အရပ်ဘက်အခင်းအကျင်း (Civic Space) ဆိုသည်မှာ
- သင်းမြကြည်

- Nov 12
- 4 min read
ဒီမိုကရေစီရေးအတွက် အရပ်ဘက်အခင်းအကျင်းက ဘယ်လိုအရေးပါသလဲ၊ ဘယ်လို ခြိမ်းခြောက်မှုတွေ ကြုံနေရလဲ

ပြည်တွင်းက တက်ကြွလှုပ်ရှားသူတွေ၊ နိုးကြားတဲ့ပြည်သူတွေအဖို့ အရပ်ဘက်အဖွဲ့အစည်း (Civil Society) ဆိုတဲ့ဝေါဟာရနဲ့ မစိမ်းပါဘူး။ အခုနောက်ပိုင်း တွင်ကျယ်လာတဲ့ Civic Space (အရပ်ဘက်အခင်းအကျင်း) ဆိုတဲ့ ဝေါဟာရသစ်ကတော့ ဘာကို ဆိုလိုတယ်၊ ဘာတွေ အကျုံးဝင်တယ်ဆိုတာ သိနားလည်ပြီး ဖြစ်ချင်မှ ဖြစ်ဦးမှာပါ။ (ဒီဝေါဟာရကို CENCS ရဲ့ ထွေရာလေးပါး ကဏ္ဍတစ်ခုအဖြစ် ဝက်ဘ်ဆိုက် လွှင့်တင်စကတည်းက ထည့်ထားပါတယ်။)
၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ Funds for Global Human Rights အဖွဲ့က ကျွမ်းကျင်သူတွေဖြစ်တဲ့ ပရိုဂရမ်ဒါရိုက်တာ ဂျိမ်းစ်ဆဗေ့ချ်နဲ့ ပရိုဂရမ်အရာရှိ လစ်ဒီယာကိုကွမ်တို့က အရပ်ဘက်အခင်းအကျင်း အကြောင်း မိတ်ဆက်ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ အရပ်ဘက် အခင်းအကျင်းဟာ ဒီမိုကရေစီရေးအတွက် ဘာကြောင့် အရေးကြီးတာလဲ၊ အရပ်ဘက်အခင်းအကျင်းကို ကာကွယ်ပေးနိုင်ဖို့ တက်ကြွလှုပ်ရှားသူတွေက ဘာတွေလုပ်ကြမလဲ ထည့်သွင်းတွက်ဆ ဆွေးနွေးငြင်းခုံနိုင်ကြဖို့ ဒီဆောင်းပါးမှာ တင်ပြထားပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ လေးရာခိုင်နှုန်းကသာ ပွင့်လင်းလွတ်လပ်တဲ့ အရပ်ဘက်အခင်းအကျင်းမှာ နေရပြီး ၇၀ ရာခိုင်နှုန်းနီးပါးဟာ “ဖိနှိပ်ခံရ”၊ ပိတ်ပင်ခံရ”တဲ့ အရပ်ဘက်အခင်းအကျင်းရှိရာ တိုင်းပြည်တွေမှာ နေကြရတယ်
လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ နှလုံးခုန်သံစည်းချက်ဖြစ်တဲ့ အရပ်ဘက်အခင်းအကျင်းဟာ တိုက်ခိုက်ထိုးနှက်တာ ခံနေရတယ်ဆိုတော့ ... မေးစမ်းပါရစေဦး။ အရပ်ဘက်အခင်းအကျင်း (civic space) ဆိုတာ ဘာကို ပြောတာလဲ။ ဘာလုပ်တဲ့ဟာလဲ။ ဘာလို့ အရေးကြီးရတာလဲ။
လိုတိုရှင်းပြောရင် အရပ်ဘက်အခင်းအကျင်းဆိုတာ ဘာလဲ
တစ်နည်းအားဖြင့် အရပ်ဘက်အခင်းအကျင်းဆိုတဲ့ စကားလုံးထဲမှာပဲ အဖြေပါပြီးသားပါ။ (အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ မပါဘဲ) သာမန်အရပ်သားပြည်သူတွေက သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လက်ရည်တစ်ပြင်တည်း ရရှိခံစားနိုင်တဲ့ လက်တွေ့ပြင်ပဝန်းကျင်နဲ့ ဒီဂျစ်တယ် အခင်းအကျင်းတွေဟာ အရပ်ဘက်အခင်းအကျင်းပါပဲ။ (ဒီအခင်းအကျင်းတွေကပဲ) သာမန်ပြည်သူတွေရဲ့ လုပ်ကိုင်အားထုတ်မှုတွေက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး လက်တွေ့ဘဝတွေကို ပုံဖော်ပေးနေတာပါ။
ပိုပြီး တိတိကျကျ ပြောစမ်းပါ ဆိုရင်တော့ အရပ်ဘက်အခင်းအကျင်းဆိုတာ ... အပြင်မှာဖြစ်ဖြစ်၊ အွန်လိုင်းမှာဖြစ်ဖြစ်၊ တစ်ယောက်ချင်းဖြစ်ဖြစ်၊ အများနဲ့တွဲလို့ဖြစ်ဖြစ်၊ ရပ်ရေးရွာရေးအတွက် တက်တက်ကြွကြွ ထက်ထက်သန်သန် ရှိနေတာ၊ ပြောစရာရှိသမျှ မမျိုသိပ်ဘဲပြောရင်း၊ အဖွဲ့အစည်းတွေ ထူထောင်ရင်း၊ အားလုံး ညီညီညာညာနဲ့ ဆန္ဒပဲပြမလား၊ အချင်းချင်းပဲ ယိုင်းပင်းကူညီကြမလား၊ ရပ်ရွာတစ်ခု၊ ဒေသတစ်ရပ်၊ တိုင်းပြည်တစ်ပြည်ရဲ့ အုပ်ချုပ်စီမံရေးမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့ ပြည်သူပြည်သားတွေကို ခွင့်ပြုထားတဲ့ ဥပဒေသတ်မှတ်ချက်တွေ ရှိနေတာကို ဆိုလိုတာပါ။
ဒီလို အခင်းအကျင်းတွေ ဖြစ်ဖို့ဆိုတာကလည်း နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ပဋိညာဉ်တွေသာမက၊ ကိုယ့်သဘောကိုယ့်ဆန္ဒကို ထုတ်ဖော်လှစ်ဟခွင့်၊ အများနဲ့ သင်းပင်းဖွဲ့စည်းခွင့်၊ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးခွင့်၊ သတင်းအချက်အလက် ရယူသိရှိခွင့်တွေ အပါအဝင် ပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အမြတ်တနိုး တန်ဖိုးထားတဲ့ ပြည်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တခြားဥပဒေအရပ်ရပ်တွေ ရှိမှလည်း ဖြစ်နိုင်တာပါ။ ဒါတွေဟာ မွေးရာပါ လူ့အခွင့်အရေးတွေဖြစ်တာကြောင့် ဒါတွေကို လူတိုင်း သေချာပေါက်ခံစားနိုင်ဖို့ တက်ကြွလှုပ်ရှားသူတွေ လက်ချင်းဆက်လို့ အစဉ်အဆက် လှုံ့ဆော်ခဲ့ကြရတာပါ။
အရပ်ဘက်အခင်းအကျင်းမှာ ဘယ်သူတွေ ပါဝင်ဆင်နွှဲနိုင်မှာလဲ
လူတိုင်း ပါဝင်ဆင်နွှဲနိုင်ကြပါတယ်၊ အခွင့်သာ အခါသင့်ရင်ပေါ့ ...။
လူတစ်ဦးချင်းဖြစ်ဖြစ်၊ စုပေါင်းညီညာပြီးတော့ဖြစ်ဖြစ် အပြောင်းအလဲတွေ ဖြစ်လာအောင် အရပ်ဘက် အခင်းအကျင်းကို အသုံးချနိုင်ပါတယ်။ မိသားစုဘဝ၊ အစိုးရယန္တရားနဲ့ စီးပွားရေးလောကတို့ရဲ့ ပြင်ပမှာ ပေါင်းစုဖွဲ့စည်း လုပ်ကိုင်ကြတဲ့အခါ သမားရိုးကျအားဖြင့် ကြိုဆိုမခံရတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အုပ်စုတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ ယဉ်ကျေးမှုဓလေ့အရ စုဖွဲ့မှုတွေ၊ သမဂ္ဂတွေ၊ တက္ကသိုလ်တွေဆီက ပုဂ္ဂိုလ်တွေ၊ ကိုယ်စားလှယ်တွေကို “အရပ်ဘက် လူအဖွဲ့အစည်း (Civil Society)” တွေမှာ ကြိုဆို နေရာပေးကြရပါတယ်။ အဲသလို (အရပ်ဘက်အဖွဲ့အစည်းတွေပါမကျန်) ပြည်သူတွေအားလုံးက သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေနဲ့ လူ့အခွင့်အရေးတွေကို ခံစားကျင့်သုံးနိုင်ပြီး၊ လူမှုအခင်းအကျင်းတွေမှာ ပါဝင်ဆင်နွှဲခွင့်ရှိအောင် လုပ်ပေးရမယ့် ဥပဒေကြောင်းတာဝန်ကတော့ အစိုးရရဲ့ တာဝန်ပါပဲ။
ဒါပေမဲ့ လက်တွေ့ အရပ်ဘက်အခင်းအကျင်းထဲမှာ လူတိုင်း အကြောင်းကြောင်းကြောင့် ပြည့်ပြည့်ဝဝ မပါဝင်၊ မဆင်နွှဲနိုင်ကြဘူး။ ကမ္ဘာအရပ်ရပ်မှာ အရပ်ဘက်အခင်းအကျင်းက တညီတညာတည်း လွတ်လပ် ပွင့်လင်းနေတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းထဲမှာ တချို့အုပ်စုတွေဟာ သူတို့အခွင့်အရေးတွေကို သူတို့ကိုယ်တိုင် ခံစား အသုံးချခွင့်မရအောင် ခွဲခြားကန့်သတ်၊ ချုပ်ချယ်ဟန့်တား ခံနေကြရပါတယ်။
ကမ္ဘာတစ်လွှားမှာ အရပ်ဘက်အခင်းအကျင်းက ဘယ်လိုကွာခြားသလဲ
အယူအဆအရရော၊ နိုင်ငံတကာဥပဒေတွေအရပါ အရပ်ဘက်အခင်းအကျင်းဟာ နေရာတိုင်း တစ်သားတည်း ရှိသင့်တာပေါ့။ လက်တွေ့ကတော့ အဲသလို ဖြစ်မနေပါဘူး။ နိုင်ငံတော်(အစိုးရ)တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တချို့ ပုဂ္ဂလိကပိုင် အဖွဲ့အစည်းတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေအပေါ် ကန့်သတ် ချုပ်ချယ်၊ ထိုးနှက်တိုက်ခိုက်ကြပါတယ်။
ဒီတော့ တက်ကြွလှုပ်ရှား ဆော်ဩသူတွေက ပွင့်လင်းတဲ့ အခင်းအကျင်းတွေကို အားလုံး ဆက်လက်ခံစားနိုင်ဖို့ ကြိုးပမ်းကြရပါတယ်။ ဘယ်ဥပဒေတွေ၊ မူဝါဒတွေ၊ လက်တွေ့ကျင့်ထုံးတွေက (အသင်းအပင်း ဖွဲ့စည်းခွင့်၊ စုဝေးစည်းရုံးခွင့်၊ ထုတ်ဖော်ပြောဆိုရေးသားခွင့်တို့လို) အခြေခံ လွတ်လပ်မှုတွေနဲ့ တခြားအခွင့်အရေးတွေကို ခွင့်ပြုထားလဲ၊ ပိုကောင်းမွန်တိုးတက်စေလဲဆိုတဲ့ လက္ခဏာတွေ၊ အတိုင်းအတာတွေကို အဖွဲ့အစည်းတချို့က ခြေရာခံပြီး၊ ကမ္ဘာအရပ်ရပ်က အရပ်ဘက်အခင်းအကျင်းရဲ့ ပြောင်းလဲပုံတွေကို စောင့်ကြည့်ကြတာလည်း ရှိပါတယ်။ ဥပမာတစ်ခုကတော့ CIVICS Monitor ပါ။
CIVICUS လို စောင့်ကြည့်ရေးအဖွဲ့ပေါင်းများစွာဟာ အချိန်နဲ့အမျှ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ ဒေသတစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကြည့်နိုင်အောင် နိုင်ငံတွေကို အမှတ်ပေးအကဲဖြတ်ကြပါတယ်။ CIVICUS ရဲ့ အဆိုအရ ကမ္ဘာ့လူဦးရေရဲ့ လေးရာခိုင်နှုန်းကသာ ပွင့်လင်းလွတ်လပ်တဲ့ အရပ်ဘက်အခင်းအကျင်းမှာ နေရပြီး ၇၀ ရာခိုင်နှုန်းနီးပါးဟာ “ဖိနှိပ်ခံရ”၊ ပိတ်ပင်ခံရ”တဲ့ အရပ်ဘက်အခင်းအကျင်းရှိရာ တိုင်းပြည်တွေမှာ နေကြရတယ်လို့ ဆိုပါတယ်။
အရပ်ဘက်အခင်းအကျင်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်တိုက်ခိုက်မှုတွေက ဘာတွေလဲ
အတွေ့ရများတဲ့ ခြိမ်းခြောက်မှုတွေထဲမှာ ...
လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ၊ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် LGBTQ၊ အမျိုးသမီးနဲ့ လူနည်းစုအရေး လှုပ်ရှားဆောင်ရွက်သူတွေအပေါ် အွန်လိုင်းပေါ်မှာရော အပြင်မှာပါ တိုက်ခိုက်ထိုးနှက် ခြိမ်းခြောက်တာတွေ၊
တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ ပြီးတော့ ပိုစိုးရိမ်ရတာက ထောင်သွင်းအကျဉ်းချတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ၊
ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းတာနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ၊
အင်တာနက် ပိတ်ပင်ဖြတ်တောက်တာနဲ့ အွန်လိုင်းဆင်ဆာတွေ၊
(လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အားကိုးအားထားပြုရတဲ့) နိုင်ငံခြားရန်ပုံငွေ အထောက်အပံ့ လက်ခံသူတွေကို “ပြည်ပအားကိုး ပုဆိန်ရိုး”လို့ သမုတ်တဲ့ ဥပဒေတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို မမျှမတ ကန့်သတ်ချုပ်ချယ်တာတွေ၊
အဖွဲ့အစည်းတွေ မလှုပ်နိုင်အောင် ဗျူရိုကရေစီ ကြိုးနီစနစ်နဲ့ တုပ်ဆိုင်းပြီး၊ ပြစ်မှုဥပဒေ ပုဒ်မကြီးငယ်တွေနဲ့ ထောင်နှုတ်ခမ်းနင်းမိအောင်လုပ်တဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပါဝင်ပါတယ်။
ဒီလို အခြောက်အလှန့်နည်းဗျူဟာတွေ၊ အထူးသဖြင့် လူ့အခွင့်အရေး ကာကွယ်သူတွေကို ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်တာတွေဟာ တက်ကြွလှုပ်ရှားမှုတွေကို ကျောချမ်းအောင်လုပ်နိုင်စွမ်း ရှိကြပါတယ်။ ဒီနည်းတွေကြောင့် သာမာန်ပြည်သူတွေကပါ သူတို့ရဲ့အခြေခံလွတ်လပ်ခွင့်တွေ မခံစား၊ မကျင့်သုံးရဲအောင် အတားအဆီးခံကြရပါတယ်။ ဒီလို စိန်ခေါ်မှုတွေကြားကပဲ ရဲစွမ်းသတ္တိရှိတဲ့ လူ့အခွင့်အရေး ကာကွယ်သူပေါင်းများစွာဟာ အရပ်ဘက်အခင်းအကျင်း ပွင့်လင်းကျယ်ပြန့်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးစားနေကြရတာပါ။
အရပ်ဘက်အခင်းအကျင်းရဲ့ ကျဉ်းမြောင်းပိတ်ဆို့ပုံကို လက်တွေ့ ဘယ်လိုမြင်ရမလဲ
အရပ်ဘက်အခင်းအကျင်း ပိတ်ဆို့ကျဉ်းမြောင်းသွားတာကို သိသာမြင်သာစေတာကတော့ ကန့်သတ် ထိန်းချုပ်တဲ့ ဥပဒေတွေ၊ ထောက်လှမ်းစောင့်ကြည့် ခံရတာတွေ၊ နှောင့်ယှက်ခြိမ်းခြောက်တာတွေ၊ ကဲ့ရဲ့သင်္ဂြိုဟ် တံဆိပ်ကပ် အပြစ်တင်တာတွေ၊ တိုက်ခိုက်ထိုးနှက်တာတွေပါပဲ။ အဲသလိုတွေ ကြုံလာရရင် တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ရဲ့ စည်းရုံးမှု၊ ဆော်ဩမှု၊ လှုပ်ရှားဆောင်ရွက်မှု၊ သတင်းအချက်အလက်နဲ့ ကိုယ်ပိုင်အတွေးအမြင် ဝေမျှမှုတွေကို အခြိမ်းအခြောက်၊ နောက်ဆက်တွဲဆိုးကျိုးကင်းကင်းနဲ့ မလုပ်နိုင်တော့ပါဘူး။ ဥပမာအားဖြင့် -
ယူဂန္ဓာနိုင်ငံမှာ အစိုးရရဲ့ အာဏာအလွဲသုံးစားလုပ်ရပ်တွေကို ဖော်ထုတ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ်ခုကို ‘အကြမ်းဖက်လုပ်ရပ်တွေအပေါ် ရန်ပုံငွေထောက်ပံ့နေတယ်’လို့ စွဲချက်တင်ပြီး သူတို့ရဲ့ ဘဏ်စာရင်းတွေ အပိတ်ခံရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ အဖွဲ့တစ်ခုကို ‘ကွန်မြူနစ်တပ်ဦး’လို့ စွပ်စွဲပြီး၊ အဖွဲ့ဝင်တွေဟာလည်း လုပ်ကြံသတ်ဖြတ်ခံကြရပါတယ်။
ကမ္ဘာ့ အကြီးဆုံးဒီမိုကရေစီနိုင်ငံလို့ဆိုတဲ့ အိန္ဒိယမှာတော့ နိုင်ငံခြားရန်ပုံငွေ လက်ခံရရှိရေးကို ဥပဒေကြောင်းအရ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလတုန်းက ကြုံရာကျပန်းလုပ်ကိုင်ရသူတွေဖို့ အလုပ်သမားအခွင့်အရေးအဖွဲ့တစ်ခုက ငွေကြေးကူညီဖို့ ကြိုးစားတာတွေ အဟန့်အတား ကြီးကြီးမားမား ကြုံခဲ့ရပါတယ်။
ပြီးတော့ မက္ကဆီကိုနိုင်ငံမှာလည်း အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်မယ့် စာနယ်ဇင်းသမားတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေကို နောက်ယောင်ခံလိုက်ရာမှာ အစိုးရက ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုဖော်ထုတ်ရေး ထောက်လှမ်းရေးနည်းပညာကို အသုံးချခဲ့ပါတယ်။
လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ချတာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို Front Line Defenders နဲ့ Global Witness တို့လို အဖွဲ့ကြီးတွေက မှတ်တမ်းတင်နေကြပါတယ်။
ဒီလို ဇာတ်ကြောင်းရှည်ကြီးကို တိုအောင်ချုပ်ပြောရရင်တော့ အရပ်ဘက်အခင်းအကျင်းဟာ ကန့်သတ်ချုပ်ချယ်ခံနေရပါပြီ။ အမြဲတမ်း လက်ညှိုးထိုးပြခံရတဲ့ အကြောင်းပြချက်ကတော့ လုံခြုံရေးပါတဲ့။
အရပ်ဘက်အခင်းအကျင်း ကျဉ်းမြောင်းပိတ်ဆို့သွားအောင် ဘယ်သူလုပ်တာလဲ
၂၀၁၉ ခုနှစ်မှာ Funds for Global Human Rights ရဲ့ မိတ်ဘက် Funders Initiative for Civil Society (FICS) အဖွဲ့က အရပ်ဘက်အခင်းအကျင်းရဲ့ အနာဂတ်ကို ကမ္ဘာနဲ့ချီပြီး ဦးဆောင်သုံးသပ်ရာမှာ ထူးထူးခြားခြား ကိစ္စတစ်ရပ်ကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ “လုံခြုံရေး” ဆိုတဲ့ကိစ္စပါ။
လုံခြုံရေးထိန်းသိမ်းဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံ(အစိုးရ)တွေဟာ (တချို့ စီးပွားရေးလုပ်ငန်းတွေ၊ အစွန်းရောက် လက်ယာအုပ်စုတွေ၊ ရှေးရိုးစွဲ ဘာသာရေးလှုပ်ရှားမှုတွေရဲ့ ပံ့ပိုးမှုကိုယူပြီး) အရပ်ဘက် အခင်းအကျင်းကို ကန့်သတ်ဖို့အတွက် သုံးထပ်ကွမ်း မဟာဗျူဟာကို ကျင့်သုံးလာကြပါတယ်။ Funds for Global Human Rights က “လုံခြုံရေး လက်စွဲတော်ကျမ်း (Security Playbook)” လို့ နာမည်ပေးထားတဲ့ အဲဒီ သုံးထပ်ကွမ်းမဟာဗျူဟာကတော့ -
၁။ ဆန္ဒပြတာကို ရာဇဝတ်မှုမြောက်အောင်၊ ဆန့်ကျင်ကွဲပြားတဲ့ သဘောထားအမြင်တွေကို နှုတ်ပိတ်နိုင်အောင် (နိုင်ငံတော်)လုံခြုံရေး ဥပဒေတွေမှာ အလွဲသုံးစား သွတ်သွင်းလာတာ၊
၂။ တက်ကြွလှုပ်ရှားသူတွေကို ထောက်လှမ်းနိုင်အောင်နဲ့ ဆင်ဆာလုပ်နိုင်အောင် သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာတွေကို အလွဲသုံးစားလုပ်တာ၊
၃။ အချင်းချင်း သွေးကွဲ၊ အကြောက်တရားတွေ ပျံ့နှံ့ပြီး၊ နိုင်ငံတော်အာဏာကို အများပြည်သူက ပဓာနထား ကိုးစားလာအောင် “လုံခြုံရေးသာ ပထမ” ဆိုတဲ့ ဇာတ်ကြောင်းပုံဖော်ချက်တွေကို လှုံ့ဆော်တာပဲ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလထဲမှာ ဒီရေစီးကြောင်းသုံးခုလုံး အရှိန်ရခဲ့ပါတယ်။ လူထုထောက်ခံမှုရတဲ့ ဒီမိုကရက်တွေကရော၊ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေကပါ သူတို့အပေါ်ဝေဖန်တာတွေ ပါးစပ်ပိတ်သွားအောင်၊ အကြမ်းမဖက် တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်နိုင်အောင် ကပ်ရောဂါကို အသုံးချခဲ့ကြတာပါ။ ထွန်းကားတိုးတက်လာတဲ့ နည်းပညာနဲ့ ကာကွယ်ရေးလုပ်ငန်းစု တွေဟာ ဒီကပ်ရောဂါကို အကြောင်းပြပြီး နိုင်ငံအစိုးရတွေကနေ ထောက်လှမ်းရေးနဲ့ ကန့်သတ် ချုပ်ချယ်မှုတွေကို လက်ကုန်ဇက်ကုန်လုပ်နိုင်အောင် ပံ့ပိုးခဲ့ကြပါတယ်။ နိုင်ငံအစိုးရတိုင်းက ဒီကပ်ရောဂါကို နိုင်ငံတော်လုံခြုံရေး အရေးပေါ်အခြေအနေလို့ ပုံဖော်ပြီး သူတို့ရဲ့ ခြေလွန်လက်လွန် ကန့်သတ်မှုတွေကို ဘောင်ဝင်အောင် လုပ်ခဲ့ကြပါတော့တယ်။
ဒါတင်မကပါဘူး။ ဒီ “လုံခြုံရေးလက်စွဲတော်ကျမ်း”ကို ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့လည်း သုံးလာကြပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ဤမြေမဟာ ဂြိုဟ်ကမ္ဘာကြီး ပျက်စီးယိုယွင်းလာတာကို ဥပဒေကြောင်းအရ တရားဝင်မှုရှိတဲ့ အရေးပေါ်အခြေအနေလို့ အစိုးရတွေက သုံးနှုန်းခေါ်ဝေါ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကို နှိမ်နင်း၊ သူတို့ရဲ့ အာဏာပါဝါကို ခြေကုပ်မြဲစေဖို့ လုပ်ဆောင်လာကြတာ သုတေသနတွေအရ တွေ့ရပါတယ်။ ဒီလို ဇာတ်ကြောင်းရှည်ကြီးကို တိုအောင်ချုပ်ပြောရရင်တော့ အရပ်ဘက်အခင်းအကျင်းဟာ ကန့်သတ်ချုပ်ချယ်ခံနေရပါပြီ။ အမြဲတမ်း လက်ညှိုးထိုးပြခံရတဲ့ အကြောင်းပြချက်ကတော့ လုံခြုံရေးပါတဲ့။
အရပ်ဘက်အခင်းအကျင်း တည်တံ့ခိုင်မြဲအောင် ဘယ်လိုကာကွယ်ကြမလဲ
ဗွေဆော်ဦးအနေနဲ့ ပထမဆုံးလုပ်ရမှာက စိတ်ဓာတ်နဲ့ နှလုံးသားတွေကို စည်းရုံးထားနိုင်ဖို့ပါ။ ဘယ်အရေးကိစ္စက အန္တရာယ်ကြုံနေပြီလို့ ပြည်သူတွေ ပိုနားလည်လာလေ၊ ပြည်သူတွေကိုရော မူဝါဒရေးရာ ဆုံးဖြတ်ခွင့်အာဏာရှိသူတွေကိုပါ ပိုပြီး အားကိုးလို့ ရလာမှာပါ။
အရပ်ဘက်အခင်းအကျင်းတွေ ကျုံ့ဝင်ပိတ်ဆို့သွားတာဟာ တက်ကြွလှုပ်ရှားမှု(activism) နဲ့သာ ဆိုင်တာမဟုတ်ပါဘူး။ အာဏာပိုင်ဝါဒ(authoritarianism) ရဲ့ လှိုင်းအထန် ရေအတက်မှာ ဒီမိုကရေစီ လှိုက်စားပွန်းပဲ့လာရတဲ့ ကျယ်ကျယ်ပြန့်ပြန့် ကမ္ဘာ့ရေစီးကြောင်းကြီးနဲ့လည်း ပတ်သက်ပါတယ်။ အမေရိကန်အခြေစိုက် ဖရီးဒမ်းဟောက်အဖွဲ့ကြီးက ၂၀၂၀ ပြည့်နှစ်ဟာ နိုင်ငံပေါင်းများစွာမှာ ဒီမိုကရေစီ လွတ်လပ်မှုတွေ ယုတ်လျော့လာခဲ့တာ ၁၄ နှစ်ဆက်တိုက် ဖြစ်နေခဲ့ပါပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ (မှတ်ချက် - ဖရီးဒမ်းဟောက်စ်က ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့လွတ်လပ်မှုတွေ ဆက်တိုက်ကျဆင်းလာခဲ့တဲ့ ၁၉ နှစ်မြောက် ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။)
ဆိုလိုတာက အရပ်ဘက်အခင်းအကျင်းတွေကို ခုခံကာကွယ်ရာမှာ - လွတ်လပ်စွာ ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်၊ စုဝေးခွင့်တွေမှာ နိုင်ငံတကာစံနှုန်းတွေနဲ့ညီအောင် အစိုးရတွေက ဥပဒေတွေ၊ မူဝါဒတွေ ချမှတ်ပေးရမယ်ဆိုတဲ့ ဥပဒေကြောင်းဆိုင်ရာ ကြိုးပမ်းရုန်းကန်မှုသက်သက်နဲ့ မပြီးပါဘူး။ ဥပဒေကြောင်းနဲ့ နိုင်ငံရေး နယ်ပယ်တွေကို ကျော်လွန်ပြီးကြည့်ရင် လူသားတွေကြား ညီညွတ်ပေါင်းစည်းစေတဲ့ လောကပါလတရားနဲ့တကွ မွေးရာပါ တန်ဖိုးထားမှုတွေကို ခံစားရရှိကြဖို့ အားလုံးဝိုင်းပြီး အရေးဆိုသင့်ပါတယ်။
လူတိုင်းက ကိုယ့်အခွင့်အရေးတွေကို ခံစားပိုင်ခွင့်ရှိတဲ့ အနာဂတ်ကို တကယ်ပဲ လိုချင်နေပြီဆိုရင် အရပ်ဘက်အခင်းအကျင်းဟာ “ပြည်သူ့ နိုးကြားပါဝင်မှုနဲ့ တက်ကြွလှုပ်ရှားမှုတို့ အသက်ဆက်ဖို့ အောက်ဆီဂျင်ဓာတ်ငွေ့သဖွယ်” လူတိုင်းအတွက် လိုအပ်တဲ့ အရင်းအမြစ်ပါလားဆိုတာ လူတွေ မြင်နိုင်စွမ်းရှိအောင် ဝိုင်းကူသင့်ပါတယ်။
အရပ်ဘက်လူ့အဖွဲ့အစည်းကို ဘယ်လို ပံ့ပိုးနေကြလဲ
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မြေပြင်က တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ရဲ့ ပြည်တွင်း အရပ်ဘက်အခင်းအကျင်းကို ခုခံကာကွယ်ဖို့နဲ့ ချဲ့ထွင်ဖို့ ကြိုးပမ်းနေကြတဲ့ ကျွမ်းကျင်ပုဂ္ဂိုလ်တွေပါပဲ။
သူတို့ကပဲ ယဉ်ကျေးမှုကိုထူထောင်ရင်း၊ ပူးပေါင်းဆောင်ရွက်ရင်း ရုံးပြင်ကနားလည်းရောက်၊ ရပ်ထဲရွာထဲလည်း ဝင်ပြီး မျှော်လင့်တောင့်တအပ်တဲ့ အနာဂတ်တစ်ခုကို မျိုးစေ့ချ စိုက်ပျိုးနေကြပါတယ်။ အဲဒီအနာဂတ်ဟာ အကြောက်ကို မျိုးစေ့ချ၊ ကွဲပြဲအောင် မှိုင်းတိုက်၊ အရပ်ဘက်အခင်းအကျင်းတွေကို ပိတ်ဆို့စေတဲ့၊ လုံခြုံရေးသာ ပဓာနဆိုတဲ့ ဇာတ်ကြောင်းပြောပုံဖော်မှုတွေနဲ့ လုံးဝဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ သူတို့ဟာ အိမ်နီးနားချင်းတွေ၊ မိတ်ဆွေတွေ၊ ရပ်ရွာတွေကို ဗဟိုပြုထားတဲ့ နည်းလမ်းသစ်တွေ၊ လူပီသမှုနဲ့ ကူညီစောင့်ရှောက်မှုတွေကို သိမြင်ခံစားနိုင်မယ့် လက်တွေ့နည်းနာတွေကို ဖော်ထုတ်နေကြတာပါ။
အရပ်ဘက်လူ့အဖွဲ့အစည်း ထွန်းကားနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ အခင်းအကျင်းတွေကို ဝိုင်းဝန်းဖန်တီး နေကြတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အစုအဖွဲ့နဲ့ ရပ်ရွာအသိုက်အဝန်းတွေ၊ တစ်နည်းအားဖြင့် အပြောင်းအလဲ အတွက် တာဝန်ခံပြီး ခေါင်းဆောင်လုပ်ကိုင်နေသူတွေအတွက် အရင်းအမြစ်တွေ ပံ့ပိုးရာမှာ၊ သူတို့နဲ့အတူ ရပ်တည်ရာမှာ Funds for Global Human Rights အဖွဲ့လည်း အပါအဝင် ဖြစ်ပါတယ်။
မူရင်းဆောင်းပါး - Fund 101: What Is Civic Space?
ဂျိမ်းစ်ဆဗေ့ချ် (James Savage) ဟာ Fund for Global Human Rights ရဲ့ လူ့အခွင့်အရေး ကာကွယ်သူများအတွက် ရေခံမြေခံကောင်းဖန်တီးရေး ပရိုဂရမ်ဒါရိုက်တာ ဖြစ်ပြီး၊ ကမ္ဘာအနှံ့က နိုင်ငံအဆင့် လူ့အခွင့်အရေး ကာကွယ်သူတွေအတွက် ပံ့ပိုးငွေချထားမှု၊ နည်းပညာကူညီမှု၊ အချက်အလက် ပြုစုလေ့လာမှုနဲ့ တိုက်တွန်းဆော်ဩမှုတွေကို လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ အရပ်ဘက်အခင်းအကျင်းတွေအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပြီး Peace Brigades International နဲ့ Amnesty International UK တို့မှာလည်း လုပ်ဆောင်ခဲ့ပါတယ်။
လစ်ဒီယာ ကိုကွမ် (Lydia Cocom) ဟာ ပရိုဂရမ်ရဲ့ အကြီးတန်းတွဲဖက်တစ်ဦးအဖြစ် လက်ရှိမှာ ဆောင်ရွက်နေပြီး လူ့အခွင့်အရေး၊ မူဝါဒရေးရာ၊ လုံခြုံရေးကဏ္ဍ၊ နိုင်ငံရေးသိပ္ပံစတဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။ သေဒဏ်ချမှတ်မှု အဆုံးသတ်ရေး ကတ်သိုလစ် လှုံ့ဆော်ရေးကွန်ရက်၊ ဂွါတီမာလာ လူ့အခွင့်အရေးကော်မရှင်တို့မှာ လုပ်ကိုင်ခဲ့ပါတယ်။




Comments