုင်းကို စည်းရုံးပူးပေါင်းပြီး အသေးစားချေးငွေနဲ့ ဝင်ငွေဖန်တီးမှုကနေ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်မှု၊ စိုက်ပျိုးရေးနဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအထိ အကြောင်းအရာပေါင်းစုံကို စီမံခန့်ခွဲနိုင်တဲ့ အအောင်မြင်ဆုံး ဖွံ့ဖြိုးရေးချဉ်းကပ်မှုပုံစံ ဖြစ်တယ်လို့တောင် ထင်မြင်သတ်မှတ်ခံခဲ့ရပါတယ်။ ရယ်ချင်စရာကောင်းတာက အဲဒါတွေဟာ ဒီနေ့ခေတ် ကျွန်မတို့ ပြောပြောနေတဲ့ ပြည်တွင်းဦးစီးဦးဆောင်မှု (Localisation) ရဲ့ ကနဦး မူကြမ်းကောက်ကြောင်းတွေ ဖြစ်လာခဲ့တာပါ။

 

ဒါပေမဲ့ (အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးလို့ နာမည်ပေးထားကြတဲ့) အထူးသဖြင့် ၉/၁၁ အရေးအခင်းအလွန်ကာလမှာ တစ်ချိန်က RSP တွေကို ကူညီပံ့ပိုးခဲ့ကြတဲ့ နိုင်ငံတကာအလှူရှင်တွေဟာ တခြားကိစ္စတွေဆီ အာရုံပြောင်းသွားပြီး RSP တွေရဲ့ ညှို့ငင်နိုင်စွမ်းက ဖျော့တော့မှေးမှိန်သွားခဲ့ပါတယ်။ အကျိုးအမြတ်မရှာတဲ့ အဖွဲ့အစည်းတွေဆီ ပံ့ပိုးခဲ့တဲ့ သန်းထောင်ချီတဲ့ငွေတွေဟာ အဲဒီအချိန်က ပါကစ္စတန်တစ်နိုင်ငံလုံးက ဖောခြင်းသောခြင်း NGO တွေဆီကို ပြောင်းလဲစီးဆင်းသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အစိုးရကလည်း ဝန်ဆောင်မှုဖြန့်ချိတဲ့ကိစ္စမှာ နောက်ဆုတ်သွားတဲ့နောက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးတို့လို ပဓာနကျတဲ့ တာဝန်ဝတ္တရားတွေကို မျက်နှာလွှဲပြီး တိုင်းသူပြည်သားအားလုံး မျက်နှာမလိုက်တမ်း ဒုက္ခခံကြပေတော့ဆိုတဲ့ အခြေအနေဆိုက်သွားခဲ့ပါတယ်။

 

အဲဒီကာလဟာ ဗြိတိသျှ ဖွံ့ဖြိုးရေးဆရာကြီး ရောဘတ်ချိမ်းဘားရဲ့ “နောက်ဆုံးပို့ခံထားရသူတွေကို ရှေ့ဆုံးပို့ကြ” ဆိုတဲ့ မူ၊ အမျိုးသမီးများအရေး ပေကျင်းပလက်ဖောင်းနဲ့အတူ ကမ္ဘာကြီးမှာ NGO တွေ စိုးမိုးနေတဲ့ ဆယ်စုနှစ်ပေါ့။ ဒါပေမဲ့ NGO တွေဟာ ဘယ်တော့မှ နိုင်ငံတော်(အစိုးရ)နေရာကို အစားမထိုးနိုင်ပါဘူးဆိုတဲ့ ထောက်ပြချက်ကို ဝေဖန်သူတွေက သတိပေးခဲ့ပြီးသားပါ။ အဲဒီ သတိပေးချက်ကိုလည်း နားမဝင်ကြတဲ့နောက် RSP တွေဟာ အတိတ်ရဲ့အရိပ်တွေ ဖြစ်သွားခဲ့တဲ့ ပါကစ္စတန်မှာသာမက ကမ္ဘာ့တောင်ပိုင်း နိုင်ငံတွေ အနှံ့အပြားမှာပါ အဲဒီရလဒ်တွေကို ကျွန်မတို့ ဒီနေ့ တွေ့နေမြင်နေရပါပြီ။ နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေကို NGO တွေထူထောင်ပြီး ဖြန့်ချိတာ ထွန်းကားလာတာနဲ့အတူ (အနည်းဆုံး တစ်စိတ်တစ်ပိုင်းအားဖြင့်) နိုင်ငံတော်(အစိုးရ)ရဲ့ အစွမ်းအစမရှိမှုကြောင့် ပြည်သူပြည်သားတွေအပေါ် တာဝန်ခံမှုမရှိဘဲ မျက်နှာလွှဲခဲပစ်ထားလို့ NGO တွေက ဝင်လုပ်ရတာပါဆိုပြီး အကြောင်းပြချက်ပေးတဲ့ အနေအထားတစ်ခုဆီ တွန်းပို့ပစ်ခဲ့ပါတယ်။

 

အခုတော့ ဒီလောကမှာ သမိုင်းဘီးတစ်ပတ်လည်ခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာလည်း ရပ်ရွာလူ့အသိုင်းအဝိုင်းက ဦးစီးဦးဆောင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ လူမှုဝန်ဆောင်မှုတွေနဲ့ လူ့ရပိုင်ခွင့်အခြေပြု တန်းတူညီမျှ‌ရေးတွေ ကင်းမဲ့နေတဲ့ ကမ္ဘာ့‌တောင်ပိုင်းနိုင်ငံတွေအတွက် နတ်ဆေးဩသဓသဖွယ် အစွမ်းထက်တယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲလာပါတယ်။ ဒီအယူအဆက နိုင်ငံတော်(အစိုးရ)တွေဟာ အာပလာပဲ။ တိုင်းသူပြည်သားတွေကို ကြည့်ရှုစောင်မခြင်း မပြုနိုင်ဘူးဆိုတဲ့ ယုံတမ်းစကားတွေကို ဖန်တရာတေအောင် ထပ်ပြောနေတဲ့အပြင် ရှုထောင့်မျိုးစုံမှာ ပြဿနာရှိနေပါတယ်။


  • စပြောရမှာကတော့ ရပ်ရွာလူ့အသိုင်းအဝိုင်း(community) ဆိုတဲ့စကားလုံးက သိပ်ပြီး ဝေဝါးပါတယ်။ သတ်သတ်မှတ်မှတ် အုပ်စုတစ်ခုကို ပြောချင်တာလား၊ စနစ်တကျ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုကို ဆိုလိုတာလား၊ ခြုံငုံပြီး ပြောတာလား၊ တက်ကြွလှုပ်ရှားသူတွေကို ဆိုလိုချင်သလား၊ NGO တွေရော ပါလား၊ ဒါမှမဟုတ် ပြောခဲ့သမျှ အားလုံးကို ဆိုလိုချင်တာလား။

  • ဒုတိယတစ်ချက်က ရပ်ရွာအသိုင်းအဝိုင်းက ဦးစီးဦးဆောင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တလေးတစား တမြတ်တနိုးနဲ့ လုပ်ဆောင်မယ်ဆိုတာကရော ဘယ်သူ ဘယ်ဟာလဲ။ အလှူရှင်တွေကလား။ တွက်ခြေကိုက်လို့လား။ နိုင်ငံတကာ NGO တွေကလား။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Multilaterals) တွေကလား။

  • တတိယတစ်ချက်က တာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ယန္တရားတွေအရ ရပ်ရွာအသိုင်းအဝိုင်းတွေဟာ နိုင်ငံတော်(အစိုးရ)နဲ့ သီးခြားစီဖြစ်တယ်လို့ ဘာကြောင့် ရှုမြင်ရတာလဲ။ အရပ်ဘက်အဖွဲ့အစည်း (Civil Society) ဆိုတာက လူ့အဖွဲ့အစည်းကို တည်ဆောက်ထူထောင်ရာမှာ နိုင်ငံတော်(အစိုးရ)နဲ့ တစ်ဖက်တစ်ချက်စီက ကိုယ်စီ ထောက်တိုင်တွေ ဖြစ်ပြီးတော့၊ နိုင်ငံတော်(အစိုးရ)နဲ့ အစပ်အဟပ်မိမိ ဖြည့်ဆည်းလုပ်ကိုင်ပေးရမယ်မဟုတ်လား။

 

ဒီမေးခွန်းတွေကို သေချာဆန်းစစ်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှု နယ်ပယ်က ပုဂ္ဂိုလ်အဖွဲ့အစည်းတွေက သူတို့ဟာ “ကူညီပံ့ပိုးရေးခေတ်လွန် ကမ္ဘာကြီး”မှာ ဘယ်လောက် အ‌ရေးပါပါတယ်၊ ဆီလျော်ပါတယ်လို့ သက်သေပြဖို့ အသည်းအသန် ကြိုးပမ်းနေကြပါတယ်။ ပြီးတော့ နိုင်ငံတော်(အစိုးရ)ရဲ့ တာဝန်ခံမှုကို ထည့်မတွေး ထည့်မပြောဘဲ ရပ်ရွာ အသိုင်းအဝိုင်းတွေကသာ ဝန်ဆောင်မှုတွေ ဖြန့်ချိနိုင်စွမ်းရှိတယ်လို့ အလွန်အကျွံ ဇာတ်ဆန်နေကြပါတယ်။

 

“ပြည်တွင်းဦးစီးဦးဆောင်မှု” (Localisation)၊ ဒါမှမဟုတ် “ပြည်တွင်းခေါင်းဆောင်မှု” (Locally led) တွေက လက်ရှိ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေး ကဏ္ဍနှစ်ခုလုံးမှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကြည့်ကြပါစို့။

 

လူသားချင်းစာနာမှု အကျပ်အတည်းကိစ္စမှာဆိုရင် ဥပမာအားဖြင့် သဘာဝဘေးအန္တရာယ်နဲ့ ပဋိပက္ခတွေအပေါ် ပြည်တွင်းက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကို အနောက်နိုင်ငံတွေဦးစီးတဲ့ လူသားချင်းစာနာရေး အေဂျင်စီတွေရဲ့ အရိုက်အရာကို ခံယူမယ့်သူတွေအဖြစ် ရှုမြင်ခံနေရပါပြီ။ ဒီလိုရှုမြင်ပြောဆိုချက်ဟာ သူတို့က ဒေသအလိုက် ယဉ်ကျေးမှုနဲ့ လက်တွေ့ အကျပ်အတည်းဖြစ်ပွားရာနဲ့ အနီးဆုံးမှာ ရှိနေတာကြောင့်သာ အဓိပ္ပာယ်ရှိတာပါ။ ပြည်တွင်းဦးစီးဦးဆောင်ရေးအစီအစဉ်တွေ ချမှတ်ရာမှာ ဘေးအန္တရာယ်တွေ၊ ပဋိပက္ခတွေကို ကြိုတင်ကာကွယ်၊ ကယ်ဆယ်၊ ပြန်လည်ထူထောင်နိုင်တဲ့ အစီအမံတွေအတွက် သက်ဆိုင်ရာ နိုင်ငံတော်(အစိုးရ)တွေက တာဝန်ခံမှု ရှိလာအောင် အားထုတ်တာကတော့ မတွေ့ရသလောက် နည်းပါးလှပါတယ်။

 

ထူးထူးကဲကဲ ဖြစ်ရပ်တချို့မှာ နိုင်ငံတော်(အစိုးရ)တွေက တုံ့ပြန်နိုင်စွမ်းမရှိလို့ (ဥပမာအားဖြင့် ဆီးရီးယားနိုင်ငံမှာ အဖြူရောင်သံခမောက် (White Helmets) ဒါမှမဟုတ် ဆူဒန်မှာ အရေးပေါ် တုံ့ပြန်ကိုင်တွယ်မှုဌာနခွဲ (Emergency Response Rooms) တို့လို) အရပ်သားပြည်သူတွေဦးဆောင်တဲ့ သီးခြားစနစ်ယန္တရားတွေ ထူထောင်ကြပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်အများစုမှာတော့ အကျပ်အတည်းကြောင့် ထိခိုက်နစ်နာတဲ့ဒေသအတွက် ဝန်ဆောင်မှုဖြန့်ချိရေး လမ်းကြောင်းအဖြစ် ရပ်ရွာအသိုက်အဝန်းကို “မိတ်ဖက်” ထားဖို့ လုံးဝတိတိကျကျ ဦးစားပေးကြပါတယ်။ မဟာညှိနှိုင်းမှုကြီး (Grand Bargain) ဒါမှမဟုတ် မကြာခင်ကပေါ်ခဲ့တဲ့ လူသားချင်းစာနာမှု တစ်ဖန်ပြန်နိုးထရေး (Humanitarian Reset) တို့လို မူသစ် စနစ်သစ်တွေက ကူညီပံ့ပိုးမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းကို‌ (အခုထိတော့ အကန့်အသတ်ရှိနေဆဲပါ) မြေပြင်မှာ ရှေ့တန်းကဆောင်ရွက်နေတဲ့ ပြည်တွင်း ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေဆီ ပေးပို့ရမယ်လို့ ကြုံးဝါးကြပါတယ်။ အဲဒီစနစ်ယန္တရားမှာ နိုင်ငံတော် (အစိုးရ) ဖြစ်စရာမလိုဘဲ အရပ်ဘက်အဖွဲ့အစည်းကို အဓိကဦးစားပေးရမှာပါတဲ့။

 

ဒီနေရာမှာ မေးရမယ့်ပုစ္ဆာက “ပြည်တွင်းဦးစီးဦးဆောင်မှု” ဆိုတာဟာ ပြည်သူပြည်သားတွေအပေါ် တာဝန်ခံရမယ့် သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရအခန်းကဏ္ဍကို မဖြေရှင်းဘဲ ဖြစ်မှဖြစ်နိုင်ပါ့မလား ဆိုတာပါ။ သဘာဝတရားကြောင့် ဖြစ်ဖြစ်၊ လူသားတွေရဲ့ ပွေလီလော်မာမှုကြောင့် ဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေအတွက် တာဝန်အရှိဆုံးက နိုင်ငံတော်(အစိုးရ)တွေပဲလေ။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ပဋိပက္ခကြောင့်ပဲ ဖြစ်ဖြစ်၊ တန်းတူညီမျှ မရှိလို့ဖြစ်ဖြစ် အဲဒီအကျပ်အတည်းတွေ ပြေလည်ရေးအတွက် ဖြေရှင်းရမှာ သူတို့တာဝန်ပါ။


 ကမ္ဘာ့မြောက်ခြမ်းနိုင်ငံတွေက အလှူရှင်တွေဟာ ကမ္ဘာ့တောင်ခြမ်းက ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေကို သူတို့ရဲ့ တကယ့်တတ်နိုင်စွမ်းနဲ့ တာဝန်ရှိမှုထက်ပိုတဲ့ အခန်းကဏ္ဍတွေပေးဖို့ ကြိုးစားနေကြတာပါ။

 

အန္တရာယ်ရှိလာတဲ့ အရပ်ဘက်အခင်းအကျင်း ကျဉ်းမြောင်းမှု


လက်ရှိ ကူညီပံ့ပိုးရေး ဖြတ်တောက်လျှော့ချမှုတွေက ရပ်ရွာအသိုင်းအဝိုင်းက ဦးဆောင်မောင်းနှင်တဲ့ ဖွံ့ဖြိုးရေးကိစ္စကို အများကြီး စင်ပေါ်တင်လာကြပါတယ်။ ဖြတ်တောက်ခံရတဲ့ ငွေကြေးပမာဏက ကြီးမားလွန်းတာကြောင့် ကမ္ဘာ့တောင်ပိုင်း နိုင်ငံအစိုးရတွေက လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းဖို့ မစွမ်းသာကြပါဘူး။ အခုဆိုရင် ရပ်ရွာအသိုက်အဝန်းက ဦးဆောင်တဲ့ အဖွဲ့အစည်းတွေအတွက်ပဲ အဓိကထားပြီ ရန်ပုံငွေပေးတဲ့၊ (ထပ်ပြောရရင် အနောက်နိုင်ငံအများစုက ဦးဆောင်ပြီး) ရပ်ရွာက ဦးဆောင်မောင်းနှင်တယ်ဆိုတဲ့ ပရဟိတဝါဒ (community-driven philanthropy) ဆိုတဲ့ အခန်းကဏ္ဍကို စန်းတင်လာကြပါပြီ။ ဒီလိုသာ ပြောနေပေမယ့် တကယ်တမ်း လိုအပ်တဲ့ ငွေကြေးကွာဟချက်ကို သက်ဆိုင်ရာနိုင်ငံတော်(အစိုးရ)တွေက ဖြည့်ဆည်းလာအောင် အရပ်ဘက်အဖွဲ့အစည်းတွေ ကြားမှာ နိုင်ငံရေးအရ အားကောင်းကောင်းနဲ့တိုက်တွန်းနှိုးဆော်သလားဆိုတော့ မဟုတ်ပြန်ဘူး။ ဒါကလည်း ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေမှာ နိုင်ငံတော်(အစိုးရ)တွေက အရပ်ဘက် အဖွဲ့အစည်းတွေကို လက်သင့်မခံ ငြင်းဆန်လာစေတဲ့အကြောင်းရင်းတွေထဲက တစ်စိတ်တစ်ပိုင်းပါပဲ။ ကမ္ဘာ့မြောက်ခြမ်းနိုင်ငံတွေက အလှူရှင်တွေဟာ ကမ္ဘာ့တောင်ခြမ်းက ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေကို သူတို့ရဲ့ တကယ့်တတ်နိုင်စွမ်းနဲ့ တာဝန်ရှိမှုထက်ပိုတဲ့ အခန်းကဏ္ဍတွေပေးဖို့ ကြိုးစားနေကြတာပါ။ အရပ်ဘက်အခင်းအကျင်း ကျဉ်းမြောင်းလာတဲ့ကိစ္စမှာ နိုင်ငံတော်(အစိုးရ)က အရပ်ဘက်အဖွဲ့အစည်းတွေကို လက်သင့်မခံ ငြင်းဆန်တာကြောင့်သာမက ပြောင်းပြန်သဘောလည်း ဖြစ်နိုင်ပါတယ်။


အကြောင်းကြောင်းကို ထောက်ဆကြည့်ရင် ဒါဟာ အန္တရာယ်ရှိတဲ့ ရှေ့တော်ပြေးနိမိတ်ဆိုးပါပဲ။ ပထမဆုံးတော့ ဒီအစီအစဉ်ကို ချမှတ်တာက သူတို့ငွေကြေးထည့်ဝင်မြှုပ်နှံရာမှာ ပိုမိုရိုးရှင်းပြီး ဗျူရိုကရေစီနည်းပါးတဲ့ တည်ဆောက်ပုံကို ရှာဖွေနေကြတဲ့ ပါဝါကြီးမားတဲ့ ကမ္ဘာ့မြောက်ခြမ်းက အေဂျင်စီကြီးတွေပါ။ ရပ်ရွာအသိုက်အဝန်းက ဦးဆောင်တဲ့ ဖွံ့ဖြိုးရေးဆိုတာဟာ အားပေးကူညီမှုနဲ့ပတ်သက်ရင် ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသလို ပိုပြီး ရိုးရှင်းတဲ့ ငွေကြေးထည့်ဝင် မြှုပ်နှံမှု ဖြစ်နေတယ်လေ။

 

ဒုတိယအားဖြင့်တော့ အင်ဒိုနီးရှားနိုင်ငံက ရပ်ရွာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပူဂျီ ပူဂျီယာနိုက ကျွန်မတို့ကို ပြောခဲ့ဖူးသလို အရပ်ဘက်အဖွဲ့အစည်းဆိုတာ ဘယ်တုန်းကမှ အာဏာကို ဆုပ်ကိုင်ထားနိုင်အောင် ပုံဖော်တည်ဆောက်ထားတာ မဟုတ်ဘူးဆိုတာပါပဲ။ တကယ်လည်း သူပြောသလို သာမန်နိုင်ငံသားတွေအဖို့ လူမှုရေးနဲ့ နိုင်ငံရေးတရားမျှတမှု ကိစ္စရပ်တွေကို ကိုင်တွယ်ဖို့အတွက် အကြီးအကျယ် အကန့်အသတ်ရှိပါတယ်။ ပူဂျီက ကျွန်မတို့ကို သတိပေးတာက “ရပ်ရွာ အသိုက်အဝန်းအတွက်” ရှေ့ဆောင်ဆော်ဩဖို့ လုပ်ပိုင်ခွင့်ဟာ ကိုယ့်ကိုယ်ကိုယ် ခံယူထားကြတာပါတဲ့။ ဒီစကားကို အရင်းခံပြီး ကျွန်မအနေနဲ့ ဆက်ပြောရရင်တော့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံတွေက NGO ဇာတ်သွင်းရာကနေ အဲသလို ခံယူလာကြတာ ဖြစ်ပါတယ်။

 

ဒီတော့ “ရပ်ရွာအသိုက်အဝန်း ဦးဆောင်”တယ်ဆိုတဲ့ အယူအဆဟာ နိုင်ငံတော်(အစိုးရ)ကို ပစ်ပယ်ထားခဲ့ခြင်း ဒါမှမဟုတ် အလှူရှင်တွေက ရှေ့ဆက်ချိန်တန်ပြီဆိုပြီး ဖုတ်ဖက်ခါထ ထွက်သွားတဲ့အချိန်မှာ ကိုယ့်ဘာသာ အပစ်ပယ်ခံဘဝနဲ့ ကျန်ခဲ့ရခြင်း ဆိုတဲ့ အနက်အဓိပ္ပာယ်မျိုး မထွက်အောင်လို့ ကျွန်မတို့ ဘယ်လိုကာကွယ်ကြမလဲ။ ကိုယ့်အရပ် ကိုယ့်ဇာတ်နည်းနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းနဲ့ အစိုးရကို တာဝန်ယူမှု တာဝန်ခံမှု ရှိစေခြင်း နှစ်မျိုးမှာ တစ်ဖက်သတ် အသာစီးမယူကြဘဲ တစ်ပြိုင်တည်း လုပ်ကိုင်နိုင်အောင် ကျွန်မတို့ ဘာတွေလုပ်ကြမလဲ။

 

  • တစ်နည်းကတော့ ရပ်ရွာအသိုင်းအဝိုင်းက ဦးဆောင်တဲ့ ဖွံ့ဖြိုးရေးဆိုတာဟာ နိုင်ငံတော် (အစိုးရ) ရဲ့နေရာကိုဝင်ပြီး အစားထိုးဖို့ လုပ်ကိုင်တာ မဟုတ်ဘဲ တိုင်းသူပြည်သားတွေအပေါ် နိုင်ငံတော်(အစိုးရ)က တာဝန်ခံမှု အာမခံချက်ရှိအောင် ရပ်ရွာအသိုင်းအဝိုင်းက ဆောင်ရွက်တဲ့နည်းလို့ ပြန်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရမှာပါ။ ရပ်ရွာအသိုက်အဝန်းတွေဟာ နိုင်ငံရဲ့ ဘယ်နေရာမှာပဲ ရှိနေနေ၊ ဘယ်သူတွေပဲ ပါပါ၊ (နိုင်ငံတော်က လုပ်မပေးလို့ဆိုပြီး) ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်မယ့်အစား ကိုယ့်ဆန္ဒ ကိုယ့်အသံတွေကို နိုင်ငံတော်ရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ထင်ဟပ်အောင် လုပ်ကြရပါမယ်။

  • နောက်တစ်နည်းကတော့ နိုင်ငံတော်(အစိုးရ)နဲ့ အရပ်ဘက်အဖွဲ့အစည်းကြား မဟာမိတ်ဖြစ်တာထက် ဒီနှစ်ရပ် ကင်းကွာလေ ရပ်ရွာအင်အားမြင့်လေဆိုတဲ့ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံတွေရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အစွဲအလမ်းဖျောက်ရမှာပါ။ ကမ္ဘာ့မြောက်ပိုင်းနိုင်ငံတွေက တောင်ပိုင်းနိုင်ငံတွေဆီ စီးဆင်းလာတဲ့ ရန်ပုံငွေပမာဏ အများအပြားဟာ ဒီလိုဖွင့်ဆိုချက်တွေနဲ့ ပေးကမ်းတာဖြစ်လို့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေကလည်း ဒီအတိုင်းပဲ ခံယူထားတတ်ကြပါတယ်။

 

နိုင်ငံတော်(အစိုးရ)နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ တစ်ထီးတစ်နန်းနဲ့ မဆက်မဆံ သီးခြားရပ်တည်ပြီး မလုပ်ကိုင်နိုင်ပါဘူး။ သူတို့တွေဟာ လူ့အဖွဲ့အစည်းရဲ့ ထောက်တိုင်တွေပဲ ဖြစ်ပါတယ်။ တစ်ခုထက် တစ်ခုက ပိုကောင်းပါတယ်လို့ ကျွန်မတို့က ဝါဒဖြန့်နေမယ်ဆိုရင် အရပ်ဘက်အခင်းအကျင်းတွေသာမက နိုင်ငံတော် (အစိုးရ)ရဲ့ နယ်ပယ်ပါ ကျဉ်းမြောင်းသွားမှာပါ ဖြစ်ကြောင်းပါ။


မူရင်းဆောင်းပါး - Can Aid Centre Communities without Decentring States?



မူရင်းဆောင်းပါးရှင် သာမရိစ်ခန်း (Themrise Khan) ဟာ နိုင်ငံတကာကူညီပံ့ပိုး‌ရေးနယ်ပယ်မှာ နှစ်သုံးဆယ်ကျော် ကျင်လည်ခဲ့တဲ့ လွတ်လပ်တဲ့ သုတေသီ၊ စာရေးသူနဲ့၊ ဝေဖန်သုံးသပ်သူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၃ ခုနှစ်က ထုတ်ဝေခဲ့တဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးနယ်ပယ်မှ လူဖြူကယ်တင်ရှင်ဝါဒ - သီဝရီ၊ လက်တွေ့နှင့် အတွေ့အကြုံများ (White Saviorism in International Development: Theories, Practices and Lived Experiences) စာအုပ်မှာ ပါဝင်ပြုစု တည်းဖြတ်ခဲ့သူ ဖြစ်ပါတယ်။

Comments


bottom of page