top of page

ချစ်ကမ္ပည်းနဲ့ ရုပ်ရှင်မဟုတ်တဲ့ မြန်မာ့အရေး

ဒီကြည်

မိုးတိုးမတ်တပ်စကားဝိုင်း - ၁



မိုးမိုး - နွေခေါင်ခေါင်မှာ အညာအကြောင်း သတင်းတွေဖတ်ရတာ စိတ်ထိခိုက်စရာပဲ ကိုတိုးရဲ့။


တိုးတိုး - ဟုတ်တယ် မမိုး။ အညာဟာ စစ်တွင်းနက်နက်ကြီးထဲကို ပြုတ်ကျသွားတာပဲ။


မိုး - ကိုတိုးကတော့ အညာသားမို့လားမသိ၊ သူ့အညာတစ်ခုတည်း စစ်တွင်းထဲကျတာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး စစ်တွင်းထဲ ရောက်နေတာပါ။


တိုး - မမိုးကလည်း စကားကို အထအနကောက်မယ်ဆိုတာချည်းပဲ။ ချင်း၊ ကယားနဲ့ ကရင်တို့လို ခုခံစစ်အရှိန်ကောင်းတဲ့ ဒေသတွေမှာများ စစ်အုပ်စုရဲ့ထိုးစစ်တွေနဲ့ ပိုပြင်းထန်ရက်စက်လာမလား တွေးပူမိတယ်။ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာကတည်းက ရက်စက်တော့မယ်လို့ လေသံပစ်ထားတာပဲလေ။ တကယ်လည်း စစ်အုပ်စုက ဆန့်ကျင်သူမှန်သမျှကို အကုန်သတ်၊ အကုန်မီးတိုက်စနစ်နဲ့ ရက်ရက်စက်စက် ချေမှုန်းနေတာပဲ။ စစ်ဘေးဒုက္ခသည် အရေအတွက်ကလည်း ပြီးခဲ့တဲ့ငါးလက ၁.၄ သန်း ကနေ အခုမတ်လထဲမှာ ၁.၆ သန်း ထိ တိုးလာသတဲ့။


မိုး - ကိုတိုးက ဂဏန်းတွေဆို တော်တော်မှတ်မိတာပဲ။ တကယ်တော့ အရေအတွက်အရ ကြည့်ကြည့်၊ ခံစားမှုအရ ကြည့်ကြည့် ရင်နင့်စရာတွေပါပဲ။ မိုးတို့က "ငါတို့မှာ ငါတို့ပဲရှိတယ်" ဆိုပြီးသာ အားတင်း ရှေ့ဆက်နေတာ၊ တကယ်တမ်းကျတော့ ဆင်သွားမှ လမ်းဖြစ်တာမျိုးပဲ။


တိုး - ခက်တာက ဆင်လိုလမ်းဖောက်နိုင်တဲ့ အင်အားကြီးနိုင်ငံတွေက နှုတ်ဆိတ် မသိဟန်ဆောင်တာတစ်မျိုး၊ ကိုယ့်ပြဿနာကိုယ်ရှင်း၊ အချိန်ယူရမယ်ဆိုတာတွေကတစ်မျိုး၊ စိတ်မကောင်းပါဘူး၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်ဆိုပြီး နှုတ်၏ဆောင်မခြင်းနဲ့ စာနာနားလည်ပေးတာတစ်မျိုး။ အမျိုးမျိုးတော့ တုံ့ပြန်ကြတာပဲ မမိုးရဲ့။


မိုး - ဒီအသံတွေက အားတက်စရာ၊ မမေ့နိုင်စရာ၊ အသိအမှတ်ပြုချင်စရာပေါ့ ကိုတိုးရယ်။ ဒါပေမယ့် ရေငတ်နေသူအဖို့ ရေသောက်လိုက်ရမှ မဟုတ်လား။ ရေအိုးစင်ရှိရာ လမ်းညွှန်ရုံ၊ ရေအိုးစင်ရှိတဲ့နား ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ပါစေလို့ အားပေးတာမျိုးကတော့ လိုရင်းမရောက်သေးဘူးပေါ့။ ဒီအဖြစ်တွေကိုသာ ရုပ်ရှင်ရိုက်လိုက်လို့ကတော့ မျက်ရည်ဆည်နိုင်မှာ မဟုတ်ဘူး။


တိုး - မမိုးက ရုပ်ရှင်ရိုက်ခိုင်းနေသေးတယ်။ အပြင်မှာ တကယ်ဖြစ်နေတာပါဗျာ။ ကမ္ဘာကြီးကလည်း ရုပ်ရှင်ပြတယ်များ ထင်သလားမသိ ဒီတိုင်းထိုင်ကြည့်နေကြတာ ရင်နာစရာ။ သူတို့ကသာ ထိုင်ကြည့်နေလေ စစ်အုပ်စုက ရက်စက်ဖိနှိပ်မှုတွေ၊ သတ်ဖြတ်ကျူးလွန်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်ရနေလေပဲ။


မြန်မာ့အရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းကကိုင်စွဲထားတဲ့ စံတန်ဖိုးတွေကို တိုက်စစ်တာပါပဲ။ ပြောလက်စနဲ့ ရုပ်ရှင်နဲ့ပတ်သက်လို့ မင်းသားကြီးရွှေဘအကြောင်း ကြားဖူးတာ သတိရသွားတယ်။

မိုး - စံတန်ဖိုးတွေ၊ ကျင့်ဝတ်တွေအကြောင်း လူထူထူရှိတဲ့အချိန် စားကောင်းသောက်ကောင်းပြောပြီး အသားယူကြပေမယ့် တကယ့်ကျဉ်းထဲကြပ်ထဲ အကျိုးစီးပွားတွေနဲ့ထိပ်တိုက်တိုးလာတဲ့အခါ ဘယ်သူတွေက ဘယ်လိုစံတန်ဖိုးတွေကို တကယ်ကျင့်သုံးလဲဆိုတာ ဖုံးဖိထားလို့မရကြပါဘူး ကိုတိုးရယ်။


တိုး - ဒါကြောင့် ကုလ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကတော့ "ကမ္ဘာကြီးဟာ မြန်မာပြည်သူတွေကို မေ့မထားဘူးဆိုတာ ပြသဖို့အရေးကြီးပါတယ်" လို့ ကမ္ဘာ့နိုင်ငံရေး ပွဲကြည့်ပရိသတ်ကြီးကို သတိပေးတာ ကြားလိုက်ပါသေး။ မမိုး တစ်ခါပြောဖူးသလိုပေါ့။ မြန်မာ့အရေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းက ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေကို တိုက်စစ်တာပါပဲ။ ပြောလက်စနဲ့ ရုပ်ရှင်နဲ့ပတ်သက်လို့ မင်းသားကြီး ရွှေဘအကြောင်း ကြားဖူးတာ သတိရသွားတယ်။ တောသူတောင်သားတွေဟာ မင်းသားကြီးရွှေဘကို သိပ်ချစ်ကြတာ မမိုးလည်း သိသားပဲ။ ပထမတော့ ကျနော်လည်း ပုဂ္ဂိုလ်စွဲရှိကြတယ်ထင်တာ။ တကယ်တမ်း ပြန်တွေးလိုက်တော့ သူတို့က အားနည်းသူဘက်က ရပ်တည်တာ၊ မတရားမှုကို ဆန့်ကျင်တာ။ အဲသလို တန်ဖိုးထားတွေဘက်က ရပ်တည်ကြတာဗျ။


မိုး - ကိုတိုးရယ်၊ ပြည်သူတွေရဲ့ ရပ်ခံမှု၊ ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေကိုတော့ ခေတ်အဆက်ဆက် မယိမ်းယိုင်၊ မတိမ်ကောပါဘူး။ ပြီးတော့ အကင်းပါးတာလည်း လွန်ရော။ ကိုတိုးက နိုင်ငံတကာ ရပ်တည်မှုအကြောင်း ကမ္ဘာနဲ့ချီ ပြောခါမှ မိုးကလည်း ပြည်တွင်းက ပုဂ္ဂိုလ်တွေ ပါတီတွေအကြောင်း ပြောချင်လာတယ်။


တိုး - ပြောလည်း ပြောချင်စရာပါပဲ။ စစ်အုပ်စုစီမံတဲ့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီအားလုံးနီးပါးက ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ နေရာမရခဲ့ကြတဲ့ ပါတီတွေတဲ့။ ဒီလိုဆိုတော့ ပြည်သူတွေက ဒီပါတီတွေ၊ ဦးဆောင်သူတွေမှာ အူဘယ်နှခွေရှိတယ်ဆိုတယ်ဆိုတာကို စောစောစီးစီးကတည်းက သိပြီးသားဖြစ်မယ်ထင်တယ်။


မိုး - ၂၀၀၀ ပြည့်လွန်နှစ်တွေတုန်းက မဂ္ဂဇင်းတစ်စောင်ရဲ့ဆောင်ပုဒ်ကိုတောင် သတိရသွားပြီ၊ “ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်” ဆိုလားပဲ။ ပြည်သူအလေးထားတဲ့ စံတန်ဖိုးတွေကို မယိမ်းမယိုင်ဆုပ်ကိုင်ထားနိုင်တဲ့ ပါတီတွေကတော့ သမိုင်းမှာ လှပတဲ့စာမျက်နှာကိုဖွင့်နိုင်ကြမှာပဲလို့ မိုးယုံကြည်တယ်။


တိုး - စစ်အုပ်စုက နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ ခုမှမဟုတ်ပါဘူး။ အရင်ကလည်း လုပ်ခဲ့ဖူးတာပဲ။ လက်ရှိဖျက်သိမ်းခံရတဲ့ပါတီတွေထဲမှာ နိုင်ငံရေးလောကဓံကို အံတုဖြတ်သန်းခဲ့တဲ့ ပါတီကြီးတွေ ပါသားပဲ။ စစ်အုပ်စုက ဒီနိုင်ငံရေးပါတီတွေ စာရွက်ပေါ်မှာ ဖျက်လို့ရပေမယ့် လူထုမေတ္တာမပျက်ရင်တော့ ရင်ထဲအသည်းထဲမှာ ဖျောက်မရဘဲ စွဲနေမှာလေ။ မမိုးလည်း သိသားပဲ။ ငယ်ငယ်တုန်းက မိဘတွေတားတဲ့ကြားက တစ်ဖက်သက်ကြိုက်ခဲ့တဲ့ ချစ်ချစ်ကြီးကို ခုထိ မမေ့သေးဘူးမဟုတ်လား။


မိုး - ကိုတိုးနော်။ စကားကောင်းပြောနေရင်းက ဝေဒနာတွေကို ပြန်အစဖော်ပြန်ပြီ။ ကိုတိုးရော၊ ခုထိ Facebook ထဲမှာ ငယ်ရည်းစားကို မန့်တွေပေးလို့ ကိုတိုးအမျိုးသမီးက မိုးဆီလာတိုင်တာ ခဏခဏ။ ထားပါတော့ ... ခုနက ပြောလက်စလေးပဲ ဆက်ပါရစေ။ ဘယ်ပါတီမဆို လူထုယုံကြည်ကိုးစားမှ ရပ်တည်လို့ ရတာပဲလေ။


မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ခေါင်းဆောင်ကို တစ်လှည့်စီ တွေ့တယ်။ မြောက်ပိုင်းအဖွဲ့ကလည်း တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးကြားဝင်ဖြေရှင်းမှုကို အသိအမှတ်ပြုကြိုဆိုကြောင်း ထုတ်ပြန်သတဲ့။

တိုး - ကျနော် တစ်ခုသတိထားမိတာက NLD ဖျက်သိမ်းခံရတဲ့အပေါ် တရုတ်က နှုတ်ဆိတ်နေသဗျ။ အာဏာသိမ်းအုပ်စုကတော့ ကနဦးကတည်းက NLD ပါတီကို အပြတ်ဖြုတ်ချင်တာ မဟုတ်လား။ NLD ဖျက်သိမ်းရေးကို တိုက်ရိုက်ရော၊ လှည့်ပတ်ပြီးတော့ပါ တစိုက်မတ်မတ် လုပ်ခဲ့တာပဲ။ တရုတ်ကလည်း ဒီလိုတော့ လက်မခံကြောင်း အရိပ်အမြွက်ပြခဲ့ပါရဲ့။ ခုတစ်ခေါက် ပေါက်ဖော်ကြီးများ စိတ်ကူးပြောင်းသွားပြီလား။ ပြီးတော့ ...


မိုး - ဘေကျင်းအထူးသံ တိန့်ရဲ့ ချောင်းပေါက်မတတ် မြန်မာပြည်ခရီးစဉ်တွေအကြောင်း ပြောမလို့ မဟုတ်လား။ မိုးလည်း သတိထားမိတယ်။ အထူးသဖြင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ခေါင်းဆောင်ကို တစ်လှည့်စီ တွေ့တယ်။ မြောက်ပိုင်းအဖွဲ့ကလည်း တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖြေရှင်းမှုကို အသိအမှတ်ပြုကြိုဆိုကြောင်း ထုတ်ပြန်သတဲ့။ ဒါနဲ့ နေပါဦး၊ တရုတ်က မြန်မာ့အရေး ဘယ်နေရာကရပ်တည်ပြီး ဘယ်မူဝါဒတွေနဲ့ ဘယ်လို ကြားဝင်ဖြေရှင်းလိုက်တာလဲ။ မိုးလည်း မသိလိုက်ရပါလား။ ကိုတိုးများ သိထားတာ ရှိသေးလား။


တိုး - မမိုးက မေးခွန်းသတ်ပြီ။ ပေါက်ဖော်ကြီးက သူ့နိုင်ငံရေးရည်မှန်းချက်တွေ၊ လုပ်ဆောင်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောခဲပါတယ်။ ကျနော်တို့လို ဘာမှမဟုတ်တဲ့ကောင်တွေကို လက်ကုပ်ပြီး ပြောထားတာမျိုးတော့ မရှိဘူးပေါ့။


မိုး - သက်ဆိုင်သူတွေက အမြော်အမြင်ကြီးကြီး၊ အကင်းပါးပါးနဲ့ မျက်စိဖွင့် နားစွင့်နိုင်ပါစေလို့ မိုးမျှော်လင့်တာပဲ။ (ယာယီသမ္မတ) ဒူဝါကြီးကတော့ စစ်အုပ်စုရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေကို တားမြစ်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းထားသတဲ့။


တိုး - ဟုတ်တယ်။ “တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို NUG အနေနဲ့ လုပ်ဆောင်ဖို့မရှိဘူး” လို့လည်း ပါသေးတယ်။


မိုး - ဒီစကားက သက်ဆိုင်သူအားလုံးကို ရည်ညွှန်းတာ၊ သတိပေးတာပဲလို့ မိုးထင်တယ်။ သမိုင်းတစ်လျောက် စစ်အုပ်စု အပေးအယူလုပ်ခဲ့သမျှ သူတို့သက်ဆိုးရှည်ဖို့ပဲလေ။ ဒီလိုဖြစ်ရပ်တွေကို မျက်စိရှင်ရှင်နဲ့ ကြည့်နိုင်မြင်နိုင်မှ သမိုင်းဆီက သင်ခန်းစာယူနိုင်မှာပေါ့။ မီးစတစ်ဖက် ရေမုတ်တစ်ဖက် လုပ်ရပ်တွေတိုင်းဟာ အချိန်တန်ရင် မူရင်းဗီဇဖုံးဖိလို့မရ ဖြစ်တာချည်းပဲ။ ခုလို အဆုံးအဖြတ်နှစ်လို့ ပြောနေကြတဲ့ အချိန်မျိုးမှာ တော်လှန်ရေးအင်အားစုတွေ စစ်အာဏာရှင် ဆန့်ကျင်ရေးအလံတော်အောက်မှာ စုစည်းနိုင်မှပဲ ခရီးတွင်မှာပဲ။ ဒါကိုမမေ့ဖို့ သတိပေးနေတဲ့ အစုအဖွဲ့တွေလည်း မိုးသတိထားမိတယ်။


တိုး - ပြောသာပြောတာ။ တစ်ဖက်မှာလည်း စစ်ခေါင်းဆောင်က PDF တွေနဲ့ သူတို့ကိုအားပေးကူညီနေတဲ့ EAO တွေကို အပြတ်ရှင်းမယ် ကြိမ်းနေသေးတာ။ တော်လှန်ရေးအင်အားစုတွေက စိတ်ဓာတ်ရေးရာအရ အပုံအပင်သာပေမယ့် စစ်သုံးစရိတ်နဲ့ လက်နက်အင်အားမှာတော့ စစ်အုပ်စုက အသာစီးရနေတုန်းပဲ။


မိုး - ဒါကြောင့်ပြောတာ... ကိုတိုးရဲ့။ နိုးနိုးကြားကြား၊ စုစုစည်းစည်းရှိတဲ့ အားအင်ကပဲ စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်မှာ။ စစ်အုပ်စုကလည်း ဒီလိုစုဖွဲ့မှုမျိုး အကြောက်ဆုံးပေါ့။ ဒီမိုကရေစီအင်အားစုတွေက အနှစ်သာရရှိတဲ့၊ ကျေကျေလည်လည်ရှိတဲ့ ပေါင်းစပ်ညှိနှိုင်းမှုမျိုးလိုအပ်တယ်။ အဲ... ဒီလိုပြောလို့ သိပ်လက်နှေးနေကြပြန်ရင်လည်း အန္တရာယ်ရှိသေးတယ်။ ကိုတိုးလည်း သမိုင်းသင်ခန်းစာ ရှိဖူးတယ်မဟုတ်လား။ ကိုယ်ကချိန်လိုက် ဘာဖြစ်လိုက်ဆိုလဲ။ အနည်းဆုံး ပူးပေါင်းလို့ရသမျှ စမိကြဖို့ လိုတာပေါ့။ ပူးပေါင်းလုပ်ကိုင်ချင်စိတ်ဆိုတဲ့ နိုင်ငံရေးဆန္ဒရှိဖို့ကလည်း အရေးကြီးတယ်။


တိုး - မမိုးတို့များ၊ ဘယ်ကတည်းက အကွက်ချောင်းနေတယ်မသိ။ ဒီပိန္နဲပင်ပဲ လာခလုတ်တိုက်နေတော့တာပဲ။ ပူးပေါင်းမှုရှိလို့လည်း ဒီလောက်ခရီးရောက်လာတာပေါ့။ အကန့်အသတ်တွေ၊ အခက်အခဲတွေကြားကပဲ နွေဦးမှာ ကျေနပ်စရာရလဒ်တချို့ ရှိခဲ့တာပေါ့။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေရဲ့ ပံ့ပိုး၊ ရပ်တည်မှုတွေကလည်း မမေ့အပ်ဘူး။


မိုး - ဒါကြောင့် ပြည်သူမပါတဲ့ စုဖွဲ့မှု၊ ပြည်သူမယုံကြည်တဲ့ လှုပ်ရှားမှုဆိုတာ မရှင်သန်ဘူး၊ ကျဆုံးမယ်လို့ ပြောတာပေါ့ ကိုတိုးရဲ့။ ခုဆို နွေဦးက နှင်းပျောက်ရုံမက အပူရှိန်တစ်စတစ်စ ပြင်းနေပြီ။ အပြင်ထွက်တဲ့အခါ ဂရုစိုက်ဦး။


တိုး - မမိုးရေ၊ ပူတယ်လေ ဆယ်နေကဲ ဆိုသလိုပဲ။ နောက်မှ စကားဆက်ကြမယ်။ မြန်မာ့အရေးကို တရုတ် - အမေရိကန်အားပြိုင်မှုသဘောမျိုး ပေါက်ဖော်ကြီးက မြင်လားသလား၊ အမေရိကန်ကရော မြန်မာ့အရေး ဘေကျင်းအထူးသံတိန့်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်လာတာ ဘာသဘောလဲ။ အဲဒါလေးတွေလည်း စောင့်ကြည့်ရဦးမယ်။


မိုး - ဟုတ်ပါ့။ ထူးတာလေးတွေ ကြားမိ၊ တွေးမိရင်ဖြင့် ပြောပါ ကိုတိုးရဲ့။ အားလုံး ပုံအောထားကြတဲ့ ဒီလှုပ်ရှားမှုကြီးကနေ ချောချောမွေ့မွေ့ မြန်မြန်ဆန်ဆန် ခရီးပန်းတိုင် ရောက်ပါမှပဲ။ နောက်တစ်ခါ လမ်းကြုံလို့ အိမ်ဘက်နားရောက်ရင် ဖုန်းဆက်နော်၊ ကျဆိမ့်ကောင်းကောင်း ဖျော်ပေးထားမယ်။


တိုး - သွားပြီးဗျို့။


ဝန်ခံချက် - မိုးတိုးမတ်တပ် စကားဝိုင်း - ၁ ပါ အချက်အလက်တွေကို The Analyst သတင်းလွှာ အတွဲ ၂ အမှတ် ၅ နဲ့ ၆ တို့က ရယူထားပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဲဒီသတင်းလွှာရဲ့ အာဘော် မဟုတ်ပါဘူး။ စာရေးသူရဲ့အာဘော်သာ ဖြစ်ကြောင်း ဝန်ခံပါရစေ။ ပိုစုံတဲ့ သတင်းအချက်အလက်တွေ၊ သတိပြုစရာတွေကို မူရင်းသတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ စကားဝိုင်းပိုမြိုင်ဆိုင်အောင် စာဖတ်သူကိုယ်တိုင်လည်း ပြောချင်တာလေးတွေရှိရင် ဆက်သွယ်လိုက်ပါ

၁,၄၁၃ views၃ comments

3 Comments


Guest
Nov 15, 2023

ငါတို့အလှည့်လာလေပြီ

Like

Guest
May 13, 2023

တရုတ်က အမေရိကန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်လို့မထင်ပါဘူး။ အမေရိကန်ကလည်း သပြေခက်နဲ့ ရေပက်နေတာပါ။ အဲဒီလောက်နဲ့ ဒီမှာ တောက်လောင်နေတဲ့မီး မငြှိမ်းနိုင်ပါဘူး။

Like

Guest
May 13, 2023

မျှော်နေပါ့မယ်။ တိုးတိုး နဲ့ မိုးမိုး။ ဖတ်တဲ့သူတွေအတွက်တော့ ပေါ့ဆိမ့်လောက်ဆိုရပါတယ်။

Like
bottom of page