top of page

ဒီမိုကရေစီလှုပ်ရှားမှုနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု

၂၀၂၅ နိုဘယ်ငြိမ်းချမ်းရေးဆု ရွေးချယ်သူတွေရဲ့ ထုတ်ပြန်ချက်မှာ ဒီမိုကရေစီနဲ့ပတ်သက်လို့ ဘာတွေပါလဲ


၂၀၂၅ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ ပုံတူနဲ့ နိုဘယ်ဆုရွှေတံဆိပ်ပြား

နှစ်ကုန်ပိုင်းရောက်လာပြီဆိုရင် ဒီနှစ် ဘယ်သူတွေများ နိုဘယ်ငြိမ်းချမ်းရေးဆု ရမှာပါလိမ့်ဆိုတာ အမြဲ ရင်ခုန်စရာပါ။ အထူးသဖြင့် ပဋိပက္ခတွေ၊ အာဏာရှင်ဆန်သူတွေရဲ့ ဆုံးဖြတ်မှုတွေကြောင့် ပေါ်ပေါက်လာရတဲ့ ကသောင်းကနင်းတွေကြား အကျည်းတန်မှောင်မိုက်နေတဲ့ကာလထဲ နိုဘယ် ငြိမ်းချမ်းရေးဆုကို ဘယ်သူရမလဲဆိုတာ ပိုလို့တောင် စိတ်ဝင်စားဖို့ ကောင်းပါသေးတယ်။ ဒီနှစ် ဆုရပုဂ္ဂိုလ်ကတော့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုပါပဲ။ မြန်မာပရိသတ်တွေက သူ့ကိုတရင်းတနှီးရှိကြဖို့ မသေချာပါဘူး။ ဒါပေမဲ့ ဒီရွေးချယ်မှုဟာ သာမန်ထက် အများကြီးပိုတယ်။ ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီရဲ့ အရေးပါမှုကို နှိုးဆော်တာတွေ ပြန်မြင်တွေ့ရနိုင်တဲ့ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်တယ်လို့ CENCS က မျှော်လင့်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ... သူ့ကို ဘာကြောင့် ရွေးချယ်လိုက်တယ်ဆိုတဲ့ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ထိထိမိမိ အရသာရှိလှတဲ့ (အောက်မှာ ဘာသာပြန်ဆိုဖော်ပြထားတဲ့) ထုတ်ပြန်ချက်ကိုသာ ကိုယ်တိုင် ဖတ်ရှုတော်မူကြပါတော့။



နိုဘယ်ငြိမ်းချမ်းရေးဆု ၂၀၂၅ အတွက် တရားဝင် ထုတ်ပြန်ချက်

၁၀ အောက်တိုဘာ ၂၀၂၅


၂၀၂၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုသည် ငြိမ်းချမ်းရေးအတွက် ရဲရင့်စွာ၊ သန္နိဋ္ဌာန်ခိုင်မာစွာဖြင့် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်နေသူတစ်ဦးအတွက် ဖြစ်သည်။ ထိုသူကား အမှောင်ထုတို့ ကြီးစိုးနေသည့် ကြားမှ ဒီမိုကရေစီ မီးရှူးတန်ဆောင်ကို ဆက်ထွန်းညှိနိုင်ရန် ကြိုးပမ်းသူ အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။


"နော်ဝေနိုင်ငံ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ၂၀၂၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို မာရီယာ ကော်ရီနာ မာချာဒိုသို့ အပ်နှင်းရန် ဆုံးဖြတ်သည်။


နိုဘယ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးရရှိခဲ့ခြင်းမှာ ဗင်နီဇွဲလားပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများကို မြှင့်တင်ရန် မနေမနားအားထုတ်ကြိုးပမ်းမှု၊ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီသို့ တရားမျှတ၊ ငြိမ်းချမ်းစွာ ကူးပြောင်းရောက်ရှိရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဖြစ်သည်။"


ဗင်နီဇွဲလားနိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လျက်ရှိသော မာရီယာ ကော်ရီနာ မာချာဒိုသည် ပြီးခဲ့သည့်ကာလများအတွင်း လက်တင်အမေရိကတိုက်၌ နိုင်ငံသားပြည်သူတို့၏ သတ္တိဗျတ္တိကိုပြသသည့် တစ်မူထူးကဲသော စံနမူနာပင် ဖြစ်ပါသည်။


မစ္စ မာချာဒိုသည် တစ်ချိန်က သူတစ်လူငါတစ်မင်းဖြစ်ခဲ့သည့် နိုင်ငံ‌ရေးအတိုက်အခံအုပ်စုများအတွင်း လွတ်လပ်သော ရွေးကောက်ပွဲများနှင့် ကိုယ်စားပြုမှုရှိသောအစိုးရတို့ကို တောင်းဆိုခြင်းဟူသော ဘုံရပ်တည်ချက်ကို ရှာဖွေဖော်ထုတ်ကာ ညီညွတ်စေခဲ့သည့် အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မည်မျှ သဘောထားကွဲပြားကြသည်ဖြစ်စေ လူထုထောက်ခံသော အုပ်ချုပ်ရေးဟူသည့် စည်းမျဉ်းနှုန်းစံကို ကာကွယ်ရန် ကျွန်ုပ်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း လိုလားဆန္ဒ ရှိကြရခြင်းသည် ဒီမိုကရေစီ၏ နှလုံးသည်းပွတ်ပင် ဖြစ်သည်။ ဒီမိုကရေစီကို တိုက်ခိုက်ထိုးနှက်ကြချိန်၌ ထိုသို့သော ဘုံရပ်တည်ချက်ကို ခုခံကာကွယ်ရန်မှာ ယခင့်ယခင်ကထက် ပို၍အရေးကြီးလာပါသည်။


ဗင်နီဇွဲလားသည် အတန်အသင့် ဒီမိုကရေစီနည်းကျ၍ သာယာဝပြောသော တိုင်းပြည်တစ်ခုအဖြစ်မှ လူသားချင်းစာနာမှုနှင့် စီးပွားရေး အကျပ်အတည်းဆိုက်မှုဒဏ်ကို ပြင်းစွာခံစားရသည့်၊ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်အုပ်ချုပ်သည့် နိုင်ငံတစ်ခုအဖြစ်သို့ ကူးပြောင်းရောက်ရှိခဲ့သည်။ ဗင်နီဇွဲလား ပြည်သူအများစုမှာ ဆင်းရဲတွင်းနက်နက်၌ ရုန်းကန်ရှင်သန်နေရချိန်၌ ထိပ်သီးအချို့သာ ချမ်းသာပြီးရင်း ချမ်းသာနေကြသည်။ နိုင်ငံတော်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်သောယန္တရားများ ဦးတည်ရာကား နိုင်ငံ၏ တိုင်းသူပြည်သားများကိုယ်တိုင် ဖြစ်နေသည်။ ရှစ်သန်းခန့်ရှိသောပြည်သူများသည် တိုင်းပြည်ကိုစွန့်ခွာပြေးကြရသည်။ အတိုက်အခံများသည် ရွေးကောက်ပွဲ ကလိမ်ကျမှု၊ ဥပဒေကြောင်းဖြင့် စွပ်စွဲကွပ်မျက်မှု၊ ထောင်သွင်းအကျဉ်းချမှုအများဖြင့် စနစ်တကျ နှိပ်ကွပ်ခြင်းကို ခံကြရသည်။


ဗင်နီဇွဲလား၏ အာဏာရှင်ဆန်သောအုပ်ချုပ်သူများသည် နိုင်ငံရေးလုပ်ငန်းဆောင်တာတို့ကို အလွန်အမင်း ခဲယဉ်းရှုပ်ထွေးအောင် လုပ်ထားကြသည်။ ဆုမတဲ (Súmate) ဟူသည့် ဒီမိုကရေစီထွန်းကား‌ရေးအဖွဲ့ တစ်ခုကို ထူထောင်ခဲ့သည့် မစ္စမာချာဒိုသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး အတွက် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ မားမားမတ်မတ် လှုပ်ရှားခဲ့သည်။ “ကျည်ဆန်တွေအစား ဆန္ဒမဲတွေကို ရွေးချယ်လိုက်တာပါ” ဟု သူမ ပြောခဲ့ဖူးသည်။ နိုင်ငံရေးရာထူးတာဝန် ထမ်းဆောင်ရာ၌ဖြစ်စေ၊ အဖွဲ့အစည်း၏ အမှုတော်ကို ထမ်းရွက်ရာ၌ဖြစ်စေ မစ္စမာချာဒိုသည် တရားစီရင်ရေးစနစ်၏ အမှီအခိုကင်းမှု၊ လူ့အခွင့်အရေးနှင့် အများပြည်သူထောက်ခံသည့် ကိုယ်စားပြုမှုတို့အတွက် အစဉ်တစိုက် ရပ်တည်ပြောဆိုခဲ့သည်။ ဗင်နီဇွဲလား ပြည်သူများ၏ လွတ်လပ်မှုများအတွက် နှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက်ခဲ့သည်။


ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကျင်းပစဉ်အတွင်း ထိုသို့ အများစုပေါင်းညီညာ တွန်းလှန်ဆန့်ကျင်ရေး အားထုတ်မှုများမှာ ဆန်းသစ်တီထွင်မှုရှိ၍ ရဲရဲရင့်ရင့် ရှိသည်။ ငြိမ်းချမ်း၍ ဒီမိုကရေစီနည်းနှင့် ညီသည်။

၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ မစ္စမာချာဒိုသည် အတိုက်အခံအင်အားစုများဘက်မှ သမ္မတလောင်း အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။ သို့သော် အုပ်ချုပ်သူများက သူမကို သမ္မတဝင်ပြိုင်ခွင့်မပြုခဲ့။ ထိုအခါ သူမသည် အခြားပါတီတစ်ခုမှ ကိုယ်စားလှယ်ရွေးချယ်ခံထားရသည့် အက်ဒမွန်ဒို ဂွန်ဇာလက် ဥရုတီယာကို ရွေးကောက်ပွဲ၌ ကျောထောက်နောက်ခံ အားပေးခဲ့သည်။ နိုင်ငံရေးအင်အားစုအမျိုးမျိုးမှ သိန်းနှင့်ချီသည့် စေတနာ့ဝန်ထမ်းများက နိုးကြားစွာ ပါဝင်လှုပ်ရှားခဲ့ကြသည်။ ပွင့်လင်းမြင်သာမှုရှိပြီး တရားမျှတသော ရွေးကောက်ပွဲ ပေါ်ပေါက်ရေးအတွက် သူတို့အား ရွေးကောက်ပွဲစောင့်ကြည့်သူများအဖြစ် လေ့ကျင့်ပေး သည်။ နှောင့်ယှက်ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ရှိခဲ့သော်ငြား နိုင်ငံတဝန်းမှ ပြည်သူများသည် မဲရုံများကို စောင့်ကြည့်ခဲ့ကြသည်။ အုပ်ချုပ်သူများက ဆန္ဒမဲပြားများကို ဖျက်ဆီးပြီး မဲရလဒ်များကို လိမ်လည်ကြေညာမှုမပြုနိုင်မီကပင် နောက်ဆုံး မဲရလဒ်များကို ရေတွက်မှတ်တမ်းတင်နိုင်သည် အထိ သူတို့ ဆောင်ရွက်ခဲ့ကြသည်။


ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကျင်းပစဉ်အတွင်း ထိုသို့ အများစုပေါင်းညီညာ တွန်းလှန်ဆန့်ကျင်ရေး အားထုတ်မှုများမှာ ဆန်းသစ်တီထွင်မှုရှိ၍ ရဲရဲရင့်ရင့် ရှိသည်။ ငြိမ်းချမ်း၍ ဒီမိုကရေစီနည်းနှင့် ညီသည်။ တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲ နယ်မြေအသီးသီးမှ ကောက်ခံရရှိသည့် မဲအရေအတွက်များကို ပေါင်းစည်း၍ အတိုက်အခံများက ပြတ်ပြတ်သားသား အနိုင်ရကြောင်း ခေါင်းဆောင်သူများက ရလဒ်ထုတ်ပြန်သည့်အခါ အတိုက်အခံများအား နိုင်ငံတကာက ထောက်ခံအားပေး ခဲ့ကြသည်။ သို့သော် အုပ်ချုပ်သူအစိုးရသည် ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ငြင်းဆန်၍ အာဏာကိုသာ ဖက်တွယ်ထားခဲ့သည်။


ဒီမိုကရေစီသည်ကား ငြိမ်းချမ်းမှုတည်တံ့စေမည့် ကနဦးလိုအပ်သည့် အခင်းအကျင်းပင် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် အာဏာရှင်ဆန်သည့် အစိုးရအုပ်ချုပ်သူများက (ဒီမိုကရေစီ)စံနှုန်းများကို အာခံ၍ အကြမ်းဖက်မှုများကို အားကိုးအားထားပြုနေကြသော၊ ဒီမိုကရေစီ ဆုတ်ကပ်ဝင်နေသည့် ကမ္ဘာကြီးတွင် ရှင်သန်နေကြရသည်။ ဗင်နီဇွဲလား အုပ်ချုပ်သူအစိုးရ၏ အာဏာကို လက်မလွတ်တမ်း ကိုင်စွဲမှု၊ ပြည်သူများအပေါ် ဖိနှိပ်မှုတို့မှာ ကမ္ဘာပေါ်တွင် အထူးအဆန်း မဟုတ်ပါ။ ထိုသို့သော ဆင်တူရေစီးကြောင်း များကို တစ်ကမ္ဘာလုံးတွင် တွေ့နေရပါသည်။ အုပ်ချုပ်ခွင့်ရသူများက တရားဥပဒေ စိုးမိုးမှုကို အလွဲသုံးစား ပြုကြသည်။ မီဒီယာများကို နှုတ်ပိတ်ပစ်ကြသည်။ ဝေဖန်ပြောဆိုသူများကို ထောင်သွင်းအကျဉ်းချထားကြ သည်။ လူ့အဖွဲ့အစည်းများသည် အာဏာရှင်ဆန်သည့် အုပ်ချုပ်မှုများအောက် သို့မဟုတ် စစ်ဘောင်ချဲ့မှု အောက်သို့ မောင်းသွင်းခံနေရသည်။ ၂၀၂၄ ခုနှစ်တွင် ရွေးကောက်ပွဲများကို ယခင်ကထက် ပို၍ ကျင်းပခဲ့ကြပါ၏။ သို့သော် လွတ်လပ်၍ တရားမျှတမှုက နည်းသထက် နည်းခဲ့လေပြီ။


အာဏာရှင်ဆန်သူတို့က အာဏာကို ဆုပ်ကိုင်ထားချိန်တွင် လွတ်လပ်မှုကို သတ္တိရှိရှိဖြင့် ရပ်တည် တွန်းလှန်ကာ ခုခံကာကွယ်သူများကို အသိအမှတ်ပြုရန် မဖြစ်မနေ လိုအပ်ပါသည်။

နော်ဝေ နိုဘယ်ဆုရွေးချယ်ရေးကော်မတီသည် ဖိနှိပ်မှုတို့ကို အန်တုခဲ့သော၊ အကျဉ်းထောင်နံရံအတွင်းမှ၊ လမ်းများပေါ်မှ၊ ပြည်သူ့ရင်ပြင်များထံမှ လွတ်လပ်မှုအတွက် မျှော်လင့်ချက်တို့ကို သယ်ဆောင်ပေးခဲ့သော၊ ငြိမ်းချမ်းသော တော်လှန်မှုများဖြင့် ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည်ဟု လက်တွေ့လုပ်ဆောင်ပြသခဲ့သော သူရသတ္တိနှင့် ပြည့်စုံသည့် အမျိုးသမီးများ၊ အမျိုးသားများကို ၎င်းတို့၏ ရှည်ကြာသော သမိုင်းတစ်လျှောက် ၌ ဂုဏ်ပြုခဲ့ပါပြီ။ ပြီးခဲ့သည့်နှစ်မှစ၍ မစ္စ မာချာဒိုသည် မတတ်သာသည့်အဆုံး ပုန်းအောင်းကာ နေခဲ့ရ သည်။ သူ့အသက်ကိုပါ ခြိမ်းခြောက်မှုများ မည်သို့ရှိခဲ့စေကာမူ သူမသည် တိုင်းပြည်တွင်းမှာသာ ဆက်၍ နေခဲ့သည်။ ပြည်သူသန်းပေါင်းများစွာအတွက် စိတ်ခွန်အားတိုးဖွယ်ရာ ရွေးချယ်မှုတစ်ခုပင် ဖြစ်ပါ၏။


အာဏာရှင်ဆန်သူတို့က အာဏာကို ဆုပ်ကိုင်ထားချိန်တွင် လွတ်လပ်မှုကို သတ္တိရှိရှိဖြင့် ရပ်တည် တွန်းလှန်ကာ ခုခံကာကွယ်သူများကို အသိအမှတ်ပြုရန် မဖြစ်မနေ လိုအပ်ပါသည်။ ဒီမိုကရေစီသည် တိုးတိတ် နှုတ်ဆိတ်မသွားသည့် လူပုဂ္ဂိုလ်များအပေါ်တွင် မူတည်ပါ၏။ သေဘေးနှင့် မည်သို့ကြုံကြုံ ‌‌ရှေ့ဆက်တက်လှမ်းသည့် လူပုဂ္ဂိုလ်များအပေါ်တွင် မူတည်ပါ၏။ သူတစ်ပါး ပေးသနားသမျှဖြင့် မရရှိနိုင် သည့် လွတ်လပ်မှုကို စကားအရာ၊ သတ္တိအရာ၊ ခိုင်ကျည်သောစိတ်ဓာတ်အရာတို့ဖြင့် အမြဲတစေ ခုခံကာကွယ်နေဖို့ လိုအပ်ကြောင်း ကျွန်ုပ်တို့အား သတိပေးနေသည့် လူပုဂ္ဂိုလ်များအပေါ်တွင် မူတည်ပါ၏။


မာရီယာကော်ရီနာမာချာဒိုသည် အဲဖရက်ဒ်နိုဘယ်၏သေတမ်းစာ၌ ဖော်ပြခဲ့သော ငြိမ်းချမ်းရေးဆုရှင် တစ်ဦးအား ရွေးချယ်ရမည့် ဂုဏ်အင်္ဂါသုံးရပ်လုံးနှင့်ပင် ညီညွတ်ပါသည်။ သူမသည် နိုင်ငံတွင်းမှ အတိုက်အခံများကို စည်းလုံးစေခဲ့သည်။ ဗင်နီဇွဲလား လူ့အဖွဲ့အစည်း၏ စစ်ဘောင်ချဲ့မှုကို တွန်းလှန်ရာ၌ တွန့်ဆုတ်ဝေဝါးခြင်းမရှိ။ ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းထောက်ကူမှုများ၌ လည်း မမှိတ်မသုန် ရှိခဲ့သည်။


မာရီယာကော်ရီနာမာချာဒိုက ဒီမိုကရေစီကို ပုံ‌ဖော်ထုဆစ်ရမည့် ကိရိယာတန်ဆာပလာများသည် ငြိမ်းချမ်းရေးကို ပုံဖော်ထုဆစ်သော ကိရိယာတန်ဆာပလာများနှင့် အတူတူပင်ဖြစ်ကြောင်း ပြသခဲ့ပါပြီ။ မတူကွဲပြားသော အနာဂတ်တစ်ခုအတွက် မျှော်လင့်ချက်တို့သည် သူ့ထံတွင် ကိန်းအောင်းနေပါသည်။ ထိုအနာဂတ်သည်ကား တိုင်းသူပြည်သားတိုင်း၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးသော၊ ထိုပြည်သူပြည်သားတို့၏ အသံကို နာခံသော အနာဂတ်ပင် ဖြစ်လေသည်။ ထိုသို့သော အနာဂတ်ဝယ် ပြည်သူများသည် ငြိမ်းချမ်းရေးဖြင့် ရှင်သန်နေထိုင်နိုင်မည့် လွတ်လပ်မှုကို နောက်ဆုံး၌ ရရှိကြပါလိမ့်မည်။


ထုတ်ပြန်ချက်မူရင်း - Nobel Peace Prize 2025 - Press release - NobelPrize.org



ဒီထုတ်ပြန်ချက်ဟာ စကားလုံးအားဖြင့် အရသာရှိရုံတင် မကပါဘူး။ အနှစ်သာရအားဖြင့်လည်း မာရီယာကော်ရီနာမာချာဒိုလိုပဲ မြန်မာ့ဒီမိုက‌ရေစီရေးအတွက် ကြိုးပမ်းနေသူ တစ်ဦးချင်းအဖို့ လုပ်ရပ်တိုင်း၊ ကြိုးပမ်းအားထုတ်မှုတိုင်းဟာ ဒီမိုကရေစီ စံနှုန်းတွေဆီ ဦးတည်ဖို့ ပြန်နှိုးဆော်နိုင်၊ ခွန်အားပေးစွမ်း နိုင်ပါတယ်။


ဆုရွေးချယ်ရေးအဖွဲ့က သူ့ဆီကို ဖုန်းနဲ့ဆက်သွယ်အသိပေးချိန်မှာ သူဖြေဆိုခဲ့တဲ့ စကားအချို့ကို အောက်မှာ ကောက်နုတ်ဖော်ပြရင်းနဲ့ပဲ နိဂုံးချုပ်ပါရစေ။


ရိုဘင်ဟာဒီ - … ဒီဆုကို လက်ခံရရှိတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားသလဲရှင့်။


မာရီယာကော်ရီနာ မာချာဒို - ဗင်နီဇွဲလား လူ့အဖွဲ့အစည်းအတွက်တော့ အင်မတန်ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ အင်မတန် ရှည်လျားတဲ့ ခရီးကြီးကို ဖြတ်သန်းခဲ့ရတာပါ။ နှစ်ပေါင်းများစွာ ကျွန်မတို့ ဘယ်လောက် ကြိုးစားကြတယ်၊ ဘယ်လောက် ခက်ခဲတယ်၊ ဘယ်လောက် နာကျင်ပင်ပန်းပြီး ဖြစ်စဉ်တလျှောက် အထိအခိုက်တွေများတယ်ဆိုတာ ကမ္ဘာကြီးက အတော်ကြာတဲ့အထိ နားမလည်ခဲ့ဘူး။ ဗင်နီဇွဲလား ပြည်သူတွေကတော့ အင်မတန် ဇွဲကြီးပါတယ်။ နောက်ဆုံးမှာ ကျွန်မတို့နိုင်ငံအတွက် လွတ်လပ်မှုတွေရရှိဖို့၊ ဒေသတွင်းမှာ ငြိမ်းချမ်းမှုရှိလာဖို့ အင်မတန် နီးစပ်လာပြီလို့ ကျွန်မယုံကြည်ပါတယ်။ အရက်စက်ဆုံး ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်မတို့ လူ့အဖွဲ့အစည်းက အန်တုနိုင်ခဲ့ပြီး၊ ပြည်သူ့နည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ မမှိတ်မသုန် ရှေ့ဆက်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။


အခုဆို ဒီသက်ရောက်မှုတွေကြောင့် နောက်ဆုံးမှာ အောင်မြင်မှုရဖို့ ဘယ်လောက် အရေးပေါ် လိုအပ်နေတယ်ဆိုတာ ကမ္ဘာကြီးက နားလည်လာပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မ ပြောနေတာက ဗင်နီဇွဲလားနဲ့ လက်တင်အမေရိကဒေသအတွက်တင် မကပါဘူး။ ကျွန်မတို့ရဲ့ တမျှော်တခေါ် မြင်နေရတဲ့နေရာတွေမှာပါ ဧရာမ သက်ရောက်မှုကြီးတွေ ရှိလာလိမ့်မယ်။ ပြီးတော့ ကျွန်မတို့ မိုးကုပ်စက်ဝိုင်းကြီး တစ်ခုလုံးမှာရော၊ တစ်ကမ္ဘာလုံးမှာပါမကျန်ပေါ့။


ရိုဘင် - မမတို့ရဲ့ ဗင်နီဇွဲလား ပြည်သူတွေကရော ဒီသတင်းကို ဘယ်လိုတုံ့ပြန်မယ်ထင်လဲရှင့်။


မာရီယာ - ကျွန်မတို့က အမှောင်ဆုံး အချိန်တွေကို ရင်ဆိုင်ရင်း ရှင်သန်နေကြရတာဆိုတော့ အခုအချိန်မှာ ကျွန်မတို့ ဆက်ပြီး သန်မာကြံ့ခိုင်ဖို့လိုတယ်၊ စည်းလုံးညီညွတ်ဖို့လိုတယ်၊ မျက်ခြည်မပြတ်တမ်း အာရုံစူးစိုက်ဖို့ လိုတယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နောက်ဆုံးအချိန်မှာ တဟုန်ထိုးကြီးထွားလာမယ့် ဧရာမ မျှော်လင့်ချက်ကြီးတွေလည်း ရှိနေတာပေါ့ရှင်။


(တယ်လီဖုန်း ဆက်သွယ်ဖြေကြားချက် မူရင်း - María Corina Machado – Interview - NobelPrize.org)


အမှောင်ဆုံး အချိန်တွေကို ရင်ဆိုင်ရင်း ဆက်ပြီး သန်မာကြံ့ခိုင်၊ စည်းလုံးညီညွတ်၊ မျက်ခြည်မပြတ်တမ်း အာရုံစူးစိုက်နိုင်ကြပါစေကြောင်း...။


3 Comments


Guest
Oct 27, 2025

လူကောင်းတွေနိုင်ပါစေ

Like

Guest
Oct 14, 2025

အကျယ်တဝင့်သိပ်မရေးကြ ကျေးဇူး။

Like

Guest
Oct 14, 2025

မြန်မာဖြစ်ရပ်အချို့တွေနဲ့ တော်တော်ဆင်ပါတယ်။ သူတို့လည်း အတော်ရုန်းကန်ရဦးမယ်။ မာဒါဂက်စကာနိုင်ငံ သမ္မတကတော့ ပြေးလေပြီ။ စစ်တပ်က ဂျန်ဇက်တွေဘက်က ရပ်တယ်။ ဘယ်လောက်အံချီးဖွယ်ကောင်းပါလေ့။

Like
bottom of page