CSO ဖွံ့ဖြိုးမှု ထိရောက်ရေးနဲ့ ရေခံမြေခံကောင်း ဖြစ်ပေါ်ရေးအတွက် နိုင်ငံတကာကတိကဝတ်တွေ ဘယ်လိုရှိသလဲ။
ကမ္ဘာတစ်လွှားက ဖွံ့ဖြိုးရေးကိစ္စတွေအတွက် နိုင်ငံတကာက ကူညီပံ့ပိုးမှုပေးတဲ့အခါ ဘာတွေဖြစ်စေရမယ်ဆိုတဲ့ ကတိကဝတ်တွေကို လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် ချမှတ်ခဲ့ကြပါတယ်။ အဲဒီ နိုင်ငံတကာ ကတိကဝတ်တွေဟာ ဘယ်လို အစပြုခဲ့သလဲ၊ ဘာတွေ ပါဝင်လာသလဲ။ အရပ်ဘက်အဖွဲ့အစည်းတွေကို ဘယ်လို သဘောထားသလဲ၊ ဘယ်လို အထောက်အကူပြုမှာလဲ။ ဘယ်လိုတွေ ဆင့်ကဲပြောင်းလဲသွားသလဲ ဆိုတာတွေကို ပြန်ခြေရာကောက်နိုင်ဖို့အတွက် အနှစ်ချုပ် စုစည်းတင်ပြပါရစေ။
CSO တွေအတွက် ရေခံမြေခံကောင်းဖြစ်ရေးနဲ့ CSO ဖွံ့ဖြိုးမှုထိရောက်ရေးတွေအတွက် ချမှတ်ထားတဲ့ ကတိကဝတ်တွေဟာ SDG တွေအတွက် မပါမဖြစ် အရေးကြီးပါတယ်။ ... CSO တွေဟာ SDG တွေကို ဖော်ဆောင်ရာနည်းလမ်း ဖြစ်သလို ဦးတည်ရာပန်းတိုင်လည်း ဖြစ်ပါတယ်။
၂၀၀၀ - ထောင်စုနှစ်သစ် ဖွံ့ဖြိုးရေးပန်းတိုင်များ (Millenium Development Goals)
ဖွံ့ဖြိုးရေးကိစ္စမှာ CSO တွေ ထိတွေ့ပါဝင်ဖို့နဲ့ပတ်သက်ပြီး နိုင်ငံတကာ ကတိကဝတ်တွေ ရှိလာတာက ထောင်စုနှစ်သစ် ဖွံ့ဖြိုးရေးပန်းတိုင်(MDG)တွေ ရေးဆွဲသတ်မှတ်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းကပါ။ ကမ္ဘာ့ခေါင်းဆောင်တွေဟာ “ဖွံ့ဖြိုးရေးကို အမှန်အကန် ရရှိခံစားပိုင်ခွင့်ဟာ လူတိုင်းအတွက် ဖြစ်လာအောင်” အတူလုပ်ဆောင်ဖို့ ကတိပြုခဲ့ကြပါတယ်။ အထူးသဖြင့် “ဖွံ့ဖြိုးရေးအတွက် ကမ္ဘာအနှံ့ မိတ်ဖက်ဖွဲ့စည်းမှုတွေ ထူထောင်ရမယ်ဆိုတဲ့” ရှစ်ခုမြောက်ပန်းတိုင် MDG8 ဟာ ဖွံ့ဖြိုးရေးအတွက် ပူးပူးကပ်ကပ် လက်တွဲလုပ်ကိုင်ရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် မိတ်ဖက်မျိုးစုံမပါဘဲ အဲဒီပန်းတိုင်တွေဆီ အရောက်လှမ်းဖို့ တိုးတက်မှုမရှိနိုင်ဘူးလို့ လက်ခံခဲ့ကြပါတယ်။
၂၀၀၃ - ပထမအကြိမ် ကူညီပံ့ပိုးမှုထိရောက်ရေး အဆင့်မြင့် နှီးနှောဖလှယ်ပွဲ (The First High Level Forum on Aid Effectiveness)
၂၀၀၃ ခုနှစ် ဧပြီလတုန်းက ရောမမြို့မှာ ဟန်ချက်ညီမှုအတွက် အဆင့်မြင့်နှီးနှောဖလှယ်ပွဲ (High Level Forum on Harmonization) ကို ကျင်းပခဲ့ပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကြောင့် ကူညီပံ့ပိုးမှု ထိရောက်ရေးဆိုတဲ့ လှုပ်ရှားမှု အသက်ဝင်လာပြီး နောက်ဆက်တွဲ “ကူညီပံ့ပိုးမှုထိရောက်ရေး အဆင့်မြင့် နှီးနှောဖလှယ်ပွဲ” တွေ ပေါ်ပေါက်လာခဲ့ပါတယ်။
၂၀၀၅ - ကူညီပံ့ပိုးမှုထိရောက်ရေး ပါရီကြေညာစာတမ်း (The Paris Declaration on Aid Effectiveness)
၂၀၀၅ ခုနှစ်မှာ ဒုတိယအကြိမ် ကူညီပံ့ပိုးမှုထိရောက်ရေး အဆင့်မြင့် နှီးနှောဖလှယ်ပွဲမှာ ကူညီပံ့ပိုးမှု ထိရောက်ရေး ပါရီကြေညာစာတမ်းကို ချမှတ်ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ပါရီကြေညာစာတမ်းမှာ မိတ်ဖက်ဆောင်ရွက်မှုတွေကို အဓိက အနှစ်သာရအဖြစ် တွေ့ရမှာပါ။ နိုင်ငံတကာဖွံ့ဖြိုးရေး ကူညီပံ့ပိုးမှုတွေ ပေးသူနဲ့ လက်ခံသူ နိုင်ငံအစိုးရတွေနဲ့ကြားက ဆက်ဆံရေးတွေရဲ့ အခင်းအကျင်းကြီးကို ပြောင်းလဲသွားစေပါတယ်။
၂၀၀၈ - လုပ်ဆောင်စရာ အက္ကရာ အာဂျင်ဒါ (The Accra Agenda for Action)
မကြာခင်မှာပဲ ဖွံ့ဖြိုးရေးကိစ္စ သက်ဆိုင်သူတွေဟာ အစိုးရတွေချည်း မဟုတ်ဘူးလို့ သိမြင်လက်ခံတဲ့နောက် ၂၀၀၈ ခုနှစ်မှာ (ဂါနာနိုင်ငံ) အက္ကရာမြို့မှာ လုပ်ဆောင်စရာ အက္ကရာအာဂျင်ဒါ (AAA) ကို ရေးဆွဲပြီး ကတိကဝတ်သုံးခု ချမှတ်ခဲ့ပါတယ်။ အဲဒါတွေက (က) ဖွံ့ဖြိုးရေးမူဝါဒတွေ ဆွေးနွေးတိုင်ပင်ရာမှာ CSO တွေ ပါဝင်ရေး၊ (ခ) CSO တွေ ပါဝင်လုပ်ကိုင်နိုင်မယ့် ရေခံမြေခံကောင်းတွေ ပေါ်ပေါက်လာအောင် သူတို့နဲ့အတူ လက်တွဲလုပ်ကိုင်ရေးနဲ့ (ဂ) တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ အပါအဝင် ဖွံ့ဖြိုးမှုထိရောက်ရေးအတွက် CSO တွေ အားကောင်းမောင်းသန်ရှိလာဖို့ အားပေးရေးတို့ ပါဝင်ပါတယ်။
၂၀၁၀ - CSO ဖွံ့ဖြိုးမှုထိရောက်ရေးအတွက် အစ္စတန်ဘူလ် အခြေခံမူများ (Istanbul Principles for CSO Development Effectiveness)
ညှိနှိုင်းဆွေးနွေးမှုအဆင့်ဆင့်နဲ့ နိုင်ငံတကာ အစည်းအဝေး အကြိမ်ကြိမ်ကျင်းပပြီး နှစ်,နှစ်အကြာမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မိတ်ဖက်တွေ၊ အစိုးရတွေ၊ သမားရိုးကျ အလှူရှင်(နိုင်ငံ)တွေ၊ ကမ္ဘာ့တောင်ခြမ်း နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်သူတွေ၊ စီးပွားရေး တက်သစ်စနိုင်ငံတွေ၊ ပုဂ္ဂလိက အလှူရှင်တွေအားလုံးက ဖွံ့ဖြိုးမှုထိရောက်ရေးအတွက် အခြေခံမူ ရှစ်ချက်ကို သဘောတူချမှတ်ခဲ့တယ်။ အဲဒီမူတွေကို ၂၀၁၀ ပြည့်နှစ်မှာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ အတည်ပြုခဲ့ကြတဲ့အတွက် CSO ဖွံ့ဖြိုးမှုထိရောက်ရေးအတွက် အစ္စတန်ဘူလ် အခြေခံမူများ လို့ ခေါ်ကြတယ်။ အစ္စတန်ဘူလ်အခြေခံမူတွေကို နောင်အခါ ၂၀၁၁ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိ(ပ်)မြို့မှာ ကျင်းပတဲ့ CSO ဖွံ့ဖြိုးမှုထိရောက်ရေး စုံညီနှီးနှောဖလှယ်ပွဲ၊ ဒုတိယအကြိမ် အထွေထွေညီလာခံရဲ့ သဘောတူညီမှုနဲ့ CSO ဖွံ့ဖြိုးမှုထိရောက်ရေး နိုင်ငံတကာမူဘောင် အဖြစ် ပိုကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းနိုင်လာခဲ့တယ်။
၂၀၁၁ - ဘူဆန် မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက် (The Busan Partnership Agreement)
ကူညီပံ့ပိုးမှုထိရောက်ရေး စတုတ္ထမြောက် အဆင့်မြင့်နှီးနှောဖလှယ်ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ၂၀၁၁ ခုနှစ်က ကျင်းပခဲ့ပါတယ်။ အဲဒီနှီးနှောဖလှယ်ပွဲကနေ နိုင်ငံပေါင်း ၁၆၁ နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၅၆ ခုပါဝင်တဲ့ “ဘူဆန် မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဘူဆန် မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေမှာ မဖြစ်မနေလိုအပ်တဲ့ ထိရောက်မှု၊ ဒီထက် ပိုအရေးကြီးတာက ဖွံ့ဖြိုးရေးကိစ္စတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေကို တန်းတူရည်တူရှိတဲ့ လက်တွဲဖက်တွေအဖြစ် အသိအမှတ်ပြုရေး ဘုံသဘော အခြေခံမူတွေကို ချမှတ်နိုင်ခဲ့ပါတယ်။ ဘူဆန် အဆင့်မြင့်နှီးနှောဖလှယ်ပွဲက ဖွံ့ဖြိုးရေး မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ရေးဆွဲမှု၊ အကောင်အထည်ဖော်မှုနဲ့ စောင့်ကြည့်လေ့လာမှုတွေမှာ CSO တွေကို ထည့်သွင်းထားရမယ်ဆိုတဲ့အချက်ကို အလေးအနက်ထားပါတယ်။ ဒီသဘောတူညီချက်ကြောင့် ဖွံ့ဖြိုးရေးအတွက် လှုပ်ရှားဆောင်ရွက်သူအဖြစ် ကိုယ့်အခွင့်အရေးကိုယ်အခြေပြုပြီး ပါဝင်လာတဲ့ CSO တွေရဲ့ အပြန်အလှန် အားကိုးအားထားပြုနိုင်မှုကို ထပ်လောင်းအတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ CSO ဖွံ့ဖြိုးမှုထိရောက်ရေးအတွက် အစ္စတန်ဘူလ် အခြေခံမူတွေနဲ့အညီ CSO တွေကိုယ်တိုင် ထိရောက်ရေးနဲ့ တာဝန်ခံမှုရှိရေးတို့ကို ပိုအားကောင်းလာစေမယ့် ရေခံမြေခံကောင်းတွေကို ဖော်ဆောင်ပေးရမယ်ဆိုတဲ့ ကတိကဝတ်တွေကို ဘူဆန်သဘောတူညီချက်က ပိုခိုင်မာစေခဲ့ပါတယ်။
၂၀၁၂ - ဖွံ့ဖြိုးရေးထိရောက်မှု လက်တွဲဆောင်ရွက်ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် (Global Partnership for Effective Development Co-operation)
ဘူဆန်မှာ အဆင့်မြင့်နှီးနှောဖလှယ်ပွဲ လုပ်နိုင်ခဲ့တဲ့ ရလဒ်တစ်ခုက ထိရောက်ရေး ကတိကဝတ်တွေကို ဆက်လက်အဆင့်မြှင့် အကောင်အထည်ဖော်ရာမှာ အားလုံးပါဝင်ခွင့်ရှိတဲ့ မိတ်ဖက်လက်တွဲမှုအသစ်တွေ ဖန်တီးကြဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၂ ခုနှစ်မှာ ဖွံ့ဖြိုးရေးထိရောက်မှု လက်တွဲဆောင်ရွက်ရေး ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် (GPEDC) ကို ထူထောင်နိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးရေးအတွက် မိတ်ဖက်လက်တွဲမှုတွေ ထိရောက်စေရေး အားကောင်းဖို့ သန္နိဋ္ဌာန်ချထားတဲ့ အစိုးရတွေ၊ နိုင်ငံအချင်းချင်း (အလှူရှင်အစိုးရ) နဲ့ နိုင်ငံစုံ (အလှူရှင်) အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက ကဏ္ဍနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အလုပ်သမားသမဂ္ဂတွေ အားလုံး GPEDC မှာ ပါဝင်ကြပါတယ်။ GPEDC ဟာ ဖွံ့ဖြိုးရေးထိရောက်မှုဆိုင်ရာ ကတိကဝတ်တွေကို ထိန်းကျောင်း မောင်းနှင်နေတဲ့ ကဏ္ဍစုံပါဝင်တဲ့ ပင်မအဖွဲ့အစည်းကြီးလည်း ဖြစ်ပါတယ်။ အနီးစပ်ဆုံး နှစ်,နှစ်တိုင်းမှာ အဲဒီကတိကဝတ်တွေကို နိုင်ငံချင်းစီအလိုက် ဘယ်လိုလိုက်နာဆောင်ရွက်ကြတယ်ဆိုတာ စောင့်ကြည့်အကဲခတ်ပြီး GPEDC က တိုးတက်မှု အစီရင်ခံစာ ပြုစုပါတယ်။ ဒီကတိကဝတ်တွေကို အဆင့်မြင့် အစည်းအဝေးပေါင်းများစွာမှာလည်း ထပ်လောင်းအတည်ပြုပြီး ဖြစ်ပါတယ်။
၂၀၁၅ - ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးညီလာခံ (UN Sustainable Development Summit)
၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးညီလာခံကို ကျင်းပရာမှာ ကမ္ဘာ့ခေါင်းဆောင် ၁၅၀ ကျော် ပါဝင်ခဲ့ကြပြီး ၂၀၃၀ အာဂျင်ဒါနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDG) ၁၇ ခုကို ချမှတ်ခဲ့ကြပါတယ်။ SDG တွေက နိုင်ငံတကာ အသိုင်းအဝိုင်းက သန္နိဋ္ဌာန်ချထားတဲ့ သတ်မှတ်ချက်တွေဖြစ်ပြီး အဲဒီသတ်မှတ်ချက်တွေအတိုင်း လက်တွေ့ဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ဖွံ့ဖြိုးမှုထိရောက်ရေး ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်တွေက ဖော်ပြနေပါတယ်။ CSO တွေအတွက် ရေခံမြေခံကောင်းဖြစ်ရေးနဲ့ CSO ဖွံ့ဖြိုးမှုထိရောက်ရေးတွေအတွက် ချမှတ်ထားတဲ့ ကတိကဝတ်တွေဟာ SDG တွေအတွက် မပါမဖြစ် အရေးကြီးပါတယ်။ ကနဦး သတ်မှတ်ချက်တွေ ချမှတ်ကျင့်သုံးတော့မှသာ CSO တွေဟာ SDG တွေကို အကောင်အထည်ဖော်ဖို့ရော တာဝန်ခံမှုစောင့်ကြည့်လေ့လာဖို့ပါ လုပ်နိုင်ကြမှာပါ။ ကတိကဝတ်တွေအတိုင်း ဆောင်ရွက်နိုင်မှ SDG တွေ အကောင်အထည်ဖော်ရာမှာ CSO တွေက တစ်တပ်တစ်အား ပါဝင်အားဖြည့်နိုင်ကြမှာပါ။
CSO တွေဟာ SDG တွေကို ဖော်ဆောင်ရာနည်းလမ်း ဖြစ်သလို ဦးတည်ရာပန်းတိုင်လည်း ဖြစ်ပါတယ်။ ‘ဖော်ဆောင်ရာ နည်းလမ်း’ဆိုတာက SDG တွေကို အကောင်အထည်ဖော်ရာမှာနဲ့ စောင့်ကြည့်ရာမှာ CSO တွေက တစ်ဖွဲ့ချင်းအနေနဲ့ရော ကဏ္ဍစုံ မိတ်ဖက်ဖွဲ့စည်းမှုတွေရဲ့ အစိတ်အပိုင်းအနေနဲ့ပါ SDG 17 အောက်မှာ ပါဝင်လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ‘ဦးတည်ရာပန်းတိုင်’လို့ ဆိုရာမှာတော့ စုံလင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ရှိနေခြင်းအားဖြင့် SDG 16 အရ ငြိမ်းချမ်းပြီး အားလုံးပါဝင်ခွင့်ရှိတဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ၂၀၃၀ အာဂျင်ဒါဟာ လူသားထု၊ ကမ္ဘာမြေ၊ သာယာဝပြောရေးနဲ့ ငြိမ်းချမ်းရေး (people, planet, prosperity and peace) အတွက် လူသားအားလုံးနဲ့သက်ဆိုင်တဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။ အရင်က ထောင်စုနှစ်သစ် ဖွံ့ဖြိုးရေးပန်းတိုင် (MDG) တွေကို ဆက်ခံတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (SDG) တွေဟာ နိုင်ငံတကာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဦးဆောင်မောင်းနှင်နေပြီး ၂၀၃၀ ပြည့်နှစ်မှာ ပန်းတိုင်ရောက်ရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
နိဂုံး
ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတကာ သဘောတူညီမှုနဲ့ ကတိကဝတ်တွေကို ပြန်ခြေရာကောက်ကြည့်ရင် ...
၂၀၀၀ ပြည့်နှစ်မှာ ချမှတ်ခဲ့တဲ့ ထောင်စုနှစ်သစ် ဖွံ့ဖြိုးရေးပန်းတိုင်တွေက နောင်အခါ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်တွေအဖြစ် ပြောင်းလဲသွားပါတယ်။
၂၀၀၃ ခုနှစ်မှာ ရောမမြို့ အဆင့်မြင့်နှီးနှောဖလှယ်ပွဲရဲ့နောက်ဆက်တွဲအနေနဲ့ ကူညီပံ့ပိုးမှုထိရောက်ရေး အဆင့်မြင့်နှီးနှောဖလှယ်ပွဲ ထပ်ပေါ်လာပါတယ်။
၂၀၀၅ ခုနှစ်မှာ ပါရီကြေညာချက်မှာ မိတ်ဖက်ဆောင်ရွက်မှုတွေရဲ့ အရေးကြီးမှုကို အသားပေးပါတယ်။
၂၀၀၈ ခုနှစ် အက္ကရာအာဂျင်ဒါမှာ CSO တွေရဲ့ ပါဝင်မှုကို အလေးထားလာပါတယ်။
၂၀၁၀ ပြည့်နှစ် ဖွံ့ဖြိုးမှုထိရောက်ရေး အစ္စတန်ဘူလ်အခြေခံမူတွေမှာ CSO ဖွံ့ဖြိုးမှုထိရောက်ရေး နိုင်ငံတကာ အခြေခံမူတွေ ပေါ်ပေါက်လာပါတယ်။
၂၀၁၁ ခုနှစ် ဘူဆန် မိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက်တွေမှာ CSO တွေကို တန်းတူရည်တူရှိတဲ့ လက်တွဲဖက်တွေအဖြစ် အသိအမှတ်ပြုဖို့ သဘောတူညီချက် ချလာနိုင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ ဖွံ့ဖြိုးမှုထိရောက်ရေး ကတိကဝတ်တွေရဲ့ တိုးတက်မှုကို စောင့်ကြည့် အကဲဖြတ်နိုင်ဖို့ GPEDC ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးညီလာခံမှာ CSO တွေဟာ ဖော်ဆောင်ရာနည်းလမ်းသာမက ဦးတည်ရာ ပန်းတိုင်ပါဖြစ်ကြောင်း အသိအမှတ် ပြုလာခဲ့ကြပါတယ်။
စသဖြင့် တွေ့ရှိရမှာပါ။ နောက်ထပ်လည်း ဒီကတိကဝတ်တွေရဲ့ အခြေခံတွေနဲ့ စပ်ဆက်မှုရှိတဲ့ မဟာညှိနှိုင်းမှုကြီး (The Grand Bargain) လို လူသားချင်းစာနာမှု အကူအညီတွေနဲ့ပတ်သက်လို့ ထူးခြားတဲ့ သဘောတူညီချက်မျိုး ဆက်ထွက်ပေါ်ခဲ့တာလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းကို ကောင်းသောပြောင်းလဲမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ကြဉ်းဖို့ အားထုတ်နေကြသူတွေအနေနဲ့ ဒီအခြေခံတွေပေါ်ကနေ ကောင်းမွန်တဲ့ အလှည့်အပြောင်းတွေဆီ ရှေ့ခရီးဆက်ကြရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
နိုင်ငံတကာဆိုတာလည်း ချီးပေ တွေကြီးပါ။မြန်မာ့အရေးကိုသာကြည့်။နိုင်ငံတကာ ချီးပေဟုတ်လားမဟုတ်လား။
☎️ အီးမေးလ်၊ဖုန်း နဲ့ သိချင်တာမေးရင် ဖြေပေးလား။