top of page

လူမှုအပြောင်းအလဲနဲ့ မျိုးရိုးလိုက် အတွင်းကြေ

အထွန်း

လူမှုဝန်းကျင်ရဲ့ ပြဿနာတွေနဲ့ ထရော်မာတွေကြား ဘယ်လိုဆက်နွယ်နေလဲ။ ဘယ်လို ရှုမြင်ကိုင်တွယ်သင့်သလဲ။


line sketch of two person with different thoughts

မကြာခင်က စတန်းဖို့ဒ် လူမှုဖန်တီးဆန်းသစ်မှု ရီဗျူး(SSIR) စာစောင်မှာ ၂၀၂၁ ခုနှစ်ဝန်းကျင်က ဖော်ပြခဲ့တဲ့ ဆောင်းပါးကို ဖတ်ခဲ့ရပါရဲ့။ ပြင်သစ်အခြေစိုက် The Well-being Project အဖွဲ့အစည်းက ကမကထပြုပြီး ကျွမ်းကျင်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖော်ထုတ်မှုကနေ ဒီဆောင်းပါး အပါအဝင် ဆောင်းပါးတွေ ရေးသားခဲ့ကြတာပါ။ ဆောင်းပါးတွေကို SSIR မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အခု ညွှန်းဆိုမယ့် ဆောင်းပါးမှာတော့ ထရော်မာ၊ လူမှုဝန်းကျင် ပြုပြင်ပြောင်းလဲရေးကဏ္ဍတွေနဲ့ ပတ်သက်ပြီး အဓိက တင်ပြဆွေးနွေးထားတာပါ။ ဆောင်းပါးသက်တမ်းက သုံးနှစ်ဝန်းကျင်ကြာခဲ့ပေမယ့် သိပ်ဟောင်းလှပြီလို့ မဆိုနိုင်သေးသလို စာဖတ်သူတို့အဖို့ တွေးတောဆင်ခြင်စရာလေးတွေ ရနိုင်တာကြောင့် ဖတ်ရှုလေ့လာနိုင်ဖို့ ညွှန်းဆိုရင်း ဆောင်းပါးပါ အချက်အလက်တွေကို မျှဝေပါရ‌စေ။


အသည်းထဲက အတွင်းကြေ


ဒီနေ့ခေတ်မှာ ထရော်မာဆိုတာ သိပ်မစိမ်းကြတဲ့ စကားလုံးပါ။ မြန်မာနိုင်ငံလို နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင် ပဋိပက္ခ၊ လူမှုစီးပွား အကျပ်အတည်း၊ ကပ်ရောဂါနဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်ဖိစီးမှု၊ ညံ့ဖျင်းတဲ့ အုပ်ချုပ်စီမံမှု၊ ဖိနှိပ်အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရတဲ့ လူ့အဖွဲ့အစည်းမှာ ထရော်မာဆိုတဲ့ ဝေါဟာရ တွင်ကျယ်နေတာဟာ မဆန်းပါဘူး။ ထရော်မာဆိုတာ “(ကိုယ်စိတ်နှစ်ပါးမှာ ကြုံရနိုင်တဲ့) အတွင်းကြေဒဏ်ရာတွေပါပဲ။ သေရာပါလောက်တဲ့ ဒါမှမဟုတ် အင်မတန်ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတစ်ခုခုနဲ့ တွေ့ကြုံရာက ဖြစ်လာတဲ့ ဒုက္ခ/သောကတွေ” လို့ ဆောင်းပါးမှာ ဖွင့်ဆိုထားပါတယ်။


တစ်ဆက်တည်း “မမြင်ရာသည် ဆေးသမား၊ မကြားရာသည် တရားသူကြီး” ဆိုတဲ့ ဘယ်ခေတ် ဘယ်ကာလက အစပြုခဲ့တယ် မပြောတတ်တဲ့ မြန်မာဆိုရိုးစကားတစ်ခုကို သတိရမိတယ်။ ဒီနေ့ခေတ်လို မမြင်ရာ မကြားရာတွေ မြင်နေကြားနေရလို့ စိတ်ထိခိုက် ပင်ပန်းလွယ်တဲ့ အချိန်အခါမှာ ထရော်မာတွေ ခံစားနေရသူတွေ များလှပါတယ်။ အဲဒီထဲမှာမှ ဆေးသမားလည်းမဟုတ်၊ တရားသူကြီးလည်းမဟုတ် စိတ်ထိခိုက်ပင်ပန်းစရာတွေ ကြားသိမြင်တွေ့ရသူတွေထဲမှာ လူမှုဝန်းကျင်ပြောင်းလဲဖို့ ကြိုးစားနေသူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေ၊ တက်ကြွနိုးကြားတဲ့ နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။


ဆောင်းပါးဖတ်နေရင်း မြန်မာ့ လူ့အဖွဲ့အစည်းမှာလည်း ပြည်တွင်းစစ်ထရော်မာ၊ နာဂစ်ထရော်မာ၊ ကိုဗစ်-၁၉ ထရော်မာ စသဖြင့် နှိုင်းယှဉ် စဉ်းစားစရာတွေ မျက်စိထဲမှာ မြင်ယောင်လာပါတယ်။

ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေကို မျက်မြင်‌ကိုယ်တွေ့ရော၊ ကိုယ်အကျိုးဆောင်ရာ လူ့အသိုက်အမြုံတွေဆီက တစ်ဆင့်ခံအားဖြင့်ပါ ကြုံတွေ့ရင်ဆိုင်ရတဲ့အကျိုးဆက်ကြောင့် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေ၊ မလုံခြုံမှုနဲ့ အကြောက်တရားတွေ၊ မျက်စိမချမ်းသာ နားမချမ်းသာ ဖြစ်ပါများလို့ ထူပူလာတာတွေ၊ နွမ်းလျပင်ပန်းတာတွေ၊ အားငယ်တာတွေ၊ အလုပ်ကို ထိထိရောက်ရောက် မလုပ်ကိုင်တော့တာတွေထိ ကြုံတွေ့ကြရပါတယ်။ အထူးသဖြင့် တင်းကျပ်တဲ့ အခင်းအကျင်းတွေမှာ ရှိစုမဲ့စုလူအားငွေအားနဲ့ သိုသိုသိပ်သိပ်လုပ်ကိုင်ရင်း လူမှုဝန်းကျင်ရဲ့ ပြဿနာပေါင်းများစွာကို တစ်တပ်တစ်အား ဖြေရှင်းနိုင်ဖို့ အားထုတ်ရတာဖြစ်လို့ စိတ်ထောင်းလို့ကိုယ်ကြေ ဖြစ်နိုင်ခြေတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ဖို့ အချိန်မပေးနိုင်တဲ့၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ယုံကြည်ကိုးစားလောက်တဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နှီးနှောဖို့ မတတ်သာတဲ့ အခြေအနေတွေမှာတော့ သူတို့ရဲ့အခန်းကဏ္ဍဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့နဲ့ မဟာဗျူဟာကျကျ အလုပ်လုပ်နိုင်ဖို့တွေကိုပါ အနှောက်အယှက် အတားအဆီးတွေ တွေ့လာကြရပါတယ်။ ဒါကြောင့် သူကြုံ၊ ကိုယ်ကြုံ ကြုံနေကြရုံမက အများအကျိုးသယ်ပိုးရာမှာပါ အနှောင့်အယှက်ပေးတဲ့ ထရော်မာအကြောင်း ရှုထောင့်သစ်တွေက ချဉ်းကပ်နားလည်နိုင်ဖို့ ဒီဆောင်းပါးကို ညွှန်းဆိုချင်တာဖြစ်ပြီး တစ်လက်စတည်း ဆောင်းပါးပါ ဖော်ပြချက်တချို့ကို မျှဝေပေးပါရစေ။


ထရော်မာ မျိုးရိုးလိုက်တတ်သလား


ဒီနေ့ခေတ်မှာ ကိုယ်ခန္ဓာကို နှိပ်စက်တဲ့ ဆီးချို၊ နှလုံး၊ သွေးတိုးစတဲ့ရောဂါတွေ မျိုးရိုးလိုက်တတ်သလို ထရော်မာတွေကလည်း “သူသူကိုယ်ကိုယ် ကြုံရနိုင်ပြီး တစ်ဦးကနေတစ်ဦး၊ ခေတ်ကာလတစ်ခုကနေ တစ်ခု ကူးစက်နိုင်စွမ်း ရှိနေတာ တွေ့ရတယ်” လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ ဒီနေ့ခေတ်ရဲ့ စိန်ခေါ်မှုတွေကြားမှာ လူတွေဟာ ထရော်မာရစေတဲ့ ဘဝအတွေ့အကြုံတွေကို သက်သာလျော့ပါးအောင် အားမထုတ်ခဲ့ရင် အဲဒီထရော်မာတွေဟာ နောက်မျိုးဆက်တွေဆီထိ လက်ဆင့်ကမ်းသွားနိုင်ကြောင်း သုတေသနတွေ တွေ့ရှိချက်တွေနဲ့ပတ်သက်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။


ထရော်မာတွေ မျိုးဆက်အလီလီ လက်ဆင့်ကမ်းနိုင်ကြောင်း စတင်တွေ့ရှိစေခဲ့တာက ဂျူးလူမျိုးသုဉ်းသတ်ပွဲကြီး (Holocaust) အကြောင်း ၁၉၆၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း လေ့လာချက်တွေပါပဲ။ ဂျူးမျိုးသုဉ်းသတ်ပွဲကြီးထဲမှာ သေကံမရောက် သက်မပျောက်ခဲ့ကြသူတွေရဲ့ အတွေ့အကြုံနဲ့ ဝေဒနာတွေဟာ နောက်မျိုးဆက်တွေရဲ့ ဘဝမှာပါ သက်ရောက်မှုရှိခဲ့ပါသတဲ့။ အဲဒီတွေ့ရှိမှုရဲ့ နောက်ပိုင်းမှာတော့ စစ်ပွဲ၊ မျိုးသုဉ်းသတ်ဖြတ်မှု၊ ဒုက္ခသည်ခိုလှုံမှုအတွေ့အကြုံ၊ ကျန်းမာရေးအစောင့်အရှောက် တန်းတူညီမျှ မရရှိခြင်း၊ တောင်အာဖရိကနိုင်ငံက အသားရောင်ခွဲခြားမှု၊ အိန္ဒိယရဲ့ မျိုးရိုးဇာတ်ခွဲခြားမှု၊ အမေရိကန်က ကျွန်စနစ်နဲ့ နောက်ဆက်တွဲပြဿနာအရပ်ရပ်၊ ဆင်းရဲမွဲတေမှု၊ ဌာနေတိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေမှာပါ မျိုးဆက်ဆင့်ကမ်း ထရော်မာ (intergenerational trauma) တွေရှိနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိလာရပါတယ်။ ဆောင်းပါးပါ ဖော်ပြချက်တချို့ကို ကောက်နုတ်တင်ပြရရင် ...


“... လက်ရှိမှာ မျိုးဆက်ဆင့်ကမ်း ထရော်မာတွေနဲ့ပတ်သက်လို့ အမေရိကန် စိတ်ပညာအသင်းက “မိဘဘိုးဘွားတွေ ကြုံခဲ့ရတဲ့ ခြောက်ခြားစရာ အခြေအနေနဲ့ ဆင်ဆင်တူတာတွေကို နှောင်းမျိုးဆက်တစ်ဦးဦးက ကြုံတွေ့ရတဲ့အခါ အလားတူ ရုန်းရင်းဆန်ခတ် စိတ်ခံစားမှုတွေနဲ့ အမူအကျင့်ပိုင်း တုံ့ပြန်မှုတွေ ပေါ်ပေါက်စေတဲ့ ဖြစ်စဉ်တစ်ခု” လို့ ဖွင့်ဆိုပါတယ်။ မျိုးဆက်ဆင့်ကမ်း ထရော်မာတွေဟာ မူလကနဦး ထရော်မာရစေတဲ့ အဖြစ်အပျက်တွေအကြောင်း မှတ်မိနိုင်စွမ်း မှေးမှိန်သွားရင်တောင် ကျန်နေခဲ့နိုင်ပါသေးတယ်။


ထရော်မာတစ်ခုရဲ့ မူလအစ၊ အတွေ့အကြုံနဲ့ အကျိုးသက်ရောက်မှုတွေဟာ အဲဒီထရော်မာရစေတဲ့ မူလပြဿနာကြီးနဲ့ မတွေ့ကြုံလိုက်ရသူတွေပေါ်မှာတောင် သက်ရောက်နိုင်စွမ်း ရှိပါတယ်။ ထရော်မာရစေတဲ့ အတွေ့အကြုံတစ်ခုကြောင့် လူ့အသိုက်အမြုံ ရပ်ရွာတစ်ခုလုံး ဆိုးကျိုးသက်ရောက်မှုတွေ ကြုံရတဲ့အခါမှာ အုပ်စုလိုက် ထရော်မာ (collective trauma) ဖြစ်လာပါတယ်” တဲ့။


တစ်ဦးတည်းကျိတ်ခံစားရတာမဟုတ်တဲ့ အုပ်စုလိုက်၊ မျိုးဆက်လိုက် ထရော်မာတွေအကြောင်း ဥပမာပေးရာမှာ ၁၉၇၂ ခုနှစ်က (အမေရိကန်ပြည်ထောင်စု အနောက်ဗာဂျီးနီးယားက) ဘပ်ဖလိုချောင်းရေလျှံမှုကြောင့် မသေလို့ကျန်ခဲ့သူတွေမှာ “ဘယ်သူသေသေ ငတေမာပြီးရောလုပ်တာ၊ ဆောက်တည်ရာမဲ့ဖြစ်တာ၊ တစ်ဦးနဲ့တစ်ဦး အဆက်အဆံမလုပ်တာ” တွေကို ဆောင်းပါးမှာ နမူနာပြပါတယ်။ “သုတေသီတွေနဲ့ပညာရှင်တွေက အုပ်စုလိုက်၊ သမိုင်းဝင်၊ ယဉ်ကျေးမှုအစဉ်အလာ၊ မျိူးဆက်ပေါင်းစုံ၊ မျိုးဆက်ဆင့်ကမ်း၊ မျိုးဆက်အလိုက် ထရော်မာတွေ တစ်ခုနဲ့တစ်ခု ဘယ်လိုကွာတယ်ဆိုတာ ကိုယ်စီရှင်းလင်းဖွင့်ဆိုကြပေမယ့် ဘာဖြစ်ဖြစ် အမွေဆက်ခံသလို လက်ဆင့်ကမ်းပုံချင်း၊ အားလုံး အတူတကွ ကြုံကြရပုံချင်းမှာ တူကြပါတယ်” လို့ ဆောင်းပါးမှာ ဆက်ဖော်ပြပါတယ်။


ဆောင်းပါးဖတ်နေရင်း မြန်မာ့ လူ့အဖွဲ့အစည်းမှာလည်း ပြည်တွင်းစစ်ထရော်မာ၊ နာဂစ်ထရော်မာ၊ ကိုဗစ်-၁၉ ထရော်မာ စသဖြင့် နှိုင်းယှဉ် စဉ်းစားစရာတွေ မျက်စိထဲမှာ မြင်ယောင်လာပါတယ်။ ထရော်မာရစေတဲ့ အခင်းအကျင်း အခြေအနေတင်းကျမ်းနဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အုပ်စုလိုက် ထရော်မာတွေ၊ မျိုးရိုးဆင့်ကမ်း ထရော်မာတွေ ဘယ်လိုဖြစ်ပေါ်နေလဲ၊ လူမှုဝန်းကျင်ပြောင်းလဲရေးအတွက် ကြိုးပမ်းအားထုတ်နေသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေ၊ တက်ကြွနိုးကြားတဲ့ နိုင်ငံသားတွေအဖို့ အဲဒီလို ထရော်မာတွေကို ဘယ်လိုသဘောထားကြမလဲ၊ ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ ဆက်စပ်တွေးတောမိဖို့ ဆောင်းပါးအကြောင်း ဆက်ကြပါဦးစို့။


ထရော်မာ ရင်ဆိုင်ကျော်လွှားဖို့ အဆိုပြုချက် ငါးခု


ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မျိုးဆက်ဆင့်ကမ်း ထရော်မာတွေနဲ့ လူမှုဝန်းကျင်ပြုပြင်ပြောင်းလဲရေး ကဏ္ဍကြားက ဆက်နွယ်မှုတွေနဲ့ပတ်သက်လို့ ဆောင်းပါးမှာ ထိုးထွင်းရှုမြင်မှုငါးခုကို အသားပေးဖော်ပြထားပါတယ်။ အဲဒါတွေကို အနှစ်ချုပ် မိတ်ဆက်ပေးပါရစေ။


၁။ မူလဇစ်မြစ်အကြောင်းခံတွေနဲ့ ထပ်ပိုးအကြောင်းတရားတွေကို ရှာပါ။


an old homeless person among the doves
လူတွေမွဲနေတာ တစ်ဦးချင်း အသုံးမကျလို့၊ ညံ့လို့မဟုတ်ဘူးဆိုတာ လက်ခံရမယ်

ပထမဆုံးအချက်ကတော့ မျိုးဆက်ဆင့်ကမ်း ထရော်မာတွေရှိတယ်ဆိုတာ လက်ခံရမယ်၊ အဲဒါတွေ ဘယ်လိုပေါ်လာသလဲဆိုတာ ဖော်ထုတ်သတ်မှတ်ရမယ်လို့ ဆိုပါတယ်။ ဥပမာ ဆင်းရဲမွဲတေမှုအကြောင်း တွေးကြည့်ပါစို့။ လူတွေမွဲနေတာ တစ်ဦးချင်း အသုံးမကျလို့၊ ညံ့လို့မဟုတ်ဘူးဆိုတာ လက်ခံရမယ်။ ခွဲခြားဆက်ဆံမှုတွေ ခံရလို့လား၊ အခွင့်အရေးနစ်နာဆုံးရှုံးမှုတွေ ကြုံရလို့လား၊ မြေနိမ့်ရာလှံစိုက်ဖြစ်စေတဲ့ စနစ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေလို့လား စသဖြင့် အကြောင်းခံတွေကို ဆန်းစစ်ရမယ်။ အဲဒီအချက်တွေ အားလုံးပေါင်းမိတဲ့အခါ လူတောမတိုး၊ ငွေအားမကိုးနိုင်လို့ နစ်သထက်နစ်ရ၊ ဖွတ်ကျောပြာစု မွဲရတာတွေကို ဆက်စပ်မြင်တတ်ဖို့ မေးခွန်းတွေထုတ်နေရမယ်။


ဆောင်းပါးပါ စိတ်ဝင်စားစရာကောင်းတဲ့ ထောက်ပြချက်တစ်ခုက “ဆင်းဆင်းရဲရဲ မွဲမွဲချာချာဘဝနဲ့နေရလို့ ဖြစ်လာတဲ့ နာတာရှည်စိတ်ဖိစီးမှုတွေကြောင့် အဆင့်မြင့်တဲ့ ဆင်ခြင်တွေးခေါ်မှု၊ ထိန်းချုပ်မှု၊ အမှန်အမှား ဝေခွဲပိုင်းခြားမှု၊ ဆုံးဖြတ်မှုတွေအတွက်လိုအပ်တဲ့ ဦးနှောက်ရဲ့ငယ်ထိပ်ပိုင်းကအခွေတွေဟာ သေးသိမ် ကျုံ့ဝင်လာတယ်။ တစ်နည်းအားဖြင့် ဆင်းရဲမွဲတေမှုကြောင့်ရလာတဲ့ ထရော်မာတွေဟာ အမွဲသံသရာကနေ ရုန်းထွက်ဖို့ခက်ခဲစေတဲ့ အကြောင်းခံတွေကို ထပ်ပိုးဖန်တီးပေးနေတယ်” တဲ့။ ဒီလို မူလအကြောင်းခံနဲ့ ထပ်ပိုး အကြောင်းတရားတွေရဲ့ ဆက်နွယ်ပုံကို မြင်ယောင်နိုင်မှ လူမှုပြဿနာတွေနဲ့ ထရော်မာတွေ ပတ်သက်ပုံကို ဖော်ထုတ်နိုင်မှာပါ။ ဒါမှ စိန်ခေါ်မှုတွေကို ပိုနက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ပြီး ပိုထိရောက်တဲ့ အနာဂတ် ဖြေရှင်းဆောင်ရွက်မှုတွေကို လူမှုဝန်းကျင် ပြောင်းလဲရေးသမားတွေက ပုံဖော်နိုင်မှာပါ။


၂။ ကိုယ့်ထရော်မာ သက်သာလေ လူမှုဝန်းကျင်အပြောင်းအလဲတွေ ထိရောက်လေဆိုတာ နားလည်ပါ။


Removal of the statue of Cecil Rhodes (sculptor: Marion Walgate) from the campus of the University of Cape Town, 9 April 2015
ကိပ်တောင်းတက္ကသိုလ်ပရဝုဏ်ထဲက စဲစီရုတ်ရဲ့ရုပ်တုကို ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်မှာ ဖယ်ရှားနေပုံ

လူမှုဝန်းကျင်ပြုပြင်ပြောင်းလဲရေး လုပ်နေသူတွေဟာ လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ဖြေရှင်းပြီး၊ တွင်ကျယ်ပျံ့နှံ့နေတဲ့ ထရော်မာတွေကို ကုစားပေးဖို့ ရည်ရွယ်ကြတာပါ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က ဘာသားနဲ့ ထုထားတာမှမဟုတ်တာ၊ လူသားတွေပဲဆိုတော့ ထရော်မာတွေ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ ဒီတော့ သူတို့ကိုယ်တိုင် ထရော်မာတွေ သက်သာပျောက်ကင်းဖို့လည်း အရေးကြီးပါတယ်။


ဒါနဲ့ပတ်သက်လို့ တောင်အာဖရိကနိုင်ငံက ဖြစ်ရပ်တစ်ခုကို ဆောင်းပါးက နမူနာပေးထားပါတယ်။ တောင်အာဖရိကမှာ အသားရောင်ခွဲခြားမှုကို စနစ်တကျသွတ်သွင်း၊ မူဝါဒတွေ အကောင်အထည်ဖော်ခဲ့သူ နယ်ချဲ့အလိုတော်ကျဝါဒီ စဲစီရုတ် (Cecil Rhodes) ရဲ့ ရုပ်တုကြီးတစ်ခု ကိပ်တောင်းတက္ကသိုလ်ထဲမှာ ရှိပါတယ်။ အသားရောင်ခွဲခြားရေးခေတ် နိဂုံးချုပ်မှ မွေးလာပေမယ့် စနစ်ရဲ့ဆိုးမွေနဲ့ ကိုလိုနီအုပ်ချုပ်မှုရဲ့ ထရော်မာတွေကို ခံစားနေရဆဲ ကျောင်းသားတွေက ၂၀၁၆ ခုနှစ်မှာ “ရုတ်(ရုပ်တု) ဖယ်ရှားရေး၊ ကျောင်းလခ လျှော့ချရေး (Rhodes Must Fall and Fees Must Fall)” လှုပ်ရှားခဲ့ပြီး အဲဒီ လှုပ်ရှားမှုနှစ်ခုအကြောင်း ပြဇာတ်ဖန်တီးကြပါတယ်။ ပွဲကြည့်ပရိသတ် ခံစားနေရတဲ့ ထရော်မာတွေကိုပါ ကုစားပေးနိုင်ဖို့ရည်ရွယ်တဲ့ အဲဒီပြဇာတ်ကို ဖန်တီးစဉ်မှာရော တင်ဆက်ရာမှာပါ တက်ကြွလှုပ်ရှားသူတွေကိုယ်တိုင် ရင်ဆိုင်နေရတဲ့ ထရော်မာတွေအကြောင်း ပိုနားလည်လာကြတယ်။ လူမှုဝန်းကျင်ကို ပြုပြင်ပြောင်းလဲလိုသူတွေကိုယ်တိုင် ထရော်မာတွေကို ကျော်လွှားနိုင်ပြီး ကျန်းကျန်းမာမာ စိတ်ရှင်းရှင်းနဲ့ လုပ်ကိုင်နိုင်လေ လူမှုဝန်းကျင် အပြောင်းအလဲတွေ ကျယ်ပြန့်ထိရောက်လေ ပါပဲ။


၃။ လူမှုပြဿနာတွေကြောင့် ထရော်မာတွေ ပိုပြင်းထန်လာနိုင်တာ နားလည်အသိအမှတ်ပြုပါ။


Aerial View of Spaghetti Junction in Atlanta, GA
ယာဉ်ကြောရှုပ်ထွေးပိတ်ဆို့မှုအတွက် နာမည်ကြီးတဲ့ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တော် (အမေရိကန်) က လမ်းပိုင်းတစ်နေရာ

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တော်က နာမည်ကြီး ယာဉ်ကြောရှုပ်ထွေးပိတ်ဆို့မှု ဘာကြောင့်ဖြစ်ရသလဲ အကြောင်းရှာတော့ မူလလမ်းအူကြောင်းဒီဇိုင်းနဲ့ ယာဉ်ကြောစနစ်သတ်မှတ်တုန်းက အဲဒီဒေသမှာနေထိုင်သူ လူဖြူတွေအတွက် ဦးစားပေးထားတာ တွေ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် ယာဉ်ကြောကိစ္စ၊ အများပြည်သူ သွားလာပို့ဆောင်ရေး ကိစ္စတွေမှာ လူမျိုးရေးအရ အပြန်အလှန် ပြဿနာတွေ တက်ခဲ့ပါတယ်။ ရုတ်တရက်ကြည့်ရင် လူအုပ်စုလိုက် ထရော်မာတွေနဲ့ အရင်းရှင်းစနစ်နဲ့ ဆက်စပ်ကြည့်ဖို့ အဝေးကြီးလို့ ထင်ချင်စရာပါ။ ဒါပေမဲ့ အရင်းရှင် စီးပွားရေးစနစ်ကြောင့် တချို့လူတန်းစားအလွှာတွေ (ဥပမာ - ပညာတတ်၊ စီးပွားရေးနယ်ပယ်မှာ လုပ်ကိုင်သူတွေ) အတွက် သွားလာဆက်သွယ်မှု လွယ်ကူရေး အခြေခံအဆောက်အဦတွေဟာ တစ်ချိန်တည်းမှာ ဝင်ငွေနည်းမိသားစုတွေဆီက လူတစ်ဦးချင်းနဲ့ မိသားစုကျန်းမာရေးကိစ္စတွေ၊ ကလေးသူငယ်တွေရဲ့ အနာဂတ်ရေးတွေအတွက်တော့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိ‌စေပါတယ်။


ကမ္ဘာကြီးတစ်ခုလုံး ချိတ်ဆက်နေတဲ့ခေတ်မှာ ထရော်မာရစေတဲ့ အခြေခံအကြောင်းရင်းတွေဟာ ဘာမဆိုင် ညာမဆိုင်လို့ ထင်ရတဲ့ ဘဝနဲ့လူ့အဖွဲ့အစည်းရဲ့ အကြောင်းအရာနယ်ပယ်တွေကြားမှာ တသွင်သွင် သွယ်ဖြာစီးဆင်းနေပါတယ်။ လူမှုဝန်းကျင်အပြောင်းအလဲကို ဖော်ဆောင်နေတဲ့ ခေါင်းဆောင်တွေဟာ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်လာစေနိုင်တဲ့ လူမှုပြဿနာတွေရဲ့ အပြန်အလှန် ဆက်နွယ်မှုတွေကို သေချာဆန်းစစ်နားလည်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားကြရမှာပါ။ ဒီအတွက် ပညာရပ်နယ်ပယ်စုံနဲ့ အပြန်အလှန်အားပြိုင်နေတဲ့ လူသားတွေရဲ့ ရှုမြင်မှုအဖုံဖုံကို အသုံးချနိုင်ဖို့ လိုပါတယ်။


၄။ ထရော်မာ သက်သာပျောက်ကင်းစေဖို့ နည်းပေါင်းစုံနဲ့ လုပ်ကိုင်ပါ။


Members of South Africa's Truth and Reconciliation Commission—including Dr. Alex Boraine (second from left), deputy chair; Archbishop Desmond Tutu (centre), chair; and Rev. Bongani Finca (right), commissioner—at the commission's first hearing, April 1996, East London, S.Af.
အမှန်တရားနဲ့ ရင်ကြားစေ့ရေးကော်မရှင်(တောင်အာဖရိက)ရဲ့ ပထမဆုံးကြားနာပွဲ (၁၉၉၆ ခုနှစ် ဧပြီလ) © Benny Gool, Oryx Media

ထရော်မာတွေကို မကုဘဲထားရင် လူ့ကိုယ်ရည်ကိုယ်သွေးနဲ့ အစွမ်းအစတွေကို ထိခိုက်ပြီး ကိုယ်ခန္ဓာ၊ ဦးနှောက်နဲ့ စိတ်ရဲ့ ကျန်းမာမှုကို နောက်ဆက်တွဲဆိုးကျိုးတွေ ပေါ်ပေါက်စေကြောင်း ထရော်မာ ကျွမ်းကျင်ပညာရှင် ဘေဆဲလ်ဗန်ဒါကော့လ်ရေးတဲ့ “The Body Keeps the Score (ကိုယ်၌လည်း ဒဏ်ရာဒဏ်ချက် ကျန်ရစ်သည်)” ဆိုတဲ့စာအုပ်မှာ ရှင်းပြဖူးတယ်။ လူမှုရေးအရ အားပေးတာ၊ အပြန်အလှန် ဖွင့်ဟပြောဆိုတာတွေဟာ ထရော်မာဒဏ်ခံနေရတဲ့ အတိုင်းအဆကို သက်သာလျော့ပါးစေပါတယ်။ ထရော်မာကြုံရတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဂုဏ်သိက္ခာနဲ့ ကျန်းမာရွှင်လန်းမှု တိုးပွားရာ တိုးပွားကြောင်း ရှာနိုင်လေ ကုစားသက်သာမှုသံသရာစက်ဝန်းထဲ ရောက်လေပါပဲ။ ထရော်မာကို မကုဘဲထားရင် ထရော်မာနှိပ်စက်မှု အဆိုးကြော့သံသရာထဲမှာ လုံးပါး,ပါးသွားနိုင်ပါတယ်။


ဖွင့်ဟထွက်ဆိုချက်ကုထုံး (Testimony Therapy) ကိုလည်း ဆောင်းပါးက ဥပမာပေးထားပါတယ်။ စစ်ပွဲနဲ့ နိုင်ငံရေး အကြမ်းဖက်မှုတွေမှာ သေကံမရောက် သက်မပျောက်ခဲ့သူတွေ၊ နိုင်ငံရေးအရ ဒုက္ခသည်အဖြစ် ခိုလှုံလာသူတွေကို သူတို့ရဲ့ ပုဂ္ဂလိကအဖြစ်အပျက်တွေ ပြန်လည်ပြောဆိုမျှဝေစေတဲ့နည်းနဲ့ သူတို့ရဲ့ ထရော်မာတွေကို သက်သာစေပြီး သူတို့ရဲ့ ဖွင့်ဟထွက်ဆိုချက်တွေကို မှန်မှန်ကန်ကန် ခိုင်ခိုင်လုံလုံ မှတ်တမ်းတင်နိုင် ထိန်းသိမ်းထားနိုင်စေပါတယ်။ နောက်ဥပမာတစ်ခုကတော့ ခွဲခြားဆက်ဆံမှုကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့သူတစ်ဦးက သူကိုယ်တိုင်နဲ့ ဘဝတူတွေအတွက်ပါ မဲပေးပိုင်ခွင့်ရအောင် မားမားမတ်မတ် ဆောင်ရွက်ခဲ့ရင်း ထရော်မာထိုးနှက်မှုကနေ ရုန်းထွက်နိုင်ပုံကို ဖော်ပြထားပါတယ်။ ဒီ့အပြင် တောင်အာဖရိက နိုင်ငံက အမှန်တရားနှင့်ရင်ကြားစေ့ရေးကော်မရှင်နဲ့ ကိုလံဘီယာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလို တရားမျှတမှု ပြန်လည်ဖော်ဆောင်ရေး လုပ်ကိုင်မှုတွေမှာ တစ်ချိန်က ဖိနှိပ်ခံခဲ့ရသူတွေကို ပြောရေးဆိုခွင့်ပေး၊ ရရှိသင့်တဲ့ အခွင့်အရေးအရိုက်အရာတွေ ရရှိအောင် လုပ်ဆောင်ပေးပြီး နစ်နာမှုကို ပြန်လည်ပြင်ဆင်တဲ့၊ ပြန်လည်ထူထောင်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ ဒါတွေဟာ ထရော်မာတွေကို လျှော့ပါးစေတဲ့ နည်းတွေပါပဲ။ ဒီဥပမာတွေကိုကြည့်ရင် လူမှုဝန်းကျင်ပြုပြင်ပြောင်းလဲရေး ရှေ့ဆောင်ရှေ့ရွက် လုပ်ကိုင်မှုတွေအားလုံးမှာ ထရော်မာသက်သာစေတဲ့ နည်းလမ်းပေါင်းစုံကို ကိုယ်တိုင်ရှာဖွေဖော်ဆောင်ပြီး ပေါင်းစပ်ထည့်သွင်းနိုင်ပါတယ်။


၅။ အချိန်မဆွဲပါနဲ့၊ ဆက်နွယ်မှုကို အလေးထားပါ။


oil-lanterns
“ရှေးအစဉ်အဆက်က အသိပညာနဲ့ ခေတ်ပြိုင်သိမြင်နားလည်မှုကို နှစ်ပင်လိမ်ထားဖို့” လိုတယ် - သောမတ်ဟူဘယ်လ်

“တရားမျှတမှုပေးဖို့ အချိန်အကြာကြီးဆွဲနေတာဟာ တရားမျှတမှုကို ငြင်းဆန်တာပဲ” ဆိုတာ မာတင်လူသာကင်းရဲ့ လက်စွဲစကားပါ။ အလားတူပဲ ထရော်မာတွေ ကုစားဖို့ အချိန်ဆွဲတာဟာ ငြင်းရုံမက၊ ဆိုးသထက်ဆိုးဖို့ ခွင့်ပြုထားတာပါပဲ။ ထရော်မာတွေနဲ့ ကြာရှည်နပမ်းလုံးနေရင် လူမှာ နွမ်းလျပင်ပန်းပြီး ကြံ့ကြံ့ခံနိုင်စွမ်း နည်းသွားပါတယ်။ ခွဲခြားမှု၊ ဖိနှိပ်မှုတွေ ရှိနေတဲ့အခင်းအကျင်းမှာ သွားရေးလာရေး အကန့်အသတ်၊ ဆင်းရဲမွဲတေမှု၊ အနိုင်ကျင့်ခံရမှု၊ ယဉ်ကျေးမှုတွေ လက်စဖျောက်ခံရမှုတွေကြောင့် လူတွေကြားမှာ မျှော်လင့်ချက်နဲ့ အိပ်မက်တွေကိုပါ ရိုက်ချိုးခံထားရသလို ခံစားရနိုင်ပါတယ်။ အချိန်မီ ထရော်မာကို ကုစားသက်သာစေမှ မျိုးဆက်ပေါင်းများစွာဆီ ထ‌ရော်မာ ကူးစက်တာကို ကာကွယ်နိုင်မှာပါ။


ကိုယ်စိတ်နှစ်ပါး ဆက်နွယ်မှု၊ လူသားတစ်ဦးနဲ့တစ်ဦး ဆက်နွယ်မှု၊ မျိုးဆက်တစ်ခုနဲ့တစ်ခု ဆက်နွယ်မှု၊ အတွင်း အဇ္ဈတ္တနဲ့ ပြင်ပဝန်းကျင် ဗဟိဒ္ဓတို့ရဲ့ ဆက်နွယ်မှု စသဖြင့် ဆက်နွယ်မှုအမျိုးမျိုးဟာ ထရော်မာကုစားရာမှာ အရေးပါပါတယ်။ ဒီဆက်နွယ်မှုတွေရှိမှ အခြေခံကျတဲ့ လူသားချင်း ခင်မင်နှောင်တွယ်မှုတွေ ပြန်ထူထောင်နိုင်မှာပါ။ Academy of Inner Science ထူထောင်သူ စာရေးဆရာ သောမတ်ဟူဘယ်လ်က အုပ်စုလိုက်နဲ့ မျိုးဆက်ဆင့်ကမ်း ထရော်မာတွေ သက်သာပျောက်ကင်းဖို့မှာ “ရှေးအစဉ်အဆက်က အသိပညာနဲ့ ခေတ်ပြိုင်သိမြင်နားလည်မှုကို နှစ်ပင်လိမ်ထားဖို့” လိုတယ်လို့ ထောက်ပြပါတယ်။ လူတွေဟာ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ကျန်းမာမှုတို့အပြင် တည်တံ့တဲ့ ဆက်နွယ်မှု၊ ခင်မင်နှောင်တွယ်မှုတွေ ရှိတဲ့အခါ ကျန်းမာသန်စွမ်းမှုကို ခံစားကြရပါတယ်။ အဲဒီအရာတွေနဲ့ ပြတ်တောက်ကင်းကွာနေရင် ထရော်မာ ဆက်ရှိနေမှာပါ။ ဒါကြောင့် လူမှုဝန်းကျင် ပြုပြင်ပြောင်းလဲရေး လုပ်ကိုင်နေသူတွေဟာ သူတို့အလေးထား ဖြေရှင်းဆောင်ရွက်နေတဲ့ အရေးကိစ္စတွေမှာ ဘယ်လိုဆက်နွယ်မှုတွေရှိတယ်၊ ကင်းကွာမှုတွေ ရှိတယ်ဆိုတာကို ခွဲခြားသိမြင်ပြီး ထရော်မာတွေ သက်သာပျောက်ကင်းအောင် လုပ်ဆောင်ကြရမှာပါ။


ဆောင်းပါးရှင် အီဂျိုမာညာကာနှင့် ဒူကန်ပီးကော့တို့ရဲ့ ဆောင်းပါးမှာ အဓိက တင်ပြခဲ့တာတွေကတော့ ဒီလောက်ပါပဲ။ ခုတင်ဆက်ခဲ့တာတွေဟာ တတ်နိုင်သမျှ ကောက်နုတ်၊ အနှစ်ချုပ်ဖော်ပြထားတာပဲ ဖြစ်လို့ မူရင်းဆောင်းပါး အပြည့်အစုံကို (အင်္ဂလိပ်ဘာသာနဲ့) ဖတ်ရှုဖို့လည်း တိုက်တွန်းချင်ပါတယ်။


လေပြည်ထဲတွင် ငယ်ရုပ်ဆင်


ဆရာကြီးမင်းသုဝဏ်ရဲ့ “ပျဉ်းမငုတ်တို” ကဗျာဖွဲ့သလို “စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ် ဓားထစ်လည်းခံ နေလျှံလည်းတိုက် လေပြင်းခိုက်” တဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ နိုင်ငံသားပြည်သူတွေရဲ့ ထရော်မာတွေကို ထည့်စဉ်းစားဖို့ လိုပါတယ်။ လူမှုဝန်းကျင် ပြောင်းလဲရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နေသူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေရသူတွေ၊ တက်ကြွနိုးကြားတဲ့ နိုင်ငံသားတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ ထရော်မာတွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။


မျိုးဆက်ဆင့်ကမ်း ထရော်မာတွေနဲ့ လူမှုဝန်းကျင်ပြဿနာတွေရဲ့ ဆက်နွယ်မှုတွေကို သတိရှိရှိနဲ့ ဖော်ထုတ်ဖြေရှင်းနိုင်ရင် “မငိုက်ဦးခေါင်း နွေသစ်လောင်းသော် ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍ လေပြည်ထဲတွင် ငယ်ရုပ်ဆင်”တဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ အခြေခံကျတဲ့၊ ထိရောက်တဲ့၊ အရှည်တည်တံ့တဲ့ လူမှုဝန်းကျင် အပြောင်းအလဲတွေကို ထွေးပွေ့နိုင်မှာ ဖြစ်ပါတယ်။

၁,၀၅၀ views၃ comments

Recent Posts

See All

3件のコメント


ゲスト
2024年8月07日

ကိုယ်တိုင်လည်းဖြစ်နပြီလို့ ပြောရမလို ကိုယ်သိကျွမ်းသူတွ အားလုံးနီးပါးလည်း ကြုံတွေ့နေရတဲ့ အခြေအနေပါ။

いいね!

ゲスト
2024年8月05日

ဖတ်ရတာ အင်မတန်ကောင်းပါတယ်။

いいね!

ゲスト
2024年8月05日

တစ်တိုင်းပြည်လုံး ထရော်မာရနေပါပြီ။ဆင်ခြင်စရာ၊ အလေးထားစရာတွေ ဖတ်မှတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

いいね!
bottom of page