top of page

အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ ရရှိပိုင်ခွင့်

ရန်ပုံငွေရရှိဖို့ ဘယ်သူတွေက ဘယ်လို တင်းကျပ်ပိတ်ပင် တားမြစ်တတ်လဲ


An illustration of a lady checking her tablet to know her finance and a save bottle

ကမ္ဘာတလွှားမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ရပ်က ရန်ပုံငွေအထော‌က်အပံ့တွေ မရအောင် အမျိုးမျိုး တင်းကျပ်ခံနေရတဲ့ကိစ္စပါ။ တကယ်‌တော့ ရန်ပုံငွေ အထောက်အပံ့တွေဟာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအတွက် ရပိုင်ခွင့်တစ်ခုဖြစ်တယ်ဆိုတာ သိဖို့လိုအပ်သလို ဘယ်သူတွေက ဘယ်လို တင်းကျပ်လေ့ရှိလဲ၊ ပိတ်ပင်တားမြစ်တတ်လဲဆိုတာ နားလည်ထားဖို့လည်း အရေးကြီးပါတယ်။


နည်းလမ်းပေါင်းစုံ ကန့်သတ်ပုံ


အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခု လည်ပတ်ဖို့၊ ရပ်တည်နိုင်ဖို့အတွက် အရေးကြီးလိုအပ်ချက်တစ်ခုဖြစ်တဲ့ ငွေကြေးအထောက်အပံ့ မရအောင် ပိတ်ဆို့တားမြစ်နေတဲ့ နည်းလမ်းတွေအကြောင်း အရင်ဆုံး ဆွေးနွေးကြပါစို့။


ငွေကြေးပံ့ပိုးလှူဒါန်းမယ့်သူတွေကို ပိတ်ပင်တာ

ပြည်သူတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကို အကာအကွယ်ပေးမယ့် အဖွဲ့အစည်းတွေကို ပြည်ပက ပံ့ပိုးတဲ့၊ ငွေကြေးနဲ့အထောက်အပံ့တွေကို ခံစားပိုင်ခွင့်မရှိဘူးလို့ ဥပဒေပြဋ္ဌာန်း ပိတ်ပင်တတ်ပါတယ်။

အစိုးရရဲ့ သီးသန့် သဘောတူခွင့်ပြုမှုရဖို့လိုကြောင်း သတ်မှတ်တာ

နိုင်ငံတကာ ရန်ပုံငွေကူညီပံ့ပိုးမှုတွေ လက်ခံရယူလိုတဲ့ အဖွဲ့အစည်းတွေဟာ ဘယ်ဝန်ကြီးဌာနရဲ့ အထူးအသိအမှတ်ပြုမှုရမှ လက်ခံနိုင်မယ်လို့ ကန့်သတ်တတ်ပါတယ်။

လုပ်ထုံးလုပ်နည်းတွေ တပုံတပင်နဲ့ ကိုက်ညီရမယ်လို့ သတ်မှတ်တာ

အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ ပြည်ပ ကူညီပံ့ပိုးမှုနဲ့ လှူဒါန်းငွေလက်ခံနိုင်ဖို့ အစိုးရလုပ်ထုံးလုပ်နည်း တသီတတန်းကြီးကို မဖြစ်မနေ ဖြတ်သန်းပြီး အောင်မြင်ပါမှ လက်ခံခွင့်ရမယ်လို့ ကန့်သတ်နိုင်ပါတယ်။

အစိုးရဆီကတစ်ဆင့်သာ ငွေကြေးစီးဆင်းနိုင်အောင် သတ်မှတ်တာ

အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားပြု ဆောင်ရွက်သူတွေ နိုင်ငံခြားခရီးသွားရင် ခွင့်ပြုချက်ယူဖို့၊ နိုင်ငံခြား အစိုးရ၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေဆီက ရန်ပုံငွေနဲ့ ကူညီပံ့ပိုးမှုတွေ လက်ခံချင်ရင် သတ်မှတ်ထားတဲ့ဘဏ်တွေကပဲ ‌ငွေကြေး‌လွှဲပြောင်းစီးဆင်းနိုင်အောင် သတ်မှတ်ထားနိုင်တယ်။

ဘယ်အတွက်ပဲ လုပ်ခွင့်ရှိမယ်၊ ဘာပဲလုပ်ရမယ်လို့ ကန့်သတ်တာ

အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ အဖွဲ့ရဲ့ ဘဏ္ဍာငွေ ရာခိုင်နှုန်းအတော်များများးကို နိုင်ငံရေးနဲ့ မနှီးနွယ်တာတွေအတွက်ပဲ သုံးခွင့်ရှိမယ်၊ ကျန်တဲ့ထဲကမှ သုတေသန၊ ပြည်သူ့ရေးရာမူဝါဒနဲ့ ပညာရေးတို့လို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အားကောင်းလာအောင် လုပ်ချင်လုပ်ကြဆိုပြီး ကန့်သတ်နိုင်တယ်။

“နိုင်ငံခြားလက်ပါးစေ” တံဆိပ်ကပ်တာ

နိုင်ငံခြားကပံ့ပိုးတဲ့ရန်ပုံငွေလက်ခံတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ‌”နိုင်ငံခြားလက်ပါးစေ” လို့ တံဆိပ်ကပ်နိုင်တဲ့ ဥပဒေပြဋ္ဌာန်းတတ်ကြတယ်။

ငွေကြေးခဝါချမှုဥပဒေနဲ့ ကိုင်တွယ်တာ

အဖွဲ့အစည်းတစ်ခုမှာ မသမာမှု၊ အလွဲသုံးစားမှုတို့လို “မမှန်မကန် ဆောင်ရွက်မှု” တွေရှိတယ်လို့ အာဏာပိုင်တွေက ယူဆတဲ့အခါ အဖွဲ့အစည်းခေါင်းဆောင်တွေကို ရာထူးဆိုင်းငံ့ပြီး အာဏာပိုင်စိတ်ကြိုက် ယာယီစီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ အစားထိုးရမယ်ဆိုပြီး ကိုင်တွယ်တာတွေလည်း ရှိတယ်။

အကြမ်းဖက်မှုကို ငွေကြေးပံ့ပိုးမှုအဖြစ် ဖိနှိပ်နှိမ်နင်းတာ

ပြည်ပကူညီပံ့ပိုးမှုရယူတဲ့ အဖွဲ့အစည်းးတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့ ဥပဒေပြဋ္ဌာန်းပြီး တချို့အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို “အကြမ်းဖက်မှု” ခေါင်းစဉ်တပ် ဖိနှိပ် နှိမ်နင်းတတ်တယ်။


ကမ္ဘာတလွှားက ကန့်သတ်ပုံ ချုပ်ချယ်ပုံတွေက စုံလည်းစုံပါပေ့။ ဒါဆို ကိုယ်တွေဆီမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ရန်ပုံငွေလက်ခံရရှိပိုင်ခွင့်ကို ဒီနည်းတွေအပြင် ဘယ်နည်းတွေနဲ့ ကန့်သတ်တာရှိသေးလဲ။


two cso staff discuss about their resources

ဘယ်သူ့ဆီက ဘာတွေရမလဲ


အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ရပိုင်ခွင့်တစ်ခုဖြစ်တဲ့ ရန်ပုံငွေ အထောက်အပံ့တွေကို ဘယ်သူ့ဆီက

ရနိုင်မလဲဆိုရင်တော့ …

  • လူပုဂ္ဂိုလ်တစ်ဦးချင်း

  • စီးပွားရေးလုပ်ငန်းတွေ

  • တခြားအရပ်ဘက်အဖွဲ့အစည်းတွေ

  • နိုင်ငံတကာအဖွဲ့အစည်းတွေ

  • အစိုးရချင်း‌ ပူးပေါင်း‌ဆောင်ရွက်မှု အဖွဲ့အစည်းတွေ

  • ဒေသန္တရအစိုးရ၊ ပြည်တွင်းအစိုးရနဲ့ ပြည်ပအစိုးရအဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။


ရရှိနိုင်တဲ့ ရင်းမြစ်နဲ့အထောက်အပံ့အမျိုးအစားတွေထဲမှာ …

  • ငွေကြေးရင်းမြစ်တွေ (ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊ ပုဂ္ဂလိက ရန်ပုံငွေထည့်ဝင်မှု)

  • ထည့်ဝင်လှူဒါန်းမှုတွေ (အသုံးအဆောင်ပစ္စည်း၊ ဝန်ဆောင်မှု၊ ပိုင်ဆိုင်မှု)

  • ပစ္စည်းကိရိယာတွေ (ရုံးသုံးပစ္စည်းတွေ၊ IT ကိရိယာတွေ)

  • လူသားရင်းမြစ် (ဝန်ထမ်း)

  • နိုင်ငံတကာကူညီပံ့ပိုးမှုတွေကို လက်လှမ်းမီမှု (သွေးစည်းညီညွတ်မှု)

  • အခွင့်အလမ်းတွေ (သင်တန်းပေးမှု၊ မူဝါဒတိုက်တွန်းနှိုးဆော်မှု၊ မိတ်ဖက်ဖွဲ့စည်းထူထောင်မှု)


ဒီလိုဆိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ရပိုင်ခွင့်ဟာ များပြားကျယ်ပြန့်ပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း ထူထောင် ဆောင်ရွက်နေသူတွေဟာ မတူညီတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအရပ်ရပ်ကနေ အထောက်အပံ့ အမျိုးမျိုးကို လက်ခံရရှိနိုင်ဖို့ ကြိုးစားကြရမှာက ကိုယ့်အပိုင်းပဲ ဖြစ်ပါတယ်။


အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ ရန်ပုံငွေအပါအဝင် အထောက်အပံ့အမျိုးမျိုးကို ရရှိကြမယ်ဆိုရင် ရပ်ရွာလူထုနဲ့ ပြည်သူတွေ နိုးကြားပါဝင်နိုင်မယ့် ထိတွေ့မှုအခွင့်အလမ်းတွေ ဖန်တီးနိုင်မယ်။ အများအကျိုးအတွက် မူဝါဒရေးရာအပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့် စည်းရုံးဆော်ဩတာ လုပ်နိုင်မယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ ကျင်းပနိုင်မယ်။ ရပ်ရွာအတွက် အစီအစဉ်ကောင်းတွေ အကောင်အထည်ဖော်နိုင်မယ်။ သုတေသနတွေ လုပ်နိုင်မယ် ... စသဖြင့် အကျိုးရှိစေမှာပဲ။ ဒီလို အကျိုးရှိတာတွေ ဘယ်လောက်ပဲလုပ်ချင်လုပ်ချင် လိုအပ်တဲ့ ရင်းမြစ်တွေ မရှိရင်တော့ အကောင်အထည်မဖော်နိုင်၊ ထိရောက်မှုအားနည်း၊ ရေရှည်မတည်တံ့တာတွေ ကြုံရနိုင်ပါတယ်။


International law has protected the right to receive funding for CSOs

နိုင်ငံတကာဥပဒေ အကာအကွယ်


အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ရန်ပုံငွေနဲ့ ရင်းမြစ်တွေရရှိရေးမှာ ကြုံရတဲ့ စိန်ခေါ်မှုတွေနဲ့ အကန့်အသတ်တွေကို နိုင်ငံတကာ ဥပဒေတွေအရလည်း ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ ပဋိညာဉ် (International Covenant on Civil and Political Rights - ICCPR) အရ လုပ်ပိုင်ခွင့် နှင်းအပ်ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကော်မရှင်က အရပ်ဘက်အဖွဲ့အစည်းတွေ ရန်ပုံငွေနဲ့ ရင်းမြစ်တွေရရှိမှုအတွက် အကာအကွယ်ပေးနိုင်ဖို့် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို ဆုံးဖြတ် ထုတ်ပြန်ထားပါတယ်။


၁။ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ ပဋိညာဉ် (ICCPR) ဆိုင်ရာ အထွေထွေမှတ်ချက်အမှတ် ၃၇ (၁၇ စက်တင်ဘာ ၂၀၂၀)

ငြိမ်းချမ်းစွာစုဝေးမှု လွတ်လပ်ခွင့်ကို နိုင်ငံတော်(အစိုးရ)တွေက ကာကွယ်ပေးရမယ့် ဝတ္တရားရှိတယ်ဆိုရာမှာ လူတွေ ငြိမ်းချမ်းစွာစုဝေးတဲ့ အခြေအနေတွေသာမက ရန်ပုံငွေရင်းမြစ် ရှာဖွေမြှင့်တင်တဲ့ကိစ္စလို ပြင်ပလုပ်ဆောင်မှုတွေကိုပါ ကာကွယ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။ (ကိုးကား - General Comment 37 on the International Covenant on Civil and Political Rights)

၂။ တင်ပြချက်အမှတ် ၁၂၇၃/၂၀၀၄ (အောက်တိုဘာ-နိုဝင်ဘာ ၂၀၀၆)

ရင်းမြစ်တွေကို သုံးစွဲနိုင်တဲ့ နိုင်ငံတော်(အစိုးရ)ဟာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ခွင့်ပြုရုံသာမက အဲသလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ (ရန်ပုံငွေရင်းမြစ် ရှာဖွေမြှင့်တင်တာ အပါအဝင်) ပြဋ္ဌာန်းဥပဒေအညီဖြစ်တဲ့ လုပ်ဆောင်ချက်တွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ကိုလည်း အာမခံချက်ပေးရမယ်။ (ကိုးကား - Communication No. 1274/2004)

၃။ လူ့အခွင့်အရေးကာကွယ်ပေးသူတွေကို လုံခြုံမှုပေးမယ့် ဆုံးဖြတ်ချက်အမှတ် ၂၂/၆ (၁၂ ဧပြီ ၂၀၁၃)

နိုင်ငံတော်(အစိုးရ)ဟာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အစီရင်ခံတင်ပြရမယ့် လိုအပ်ချက်ကို သတ်မှတ်ရာမှာ “(အဖွဲ့အစည်းတွေဟာ သူတို့ရဲ့) လုပ်ငန်းကိုင်ငန်းကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင်မှုကို ထိပါးမှုမရှိစေဖို့” နဲ့ “ရန်ပုံငွေ ရရှိရှာဖွေနိုင်မယ့် အလားအလာတွေအပေါ် ခွဲခြားမှုရှိရှိ ကန့်သတ်ချုပ်ချယ်တာတွေ မလုပ်ဖို့” အာမခံချက်ပေးရမယ်။ (ကိုးကား - Resolution 22/6 on Protecting Human Rights Defenders)

၄။ အထူးကိုယ်စားလှယ်တော် အစီရင်ခံစာ အပိုဒ်-၂၀ (၂၄ ဧပြီ ၂၀၁၃)

CSO တွေဟာ ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာရင်းမြစ်တွေဆီက ရန်ပုံငွေနဲ့် တခြားရင်းမြစ်တွေး လက်လှမ်းမီရရှိနိုင်စွမ်းဆိုတာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းပိုင်ခွင့်မှာ အကျုံးဝင်နေပြီးသား အစိတ်အပိုင်းတရပ်ဖြစ်ပါတယ် (A/HRC/23/39, para 20)။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းပိုင်ခွင့်ကို ထိထိရောက်ရောက် ကျင့်သုံးခံစားရနိုင်ဖို့ ရင်းမြစ်တွေဟာ ပဓာနကျ အရေးကြီးတာကြောင့်ပါ။ (ကိုးကား - Report of the Special Rapporteur, para. 20)

၅။ အရပ်ဘက်လူမှုအခင်းအကျင်းဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၇/၃၁ (၃ အောက်တိုဘာ ၂၀၁၄)

နိုင်ငံတော်(အစိုးရ)တွေက အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို နှောင့်ယှက်ခြင်းမရှိဖို့နဲ့ သူတို့ရဲ့ “လုပ်ငန်းတွေအတွက် ရင်းမြစ်တွေ စုဆောင်းရှာဖွေ၊ လက်ခံ၊ အသုံးပြုတဲ့ လုပ်ကိုင်စွမ်းတွေရဲ့ အရေးကြီးမှု” ကို အခြေခံကျကျ လက်ခံပြီး အာမခံချက်ပေးဖို့ တောင်းဆိုထားပါတယ်။ (ကိုးကား - Resolution 27/31 on Civil Society Space)

၆။ ဘာသာရေးနဲ့ကိုးကွယ်ယုံကြည်မှုကိုအခြေခံပြီး ချုပ်ခြယ်တာ၊ ခွဲခြားဆက်ဆံတာ စတဲ့ပုံသဏ္ဌာန်တွေ ချုပ်ငြိမ်း ပပျောက်စေဖို့ ကြေညာချက် အပိုဒ် - ၆ (၂၅ နိုဝင်ဘာ ၁၉၈၁)

လွတ်လပ်စွာ တွေးခေါ်တာ၊ ယုံကြည်ယူဆတာ၊ ဘာသာရေး ကိုးကွယ်ယုံကြည်တာတွေ ရရှိဖို့အတွက် အရေးပါတဲ့အချက်တစ်ခုအဖြစ် အထင်အရှားထည့်သွင်းဖော်ပြထားတာက ရန်ပုံငွေတွေကို လက်လှမ်းမီဖို့ အတွက် လွတ်လပ်ခွင့်ရှိရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ကြေညာချက်ပါစာသားအရ “လူတစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေက စေတနာအရ ငွေကြေးနဲ့ တခြားအားဖြည့်ထည့်ဝင်တာတွေကို ရှာဖွေစုဆောင်းခွင့်နဲ့ လက်ခံခွင့်” ရှိရမယ်ဆိုပြီး ဖော်ပြထားပါတယ်။ (ကိုးကား - Declaration on the Elimination of All Forms of Intolerance and of Discrimination Based on Religion or Belief, Art. 6)


ဒီလောက်ဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေနဲ့ ရင်းမြစ်တွေ လက်လှမ်းမီရရှိဖို့ဟာ အခြေခံကျတဲ့ ရပိုင်ခွင့်တစ်ခုဖြစ်တယ်ဆိုတာ ပေါ်လွင်လောက်ပါပြီ။ အကန့်အသတ်မျိုးစုံကြားမှာ ရှင်သန်အောင်ရပ်တည်နိုင်ဖို့ ခက်ခဲတာကတော့ သေချာပါတယ်။


ဥပမာ - အာဆီယံနိုင်ငံတစ်ခုမှာ စီးပွားရေးလုပ်ငန်းတွေက အခမ်းအနားပွဲ၊ ညီလာခံတွေကျင်းပရင်၊ အာဏာပိုင်တွေက မသိချင်ယောင်ဆောင်ထားပေမယ့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အခမ်းအနားတစ်ခုလုပ်ဖို့ ဟိုတယ်နဲ့ ဝန်ဆောင်မှုတွေက အခန်းမငှားရဲအောင် အာဏာပိုင်တွေက ဖိအားပေးပါသတဲ့။ ဒါ့အပြင် အာဖရိကနိုင်ငံတစ်ခုမှာ စီးပွားရေးသမားတွေကို နိုင်ငံခြားထောက်ပံ့မှုရယူခွင့်ကို လျှော့ပေါ့ပေးပြီး ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေကိုတော့ အဖွဲ့ဘဏ္ဍာငွေရဲ့ ဆယ်ပုံတစ်ပုံလောက် ထိပဲ နိုင်ငံခြားထောက်ပံ့မှု ယူခွင့်ရှိတယ်လို့ ကန့်သတ်သတဲ့။


အဲဒီလို အခြေအနေမှာ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးကိုလိုလားတည်ဆောက်လိုသူ အရပ်ဘက် လူ့အဖွဲ့အစည်းမှာ လုပ်ကိုင်နေသူတွေကတော့ “လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့စကားအတိုင်း အကန့်အသတ်တွေ ဘယ်လိုရှိရှိ၊ တင်းကျပ်တဲ့နည်းတွေနဲ့ ဘယ်လိုချုပ်ကိုင်ဖို့ ကြိုးစားကြိုးစား ဖြေရှင်းနည်းတွေကို ဉာဏ်သစ်ထွင်ပြီး ရှာဖွေကြရမှာ ဖြစ်ပါတယ်။


မှတ်ချက် - ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှု (World Movement for Democracy) မှ ထုတ်ဝေထားသော Civil Society and the Right to Receive Funding Presentation ကို ကိုးကား၍ ပြန်လည်တင်ပြထားပါသည်။

3 Comments


Guest
Jun 17, 2023

နိုင်ငံတကာဥပဒေ အကာအကွယ် အပိုင်းထဲက လင့်ခ်လေးတွေကြည့်တော့ တကယ် အတည်ပြောနေတာပဲ။ ဒါပေမဲ့ ကုလအဖွဲ့တွေက အတည်ပြောတာ ဘယ်သူများ နားထောင်ပါလိမ့်လို့ စိတ်ကူးမိတယ်။ တကယ်ဖြစ်စေချင်မိလို့ပါ။

Like

Guest
Jun 06, 2023

အကန့်အသတ်မျိုးစုံကြားမှာ ရှင်သန်အောင်ရပ်တည်နိုင်ဖို့ ခက်ခဲတာကတော့ သေချာပါတယ်။

Like

Guest
Jun 06, 2023

ကျေးဇူးပါ။

Like
bottom of page