top of page

အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒီဂျစ်တယ်မှုပြုခြင်း

လင်းပိုင်

ဒီဂျစ်တယ်နည်းပညာရဲ့ အသွင်သဏ္ဌာန်သာမက အနှစ်သာရကိုပါ လက်ခံဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ ဘာစဉ်းစားထားကြသင့်လဲ


မြန်မာနိုင်ငံမှာ ကားနံပါတ်ရေးသူတွေ၊ စီးပွားရေးလုပ်ငန်း ဆိုင်းဘုတ်ရေးသူတွေ၊ ရုပ်ရှင်ပိုစတာ ပန်းချီရေးသူတွေဟာ Digitisation (ဒီဂျစ်တယ်ပုံစံပြောင်းရာ) မှာ ပျောက်ကွယ်မှေးမှိန်သွားတဲ့ လူမှုဘဝတွေပါပဲ။ ဒီနေ့ခေတ်မှာတော့ နည်းပညာပြောင်းလဲတိုးတက်မှုနဲ့အတူ နောက်တစ်ဆင့်တက်လို့ ဒီဂျစ်တယ်မှုပြုခြင်း (Digitalisation) အကြောင်း ပြောသံဆိုသံတွေ ပိုကြားလာရပါပြီ။ ဒီဂျစ်တယ်ပုံစံပြောင်းလဲတာနဲ့ ဒီဂျစ်တယ်မှုပြုတာနှစ်ခု ဘယ်လိုကွာခြားသလဲဆိုတာကို အရင်ဆုံး ဆွေးနွေးပါရစေ။


Digitisation (ဒီဂျစ်တယ်ပုံစံပြောင်းခြင်း) ဆိုတာ စာသား၊ ဓာတ်ပုံစတဲ့ သတင်းအချက်အလက်တွေကို ဒီဂျစ်တယ်ပုံစံပြောင်းလဲတာဖြစ်ပါတယ်။ လယ်ဂျာစာအုပ်ထဲက စာရင်းဇယားတွေကို Microsoft Excel မှာ ထည့်သွင်းတာ၊ ဓာတ်ပုံတွေကို scan ဖတ်တာ၊ စာရွက်ပေါ်က အစီရင်ခံစာတွေကို PDF (Portable Document Format) ကို ပြောင်းလဲတာ စတာတွေကို ဆိုလိုပါတယ်။


Digitalisation (ဒီဂျစ်တယ်မှုပြုခြင်း) ဆိုတာကတော့ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုတစ်ခုလုံးကို ဒီဂျစ်တယ် အချက်အလက်နည်းပညာအသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့ တန်ဖိုးထားမှုတွေ ရရှိအောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် သုတေသနပြုတာ၊ စစ်တမ်းကောက်ယူတာတို့လို့ အချက်အလက်စုဆောင်းရာမှာ အများကြီး အဆင်ပြေချောမွေ့သွားစေတယ်။ ခေတ်အဆက်ဆက်က ခွဲခြားဆက်ဆံမှုနဲ့ ဖယ်ကျဉ်ခံရသူတွေအတွက် လမ်းတွေဖွင့်ပေးထားတဲ့ ခေတ်ရေစီးကြောင်းသစ်တစ်ခု တည်ဆောက်ယူနိုင်တယ်။ လွတ်လပ်ပြီး ပိုမိုပြည့်စုံတဲ့ သတင်းအချက်အလက်တွေကို ဆုံးဖြတ်ချက်ချရမယ့်သူတွေက ပိုရရှိနိုင်လာလို့ ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်လာစေတယ်။


အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အသုံးဝင်မှု


အဲဒီ ဒီဂျစ်တယ်နည်းပညာရဲ့ တိုးတက်မှုတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက -

၁။ သတင်းအချက်အလက် မျှဝေခြင်း

၂။ လူမှုအသိုင်းအဝိုင်း တည်ဆောက်ခြင်း

၃။ ရန်ပုံငွေ ရှာဖွေခြင်း

၄။ ဝန်ထမ်း(စေတနာဝန်ထမ်းများ အပါအဝင်)ခန့်ထားခြင်းနှင့် စီမံခန့်ခွဲခြင်း

၅။ စည်းရုံးလှုံ့ဆော်ခြင်း စတာတွေမှာ အသုံးပြုနိုင်လာကြပါတယ်။


Nonprofit Tech for Good ရဲ့ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ NGO တွေဟာ ဝက်ဘ်ဆိုက်၊ အီးမေးလ်၊ အွန်လိုင်းငွေပေးချေမှုစနစ်၊ လူမှုမီဒီယာ၊ အခပေးကြော်ငြာထည့်သွင်းခြင်း၊ ဝန်ဆောင်မှုရယူသူ ဆက်ဆံရေး စီမံခန့်ခွဲမှုစနစ် (Customer Relationship Management, CRM)၊ ရုံးတွင်းဆက်သွယ်ရေးနဲ့ စီမံချက်စီမံခန့်ခွဲမှုတို့ကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသုံးချမှုတွေရဲ့ နေရာဒေသ၊ အဓိကထားသုံးစွဲမှုနဲ့ ခေတ်မီဆန်းသစ်မှုတွေကတော့ ကွဲပြားပါတယ်။


ဥပမာ၊ စစ်တမ်းရဲ့ ပါဝင်သူတွေရဲ့ ၄၀ ရာခိုင်နှုန်းက CRM ကို အသုံးပြုပါတယ်။ ၆၈ ရာခိုင်နှုန်းကတော့ လစဉ် သို့မဟုတ် ပုံမှန်အသုံးပြုခပေးပြီး သုံးစွဲမှုတွေ ပြုကြပါတယ်။ ၃၁ ရာခိုင်နှုန်းကပဲ လူထုထံမှ ရံပုံငွေရှာဖွေခြင်း (Crowd-funding) ပုံစံကို အသုံးပြုကြပါတယ်။ ၉၀ ရာခိုင်နှုန်းက လူမှုမီဒီယာတွေ (အထူးသဖြင့် Facebook) ကို အသုံးပြုကြပေမယ့် ၃၀ ရာခိုင်နှုန်းကသာ LinkedIn၊ WhatsApp နဲ့ YouTube ကို အသုံးပြုကြပါတယ်။



နိုင်ငံပေါင်း ၁၃၅ နိုင်ငံက အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ၁၁,၇၅၈ ဦး ပါဝင်တဲ့ Techsoup Global Network ရဲ့ ၂၀၂၁ ခုနှစ်က စစ်တမ်းမှာတော့ အရပ်ဘက်အဖွဲ့အစည်းအများစုဟာ CRM၊ အလှူရှင်စီမံခန့်ခွဲမှု၊ ဈေးကွက် အလိုအလျောက်ဖော်ဆောင်မှု၊ စီမံချက် စီမံခန့်ခွဲရေးနဲ့ အချက်အလက် ခွဲခြမ်းစိတ်ဖြာရေးဆော့ဝဲ စတာတွေကို အလျင်အမြန် အသုံးပြုကြမယ့် အစီအစဉ် မရှိသေးဘူးလို့ တွေ့ရှိရပါတယ်။ အရပ်ဘက်အဖွဲ့အစည်း (CSOs) အနည်းငယ်ကသာ ဒီဂျစ်တယ်နည်းဗျူဟာ ချမှတ်ထားတာလည်း တွေ့ရပါတယ်။ အများစုကတော့ ရန်ပုံငွေအနည်းငယ်နဲ့ သတင်းအချက်အလက် နည်းပညာဆိုင်ရာ အဖွဲ့ငယ်လေးတွေပဲ တတ်နိုင်ကြပါတယ်။ အများအားဖြင့် စေတနာ့ဝန်ထမ်းတွေပေါ်မှာပဲ မှီခိုနေကြရတယ်လို့ ဆိုပါတယ်။


ဒီဂျစ်တယ်မှုပြုခြင်းအတွက် ကြိုတင် စဉ်းစားစရာ၊ ပြင်ဆင်စရာများ


ကမ္ဘာ့လူဦးရေအားလုံးက ဒီဂျစ်တယ်လူနေမှုဘဝတွေနဲ့ ချိတ်ဆက်ထားတာ မဟုတ်ပါဘူး။ အဲဒီလို ချိတ်ဆက်မထားတဲ့သူတွေဟာ ဆောင်းပါးအဖွင့်မှာ ဥပမာပေးခဲ့တဲ့ ဆိုင်းဘုတ်ရေးသူတွေ၊ ပန်းချီဆရာတွေလိုများ လူမှုစီးပွားဘဝတွေကနေ ဖဲ့ထုတ်ခံရသလို၊ ဖယ်ကျဉ်ခံရသလို ဖြစ်နေမလား စဉ်းစားသင့်ပါတယ်။


ဒီဂျစ်တယ်နည်းပညာတွေဟာ လူမှုအဖွဲ့အစည်းတွေအတွက် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု၊ စုဝေးမှုနဲ့ ဖော်ထုတ်မှုတွေအတွက် နည်းလမ်းအသစ်တွေ ပေးပါတယ်။ တပြိုင်နက်တည်းမှာပဲ အစိုးရနဲ့ အချို့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအတွက်လည်း သူတို့ရဲ့ နဂိုမူလရပိုင်ခွင့်တွေကို တားမြစ်ကန့်သတ်ဖို့ နည်းလမ်းသစ်တွေလည်း ဖြစ်သွားနိုင်ပါတယ်။။ အဲဒီအတွက် မေးစရာရှိလာတာက ဒီဂျစ်တယ်နည်းပညာ ပြောင်းလဲတိုးတက်လာမှုက အနာဂတ်မှာ လူမှုအခင်းအကျင်းကို ကျုံ့ဝင်သေးသိမ်သွားစေမှာလားဆိုတာပဲ ဖြစ်ပါတယ်။


လမ်းသစ်စခန်းသစ် အရပ်ဘက်လူမှုအခင်းအကျင်းသစ် (Alter Civic Space) မှာ ဘယ်လို နည်းပညာတွေက လွှမ်းမိုးလာမလဲ၊ ဘယ်သူတွေက အဲဒီ နည်းပညာတွေကို ထိန်းချုပ်မှာလဲ၊ ဘယ်လို အဆုံးသတ်ကို ဖြစ်ပေါ်စေမလဲဆိုတာတွေကိုလည်း စဉ်းစားထားရမှာပါ။ ဒီထက်ပိုတဲ့ စဉ်းစားစရာအချက်တွေကတော့ ...

  • လက်ရှိ လက်ခံကျင့်သုံးနေတဲ့ လူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ပိုမိုအားကောင်းလာစေဖို့ ဘာတွေ ပြင်ဆင်ထားမလဲ။

  • အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဒီဂျစ်တယ်မှုပြုခြင်းအတွက် ဥပဒေပြု မူဘောင်တည်ဆောက်နိုင်ရေးကိုလည်း ဘယ်လိုပြင်ဆင်ကြမလဲ။

  • ဒီဂျစ်တယ်လုံခြုံရေး၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ အသုံပြုနိုင်ခွင့်၊ မျှတစွာ ပါဝင်နိုင်မှုနဲ့ အချက်အလက် ပိုင်ဆိုင်ခွင့်တွေကို ဘယ်လို ထည့်သွင်းစဉ်းစားကြမလဲ။

Digitisation (ဒီဂျစ်တယ်ပုံစံပြောင်းခြင်း)ထက် တစ်ဆင့်ပိုမြင့်မားလာတဲ့၊ ပိုကျယ်ပြန့်လာတဲ့ Digitilisation (ဒီဂျစ်တယ်မှုပြုခြင်း) အတွက် စဉ်းစားစရာ၊ ပြင်ဆင်စရာတွေက တစ်ထိုင်တည်း ပြောမကုန်နိုင်အောင် အများကြီးရှိနေဦးမှာ သေချာပါတယ်။ အများပါဝင်နိုင်ပြီး လွတ်လပ်လုံခြုံတဲ့ ဒီဂျစ်တယ် အရပ်ဘက်အခင်းအကျင်းအတွက် ပြင်ဆင်စရာတွေကို နောက်ထပ်ဆောင်းပါးတွေမှာ အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့ ကြိုးစားပါဦးမယ်။

၁,၆၂၅ views၂ comments

Recent Posts

See All

2 comentarios


Invitado
13 may 2023

အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အထူးသဖြင့် ပြည်တွင်းက အဖွဲ့ငယ်တွေအတွက် အသုံးဝင်နိုင်မယ့် Tools တွေ၊ အသုံးပြုပုံတွေ၊ ဆောင်ရန်၊ ရှောင်ရန် လေးတွေ လည်း ဖော်ပြပေးပါဦး။

Me gusta

Invitado
08 may 2023

Thanks for sharing.

Me gusta
bottom of page