ဒရုန်း၊ ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ဩဇာလွှမ်းမိုးသူတွေ
- ခူးဂလယ်

- 4 days ago
- 2 min read
ဒရုန်းတိုက်ခိုက်မှု၊ လူသားချင်း စာနာမှုအကူအညီတွေရဲ့ ပုံရိပ်ကိုဖျက်ဆီးမှု၊ ကူညီပံ့ပိုးသူတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေက ဘယ်လိုရိုက်ခတ်မလဲ။

လေကြောင်းဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်နိုင်မှုဟာ မြန်မာတစ်နိုင်ငံတည်းပဲ မဟုတ်ပါဘူး။ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့အရပ်ဒေသအသီးသီးမှာ ပုံသဏ္ဌာန်ကွဲ တစ်မျိုးစီနဲ့ ရှိနေတာပါ။ ကူညီပံ့ပိုးမှု လုပ်ဆောင်သူတွေအတွက် ဒီလိုပျံသန်းနေတဲ့ ဒရုန်းတွေသာမက ဖမ်းဆီးထိန်းသိမ်းခံရတာ၊ လူသားချင်းစာနာမှု အကူအညီတွေရဲ့ ထိရောက်မှု၊ အကျိုးဆက်တွေနဲ့ပတ်သက်လို့ ဇာတ်ကြောင်းပုံဖော် ထိုးနှက်တာတွေဟာလည်း ပိုပြီး ခေတ်စားလာနေပါတယ်။ ဒီအကျိုးဆက်ကို ၂၀၂၆ မှာ ဆက်ရင်ဆိုင်ကြရမှာပါ။ “စောင့်ကြည့်စရာ ကူညီပံ့ပိုးရေးမူဝါဒ အလားအလာ” ဆောင်းပါးမှာ အနှစ်ချုပ်တင်ဆက်ခဲ့တဲ့ ဒီရေစီးကြောင်းကို စာဖတ်သူတွေ အလွယ်တကူဖတ်ရှုနိုင်ဖို့ မျှဝေတင်ပြလိုက်ရပါတယ်။
ကူညီပံ့ပိုးရေးလုပ်သားတွေရဲ့ လုံခြုံမှုအချက်အလက်ဘဏ် (Aid Worker Security Database) က ၂၀၂၅ ခုနှစ်အတွင်း မြန်မာနဲ့ယီမင်က အစ၊ တောင်ဆူဒန်နဲ့ ဘာကီနာဖာဆိုအဆုံး၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကူညီပံ့ပိုးရေးလှုပ်ရှားသူ ၁၆၅ ဦးရှိတယ်လို့ ဆိုပါတယ်။
လက်နက်တွေနဲ့ စစ်နည်းဗျူဟာတွေဟာ အပြောင်းအလဲမြန်ဆန်ပြီး ရှုပ်ထွေးသထက် ရှုပ်ထွေးလာပါတယ်။ ဒီအခြေအနေမှာ ကူညီပံ့ပိုးရေးလုပ်နေသူတွေဖို့ ဘေး အန္တရာယ်က ပိုများလာနေပါတယ်။ လူသားချင်း စာနာရေးဆောင်ရွက်သူတွေဟာ ရှေ့ဆက်ကြုံရမယ့် အခြေအနေတွေအတွက် အသင့်ပြင်ဆင်ပြီးသား ဖြစ်ကြရဲ့လား။
ဘာကြောင့် ဒီကိစ္စကို စောင့်ကြည့်ရသလဲ
လက်ဘနွန်က ဆေးပေးခန်းအပြင်မှာ ပေါက်ကွဲခဲ့တဲ့ အစ္စရေးလေကြောင်း တိုက်ခိုက်မှုအစ၊ ဆူဒန်နယ်စပ် ချတ်ဒ်နယ်မြေမှာ ရွှေ့ပြောင်းအခြေချလာသူတွေဖို့ အဓိကကျတဲ့ လူသားချင်း စာနာရေးလုပ်ကိုင်ဆောင်ရွက်မှုတွေ ရပ်တန့်သွားစေတဲ့ တိုက်ခိုက်မှုတွေအဆုံး စစ်တပ်နဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အဆမတန် ပွားများလာပါတယ်။
အရပ်သားပြည်သူတွေ အန္တရာယ်ကြုံရနိုင်ခြေ သိသိသာသာကြီးမားလာတာ မီးမောင်းထိုးပြနေရတဲ့ တချိန်တည်းမှာ ကူညီပံ့ပိုးရေးလုပ်ကိုင်သူတွေကြား ဝေခွဲမရဖြစ်လာကြပါတယ်။ ဒရုန်းတိုက်ခိုက်မှုကြောင့် ကူညီပံ့ပိုးမှုတွေ ရပ်တန့်လိုက်ရတာ လေးဆတိုးလာတယ်လို့ The New Humanitarian မှာ သုံးသပ်ထားပါတယ်။ ဆူဒန်ရဲ့ တချို့ဒေသတွေမှာ NGO လုပ်ငန်းတွေရပ်ပစ်ရတဲ့အကြောင်းရင်း ၇၀ ရာခိုင်နှုန်းဟာ ဒရုန်းတိုက်ခိုက်မှုကြောင့်ပါ။ ထောက်လှမ်းရေးကြောင့်လည်း အန္တရာယ်ပိုကြီးလာပါတယ်။ ဒရုန်းတွေသုံးပြီး ကူညီပံ့ပိုးရေး လုပ်ငန်းတွေ၊ အထောက်အပံ့ယူတဲ့ ရပ်ရွာနေပြည်သူတွေကို စောင့်ကြည့်တာတွေ ရှိပါတယ်။
ဒီအခြေအနေမှာ လူသားချင်းစာနာရေးလုပ်ငန်းတွေက အလိုက်အထိုက် ကာကွယ်နိုင်ဖို့ ခက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လက်နက်တပ်ဆင်ထားတဲ့ဒရုန်းတွေကို ကာကွယ်ဖို့ အခြေခံလုံခြုံရေးလမ်းညွှန်ချက်တွေကို Insecurity Insight က ဖော်ပြခဲ့ပါတယ်။ ဒီလမ်းညွှန်ချက်ထဲမှာ အကောက်အယူလွဲနေကျကိစ္စတစ်ခုကိုလည်း ပြင်ဆင်ချက် ထည့်ခဲ့ရပါတယ်။ အဲဒါကတော့ “ယောဂဖျာနဲ့ ကာလို့မရဘူး” (မြန်မာစကားပုံ - မိုးကြိုးပစ်ရာ ထန်းလက်နဲ့ ကာလို့မရ) ဆိုတာပါ။ တချို့ ကူညီပံ့ပိုးရေးဆောင်ရွက်သူတွေက ဒရုန်းရန်ကာကွယ်ဖို့ ရေဒီယိုလှိုင်းဂျမ်မာတွေ စမ်းသုံးခဲ့ကြပေမယ့် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ပြီး “ဒရုန်းဘေး ကာကွယ်ဟန့်တားစက်တွေကို စစ်သုံး အီလက်ထရွန်နစ်ပစ္စည်းတွေအဖြစ် ယူဆသွားနိုင်တယ်” လို့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ INSO က ဆိုခဲ့ပါတယ်။
AI နဲ့ အလိုအလျောက် လက်နက်စနစ်တွေ၊ ပိုရှုပ်ထွေးတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ရှိနေချိန်မှာ နည်းပညာပေါ် တည်မှီတဲ့ ခြိမ်းခြောက်မှုတွေ ရှေ့ဆက်ကြုံရန်နိုင်တဲ့ နိမိတ်လက္ခဏာလို့ လုံခြုံရေးကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ လုံခြုံရေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းရေး ကွန်ရက် GISF က “ဒီ(ကူညီပံ့ပိုးရေး)ကဏ္ဍဟာ ဒရုန်းတွေကို ပိုကျယ်ပြန့်တဲ့ နည်းပညာပြောင်းလဲမှု ပထမလှိုင်းအဖြစ် ရှုမြင်ပြီး ဖြေရှင်းရမယ်” လို့ သတိပေးပါတယ်။
တချိန်တည်းမှာ အာဏာပိုင်တွေကလည်း ကူညီပံ့ပိုးရေးလုပ်ကိုင်နေသူ အများကြီးကို ဖမ်းဆီးထိန်းသိမ်းနေလို့ လုံခြုံရေးဆန်းစစ်သုံးသပ်သူတွေက ထိုးနှက်တိုက်ခိုက်မှု အလားအလာတွေကို စောင့်ကြည့်ရတဲ့ကိစ္စ အသစ်တိုးလုပ်နေရပါတယ်။ ကူညီပံ့ပိုးရေးလုပ်သားတွေရဲ့ လုံခြုံမှုအချက်အလက်ဘဏ် (Aid Worker Security Database) က ၂၀၂၅ ခုနှစ်အတွင်း မြန်မာနဲ့ယီမင်က အစ၊ တောင်ဆူဒန်နဲ့ ဘာကီနာဖာဆိုအဆုံး၊ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကူညီပံ့ပိုးရေးလှုပ်ရှားသူ ၁၆၅ ဦးရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံအာဏာပိုင်တွေက ကူညီပံ့ပိုးရေးလုပ်ဆောင်သူတွေကို နှောင့်ယှက်ဟန့်တားဖို့ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို ဖိအားပေးဖို့ ဖမ်းဆီးထိန်းသိမ်းနေပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မြန်မာနိုင်ငံမှာ ကူညီပံ့ပိုးရေး လှုပ်ရှားဆောင်ရွက်သူပေါင်း ၂၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ယီမင်မှာလည်း ဝန်ထမ်းတွေ အများအပြား ဖမ်းဆီးခံရတာ (ဘယ်လိုသေလို့ သေသွားကြမှန်းတောင် ရှင်းမပြနိုင်တာ)ကို ကူညီပံ့ပိုးရေးအဖွဲ့တွေက ဘယ်လို ဖြေရှင်းရမယ် မသိကြပါဘူး။
အဆုံးသတ်မှာ ဇာတ်ကြောင်းပုံဖော်မှုတွေကို လက်နက်သဖွယ်အသုံးချတာကြောင့် ဘေးအန္တရာယ်တွေ၊ လက်လှမ်းမီမှုတွေနဲ့ ရန်ပုံငွေတွေ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲ သွားနိုင်ပါတယ်။ ဩဇာလွှမ်းမိုးသူတွေနဲ့ အန္တရာယ်ပေးနိုင်တဲ့ သတင်းအချက်အလက်တွေ ဇာတ်ရှိန်တက်လာချိန်မှာ လူသားချင်းစာနာရေး လုပ်ဆောင်နေသူတွေဘက်က ဘာမှ ပြင်မထားရသေးပါဘူး။ ထရမ့်နဲ့ အီလွန်မက်စ်တို့ ကောင်းကောင်းသဘော ပေါက်တာက ယုံလောက်အောင်ပြော၊ ထပ်တလဲလဲ ပြော၊ အချက်အလက်မှန်တွေကို ထိုးနှက်တိုက်ခိုက်ပြီး ပြောနိုင်သရွေ့ တကယ့်အဖြစ်မှန်တွေထက် တစ်ဖက်သတ် ဇာတ်ကြောင်းပုံဖော်တာတွေ ပိုအားကောင်းတယ် ဆိုတာပါပဲ။
ဘာကီနာဖာဆိုနဲ့ ဆာဟဲလ်ဒေသကြီးထဲက တခြားနေရာတွေမှာပါ လူသားချင်း စာနာရေးလုပ်ရပ်တွေဟာ အင်မတန်ပြင်းထန်တဲ့ အွန်လိုင်းဝန်းကျင်တစ်ခုကို ရင်ဆိုင်နေရပါတယ်။ လူတွေကြားမှာ ကူညီပံ့ပိုးမှုတွေအပေါ် ရှုမြင်ဖွင့်ဆိုပုံတွေ ပြောင်းလဲလာနေပြီး လုပ်ငန်းတွေ ရပ်ပစ်ရမယ်၊ အဖမ်းခံရမယ်၊ ဝန်ထမ်းတွေ အကြမ်းဖက်မှုကြုံရမယ်ဆိုတဲ့ မျက်မှောက်ကြုံရနိုင်တဲ့ အန္တရာယ်တွေအကြောင်း စကားနောက်တရားပါ နိမိတ်ပြစကားတွေဆိုနေကြတယ်လို့ Insecurity Insight က ဆိုပါတယ်။ တချို့ ထိုးနှက်ချက်တွေက သာသာထိုးထိုး ပြောပုံပေါ်ပါတယ်။ ဒါပေမဲ့ ပြောတဲ့အချက်လောက်ကို ကြည့်နေရင်တော့ ပြည်ပကြားဝင်စွက်ဖက်မှုနဲ့ ကိုလိုနီစနစ်ရဲ့ ဆိုးကျိုးသက်ရောက်မှုတွေနဲ့ နှီးနွှယ်နေတဲ့ ဇာတ်ကြောင်းပုံဖော်မှုတွေကို မျက်ခြည်ပြတ်သွားနိုင်ပါတယ်။ မဟုတ်တမ်းတရား ပြောဆိုနေတာတွေကို ပြန်တည့်မတ်နိုင်ဖို့ အရေးကြီးသလို တစ်ဖက်မှာတော့ ခံစားချက်တွေကို လှုံ့ဆွမယ့် ဇာတ်ကြောင်းပုံဖော်မှုတွေကိုလည်း ဖြေရှင်းနိုင်ဖို့ကလည်း အရေးပါပါတယ်။
ကူညီပံ့ပိုးရေးကဏ္ဍတစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့်ရင်ဆိုင်နေရတဲ့ ရန်ပုံငွေဖြတ်၊ လျှော့ချမှုတွေကလည်း “ပြည်တွင်းက ဦးဆောင်ပြီး မလုံခြုံ”တဲ့ အခြေအနေဆီ တွန်းပို့နေပါတယ်။
နောက်ထပ်ခြေလှမ်းများ
ကူညီပံ့ပိုးရေးလုပ်ကိုင်သူတွေဟာ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေကို စံချိန်တင် ရင်ဆိုင်နေရတာပါ။ အများစုက ဌာနေနိုင်ငံရပ်ရွာက လူတွေပါ။ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး ရန်ပုံငွေနဲ့ ထိခိုက်ဆုံးရှုံးမှုအလွန် ကူညီပံ့ပိုးမှုတွေဟာ အထူးသဖြင့် ဒေသခံဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေအတွက် အဓိကအားနည်းချက်ပါ။ ကူညီပံ့ပိုးရေးကဏ္ဍတစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့်ရင်ဆိုင်နေရတဲ့ ရန်ပုံငွေဖြတ်၊ လျှော့ချမှုတွေကလည်း “ပြည်တွင်းက ဦးဆောင်ပြီး မလုံခြုံ”တဲ့ အခြေအနေဆီ တွန်းပို့နေပါတယ်။ မြေပြင်မှာ လုပ်ကိုင်သူတွေအတွက် ဒီလို မမျှမတ အခြေအနေကို ဖြေရှင်းပေးဖို့ ရပိုင်ခွင့်ပဋိညာဉ်သစ် တရပ်ထူထောင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီထဲမှာ (ဘယ်နိုင်ငံသား၊ ဘယ်လို ဝန်ထမ်းခန့်အပ်မှုစာချုပ်အမျိုးအစားရှိသူမဆို) ဝန်ထမ်းတိုင်း တန်းတူညီတူရှိတဲ့ ကာကွယ်ရေးအစီအမံတွေ၊ နစ်နာကြေးတွေနဲ့ စိတ်ကျန်းမာရေးကူညီပံ့ပိုးမှုရဖို့ တိုက်တွန်းထားပါတယ်။
လူသားချင်းစာနာမှု လုပ်ဆောင်နေသူတွေကို ကာကွယ်ပေးဖို့ ကြေညာချက်အသစ်မှာလည်း နိုင်ငံပေါင်းများစွာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီ ကြေညာချက်ထဲမှာလည်း ပြည်တွင်းအခြေစိုက်ဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေ ကြုံရနိုင်တဲ့ “မတန်တဆ ဘေးအန္တရာယ်”တွေနဲ့ ပတ်သက်လို့ ထည့်ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကူညီပံ့ပိုးရေးလုပ်သူတွေကို သတ်တဲ့လက်နက်တွေကလည်း လူသားချင်းကူညီစာနာရေးအတွက် ရန်ပုံငွေထည့်တဲ့ နိုင်ငံတွေဆီကပဲ ရောက်လာကြတာလေ။ ပြီးခဲ့တဲ့နှစ်က သုံးသပ်ခဲ့သလိုပဲ ကူညီပံ့ပိုးမှုတွေဟာ အပြစ်ရှိသူကို ဖော်ထုတ်အပြစ်ပေးနိုင်တဲ့ ယန္တရားနဲ့ ဖြေရှင်းမှုမရှိ ဖြစ်နေဆဲပါပဲ။
အလားတူ ၂၀၂၆ မှာ မြင်ရနိုင်တဲ့ အပြောင်းအလဲတချို့ကို လာမယ့်ရက်သတ္တပတ်တွေထဲမှာ CENCS ဝက်ဘ်ဆိုက်ရဲ့ “ထွေရာလေးပါး”ကဏ္ဍမှာ ဆက်တင်ဆက်ပါဦးမယ်။ ဒီဆောင်းပါးပါဝင်တဲ့ “၂၀၂၆ မှာ ကူညီပံ့ပိုးရေး မူဝါဒတွေကို ဘာတွေက ပုံဖော်မလဲ” မြန်မာဘာသာ PDF ကို စာအုပ်စင်မှာ ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ပြီး The New Humanitarian က ထုတ်ဝေခဲ့တဲ့ အင်္ဂလိပ်ဘာသာနဲ့ မူရင်းဆောင်းပါး “What’s Shaping Aid Policy in 2026” အစအဆုံးကိုတော့ ဒီမှာ ဖတ်ရှုနိုင်ပါပြီ။




👍👍