top of page

ဉာဏ်ရည်တုနဲ့ ကြုံရမယ့်ကမ္ဘာ

ဉာဏ်ရည်တု (AI) နည်းပညာဟာ စီးပွားရေးအရ ထောင်မတ်လာမှာလား၊ သဲထဲရေသွန် ဖြစ်မလား၊ ခေါင်းခါငြင်းဆန် ခံရမှာလား


နံရံတစ်ချပ်ကို ကျောပေးပြီး တန်းစီထားတဲ့ ထိုင်ခုံအချို့နဲ့ ကြောင်တစ်ကောင်

နှစ်သစ်ကူးအကြိုကာလတိုင်းမှာ The Economist မဂ္ဂဇင်းက ထုတ်ဝေတဲ့ အထူးထုတ်စာစောင်မှာ လာမယ့်နှစ်အတွက် ကြုံလာရမယ့် ကိစ္စရပ်တွေကို ဝေဝေဆာဆာ တင်ပြလေ့ရှိပါတယ်။ ၂၀၂၆ ခုနှစ်ကို ကြိုတင်ရှုမျှော်ရေးသားထားတဲ့ စာစောင်မှာတော့ ဉာဏ်ရည်တု (AI) နဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါတယ်။ အနာဂတ်အလားအလာ အမျိုးမျိုးကြုံရနိုင်တဲ့ AI နဲ့ပတ်သက်လို့ အကျွမ်းတဝင် သိရှိထားဖို့နဲ့ CENCS ပရိသတ်ကြီးအတွက် သုံးသပ်စဉ်းစား ဆွေးနွေးနိုင်ကြဖို့ မိတ်ဆက်ပေးပါရစေ။



၂၀၂၆ ခုနှစ်ထဲမှာ ဆက်စောင့်ကြည့်ရမှာကတော့ AI ကို ဘယ်လောက်ထိ စနစ်တကျ ထည့်သွင်းသုံးစွဲမှုတွေ ဘယ်လောက်များပြားလာသလဲ၊ ဘယ်ကြိုးပမ်းအားထုတ်မှုတွေက အောင်မြင်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။

သုံးနှစ်တိုင်တိုင် ကမ္ဘာကြီးဟာ ChatGPT ရဲ့ သိမြင်နားလည်မှုတွေကို အံ့အားသင့်ခဲ့ရပါတယ်။ သိပ်မကြာခင်မှာပင် သူ့ညီနောင် ဗီဒိုယိုဖန်တီးမှု (ဉာဏ်ရည်တု) ပလက်ဖောင်း Sora ရဲ့ ဖန်တီးနိုင်စွမ်းကို ‌ငေးကြောင်ကြည့်ခဲ့ရပြန်ပါတယ်။


ဉာဏ်ရည်တုဟာ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲတိုးတက်လာမယ်လို့ မျှော်လင့်ရင်း အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဟာ အဲဒီအတွက်လိုအပ်တဲ့ ဒေတာစင်တာတွေ၊ တခြား လိုအပ်တဲ့ အခြေခံအဆောက်အဦတွေအဖို့ ၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် ပုံအောခဲ့ကြပါတယ်။ ခန့်မှန်းတွက်ချက်မှု တစ်ခုအရဆို... ဒီဆယ်စုနှစ် ကုန်ချိန်မှာ အဲသလိုသို့ ကျခံသုံးစွဲမှုပမာဏဟာ ဒေါ်လာ ၇ ထရီလီယံအထိ ရှိလာနိုင်ပါတယ်။ ခုလက်ရှိထိ AI ကနေ သူတို့ပြန်ရှာနိုင်တဲ့ တစ်နှစ်တာဝင်ငွေဟာ မရှိဘူးဆိုရင်တောင် ဘီလီယံ ၅၀ လောက်ရှိပြီး Apple နဲ့ (Google ရဲ့ အများပိုင်လုပ်ငန်းစု) Alphabet ကုမ္ပဏီက တစ်နှစ်တာဝင်ငွေရဲ့ ရှစ်ပုံတစ်ပုံလောက် ရှိပါတယ်။ လူတွေက AI ရဲ့ သွင်ပြင်လက္ခဏာတွေကို ပိုအသားတကျ ဖြစ်လာရင် ဒီခန့်မှန်းချက်က အပြောင်းအလဲ ရှိဦးမှာပါ။ ၂၀၂၆ ခုနှစ်မှာတော့ AI ရဲ့ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ လူမှုရေး အကျိုးဆက်တွေက အားလုံးကို အာရုံဖမ်းစားဦးမှာပါ။


ပထမဆုံး စီးပွားရေးကဏ္ဍကို စကြည့်ရအောင်။


ကမ္ဘာပေါ်မှာ ChatGPT သုံးတဲ့သူ သန်း ၈၀၀ ဝန်းကျင် ရှိနေပါပြီ။ ဝန်ထမ်းတွေ အလုပ်ချိန်မှာ AI သုံးဖြစ်တယ်လို့ ဝန်ခံနေကြပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာ AI ကို အပြည့်အဝ အသုံးချလာတာနဲ့ ပတ်သက်လို့ ကိန်းဂဏန်းတွေက သိပ်အားရစရာ မရှိသေးပါဘူး။ အမေရိကန်ရဲ့ ပြည်သူ့စာရင်းအင်းဌာနရဲ့ အဆိုအရ ဝန်ထမ်း ၂၅၀ အထက်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ၁၀ ရာခိုင်နှုန်းအထက်ဟာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ AI ကို ထည့်ထားပြီးပြီလို့ သိရပါတယ်။ မက်ဆာချူးဆက် နည်းပညာသိပ္ပံရဲ့ ဇူလိုင်လမှာ ထုတ်ဝေခဲ့တဲ့ စစ်တမ်းတစ်ခုအရ စီးပွားရေးလုပ်ငန်းတွေမှာ AI ကနဦး စမ်းသပ်အသုံးပြုမှုတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ အသုံးပြုခွင့် ဆက်လက်ရောင်းချဖို့ မအောင်မြင်ခဲ့လို့ ငွေပြန်မပေါ်ဘူးလို့ ဆိုပါတယ်။


အကျိုးဆက်အရတော့ ဆီလီကွန်တောင်ကြားက ထိတ်ထိတ်ကြဲ အရင်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ၊ ဧရာမနည်းပညာကုမ္ပဏီကြီးတွေ အားလုံး အာရုံစိုက်လာတာက ကုမ္ပဏီတွေ AI သုံးလာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ တစ်ခုတည်းပဲ ဖြစ်ပါတယ်။ တကယ်လို့သာ စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ လုပ်ငန်းအဆင့်ဆင့်မှာ AI ကို ထည့်သွင်းအသုံးချပြီး၊ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်လာကြရင်တော့ သူတို့လည်း အတော်ထောမှာပါ။ ဆန်းသစ်စ AI ကုမ္ပဏီတွေဟာ တချို့လုပ်ငန်းတွေမှာ၊ တချို့လုပ်ငန်းစဉ်တွေကို ကောင်းကောင်း အထောက်အကူပြုနေပါပြီ။ ဥပမာ - Harvey AI ကိုသုံးပြီး ရှေ့နေတွေဟာ စာချုပ်စာတမ်းတစ်ထပ်ကြီးကို ရေးနိုင်လာကြပါပြီ။ Sierra AI ကိုလည်း ဝယ်ယူစားသုံးသူတွေကို ဝန်ဆောင်မှုပေးရာမှာ ကုမ္ပဏီတွေက သုံးလာကြပါပြီ။


ကမ္ဘာ့ ထိပ်တန်း AI စမ်းသပ်ဌာတွေဖြစ်တဲ့ OpenAI နဲ့ Antrhopic တို့ဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကနေ ငွေကြေးစီမံခန့်ခွဲမှုဌာနတွေနဲ့ သက်ရှိသိပ္ပံသုတေသီတွေကို ကူညီပံ့ပိုးနိုင်ဖို့ အလိုက်သင့်ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ ၂၀၂၆ ခုနှစ်ထဲမှာ ဆက်စောင့်ကြည့်ရမှာကတော့ AI ကို ဘယ်လောက်ထိ စနစ်တကျ ထည့်သွင်းသုံးစွဲမှုတွေ ဘယ်လောက်များပြားလာသလဲ၊ ဘယ်ကြိုးပမ်းအားထုတ်မှုတွေက အောင်မြင်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။


ဒီကိစ္စဟာ ထုတ်လုပ်စွမ်းအားနဲ့ စီးပွားရေးတိုးတက်မှုတွေအပေါ်မှာ AI ရဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိလာမလဲ သိရဖို့သက်သက် မဟုတ်ပါဘူး။ ဒီဉာဏ်ရည်တု နည်းပညာရဲ့ အောင်မြင်မှုဟာ ခန့်မှန်းထားသလောက် ကြီးကြီးမားမား ငွေကြေးဖြစ်ထွန်းမှု ရှိမရှိကို သိရဖို့လည်း ဖြစ်ပါတယ်။


အင်္ဂလန်ဘဏ်ရဲ့ အဆိုအရ အမေရိကန်ရဲ့ စတော့အိတ်ချိန်း ထိပ်တန်း ၅၀၀ (S&P 500) စာရင်းဝင် လုပ်ငန်းတွေထဲက AI အားကိုးတဲ့ ကုမ္ပဏီတွေရဲ့ စတော့တန်ဖိုးဟာ အောက်တိုဘာလထဲမှာ စတော့ဈေးကွက်တစ်ခုလုံး တန်ဖိုးရဲ့ ၄၄ ရာခိုင်နှုန်းအထိ ရှိလာသတဲ့။ (လာမယ့် ၁၂ လအတွင်း) ကုမ္ပဏီ ၅၀၀ လုံးရဲ့ ပျမ်းမျှငွေပေါ်နိုင်ခြေအချိုး (forward earning) ညွှန်းကိန်းက ၁၉ ရှိနေချိန်မှာ (AI သုံးတဲ့) ကုမ္ပဏီတွေအတွက် ညွှန်းကိန်းက ၃၁ အထိ မြင့်မားနေတာကို မြင်ရတာတော့ မျက်စိကျိန်းစရာပါပဲ။ တကယ်လို့သာ AI ကို ပိုသုံးလာကြရင် ရင်းနှီးမြှုပ်နှံသူတွေက သူတို့ ဈေးကြီးပေး (စတော့ဝယ်) ခဲ့တာနဲ့ စိတ်ရှည်တာတွေဟာ တစ်ချိန်မှာ မြိုးမြိုးမြက်မြက် ပြန်ဝင်ငွေရမှာပါလို့ ယုံကြည်လာမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ AI ကိုသုံးပြီး အမြတ်အစွန်း အရနှေးတဲ့ ဒါမှမဟုတ် လုံးလုံးမရတဲ့ နိမိတ်လက္ခဏာတွေ ပေါ်လာခဲ့ရင်တော့ သူတို့ရဲ့ စတော့တန်ဖိုးတွေ ပြန်ပြီး ပိန်ရှုံ့သွားမှာပါ။


မီးရထားလမ်းတွေနဲ့ အင်တာနက်တို့လို အသုံးဝင်တဲ့ နည်းပညာတွေတောင်မှ အလွန်အကျွံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကြုံခဲ့ရကြောင်း သမိုင်းက ပြသခဲ့ပါပြီ။ AI ရဲ့ တကယ့်ဈေးကွက်အမှန် ပေါ်ပေါက်လာတဲ့အခါ အမေရိကန်ရဲ့ စီးပွားရေးမှာ သိသိသာသာ အကျိုးဆက်တွေ မြင်လာရဦးမှာပါ။ ဒေတာစင်တာတွေမှာ ရင်းနှီးမြှုပ်နှံတာနဲ့ စတော့ဈေးကွက် စန်းပွင့်မှုကြောင့် လက်ဖျားငွေသီးနေတဲ့ အကျိုးရလဒ်တွေကြောင့် လက်ရှိမှာ (အမေရိကန်ရဲ့) သွင်းကုန်စည်းကြပ်မှုတွေ၊ လူဝင်မှုလျော့နည်း လာတာတွေ၊ မရေရာမှုတွေရဲ့ အကျိုးဆက်ကို မမြင်သာအောင် မျက်နှာဖုံးစွပ်တပ်ထားသလို ရှိနေပါတယ်။ တကယ်လို့သာ AI မှာ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးမားလွန်းပြီး ဖောင်းကားပေါက်ထွက်သွားရင် အမေရိကန်က မိသားစုပေါင်းများစွာရဲ့ ဒေါ်လာထရီလီယံနဲ့ချီတဲ့ ဥစ္စာဓနတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားမှာပါ။


ဒီနည်းပညာကို ကုမ္ပဏီတွေက မြန်မြန်ဆန်ဆန် အသုံးချလာရင် ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီး စိတ်ချလက်ချ ရှိလာမှာ မှန်ပါတယ်။ ဒါပေမဲ့ နောက်ထပ် စိုးရိမ်ရမယ့်ပြဿနာတစ်ခု ရှိလာမှာပါ။ အဲဒါကတော့ AI ကြောင့် အလုပ်အကိုင်တွေ ထိခိုက်လာမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ပိုသုံးလာဖို့ တွန်းအားပေးတဲ့ အနေနဲ့ AI လုပ်ငန်းတွေက လူလည်းပါ နည်းပညာလည်းသုံး (semi-autonomous) လုပ်ငန်းတွေ တစ်သီကြီးကို နေ့ညမ‌ရွေး ကုန်ကျစရိတ်နည်းနည်းနဲ့ အစက အဆုံးအထိ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ Virtual agent တွေကို ဈေးကွက်ထဲမှာ မိတ်ဆက်လာကြပါတယ်။ ဒီလိုနည်းနဲ့ AI ကို ဈေးကွက်ထဲသွင်းတာဟာ ဆော့ဖ်ဝဲပရိုဂရမ်မာတွေ၊ ဝယ်ယူစားသုံးသူ ဝန်ဆောင်မှုအေးဂျင့်တွေ ကြုံသလို အလုပ်ဝင်လုပ်လို့ ရစေတဲ့အတွက် လုပ်ငန်းမန်နေဂျာတွေ လက်ခံဖြေရှင်းဖို့ ပိုလွယ်ကူသွားစေပါတယ်။


ဥပမာတစ်ခုက ဆန်ဖရန်စစ္စကိုအခြေစိုက် AI လုပ်ငန်းပေါက်စတစ်ခုဖြစ်တဲ့ Artisan ဟာ ကုမ္ပဏီတွေအတွက် “လူတွေကို အလုပ်ခန့်တာ ရပ်ကြပါစို့” ဆိုတဲ့ ကြော်ငြာကမ်ပိန်း လုပ်ခဲ့ပါတယ်။ AI ဟာ လူတွေရဲ့အလုပ်အကိုင်တွေကို ဝင်လုတော့မှာပဲ၊ အလုပ်သမားတွေ၊ ဝန်ထမ်းတွေနေရာမှာ အစားထိုးလာမှာပဲဆိုတဲ့ ခြောက်လုံးလှန့်လုံးတွေအပေါ် ငြင်းဆန်ခေါင်းခါတာတွေ ပိုကြီးလာအောင် ဒီထက်ပိုပြီး မီးလောင်ရာလေပင့် လုပ်နိုင်တာမျိုးတော့ စဉ်းစားလို့တောင် မရပါဘူး။


လက်ရှိမှာတောင် တချို့ဝေဖန်သူတွေက အမေရိကန်မှာ ဘွဲ့ရ အလုပ်လက်မဲ့နှုန်းထား များလာတာဟာ AI ကြောင့်လို့ အပြစ်တင်နေကြပါပြီ။ ဒီအတွက် အထောက်အထားပြစရာတော့ များများ မရှိသေးပါဘူး။ ဘွဲ့ရ အလုပ်လက်မဲ့များလာတာဟာ အလုပ်ခန့်မယ့်သူတွေ လိုချင်တဲ့ ကျွမ်းကျင်အရည်အချင်းတွေ ပြောင်းသွား တာ၊ ဒါမှမဟုတ် (ကိုဗစ် ၁၉) ကပ်ရောဂါအတွင်း နည်းပညာနဲ့ ကျွမ်းကျင်ဝန်ဆောင်မှုလုပ်ငန်းတွေကို အလွန်အကျွံ ငှားရမ်းကြတာတွေလို ChatGPT မပေါ်ခင်ကတည်းက ရှိနှင့်ပြီးသား ရေစီးကြောင်းတွေ ကြောင့် ဖြစ်နိုင်ပါတယ်။


Yale Budget Lab အပါအဝင် တချို့လေ့လာချက်တွေအရ AI ဟာ လုပ်သားဈေးကွက်အပေါ် ပျက်စီးရာပျက်စီးကြောင်း သက်ရောက်မှု မရှိပါဘူး၊ AI ကို ကျကျနန သုံးစွဲလာတဲ့ လုပ်ငန်းနယ်ပယ်တွေဟာ အလုပ်သမားတွေကို တခြားဈေးကွက်တွေထက်ပိုပြီး ဖြုတ်ပစ်နိုင်တဲ့ အထောက်အထားမရှိပါဘူးလို့ သုံးသပ်ကြပါတယ်။


အတိတ်နည်းပညာ တဟုန်ထိုး မျက်နှာပွင့်မှုတွေဟာလည်း လူတွေ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ ဖြစ်ကုန်ကြမှာလားဆိုတဲ့ စိုးရိမ်သောကတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတာပါပဲ။ ပေါ်ပေါက်လာတဲ့ နည်းပညာကို မြန်မြန်အသုံးချနိုင်တဲ့ လုပ်ငန်းတွေဟာ ဝယ်လိုအားတွေ မြင့်မားလာရာကနေ အကျိုးအမြတ် ဖြစ်ထွန်းကြပါတယ်။ အဲဒီအခါ ဝန်ထမ်းတွေ ပိုခန့်နိုင်လာတယ်။ တချို့ အလုပ်အကိုင်တွေက အလုပ်မရှိတော့ပေမဲ့ အလုပ်အကိုင်သစ်တွေ ပေါ်လာပြန်ရော။


ဒါပေမဲ့ အပြောင်းအလဲဆို လူတွေက စိုးရိမ်ကြတာ သဘာဝပါပဲ။ AI နဲ့ပတ်သက်လို့ သာသာထိုးထိုး ပြောဆိုကြတာ၊ မျှော်လင့်ကြတာတွေဟာ အရင်ကြုံဖူးသမျှနဲ့ လုံးဝမတူပါဘူး။ ဘယ်လို အကျိုးသက်ရောက်မှုတွေဟာ တကယ့်သရုပ်မှန်မှာ ဘယ်လိုပေါ်ပေါက်လာမယ် ဆိုတာလည်း မရေရာသေးပါဘူး။ စီးပွားရေးအရ ပြန်လည်ထောင်မတ်လာမှာလား၊ (ဘယ်နားသွားပြီး ကုန်းကောက်ရမလဲ မသိနိုင်အောင်) ဘဏ္ဍာရေးအရ ပေါက်ကွဲလွင့်စင်ထွက်ကုန်မလား၊ ဒါမှမဟုတ် လူမှုရေးအရ ငြင်းဆန်မှုတွေ ရှိလာမလား၊ ဒါမှမဟုတ် ဒီသုံးမျိုးလုံး ပေါင်းစပ်နေမှာလား။ ဒီအကြောင်းတွေကို ၂၀၂၆ ခုနှစ်မှာ ကမ္ဘာကြီးက ပြောပြတော့မှာပါ။



စီးပွားရေးလုပ်ငန်းမှာ အကျယ်တပြန့် အသုံးပြုဖို့ပြင်ဆင်လာပြီဖြစ်တဲ့ AI နည်းပညာဟာ စာဖတ်သူတို့အတွက် ဘယ်လို အသုံးဝင်လာနိုင်ပါသလဲ။ သေးငယ်တဲ့ စူးစမ်းမှုလေးတွေကအစ၊ လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေအဆုံး ဖြစ်ပေါ်လာအောင် ဘယ်လို အသုံးချနိုင်ကြမလဲ။ ဘယ်လို ထည့်ဝင်မှုတွေ၊ ဝေမျှမှုတွေ လုပ်နိုင်မလဲဆိုတာတွေဟာ စဉ်းစားဖွယ်ပဲ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ကောင်းမွန်တဲ့ အရပ်ဘက် အခင်းအကျင်းနဲ့ အနာဂတစ်ခုကို ဝိုင်းဝန်းပုံ‌ဖော်တည်ဆောက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ကိုင်နေသူ စာဖတ်သူတွေအနေနဲ့ ဆွေးနွေးနိုင်ကြပါတယ်။


မူရင်းဆောင်းပါး - Boom, Bust, or Backlash? by Rachana Shanbhogue, from The World Ahead 2026: The Economist Special Edition

Comments


bottom of page