ဖတ်ညွှန်း - လူသားချင်းစာနာမှုတွေ ဘောင်ဝင်စေဖို့
- သင်းမြကြည်

- 1 day ago
- 3 min read
လူသားချင်းစာနာရေး အကူအညီတွေ ဘောင်ဝင်တန်းဝင်ဖြစ်ဖို့ ဘာတွေ သတိထားရမလဲ

“မြန်မာနိုင်ငံက ပြည်သူတွေ ... လက်မခံငြင်းဆန်ကြတဲ့ကြားက နိုင်ငံတကာ လူသားချင်းစာနာရေး လှုပ်ရှားသူတွေဟာ ပြည်တွင်းဝင်ရောက်လုပ်ကိုင်ရေးအတွက် အဲဒီအာဏာရှင်နားမှာပဲ ရစ်သီရစ်သီ လုပ်နေကြပါတယ်။ လူသားချင်းစာနာရေးနယ်ပယ်ဟာ တကယ့်နိုင်ငံရေးအရှိတရားကို လျစ်လျူရှုပြီး အကျပ်အတည်းရဲ့ ပင်မလက်သည်တရားခံနား တဝဲလည်လည်လုပ်ဖို့ ဘယ်လိုတွေများ ဇာတ်လမ်းဆင်ထားပါလိမ့်”
ဒါကတော့ နိုင်ငံတကာ ဖွံ့ဖြိုးရေး၊ လူသားချင်းစာနာရေး၊ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို တင်ဆက်ဆွေးနွေးတဲ့ ODI Global ဝက်ဘ်ဆိုက်မှာ ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက် တင်ဆက်ခဲ့တဲ့ “ဘောင်ဝင်တန်းဝင်မှု လမ်းဆုံလမ်းခွရောက် လူသားချင်းစာနာရေး အကူအညီများ” (Humanitarian Aid at the Crossroads of Legitimacy) ဆောင်းပါးထဲက ကောက်နုတ်ထားတာပါ။
ဒီဆောင်းပါးဟာ ကမ္ဘာပေါ်က လူသားချင်းစာနာမှု ကူညီပံ့ပိုးရေး စနစ်ယန္တရားကြီးရဲ့ လိုအပ်ချက်၊ အားနည်းချက်နဲ့ လွဲချော်မှုတွေကို ထောက်ပြရာမှာ မြန်မာနိုင်ငံကို ဥပမာပေးထားတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ကမ္ဘာ့အလှူရှင်နိုင်ငံတွေရဲ့ ပြန်လည်သုံးသပ် ဆုံးဖြတ်ချက်တွေအရ နိုင်ငံတကာ ကူညီပံ့ပိုးမှု ရန်ပုံငွေတွေ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့အတွက် ကုလသမဂ္ဂက “လူသားချင်းစာနာရေး ပြန်လည်ဆန်းသစ်ရေး” အစီအစဉ်ကို ဦးဆောင်ပြီး ငွေကြေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာဟာ သိပ်ပြီး အလုပ်ဖြစ်မယ်လို့ စာရေးသူတွေက မထင်ကြပါဘူး။ ဒီလို မထင်ရတဲ့ အကြောင်းကလည်း ဒီပြန်လည်ဆန်းသစ်ရေးဟာ ယုံကြည်မှု၊ ပါဝါနဲ့ တာဝန်ခံမှုဆိုတဲ့ ပြဿနာရဲ့ ရင်းမြစ်တွေကို ဖြေရှင်းဖို့ မကြိုးစားဘဲ၊ ထိရောက်မှုနဲ့ ရင်းမြစ်ကိစ္စတွေကိုပဲ မယောင်ရာ ဆီလူးလုပ်နေလို့ပါတဲ့။
ဆောင်းပါးကို -
ဘာကြောင့် ဘောင်ဝင်တန်းဝင်ဖြစ်ဖို့ အရေးကြီးလဲ
“လူပီသစွာ စာနာမှု”ကို နားလည်ပုံ
တရားမျှတမှုနဲ့ တန်းတူညီမျှမှုဆိုတဲ့ လက်ရန်းတွေ
တရားသဖြင့်မဟုတ်တဲ့ လုပ်ကိုင်ပုံ - အရေးပေါ်ကာလ ယာယီအစီအမံ
နိဂုံး - ဘောင်ဝင်တန်းဝင်ဖြစ်ဖို့ ဘာလုပ်ကြမလဲ
ဆိုတဲ့ခေါင်းစဉ်ခွဲ အပိုင်းငယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဆောင်းပါးရှင်တွေ အဓိက ထောက်ပြခဲ့တာက လူသားချင်းစာနာရေး လှုပ်ရှားသူတွေဟာ လူပီသစွာ စာနာရေး၊ ကြားနေရေး၊ ဘက်မလိုက်ရေး၊ အမှီအခိုကင်းရေး ဆိုတဲ့ စည်းမျဉ်းစံနှုန်းတွေကို အပြောကြီးသလောက် ကိုယ်တိုင် ပြည့်ပြည့်ဝဝ လိုက်နာကျင့်သုံးခြင်း မရှိကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း လက်ရှိ လူသားချင်းစာနာရေး ကူညီပံ့ပိုးမှုစနစ်ကြီး ရင်ဆိုင်နေရတာက ငွေကြေးအကျပ်အတည်း မဟုတ်ဘူး၊ ဘောင်ဝင်တန်းဝင်ဖြစ်မှု အကျပ်အတည်းသာ ဖြစ်တယ်လို့ ဆောင်းပါးရှင်တွေက ငြင်းခုံထားပါတယ်။ လူသားချင်းစာနာရေး လုပ်ဆောင်မှုတွေဟာ ကျင့်ဝတ်ပိုင်းအရနဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ယုံကြည်လက်ခံစရာ မရှိဘူးလို့ အလှူရှင်လူ့အဖွဲ့အစည်းတွေကရော၊ ကူညီပံ့ပိုးမှုကို ခံယူတဲ့ လူ့အဖွဲ့အစည်းတွေကပါ ထင်မြင်နေကြကြောင်း ဆောင်းပါးရှင်တွေ တင်ပြထားပါတယ်။
ပင်မလမ်းသုံးသွယ်
အကျပ်အတည်းတွေကြောင့် ဒုက္ခရောက်ကြရတဲ့ လူ့ရပ်ရွာသိုင်းဝိုင်းတွေက သူတို့ လိုအပ်ချက်တွေဟာ စားစရာ၊ အမိုးအကာနဲ့ အခြေခံပြန်လည်ထူထောင်ရေးထက် ပိုတာတွေကို လိုအပ်ပါတယ်လို့ တဖွဖွ ပြောနေကြတာပါ။ အဲဒီ ရပ်ရွာအသိုင်းအဝိုင်းတွေဟာ လုံခြုံမှု၊ သက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်မှု၊ တရားမျှတမှု၊ တကယ်အလုပ်ဖြစ်တဲ့ ပြည်သူ့ဝန်ဆောင်မှု၊ အဓိပ္ပာယ်ရှိတဲ့ နိုးကြားပါဝင်ခွင့်နဲ့ ဂုဏ်သိက္ခာတွေကို လိုအပ်နေကြတာ ဖြစ်ပါတယ်။ ဒီတော့ “လူသားချင်းစာနာရေး” ဝင်ရောက်ဆောင်ရွက်မှုလို့ဆိုတိုင်း ဘောင်ဝင်တန်းဝင်မှာမဟုတ်ဘူးလို့ ဒီဆောင်းပါးက ထောက်ပြပါတယ်။ လုပ်ရပ်၊ နားစွင့်နေမှု၊ ဘေးဒုက္ခ ခံစားနေရတဲ့ လူထုကို တာဝန်ခံမှုတွေနဲ့သာ ဘောင်ဝင်တန်းဝင် ဖြစ်မှာပါ။
(ဘာသာပြန်ဆိုသူရဲ့ မှတ်ချက် - ယေဘုယျအားဖြင့် Legitimacy ကို တရားဝင်မှု၊ တရားဝင်မှုကို ယုံကြည်လက်ခံခြင်း စသဖြင့် ဘာသာပြန်ကြလေ့ရှိပါတယ်။ ဒါပေမဲ့ Legality ကိုလည်း တရားဝင်မှုလို့ အလားတူပြန်ဆိုကြတဲ့အတွက် နားလည်မှု မရှုပ်ထွေးစေဖို့၊ ဒါ့အပြင် လူသားချင်း စာနာရေးကဏ္ဍနဲ့ တွဲဖက်သုံးစွဲတဲ့အခါ ဆီလျော်မှုရှိဖို့ ဘောင်ဝင်တန်းဝင် ဖြစ်မှုလို့ပဲ ရွေးချယ်သုံးစွဲထားပါတယ်။)
ဆောင်းပါးရှင်တွေက လူသားချင်းစာနာရေး လုပ်ငန်းတွေကို ပြန်လည်ပုံဖော်ရာမှာ ပင်မ လမ်းကြောင်းကြီးသုံးခုကို အကြံပြုပါတယ်။
လူပီသစွာ စာနာမှုဆိုတဲ့ အဓိပ္ပာယ်ကို ခေတ်နဲ့အညီ ချဲ့ထွင်သတ်မှတ်ဖို့ - လူသားချင်းစာနာရေး လုပ်ဆောင်ချက်တွေဟာ လူတွေကို စားဝတ်နေရေးဆိုတဲ့ ရှင်သန်ရေးလိုအပ်ချက်လောက် ရှိတဲ့သတ္တဝါတွေအဖြစ် နှိမ့်ချသတ်မှတ်တာမျိုး မလုပ်သင့်ပါဘူး။ လူတိုင်းဟာ သူ့အတိုင်းအထွာနဲ့သူ ဂုဏ်သိက္ခာ၊ ကိုယ်စွမ်းဉာဏ်စွမ်း၊ ပေါင်းသင်းဆက်ဆံရေး၊ မျှော်လင့်ချက်နဲ့ နိုင်ငံရေးအရှိတရားတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်တယ်လို့ အသိအမှတ်ပြုသင့်ပါတယ်။
တရားမျှတမှုနဲ့ တန်းတူညီမျှရေးကို ဌာပနာထားဖို့ - လူသားချင်းစာနာရေး ဇာတ်ကြောင်းပုံဖော်မှုတွေနဲ့ လုပ်ကိုင်မှုတွေမှာ ကူညီပံ့ပိုးမှုတွေဟာ နိုင်ငံရေးနဲ့ကင်းကွာတဲ့၊ ဘက်မလိုက်တဲ့ ကုသိုလ်ဖြစ်ကိစ္စလို့ ပုံဖော်နေတာထက် ပါဝါ၊ တန်းတူညီမျှ မဖြစ်မှု၊ သမိုင်းနဲ့ချီပြီး တရားမျှတခြင်း ကင်းမဲ့မှုတွေကို ရိုးရိုးသားသား ရှုမြင်လက်ခံသင့်ပါတယ်။
ကာလကြာရှည်တဲ့ ယာယီအစီအမံတွေကို ကျော်လွှားနိုင်ဖို့ - ကာလတာရှည်ဖြစ်နေတဲ့ အကျပ်အတည်းတွေကို ယာယီအရေးပေါ်အခြေအနေလို သဘောထားတာမျိုးကို ရပ်တန်းက ရပ်သင့်ပါတယ်။ ဆယ်စုနှစ်တွေချီပြီး ဖြစ်နေတဲ့ အကျပ်အတည်းတွေမှာ လိုအပ်နေတာက တည်ငြိမ်မှု၊ စည်းစနစ်တကျ အုပ်ချုပ်စီမံမှု၊ သက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်မှု၊ လူမှုစနစ်တို့နဲ့ ယှဉ်တွဲချိတ်ဆက်နေတဲ့ ချဉ်းကပ်ပုံတွေကို လိုအပ်ပါတယ်။
မြန်မာဖြစ်စဉ် သာဓက
လူသားချင်းစာနာမှု လှုပ်ရှားသူတွေဟာ ဘက်မရွေးဘူး၊ ကြားနေတယ်ဆိုတဲ့ စကားလုံးတွေသုံးပြီး တရားမျှတမှုနဲ့ တန်းတူညီမျှမှုဆိုတဲ့ တန်ဖိုးထားမှုတွေကို မျက်နှာလွှဲလေ့ ရှိကြပါတယ်။ အဲဒီအခါ အကျိုးဆက်အဖြစ် (အကူအညီ) တုံ့ပြန်ကိုင်တွယ်မှုတွေရဲ့ တရားမျှတမှု၊ ရန်ပုံငွေ ခွဲဝေချထားမှုမှာ တန်းတူရည်တူဖြစ်မှု၊ ပြည်တွင်းလှုပ်ရှားသူတွေရဲ့ ဗဟိုချက်ကျမှု၊ လူသားချင်းစာနာရေး နယ်ပယ်ရဲ့ ဘောင်ဝင်တန်းဝင်ဖြစ်မှုတွေကို ယိုင်နဲ့သွားစေတဲ့အထိ ထင်မြင်ယူဆချက်ဆန်ဆန်နဲ့ ပေးဆပ်ရမှုမြင့်မားတဲ့ ဇာတ်ကြောင်းပုံဖော်မှုတွေသာ ပေါ်ပေါက်လာကြောင်း “တရားမျှတမှုနဲ့ တန်းတူညီမျှမှုဆိုတဲ့ လက်ရန်းတွေ” အပိုင်းမှာ ဆောင်းပါးရှင်တွေက ထောက်ပြပါတယ်။
ဒီအယူအဆတွေကို ဆောင်းပါးရှင်တွေက မြန်မာနိုင်ငံရဲ့ဖြစ်ရပ်နဲ့ဆက်စပ်ပြီး အခုလိုဥပမာပေး ဆွေးနွေးထားပါတယ်။
“ဥပမာပေးရရင် ကူညီပံ့ပိုးမှုတွေကို ထောက်လှမ်းရေးစနစ်မှာ အသုံးချသွားတာ၊ အာဏာထိန်းချုပ်မှုအတွက် သုံးတာ၊ ဘက်မလိုက်ဘူးဆိုတဲ့ မျက်နှာဖုံးစွပ်ပြီး မတရားမှုတွေကို နှုတ်ဆိတ်နေတာ၊ ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်ကို ဘောင်ဝင်တန်းဝင်ဖြစ်လာအောင် မိတ်ဖက် လက်တွဲ ထောက်ပံ့အားပေးတာတွေ ဖြစ်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းမှာ လူသားချင်းစာနာရေး နယ်ပယ်ဟာ ဒီကိစ္စကို အသိအမှတ်ပြု ကိုင်တွယ်ဖြေရှင်းရမယ့်အစား မသိကျိုးကျွန်ပြုခဲ့လို့ ကူညီပံ့ပိုးမှုတွေဟာ အာဏာရှင်စနစ်ကြောင့် လူပီသစွာ စာနာရေးကနေ လမ်းလွဲချော်သွားခဲ့တာ မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံဟာ ဒီအတွက် (သိပ်မထူးခြားပေမယ့်) သိသာမြင်သာ ဥပမာပေးစရာတစ်ခု ဖြစ်ပါတယ်။
မြန်မာပြည်က စစ်အာဏာရှင်ဟာ ဥပဒေနဲ့မညီတဲ့အပြင်၊ ဘောင်ဝင်တန်းဝင်လည်း မဟုတ်ပါဘူး။ ပြည်သူ အများစုကလည်း ကန့်ကွက်ပယ်ချထားပြီးသားပါ။ ဒါတောင်မှ အကျပ်အတည်းတွေ၊ သဘာဝ ဘေးအန္တရာယ်တွေကို တုံ့ပြန်ကိုင်တွယ်ရေးမှာ သူတို့ကသာ ဗဟိုချက်အာဏာပိုင်တွေဖြစ်တယ်လို့ ကြွေးကြော်နေပါတယ်။
မြန်မာနိုင်ငံက ပြည်သူတွေဟာ အဲဒီနိုင်ငံတကာဇာတ်ကြောင်းပုံဖော်မှုတွေကို လက်မခံ ငြင်းဆန်ကြတဲ့ကြားက နိုင်ငံတကာ လူသားချင်းစာနာရေး လှုပ်ရှားသူတွေဟာ ပြည်တွင်းဝင်ရောက် လုပ်ကိုင်ရေးအတွက် အဲဒီအာဏာရှင်နားမှာပဲ ရစ်သီရစ်သီ လုပ်နေကြပါတယ်။ လူသားချင်း စာနာရေးနယ်ပယ်ဟာ တကယ့်နိုင်ငံရေးအရှိတရားကို လျစ်လျူရှုပြီး အကျပ်အတည်းရဲ့ ပင်မလက်သည်တရားခံနား တဝဲလည်လည်လုပ်ဖို့ ဘယ်လိုတွေများ ဇာတ်လမ်းဆင်ထားပါလိမ့်။
ကူညီပံ့ပိုးရေး တရားမျှတမှုမရှိရင် နိုင်ငံတကာ လူသားချင်းစာနာရေးလှုပ်ရှားသူတွေက သူတို့ကိုယ်သူတို့ လွှမ်းမိုးနိုင်တယ်၊ မရှိလို့မဖြစ်ဘူးဆိုတဲ့ ဆင်ခြေတွေနဲ့ ဘောင်မဝင် တန်းမဝင် စစ်အစိုးရနဲ့လည်း လက်တွဲလုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ကို သက်သေပြနေဦးမှာပါ။
ဆောင်းပါးရှင်တွေဟာ လူသားချင်းစာနာရေး လုပ်ငန်းတွေက ကျင့်ဝတ်အရ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်တာကို လက်ခံပေမယ့်၊ ကိုယ်တိုင်က တရားမမျှတမှု၊ တန်းတူညီမျှ မရှိမှုတွေမှာ အသုံးချခံလိုက်ရတာမျိုး မဖြစ်ဖို့ သတိထားသင့်တယ်လို့ သတိပေးပါတယ်။ ဒါ့အပြင် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ခွင့်ရဖို့ ကိုယ့်ရဲ့ စံနှုန်းစည်းမျဉ်းတွေကို အလျှော့ပေးလိုက်ရတဲ့အခါ ဝန်ခံဖို့၊ လူသားချင်းစာနာရေး လုပ်ငန်းတွေကို ယုံကြည်ကိုးစားထိုက်မှုရှိအောင် လူသိရှင်ကြား တိုက်ပွဲဝင်ရမယ်လို့ တိုက်တွန်းပါတယ်။ ဒီလိုလုပ်နိုင်ဖို့က မလွယ်တာ မှန်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်အားဖြင့် ဒီနယ်ပယ်ကဏ္ဍဟာ ဘောင်ဝင်တန်းဝင် လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတဲ့ ယုံကြည်လက်ခံမှုကို အလှူရှင်လူ့အဖွဲ့အစည်းတွေ၊ လက်ခံတဲ့ နိုင်ငံလူ့အဖွဲ့အစည်းတွေက ပေးလာကြမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးဟာ ကူညီပံ့ပိုးမှုမှာ ဘာတွေပေးမယ်ဆိုတာထက် ကူညီပံ့ပိုးမှုတွေကို ဘယ်လိုပုံဖော်ကြမယ်၊ ဘယ်လို စီမံကိုင်တွယ်ကြမယ်၊ တာဝန်ခံမှုရှိဖို့ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ ကိစ္စတွေကို ပိုအသားပေးကိုင်တွယ်ပြီး လူသားချင်းစာနာရေး လုပ်ဆောင်ချက်တွေ တဆင့်တက် ကူးပြောင်းဖို့ တိုက်တွန်းချက်တစ်ခု ဖြစ်ပါတယ်။
ဘောင်ဝင်တန်းဝင်ဖြစ်ဖို့
ဆောင်းပါးရဲ့ နိဂုံးချုပ်ဖြစ်တဲ့ “ဘောင်ဝင်တန်းဝင်ဖြစ်ဖို့ ဘာလုပ်ကြမလဲ” ဆိုတဲ့အပိုင်းမှာတော့ ဆောင်းပါးရှင်တွေက သူတို့ဖြစ်စေချင်တဲ့ လူသားချင်းစာနာရေးလုပ်ငန်းတွေဟာ လက်ရှိလုပ်ကိုင်နေတဲ့ ညွှန်ကြားချက်ရှိလို့ လုပ်တာမျိုး မဟုတ်ဘဲ၊ ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုညှိနှိုင်း ချဲ့ထွင်လုပ်ကိုင်သင့်ကြောင်း တိုက်တွန်းကြပါတယ်။ ဒီအတွက် ကမ္ဘာတလွှားက နိုင်ငံအစိုးရတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ မဟာမိတ်စုဖွဲ့ပြီး ဆောင်ရွက်ကြရာမှာ -
ကမ္ဘာ့ဒေသနဲ့ချီတဲ့ အဖွဲ့အစည်းတွေကနေ ရေမြေဒေသမှာ အခြေစိုက်တဲ့ ဦးဆောင်မှုပုံစံသစ်တွေ ပေါ်ထွက်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့
နိုင်ငံရေးဆန်တဲ့ ကတိကဝတ်တွေကို နိုင်ငံတကာ ဥပဒေတွေ ပေါ်ပေါက်လာတဲ့အထိ နှိုးဆော်ပေးဖို့
အကျပ်အတည်းတွေ ပေါ်ပေါက်နေချိန်မှာ ဗီတိုအာဏာသုံးတာတွေကို လျှော့ချပြီး၊ လူသားချင်း စာနာရေး လုပ်ဆောင်ချက်တွေကို အလွဲသုံးစားလုပ်တာတွေကို ဖြေရှင်းနိုင်အောင် ကုလသမဂ္ဂလုံခြုံရေးကောင်စီထက် ကျော်လွန်တဲ့အထိ ခေါင်းဆောင်မှုကို ချဲ့ထွင်နိုင်ဖို့
ဆိုတဲ့ ရည်ရွယ်ချက်ချင်း တူညီကြတဲ့ ရှိရင်းစွဲပလက်ဖောင်းတွေ၊ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပဲ စတင်လို့ ရကြောင်း ဖော်ပြခဲ့ပါတယ်။
ခြုံငုံပြောရရင် ဒီဆောင်းပါးဟာ ကူညီပံ့ပိုးမှုမှာ ဘာတွေပေးမယ်ဆိုတာထက် ကူညီပံ့ပိုးမှုတွေကို ဘယ်လိုပုံဖော်ကြမယ်၊ ဘယ်လို စီမံကိုင်တွယ်ကြမယ်၊ တာဝန်ခံမှုရှိဖို့ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ ကိစ္စတွေကို ပိုအသားပေးကိုင်တွယ်ပြီး လူသားချင်းစာနာရေး လုပ်ဆောင်ချက်တွေ တဆင့်တက် ကူးပြောင်းဖို့ တိုက်တွန်းချက်တစ်ခု ဖြစ်ပါတယ်။
ဆောင်းပါးရှင်တွေရဲ့ အဓိကအာဘော်ကတော့ လူသားချင်းစာနာရေး ဘောင်ဝင်တန်းဝင်ဖြစ်ဖို့ဆိုရင် ကူညီပံ့ပိုးရေး ဆောင်ရွက်သူတွေဟာ ဘေးဒုက္ခ ကြုံတွေ့နေရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေရဲ့ စကားကို ဘယ်လောက် နှစ်နှစ်ကာကာ နားထောင်နိုင်ကြမလဲ၊ ဆုံးဖြတ်လုပ်ကိုင်ခွင့်ပါဝါတွေ ဘယ်လောက် ဝေမျှပေးမလဲ၊ ဂုဏ်သိက္ခာကို ဘယ်လောက် လေးစားမှုရှိမလဲ၊ ကျယ်ပြောလှတဲ့ လူထုဘဝသရုပ်မှန်ကို ဘယ်လောက် တုံ့ပြန်ဖြေရှင်းပေးနိုင်စွမ်း ရှိသလဲ ဆိုတဲ့ပေါ်မှာသာ မူတည်နေပါတယ်လို့ လေ့လာရပါကြောင်း။
ဒီဆောင်းပါးအပြည့်အစုံကို မြန်မာဘာသာနဲ့ တင်ဆက်ပေးနိုင်ဖို့ CENCS က ကြိုးစားလျက်ရှိပါတယ်။
မူရင်းဆောင်းပါး - “Humanitarian aid at the crossroads of legitimacy” by Adelina Kamal and Marc DuBois
မူရင်းဆောင်းပါးရှင်တွေကတော့ အဒီလီနာကာမဲလ်နဲ့ မာ့ခ်ဒူဘွိုက်စ်တို့ ဖြစ်ပါတယ်။
အဒီလီနာကာမဲလ်ဟာ အရှေ့တောင်အာရှ အမျိုးသမီး ငြိမ်းချမ်းရေးစေ့စပ်သူများ ဦးဆောင်ကော်မတီကို ပူးတွဲထူထောင်သူ၊ ကော်မတီဝင်တစ်ဦးဖြစ်ပြီး လူသားချင်းစာနာရေး ဆောင်ရွက်မှု၊ ပဋိပက္ခဖြေရှင်းမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ဒေသတွင်း ခေါင်းဆောင်မှု နယ်ပယ်တွေမှာ အလွတ်တန်းမဟာဗျူဟာ ရေးဆွဲသူတစ်ယောက် ဖြစ်ပါတယ်။ အရင်က အာဆီယံ လူသားချင်းစာနာမှု အထောက်အကူ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA Centre) ရဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တဲ့ အဒီလီနာဟာ အာဆီယံ ရုံးချုပ်မှာ အကြီးတန်း စီမံခန့်ခွဲမှုရာထူးနဲ့လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။ သူဟာ အရှေ့တောင်အာရှ၊ အာရှပစိဖိတ်နဲ့ ပိုကျယ်ပြန့်တဲ့ ဒေသတွေက ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြောင့် ထိခိုက်နစ်နာကြသူ ရပ်ရွာပြည်သူတွေနဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်နိုင်ရေးအတွက် ရည်မှန်းချက်ထား လုပ်ကိုင်လျက်ရှိပါတယ်။
မာ့ခ်ဒူဘွိုက်စ်ဟာ ဂျီနီဗာတက္ကသိုလ်ရဲ့ ဂျီနီဗာလူသားရေးရာလေ့လာမှုစင်တာမှာ ကထိက၊ လန်ဒန်တက္ကသိုလ် SOAS အစီအစဉ်ရဲ့ အကြီးတန်းသဟာယ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လူသားချင်းစာနာရေး နယ်ပယ်ဆိုင်ရာ အလွတ်တန်း လေ့လာသုံးသပ်သူ၊ အတိုင်ပင်ခံတစ်ဦး ဖြစ်ပါတယ်။ သူဟာ နယ်စည်းမခြားဆရာဝန်များအသင်း (ယူကေ)မှာ ၁၅ နှစ်တာ ဆောင်ရွက်ခဲ့ပြီး အမှုဆောင်ဒါရိုက်တာအဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။ မကြာခင်ကလည်း “အကောင်းဆုံးမဖြစ်သည့် ပြန်လည်ထူထောင်ရေး - ဘက်မလိုက်မှုနှင့် လူသားချင်းစာနာရေးလုပ်ဆောင်ချက်များ၏ သရုပ်သကန်များအတွက် စိန်ခေါ်မှုများ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။




Comments