ကမ္ဘောဒီးယား NGO တွေရဲ့ ကျဆုံးခန်း
ကမ္ဘောဒီးယားမှာ နိုင်ငံတကာအလှူရှင်တွေ ခေါ်သွင်းလာခဲ့ကြတဲ့ NGO တွေဟာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရလဲ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာပြည်မှာ အရပ်ဘက်အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအခါ ဒေသတွင်းနိုင်ငံတခုဖြစ်တဲ့ ကမ္ဘောဒီးယားက အရပ်ဘက် အဖွဲ့အစည်းတွေရော ဘယ်လိုတွေ ကျော်လွှားဖြတ်သန်းနေကြလဲဆိုတာ အမြဲနားစွင့်ဖြစ်ခဲ့ပါတယ်။ မကြာခင်က The Diplomat မှာ တင်ဆက်ခဲ့တဲ့ ဆရာမ လူဝိစ်ကိုဗန်ထရီရဲ့ ဆောင်းပါးက ပူပူနွေးနွေး ကမ္ဘောဒီးယား NGO တွေရဲ့ အရေးကိစ္စကို ကောင်းကောင်း သုံးသပ်ထားပါတယ်။ CENCS ရဲ့ ပရိသတ်များလည်း ကိုယ့်ရပ်ရွာက အရပ်ဘက်အဖွဲ့အစည်းများရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ၊ ကြုံတွေ့ဖြတ်သန်းရမှုတွေနဲ့ ချိန်ထိုးတွေးတော၊ ငြင်းခုံနိုင်ကြဖို့ ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ရပါတယ်။
ပိုကြီးမားပြီး ပိုအရေးပါတဲ့ အမေးပုစ္ဆာတစ်ရပ်ကတော့ NGO တွေဟာ တကယ်ရော ကယ်ထိုက်ရဲ့လား ဆိုတာပါ။ ဒီအတွက် အဖြေက တည့်တိုးဖြစ်မှာတော့ မဟုတ်ပါဘူး။ NGO တွေဟာ အရပ်ဘက် လူမှုအဖွဲ့အစည်း ဂေဟစနစ်ကြီးရဲ့ ဗဟိုအချက်အချာ မဟုတ်ဘူးဆိုတာတော့ သတိရဖို့ လိုပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေ အစောပိုင်းကနေ ၂၀၁၀ ပြည့်လွန်နှစ်တွေ အစောပိုင်းအထိ အရှေ့တောင်အာရှမှာ အားမာန်အတက်ကြွဆုံး၊ ရန်ပုံငွေ ရက်ရက်ရောရောရပြီး အဟန့်အတားမဲ့ အရပ်ဘက်လူမှု ဂေဟစနစ်တစ်ခုကို ကမ္ဘောဒီးယားက လက်ခံထားခဲ့ပါတယ်။ အရင်ဝန်ကြီးချုပ် ဟွန်ဆန်ကဆို သူ့တိုင်းပြည်ဟာ “NGO တွေရဲ့ နိဗ္ဗာန်ဘုံ” လို့တောင် လူသိရှင်ကြား ရည်ညွှန်းခဲ့ဖူးပါတယ်။ NGO အဖြစ် အဖွဲ့ ၃,၄၅၀၊ တခြား အရပ်ဘက် အဖွဲ့အစည်းအဖြစ် ၂,၆၅၀ ဝန်းကျင် အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအဖြစ် မှတ်ပုံတင်ထားတဲ့ အဖွဲ့ပေါင်း ၆,၁၀၀ လောက် ဝေဆာထွန်းကားခဲ့တယ်။ တကမ္ဘာလုံးစံနှုန်းနဲ့တိုင်းရင် ရဝမ်ဒါပြီးရင် ကမ္ဘာပေါ်မှာ လူဦးရေနဲ့အချိုးအရ ဒုတိယအမြင့်ဆုံးဖြစ်ပြီး ဒီ NGO အရေအတွက်က အင်မတန် မြင့်မားနေတာပါ။
ဘေးအန္တရာယ်တွေ စုပြုံကျရောက်လာတဲ့နောက်တော့ ဒါတွေအားလုံးကို ပြောင်းလဲသွားခဲ့ပါပြီ။ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ကို ချောက်ချားစေခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲ နောက်ပိုင်း ပြည်သူ့အခင်းအကျင်းကို စနစ်တကျ ဖျက်ဆီးခြေမွှခဲ့ရာက NGO တွေ ကောင်းစားတဲ့ခေတ်ဟာ ကျဉ်းမြောင်းပိတ်ဆို့လာပါတယ်။ NGO တွေဟာ မောက်မာထောင်လွှားတဲ့ နိုင်ငံခြားတိုင်းပြည်တွေက ကျောထောက်နောက်ခံယူပြီး “ဆေးဆိုးပန်းရိုက်တော်လှန်ရေး” (colored revolution) တွေ ဖော်ဆောင်နေတာ ဆိုတဲ့ အမြင်နဲ့အတူ ကမ္ဘောဒီးယားအစိုးရဟာ တင်းကျပ်ပြီး အငြင်းပွားဖွယ်ရာဖြစ်တဲ့ အသင်းအပင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာ ဥပဒေတရပ်ကို ၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့တွေရဲ့ အစည်းအဝေးတွေကို စောင့်ကြည့်တာ၊ နှောင့်ယှက်တားဆီးတာ၊ လုပ်ငန်းဆောင်ရွက်ခွင့် ငြင်းဆန်တာ၊ တခြားဖိအားပေးနိုင်တဲ့ နည်းလမ်းတွေသုံးတာ စသဖြင့် ဒီနယ်ပယ်ကို ကန့်သတ်ချုပ်ချယ်နိုင်ဖို့ အခွန်စည်းကြပ်၊ တရားစွဲဆို၊ နိုင်ငံရေးဖိအားပေးတာတွေ စလုပ်လာခဲ့ပါတယ်။
NGO တွေဟာ သံသယကြီးပြီး ရက်စက်စိမ်းကားတဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖြတ်သန်းရတဲ့အပြင် ချောချောမွေ့မွေ့ မရှိတော့တဲ့ ဘဏ္ဍာငွေကြေး အခင်းအကျင်းကိုလည်း ရင်ဆိုင်လာရပါတယ်။ မကြာခင်ကဆို နိုင်ငံတကာ ဖွံ့ဖြိုးရေးနယ်ပယ်လောကမှာ စံချိန်တင် ရန်ပုံငွေကျဆင်းမှုကို ကြုံနေကြတာပါ။ အခုလို ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေကြား နိုင်ငံတကာဆက်ဆံရေးအတွက် သိသိသာသာပြန်စိစစ်နေချိန်မှာ ကမ္ဘောဒီးယားဟာ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းက ၂၀၂၉ ခုနှစ်မှာ ကျွတ်လွတ်တော့မှာဖြစ်လို့ ကမ္ဘာလုံးဆိုင်ရာ အစိုးရတွေရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေက သိသိသာသာ နည်းသွားမှာပါ။ ဒါတွေက ဒီအတိုင်းဆက်ဖြစ်ဖို့ပဲ ရှိပါတယ်။
ရန်ပုံငွေတွေ သိသိသာသာလျှော့လိုက်တာဟာ ကမ္ဘောဒီးယားနဲ့ အဲဒီက NGO တွေအတွက််တော့ ထိချက်ပြင်း ပါတယ်။ ကမ္ဘောဒီးယား NGO တွေ ရန်ပုံငွေအများဆုံးရခဲ့တဲ့ ၂၀၁၆ ခုနှစ်ကို ကျော်လွန်ခဲ့တာ ဆယ်နှစ်လောက် ရှိပါပြီ။ ကမ္ဘောဒီးယားက အရပ်ဘက်အဖွဲ့အစည်းတွေကြား မကြာခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအရ NGO တွေရဲ့ ၂၆ ရာခိုင်နှုန်းဟာ ၂၀၂၇ ရဲ့နောက်ပိုင်း ဘဏ္ဍာရေးအရ ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း ဖွင့်ဟခဲ့ကြပါတယ်။ NGO ငါးဖွဲ့မှာ တစ်ဖွဲ့ကပဲ နောက်ဆယ်စုနှစ်အထိ ဆက်လက်ရှင်သန်မယ်ဆိုတာ ကျိုးကြောင်းယုတ္တိမဲ့တော့ မဟုတ်ပါဘူး။
ဒီလိုဒုက္ခပေါင်းစုံကို တုံ့ပြန်နိုင်ဖို့အတွက် ကမ္ဘောဒီးယားက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဂေဟစနစ်ကို ပြန်ဒီဇိုင်းလုပ်ဖို့ ဆော်ဩတာတွေ ရှိခဲ့ပါတယ်။ ဒီဆော်ဩမှုတွေကို ဦးဆောင်တာက NGO တွေ လုပ်ငန်းအရ စုဖွဲ့ထားတဲ့ ကမ္ဘောဒီးယား ပူးပေါင်းညှိနှိုင်းရေး ကော်မတီ (CCC) ပါ။ အဓိက ပြောင်းလဲတိုးတက်မှုတွေပေါ်လာဖို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ လမ်းပြမြေပုံတစ်ခုကို CCC က ရေးဆွဲတင်ပြခဲ့ပါတယ်။ ထည့်စဉ်းစားသင့်တဲ့ ရွေးချယ်စရာတွေထဲမှာ
ပြည်တွင်း ပရဟိတ လှူဒါန်း ထည့်ဝင်ငွေတွေကို ပိုအားကိုးဖို့၊
NGO တွေကို လူမှုစီးပွားလုပ်ငန်းစု (social enterprise) တွေ ဒါမှမဟုတ် နည်းပညာ ထောက်ကူရေးဌာန (technical assistance office) တွေအဖြစ် ပြန်လည်ဖန်တီးပုံဖော်ဖို့၊
ဘဏ္ဍာငွေအမျိုးမျိုး ပေါင်းစပ် (blended finance) အသုံးပြုဖို့၊
ရင်းမြစ်နဲ့ အဖွဲ့အစည်း အခြေခံအဆောက်အဦတွေ မျှဝေသုံးစွဲမှု ပိုတိုးမြှင့်ဖို့၊ ဆန္ဒရှိရင် အဖွဲ့အစည်းတွေ ပေါင်းစပ်ပြီး ပြင်ဆင်ဖွဲ့စည်းကြဖို့
ဆိုတဲ့ နည်းတွေပါဝင်ပါတယ်။
တကယ်လို့သာ လိုက်နာခဲ့ရင် ဒီနည်းလမ်းတွေပေါင်းစပ်ပြီး သမားရိုးကျ NGO ပုံစံတွေထဲကနေ ကျစ်လျစ်တဲ့၊ ပြည်တွင်းဦးစီးဖော်ဆောင်မှုပေါ် အခြေခံတဲ့ အထူးတည်ဆောက်ပုံတွေဆီကို ကျကျနန ပြောင်းလဲနိုင်ခဲ့မှာပါ။
ဒါပေမဲ့ ဒါလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာ ဒီမှာ ရှင်းပြပါဦးမယ်။
ပထမအချက် - ပြည်တွင်း ပရဟိတ လှူဒါန်းထည့်ဝင်ငွေတွေကို CPP က တစ်ကိုယ်တော် လက်ခံနေသလို၊ ကုသိုလ်ရေး အလှူအတန်းတွေကလည်း ဘုရားကျောင်းကန်နဲ့ ဗုဒ္ဓဘာသာနဲ့ နှီးနွယ်ရာ အဖွဲ့အစည်းတွေဆီပဲ ရောက်ပါတယ်။ သူလိုကိုယ်လို ပြည်သူတွေက NGO တွေဆီ ပေးကမ်းလှူဒါန်းဖို့ သိပ်စိတ်မပါသလို၊ NGO တွေရဲ့ ရန်ပုံငွေမြှင့်တင်ရေးဟာ အမြစ်တွယ်ပြီးသား နိုင်ငံရေးပါတီတို့၊ ဘာသာရေးကိစ္စတို့နဲ့ ပြိုင်အလှူခံကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ မြင်ကြပါတယ်။
ပြည်တွင်းအလှူငွေရတဲ့ တစ်ခုတည်းသော ခြွင်းချက်ကတော့ လူချမ်းသာတွေဆီက အလှူငွေပမာဏကြီးကြီးမားမားကို ပိုင်ပိုင်နိုင်နိုင် လက်ခံရရှိနေတဲ့ ကမ္ဘောဒီးယား ကြက်ခြေနီအဖွဲ့ဖြစ်ပေမယ့် NGO တွေက အတုမယူ၊ အားမကျပါဘူး။ ဒီအဖွဲ့ဟာ ဘေးအန္တရာယ် ကာကွယ်ထူထောင်ရေးကို အထူးလုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယားက အကြီးဆုံး၊ အထင်ရှားဆုံး လူသားချင်း စာနာရေး အဖွဲ့ပါ။ ဒါပေမဲ့ အဖွဲ့ဥက္ကဋ္ဌက ဟွန်ဆန့်မယား ဘွန်ရန်နီဖြစ်ပြီး၊ မေးခွန်းထုတ်ချင်စရာ ဧရာမ အလှူငွေတွေ လက်ခံနေတာ ဖြစ်လေတော့ နိုင်ငံရေးနှီးနွှယ််မှု မကင်းပါဘူး။
ဘယ်တော့မဆို နိုင်ငံတကာ ပရဟိတ လှူဒါန်းကူညီရေးတွေဟာ တခါတလေ မဟုတ်ကဟုတ်ကတွေကို ရန်ပုံငွေပေးမိကြတာပဲလို့ ပရဟိတ ထိရောက်ရေးသမား (effective altruist) တိုင်းလိုလို ပြောကြပါတယ်။ စေတနာရည်ရွယ်ချက်ကောင်းရှိတဲ့ အလှူရှင်တွေဟာ ကြည့်ပျော်ရှုပျော်ရှိပြီး သဒ္ဓါပေါက်ချင်စရာ ပရောဂျက်တွေကို ပေးကမ်းကြပေမယ့် ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေတဲ့အဖွဲ့တွေကတော့ ရချင်မှ ရတာပါ။
ဒီတစ်ပတ်ထဲမှာပဲ ဩစတေးလျမှာ ရန်ပုံငွေရှာတာ အလွန်အောင်မြင်တဲ့ သမိုင်းကြောင်းလည်းရှိ၊ ကမ္ဘောဒီးယား NGO လည်းဖြစ်တဲ့ Sunrise Cambodia အဖွဲ့နဲ့ပတ်သက်လို့ သတင်းထဲမှာ ထပ်တွေ့ရပါတယ်။ သတင်းကတော့ Sunrise Cambodia အတွက် ရန်ပုံငွေရှာဖို့ ကုသိုလ်ဖြစ်အဖွဲ့အဖြစ်မှတ်ပုံတင်ထားတဲ့ ဩစတေးလျ-ကမ္ဘောဒီးယား ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဟောင်းကို ကလေးသူငယ်တွေအပေါ် မဖွယ်မရာပြုမှုမှတ်တမ်းတွေကို လက်ဝယ်တွေ့မှုနဲ့ တရားစွဲခံထားရာက သေဆုံးလျက် တွေ့ခဲ့ရပါတယ်တဲ့။ Sunrise Cambodia အတွက် ဘဏ္ဍာရေး အထောက်အပံ့တွေကတော့ ဆက်ရနေတုန်းပဲလို့ သတင်းတွေမှာ အစီရင်ခံကြပါတယ်။
ဒုတိယအချက် - များပြားလွန်းတဲ့ NGO လုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေအားလုံးကို ပြန်ပြီး သိမ်းကျုံး နေရာချထားပေးနိုင်မယ့် နည်းပညာထောက်ကူရေးဌာန ဒါမှမဟုတ် လူမှုစီးပွားလုပ်ငန်းစုတွေအဖြစ် ပြောင်းမယ်ဆိုရင်လည်း လက်ဆုပ်လက်ကိုင်ပြစရာ (ပြည်သူနဲ့ လူ့အသိုင်းအဝိုင်းထဲမှာ) လိုအပ်တောင့်တမှု မရှိပါဘူး။ ဒီနေ့ထက်ထိလည်း NGO တွေကို အဲသလိုပုံစံတွေအဖြစ် အဓိပ္ပာယ်ရှိရှိ ပြောင်းလဲနိုင်ခဲ့တဲ့ သာဓကဆောင်စရာ ဖြစ်စဉ်ဖြစ်ရပ်မျိုး မရှိသေးပါဘူး။
တတိယအချက် - ဘဏ္ဍာငွေအမျိုးမျိုး ပေါင်းစပ်သုံးတာဟာ စိုက်ပျိုးရေး၊ ရေအသုံးပြုမှု၊ မိလ္လာစနစ်နဲ့ တ်ကိုယ်ရေသန့်ရှင်းမှုလို ကိစ္စတွေလုပ်ဆောင်နေရတဲ့ အဖွဲ့ကြီးတွေလို NGO အမျိုးအစားတချို့အတွက် သူမတူအောင် ကောင်းပါတယ်။ ဒါပေမဲ့ လူမှုဖူလုံရေး၊ လူ့အခွင့်အရေးနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့လို ကိစ္စတွေ လုပ်နေကြတဲ့ သေးသေးမွှားမွှား အောက်ခြေအဖွဲ့အစည်း၊ NGO တွေအတွက်တော့ သိပ်မဆီလျော်ပါဘူး။ ဒီလို ဦးစားပေးအရေးကိစ္စတွေနဲ့ ဘဏ္ဍာရေးအမြတ်အစွန်းမျှော်လင့်ချက်ဟာ လားလားမှ မဆိုင်ပါဘူး။
စတုတ္ထအချက် - ရင်းမြစ်တွေ မျှသုံးကြမယ်ဆိုတာ ချီးမွမ်းချင်စရာဖြစ်ပေမယ့် ဥုံဖွဆိုပြီး ရန်ပုံငွေတွေ ပေါ်လာစရာ မရှိပါဘူး။ အဖွဲ့အစည်းချင်း စနစ်တကျ ပေါင်းစပ်ဖြစ်လိုက်တာမျိုးအတွက် ပြည်တွင်း NGO တွေဟာ ဆုံးဖြတ်ချက်နဲ့ မဟာဗျူဟာမြောက် လုပ်ကိုင်နိုင်ဖို့ အလားအလာနည်းသလို ကမ္ဘောဒီးယားမှာ အဲသလို အဖွဲ့ချင်းပေါင်းစပ်ထားတဲ့ ဥပမာပြစရာ လုံးဝ ရှိမနေတာပါ။ စာရေးသူအပါအဝင် တချို့ကတော့ ပြည်တွင်းအဖွဲ့တွေအတွက် နည်းပေးလမ်းပြအနေနဲ့ (အထက်က အကြံပြုချက်တွေကိုပေးတဲ့) CCC နဲ့ ကမ္ဘောဒီးယား NGO ဖိုရမ်တို့ကို ပေါင်းစပ်တာကို မြင်ချင်လှပါတယ်။
ဒါပေမဲ့ ဒီလိုပေါင်းစပ်ဖို့ဆိုတာ ဥပဒေရေးရာ အကြံဉာဏ်တွေ၊ အဖွဲ့အစည်း စီမံအုပ်ချုပ်မှုနဲ့ ဖွဲ့စည်းမှုဆိုင်ရာ၊ လူသားရင်းမြစ် စီမံခန့်ခွဲမှုနဲ့ အပြောင်းအလဲ စီမံခန့်ခွဲမှုဆိုင်ရာ၊ တခြားဟာတွေထက် ပိုအရေးကြီးတာက လုပ်ငန်း အကောင်အထည်ဖော်ရေး အကြံဉာဏ်တွေအပါအဝင် ရေရှည်တည်တံ့တဲ့ ထောက်ပံ့အားပေးမှုတွေ မြင့်မြင့်မားမား ရရှိနေဖို့ လိုအပ်ပါတယ်။ အဖွဲ့ချင်းပေါင်းဖို့ အလားအလာတွေက ပိုလက်တွေ့ကျလာတဲ့အခါ အဲသလို ပူးပေါင်းရေးကိစ္စတွေမှာ နိုင်ငံတကာ NGO တွေနဲ့ တခြားအလှူရှင်တွေက ပြည်တွင်း NGO တွေကို ထောက်ပံ့အားပေးချင်စိတ် ရှိ မရှိဆိုတာကလည်း မရေရာလှပါဘူး။ ဟုတ်ပါတယ်။ နိုင်ငံတကာ NGO တွေကတော့ သူ့အတိုင်းအတာနဲ့သူ ထိရောက်မှုဆန်းစစ်၊ ဟာကွက်လျှော့ချတာတွေကို လုပ်နိုင်၊ လုပ်ခဲ့တာတွေ ရှိတာပေါ့။
ဥပမာအားဖြင့် - ဒေသတွင်းအဆင့်မှာ Oxfam နဲ့ ActionAid တို့က စီမံအုပ်ချုပ်ရေးကိစ္စတွေမှာ ပေါင်းစည်းဆောင်ရွက်ကြတာမျိုး၊ (Lutheran World Relief နဲ့ IMA World Health တို့ ပေါင်းပြီး) Corus Internation ဆိုတဲ့အဖွဲ့ကြီး ထူထောင်လိုက်သလိုမျိုး၊ (ဗြိတိသျှ လူသားချင်းစာနာရေးအဖွဲ့) Merlin က Save the Children အဖွဲ့ထဲ ပေါင်းဝင်လိုက်သလိုမျိုးတွေက ထည့်တွေးစရာပေါ့။ ဒါပေမဲ့ ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အဖွဲ့တွေကတော့ ဒီနည်းလမ်းတွေဟာ မြင်လည်းမမြင်သာသလို၊ ဘယ်လိုမှ တွေးကြည့်လို့ရတဲ့ ကိစ္စတွေလည်း မဟုတ်ပါဘူး။
အများစုအတွက်ကတော့ ပေါင်းဖွဲ့လိုက်ရတယ်ဆိုတာ သေဆုံးချုပ်ငြိမ်းမှုနဲ့ ဆွေမျိုးနီးစပ်ပါတယ်။ သေချာတာက NGO တွေဟာ ထူထောင်သူ၊ ဦးဆောင်သူတွေအတွက် ဝင်ငွေနဲ့ ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးနိုင်တဲ့အတွက် အဖွဲ့ချင်း ပေါင်းစပ်တာဟာ မကောင်းဆိုးဝါးလိုပါပဲ။
ပိုကြီးမားပြီး ပိုအရေးပါတဲ့ အမေးပုစ္ဆာတစ်ရပ်ကတော့ NGO တွေဟာ တကယ်ရော ကယ်ထိုက်ရဲ့လား ဆိုတာပါ။ ဒီအတွက် အဖြေက တည့်တိုးဖြစ်မှာတော့ မဟုတ်ပါဘူး။ NGO တွေဟာ အရပ်ဘက် လူမှုအဖွဲ့အစည်း ဂေဟစနစ်ကြီးရဲ့ ဗဟိုအချက်အချာ မဟုတ်ဘူးဆိုတာတော့ သတိရဖို့ လိုပါတယ်။ NGO တွေကို နိုင်ငံတကာ အလှူရှင်တွေက တင်သွင်းလာပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပုံဖော်ထားကြတာပါ။ NGO တွေရဲ့ သမိုင်းကြောင်းက တိုတောင်းသလို၊ သူတို့ဟာ ကမ္ဘောဒီးယားရဲ့ တိုင်းရင်းဖြစ်တွေ မဟုတ်ကြပါဘူး။
ကမ္ဘောဒီးယားမှာ အနောက်ကမ္ဘာစတိုင် အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ လုပ်ဆောင်ပုံချင်းတူတာဆိုလို့ သပွတ်အူလိုက်နေတဲ့ စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံရေးကွန်ရက်တွေရယ်၊ ကမ္ဘောဒီးယား လူ့အဖွဲ့အစည်း တစ်ခုလုံးကို လွှမ်းမိုးနေတဲ့ ရှုပ်ထွေးလှတဲ့ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေးရယ်ပဲ ရှိပါတယ်။ NGO တွေဟာ ပြည်တွင်းစုဖွဲ့မှုပုံစံတွေကို အားသာလာအောင်၊ အားကောင်းလာအောင် လုပ်ပေးမယ့်အစား ခွေးလှေးပျား တောအနှံ့ ဖြစ်လာတာပါ။ ရပ်ရွာလူ့အသိုင်းအဝိုင်းထဲက လူတွေကလည်း NGO တွေဟာ သူတို့ကို ကိုယ်စားပြုနိုင်စွမ်းရှိတယ်လို့ ယူဆချင်ပုံ မရပါဘူး။
NGO တွေ အလေးထားတဲ့ထဲမှာ နိုင်ငံတကာ အလှူရှင်တွေနဲ့ ကမ္ဘောဒီးယား အစိုးရတို့လို့ ပါဝါကြီးတဲ့သူတွေက ဦးစားပေးပါ။ ပြီးတော့မှ သူတို့ အကျိုးတော်ဆောင်နေတဲ့ ရပ်ရွာပြည်သူတွေကို အနည်းအကျဉ်းလောက် အလေးပေးတာပါ။ ဒီတော့ လူမှုဝန်းကျင် အပြောင်းအလဲတွေမှာ သူတို့နည်းသူတို့ဟန်နဲ့ ပြုပင်ပြောင်းလဲနိုင်စွမ်း နည်းပါးလှပါတယ်။
ဒါပေမဲ့ မရှိမဖြစ်လိုအပ်တယ်လို့ မှတ်ယူနိုင်တဲ့ NGO တချို့လည်း ရှိပါတယ်။ Licadho၊ Equitable Cambodia၊ ဒါမှမဟုတ် COMFREL တို့လို လူ့အခွင့်အရေးနဲ့ တိုက်တွန်းနှိုးဆော်ရေး NGO တွေဟာ ပြည်တွင်း ပရဟိတ လှူဒါန်းထည့်ဝင်ငွေ ဒါမှမဟုတ် ကမ္ဘောဒီးယားအစိုးရရဲ့ ထောက်ပံ့ကြေးတွေနဲ့ လုံလောက်တဲ့ ဘဏ္ဍာငွေ မရဖို့က များနေတဲ့အတွက် နိုင်ငံတကာ အလှူရှင်တွေက ဦးစားပေး ဂရုစိုက်သင့်ကြပါတယ်။
NGO တွေ အလုံးအရင်းနဲ့ ပြိုကျသွားမယ်ဆိုတာ လုံးဝ ဖြစ်နိုင်ပါတယ်။ လက်တို့ပြောနေကြတဲ့ အကြံပြုချက်က NGO ပေါင်း ၃,၄၅၀ ထဲက အများစုဟာ ဆက်ပြီး အလုပ်မလုပ်ကြတော့ပေမယ့် သူတို့ကိုယ်သူတို့ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခွင့်မရှိသလို၊ ပယ်ဖျက်ပစ်ဖို့လည်း မလိုလားကြဘူးတဲ့။ ဒါကြောင့် NGO တွေ ပြိုလဲသွားတာ များသောအားဖြင့် မြင်သာထင်သာ ရှိမှာမဟုတ်ပါဘူး။ ကမ္ဘောဒီးယား အစိုးရက NGO တွေ မှတ်ပုံတင် ပယ်ဖျက်ရခက်အောင် လုပ်ထားပုံက ဘာတွေလုပ်ရမယ်ဆိုပြီး ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းမထားတာပဲ ဖြစ်ပါတယ်။
ပြီးတော့ NGO တွေ အရေအတွက်အများကြီးကို လက်ညှိုးထိုးပြပြီး အရပ်ဘက်အဖွဲ့အစည်းတွေကို အားပေးပါတယ်၊ ရေခံမြေခံကောင်းတွေ ရှိပါတယ်လို့ သက်သေပြချင်တဲ့ အစိုးရရဲ့ ရည်ရွယ်ချက်နဲ့လည်း အံကိုက် ဖြစ်နေတာကိုး။ ဒါဟာလည်း နောက်ထပ် အရပ်ဘက် အဖွဲ့အစည်းတွေကိုချေမှုန်းတဲ့အပေါ် ဝေဖန်လာကြရင် တန်ပြန်ကာကွယ်နိုင်ဖို့ သုံးနိုင်တဲ့ နည်းတစ်ခုပါပဲ။
ဒါဖြင့် ဘယ်လို မျှော်လင့်ရမှာလဲ။ ဘာလုပ်ရမှာလဲ။ အနာဂတ်ဟာ မှုန်ပြပြသာရှိပြီး ပြောင်းလဲရပ်တည်ဖို့ လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ CPP ကတော့ ဒီလိုအခြေအနေတွေအတွက် အောင်မြင်တဲ့ မဟာဗျူဟာတွေကို ရေးဆွဲခဲ့ဖူးသလို စမ်းသပ်ခဲ့ဖူးပြီးသားပါ။ အလုပ်သမားသမဂ္ဂတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေကို သပ်လျှိုဖြိုခွင်းပြီး အဲဒီနေရာတွေမှာ အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ အင်စတီကျူးရှင်းတွေနဲ့ အစားထိုးခဲ့ပါတယ်။ အဲဒီ လက်စွဲကျမ်းအတိုင်းသာ ဆက်လုပ်ရင်တော့ အစိုးရက ဖွဲ့ပေးထားတဲ့ NGO (တ်နည်းအားဖြင့် GONGO) တွေ ကမ္ဘောဒီးယားမှာ ဆက်ပေါ်လာတော့မှာပါ။
ဒီလိုအခြေအနေမှာ ကမ္ဘောဒီးယားက NGO တွေအတွက် လက်တွေ့ကျတဲ့ လမ်းပြမြေပုံကတော့ NGO တွေရဲ့ ကျဆုံးခန်းကို သေချာတွက်ချက်ပြီး အကျိုးသင့်အကြောင်းသင့် လက်ခံကြဖို့ပဲ ဖြစ်ပါတယ်။ အလုပ်သမား သမဂ္ဂတွေနဲ့ မီဒီယာအေဂျင်စီတွေရဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူကြရမှာပါ။ လိုအပ်ရင် (ကိုယ့်အခန်းကဏ္ဍကို) GONGO တွေလက်ထဲ လွှဲအပ်လိုက်ပြီး သူတို့နဲ့ ပေါင်းလုပ်ဖို့၊ သူတို့ ပိုအားကောင်းလာဖို့ အခွင့်အလမ်းတွေကို ရှာရနိုင်ပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲမှာ NGO တွေ စုဆောင်းထားခဲ့တဲ့ အသိပညာတွေကို (အဲသလို တတ်သိနားလည်မှုရှိတဲ့ လူသားရင်းမြစ်တွေနဲ့တကွ) အသစ်ပေါ်လာတဲ့ GONGO တွေလက်ထဲ လက်ဆင့်ကမ်းပေးဖို့ လုပ်ရတော့မှာပါ။
နောက်ဆုံးအနေနဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေနဲ့ ဆက်နွှယ်နေတဲ့ ဒါမှမဟုတ် ရပ်ရွာအခြေပြု အင်စတီကျူးရှင်းတွေအပါအဝင် ရပ်ရွာအသိုင်းအဝိုင်းအခြေပြု စောင့်ရှောက်မှုကို အထူးအလေးပေးကြတဲ့ ရှေးမူရှေးဟန် အရပ်ဘက်လူ့အဖွဲ့အစည်းတွေဘက် ပြန်လှည့်ဖို့ လိုအပ်နိုင်ပါတယ်။ အထူးသဖြင့် NGO တွေ ကိုင်တွယ်သုံးစွဲနေတဲ့ ပိုင်ဆိုင်မှုတွေနဲ့ တခြား ရင်းမြစ်လက်ကျန်တွေကို ကျေးလက်ဒေသ အခြေစိုက် ရပ်ရွာအသိုက်အဝန်းအခြေပြု အဖွဲ့ငယ်လေးတွေလက်ထဲ စနစ်တကျ လွှဲအပ်ဖို့လည်း ထည့်စဉ်းစားနိုင်ပါတယ်။ အဲသလို ရပ်ရွာအဆင့် အဖွဲ့အစည်းလေးတွေဟာ တစ်နိုင်ငံလုံးမှာ ၂၅,၀၀၀ ကျော်လောက် ရှိတယ်လို့ အစီရင်ခံကြတဲ့အတွက် ကမ္ဘောဒီးယားပြည်သူ ၇၂၄ ယောက်တိုင်းမှာ တစ်ဖွဲ့နှုန်း ဖြစ်နေပါတယ်။ ဒီနှုန်းနဲ့ဆိုရင်တော့ ကမ္ဘောဒီးယားက အိမ်ထောင်စုတွေ၊ ရပ်ထဲရွာထဲက လူတွေအတွက် အင်မတန်လိုအပ်နေတဲ့ ကွန်ရက်ချိတ်ဆက် ကူညီပံ့ပိုးတဲ့လုပ်ငန်းတွေကို လုံလုံလောက်လောက် လုပ်ပေးနိုင်မယ့်ပုံ ရှိကြောင်းပါ။
မူရင်းဆောင်းပါး - Cambodia’s NGO Sector Is Collapsing. Does It Matter?
မူရင်းဆောင်းပါးရှင် - လူးဝိစ်ကိုဗန်ထရီ (Louise Coventry) ဟာ နိုင်ငံတကာဖွံ့ဖြိုးရေး အတိုင်ပင်ခံ
ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဆရာမဟာ ကမ္ဘောဒီးယား NGO တွေအရေးအတွက် ၂၀၀၈ ခုနှစ်ကတည်းက အားပေးထောက်ခံခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ပါရဂူဘွဲ့ကြိုသုတေသနမှာ ကမ္ဘောဒီးယား NGO တွေရဲ့ စီမံအုပ်ချုပ်မှုတွေကို လေ့လာဆန်းစစ်ခဲ့ပါတယ်။ သူ့ကို “ပုတ်သင်ညိုလို အရောင်ပြောင်းနေတဲ့ စီမံအုပ်ချုပ်မှု” စကားရပ်နဲ့ တွဲသိနေကြပြီး၊ ဒီစကားဟာ ကမ္ဘောဒီးယားရဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံရေးနဲ့ လူမှုဘဝအခင်းအကျင်းက အရှုပ်အထွေးတွေကြား ဖြတ်သန်းနိုင်ဖို့၊ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ NGO တွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံကို ရည်ညွှန်းတာဖြစ်ပါတယ်။





Comments