ဒီမိုကရေစီ ယိုစီးမှုမှာ ဘာတွေပေးဆပ်လိုက်ရလဲ
အာဏာရှင်နိုင်ငံတွေက ဒီမိုကရေစီနိုင်ငံတွေဆီ လူတွေပြောင်းရွှေ့သွားတဲ့အခါ ဘယ်လိုအကျိုးရလဒ်တွေ ပေါ်ပေါက်လာသလဲ။

ကမ္ဘာကျော် နိုင်ငံခြားရေးရာ (Foreign Affairs) မဂ္ဂဇင်းကြီးက ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှာ ဒီမိုကရေစီ ယိုစီးမှုဆိုတဲ့ စိတ်ဝင်စားဖွယ် ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ ဦးနှောက်ယိုစီးမှုလိုပဲ ဒီမိုကရေစီ ယိုစီးမှုကရော လူ့အဖွဲ့အစည်းကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်စေသလဲ။ လက်ရှိ နိုင်ငံရပ်ခြားကို သွားလာလုပ်ကိုင်နေကြတဲ့ လူဦးရေများပြားလာတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက်လည်း လေးလေးနက်နက် ထည့်သွင်းစဉ်းစားစရာတွေကို ဒီဆောင်းပါးရဲ့ ဆွေးနွေးတင်ပြချက်တွေကို CENCS ပရိသတ်များ မြန်မာဘာသာနဲ့ လွယ်လင့်တကူဖတ်ရှုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
... ဒီမိုကရေစီယိုစီးမှုက အာဏာရှင်စနစ်ဆီ ဦးလှည့်သွားစေပါတယ်။ ဘယ်ခေတ်ကာလမဆို လူ့အဖွဲ့အစည်းက လစ်ဘရယ်နဲ့ ဒီမိုကရေစီ တန်ဖိုးစံ ရှိကြသူအများစု ထွက်သွားတဲ့အခါ ဒီမိုကရေစီဖွံ့ဖြိုးရေးကို ပိုမြန်စေမယ့်၊ ဒီမိုကရေစီကို ကျားကန်ပေးမယ့် အကာအဆီးတွေ ရှားပါးသွားပါတယ်။
ပညာတတ် အလုပ်သမားတွေဟာ သူတို့မိခင်နိုင်ငံတွေကနေ ပိုဖွံ့ဖြိုးပြီး စီးပွားရေးတည်ငြိမ်တဲ့ နိုင်ငံတွေဆီ နေ့စဉ် ထောင်နဲ့ချီပြီး ထွက်ခွာနေကြပါတယ်။ အကျိုးဆက်အားဖြင့် ဒီလို ရေကြည်ရာမြက်နုရာ ရှာသူတွေကြောင့် မိခင်နိုင်ငံတွေမှာ သူတို့ရဲ့ အစွမ်းအစနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေအပါအဝင် လူ့စွမ်းအား ရင်းမြစ်တွေ၊ ဝယ်ယူစားသုံးနိုင်စွမ်းနဲ့ တီထွင်ဖန်တီးမှုတွေ ဆုံးရှုံးရပါတယ်။ ဒီဖြစ်စဉ်ကို ဦးနှောက်ယိုစီး(brain drain)တယ်လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်လို့ ကျကျနနလေ့လာမှုတွေရဲ့အောက်ခြေမှာ ဖြစ်ပုံနောက်တစ်မျိုးလည်း ရှိပါသေးတယ်။
လေ့လာမှုတွေက အဲသလို နေရပ်ပြောင်းရွှေ့သူတွေရဲ့ စွမ်းရည်တွေကို ဂရုစိုက်ကြပေမယ့် သူတို့ရဲ့ တန်ဖိုးနှုန်းစံတွေကို သတိထားလေ့လာတာ နည်းပါတယ်။ ဆယ်စုနှစ် နှစ်ခုစာ နိုင်ငံ ၁၄၉ နိုင်ငံရဲ့လူဝင်မှုကို လေ့လာကြည့်တဲ့အခါ စီးပွားရေးနဲ့ ပညာရေးအခွင့်အလမ်းတွေအတွက် ကိုယ့်နိုင်ငံကို စွန့်ခွာပြီး တပြည်ရပ်ခြားကို သွားကြသူတွေဟာ တိုင်းပြည်မှာနေရစ်ခဲ့သူတွေထက် လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတွေကို ပိုကိုင်စွဲထားကြတာ တွေ့ရပါတယ်။ တိုင်းပြည်ကို သူတို့စွန့်ခွာလိုက်တာနဲ့ (မရည်ရွယ်ဘဲနဲ့) သူတို့ရဲ့ နိုင်ငံရေး တန်ဖိုးစံတွေ၊ လိုလားနှစ်ခြိုက်မှုတွေ၊ မဲပေးပိုင်ခွင့်တွေဟာ သူတို့နဲ့အတူ ပါသွားတာပေါ့။ ဒါကြောင့် လူဝင်မှု ကိစ္စဟာ တိုင်းပြည်တစ်ပြည်ကို ဘောဂဗေဒ အရင်းအမြစ်တွေသာမက နိုင်ငံရေးအရင်းအမြစ်တွေကိုပါ ဆုံးရှုံးရတာပါ။ ဒါကို “ဒီမိုကရေစီ ယိုစီးတယ်” (democracy drain) လို့ ဆိုရမှာပေါ့။
တနည်းအားဖြင့် ဒီမိုကရေစီတန်ဖိုးစံတွေဟာလည်း လူတွေ နိုင်ငံပြောင်းနေချင်စိတ်ပေါ်စေတဲ့ လွတ်လပ်ပြီး အင်အားကြီးတဲ့ စေ့ဆော်မှုပါပဲ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို စစ်မျက်နှာစုံဖွင့်ပြီး ကျူးကျော် တိုက်ခိုက်ခဲ့တဲ့၊ အဲဒီနှစ်မှာပဲ ဆာဘီးယားသမ္မတ အလက်ဆန်ဒါဗူရှစ် ပြန်ရွေးကောက်ခံရပြီး ဒီမိုကရေစီ ပွန်းပဲ့တိုက်စားလာတဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေ ကြုံရချိန်မှာ ဒီမိုကရေစီစိတ်အားသန်တဲ့ နိုင်ငံသားတွေဟာ တစ်ပြည်တစ်ရွာကို ထွက်ခွာကြပါတယ်။ သူတို့စွန့်ခွာတာကြောင့် နစ်နာဆုံးရှုံးမှုတွေ သိသိသာသာရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ရေမြေကိုစွန့်ခွာရတာဟာ အာဏာရှင်ကြီးစိုးမှုတွေ များလာမှာကို စိုးရိမ်ပူပန်ရုံသက်သက်မကဘဲ၊ နိုင်ငံရပ်ခြားမှာ စီးပွားရေး အခွင့်အလမ်းတွေကို ရှာဖွေဖို့လည်း ဖြစ်ပါတယ်။
လူမှုသိပ္ပံပညာရှင်တွေက ဒီမိုကရေစီယိုစီးမှုဖြစ်စဉ်ကို သိပ်ဂရုမပြုမိကြပါဘူး။ အကြောင်းက ပြောင်းရွှေ့လာသူတွေဟာ သူတို့ရဲ့နိုင်ငံရေးခံယူမှုတွေကို ထိမ်ချန်ထားလို့၊ ထွက်ခွာဖို့ဆုံးဖြတ်ချက်ကို ဆိုင်းမဆင့်ဗုံမဆင့် ချခဲ့ရလို့ပါ။ ပြောင်းရွှေ့သူတွေရဲ့ ရည်ရွယ်ချက်ကို သုတေသီတွေက မေးကြည့်တဲ့အခါ မိသားစုနဲ့ပြန်ဆုံနိုင်ဖို့၊ အလုပ်အကိုင်တွေ ဆက်လုပ်နိုင်ဖို့လို အကြောင်းပြတာ များပါတယ်။ သူတို့ဟာ ဒုက္ခသည်တွေ၊ ခိုလှုံသူတွေမဟုတ်ရင် မိခင်နိုင်ငံက နိုင်ငံရေးအင်စတီကျူးရှင်းတွေအပေါ် မကျေနပ်တာတွေကို ထိမ်ချန်ထားတတ်ကြပါတယ်။ ဒါပေမဲ့ ပြောင်းဖို့ရွှေ့ဖို့ စိုင်းပြင်းနေသူတွေကို မထွက်ခင်မေးရာမှာ၊ ထွက်လာရတဲ့ တခြားမောင်းနှင်အားတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ နိုင်ငံရေး တိမ်းညွှတ်မှုနဲ့အမြင်တွေကို တည့်တည့်မေးကြည့်ရာမှာတော့ ဒီမိုကရေစီစံနှုန်းနဲ့ပတ်သက်တဲ့ သူတို့ရဲ့ လိုလားမှုတွေကို သိရတတ်ပါတယ်။
ဝမ်းနည်းစရာတစ်ခုကတော့ ဒီမိုကရေစီမထွန်းကားတဲ့ တိုင်းပြည်တွေကနေ ထွက်ခွာချင်သူတွေဟာ ငယ်ရွယ်တဲ့ ပညာတတ် လူလတ်တန်းလွှာမိသားစုဝင်တွေဖြစ်ပြီး၊ သူတို့ရဲ့ တစ်နိုင်ငံတည်းသားချင်းတွေထက် အာဏာရှင်ဆန်တဲ့ စိတ်အခံ နည်းပါးသူတွေပါ။ နိုင်ငံချမ်းသာတာချင်းတူတူ၊ အစိုးရ(စနစ်)ကွာတဲ့ထဲက သူတို့ကို ရွေးခိုင်ရင် သူတို့က ဒီမိုကရေစီအင်စတီကျူးရှင်းတွေ ပေါ်လွင်မြင်သာတဲ့ နိုင်ငံတွေကို ပိုသဘောကျကြပါတယ်။ ပြောင်းရွှေ့သူတွေဟာ တိုင်းပြည်ကို ဘယ်တော့မဆို စွန့်ခွာလို့ရပေမယ့် ဒီမိုကရေစီဓာတ်ခံရှိတဲ့သူတွေကတော့ အာဏာရှင်ဆန်တဲ့ နိုင်ငံရေးပါတီတွေ၊ အစိုးရတွေ ရွေးကောက်ပွဲနိုင်ပြီးချိန်၊ အထူးသဖြင့် ဒီမိုကရေစီတိုးတက်မှု ကနဦးကာလ အနှောင်းပိုင်းမှာ ထွက်ခွာကြပါတယ်။
ဦးနှောက်ယိုစီးမှုက တိုင်းပြည်တွေကို မွဲတေပြီး စီးပွားဖြစ်ထွန်းမှုနှေးစေသလိုပဲ ဒီမိုကရေစီယိုစီးမှုကလည်း အာဏာရှင်စနစ်ဆီ ဦးလှည့်သွားစေပါတယ်။ ဘယ်ခေတ်ကာလမဆို လူ့အဖွဲ့အစည်းက လစ်ဘရယ်နဲ့ ဒီမိုကရေစီ တန်ဖိုးစံရှိကြသူအများစုက ထွက်သွားတဲ့အခါ ဒီမိုကရေစီဖွံ့ဖြိုးရေးကို ပိုမြန်စေမယ့်၊ ဒီမိုကရေစီကို ကျားကန်ပေးမယ့် အကာအဆီးတွေ ရှားပါးသွားပါတယ်။
ဒီမိုကရေစီစိတ်ထားရှိတဲ့သူတွေဟာ သူတို့ရောက်သွားတဲ့နိုင်ငံမှာ ဒီမိုကရေစီကို အားပေးမယ့်သူတွေအဖြစ် ရောက်သွားတာကတော့ မည်းမှောင်နေတဲ့ တိမ်တိုက်ကြီးရဲ့ ငွေရောင်အနားကွပ်လေးလို့ ဆိုရမှာပေါ့။ ဒါပေမဲ့ တခြားက ဝင်လာသူတွေမှာ ဘယ်လိုတန်ဖိုးစံတွေပဲရှိရှိ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ဌာနေနိုင်ငံသားတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ၊ ဒီမိုကရေစီတွန့်ဆုတ်မှု (democracy backlash) တွေဆီ ဦးတည်နေကြောင်း ပညာရှင်တွေရဲ့ အထောက်အထားတွေလည်း တနံတလျား ရှိပါတယ်။
ဒီမိုကရေစီယိုစီးမှုဟာ ဦးနှောက်ယိုစီးမှုလိုပဲ တားလို့ရတဲ့ကိစ္စ၊ တားသင့်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ မီးခိုးကြွက်လျှောက် အကျိုးဆက်တွေ မပေါ်အောင် ဒီတွေ့ရှိချက်တွေက လစ်ဘရယ်တိုင်းပြည်တွေကို နှိုးဆော်နိုင်မှာပါ။ ဒီမိုကရေစီမြှင့်တင်သူတွေဟာ ထိလွယ်ရှလွယ်တိုင်းပြည်တွေရဲ့ ပြည်တွင်းဒီမိုကရေစီ လှုပ်ရှားမှုတွေနဲ့ ခေါင်းဆောင်သူတွေမှာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ပြီးတော့ သံသယကြီးနေသူတွေကိုလည်း (ပြောင်းရွှေ့လာသူတွေဟာ) လက်ခံထားတဲ့တိုင်းပြည်အတွက် ချက်ချင်းအကျိုးကျေးဇူးရှိကြောင်း နားချစည်းရုံးသင့်ပါတယ်။ လူသားတွေရဲ့ ပြောင်းရွှေ့အခြေချခွင့်ကို ကန့်သတ်ဖို့ကြိုးစားရင်း ကိုယ်ရမယ့်အကျိုးကျေးဇူးကောင်းတွေကို ဆုံးရှုံးမယ်ဆိုရင် ရေချိုးဇလုံသွန်လိုက်လို့ ရေချိုးနေတဲ့ကလေးပါ သွန်မိသွားတယ်ဆိုတဲ့ (အင်္ဂလိပ်) စကားပုံလို ဖြစ်နေမှာပါ။
ဖိအားတွေအောက်
ကိုယ့်ပြည်တွင်းနိုင်ငံရေးကို ဘဝင်မကျတဲ့သူတွေ ပြောင်းရွှေ့အခြေချတာကြောင့် အကျိုးသက်ရောက်တာတွေကို လေ့လာတဲ့ သုတေသနအနည်းအကျဉ်းရှိပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းရွှေ့အခြေချတာဟာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်သူတွေလက်အောက်မှာ အစိုးရဖြုတ်ချ အပြောင်းအလဲလုပ်ဖို့ လူထုအုံကြွမှုတွေ၊ တော်လှန်ရေးတွေ ဖြစ်တန်စွမ်းနည်းအောင် လေပေါင်လျှော့ပေးတဲ့ဖြစ်စဉ်လို့ တချို့သုတေသီတွေက ရှုမြင်သုံးသပ်ကြပါတယ်။
ဥပမာ -နိုင်ငံရေးလူမှုဗေဒပညာရှင် ဂျက်ဂိုလ်းစတုန်းက လူဦးရေပေါင်းစပ်ဖွဲ့စည်းမှု (demography) အပြောင်းအလဲတွေကြောင့် အုံကြွမှုတွေ၊ တော်လှန်ရေးတွေ ဖြစ်တန်စွမ်းမြင့်စေတယ်လို့ ၂၀၀၂ ခုနှစ်မှာ ရေးခဲ့ပါတယ်။ အဲဒီထဲမှာ စီးပွားရေး ချည့်နဲ့တဲ့တိုင်းပြည်တွေမှာ အလုပ်သမားအင်အားစု တဟုန်ထိုးကြီးမားလာလို့၊ ရတောင့်ရခဲ အထက်တန်းလွှာ အဆင့်အတန်းရောက်ဖို့ အထူးသဖြင့် ပညာတတ်လူငယ်တွေ ပြိုင်ဆိုင်လာလို့၊ သားဖွားနှုန်းမတူတာ ဒါမှမဟုတ် လူဝင်လူထွက် အခြေအနေတွေကြောင့် မျိုးနွယ်စုတွေကြား လူဦးရေတိုးပွားနှုန်းကွာလို့ဆိုတဲ့ အကြောင်းတွေလည်း ပါကြပါတယ်။
တကမ္ဘာလုံးမှာ နိုင်ငံပြောင်းရွှေ့သူ ငါးဦးရှိတိုင်း နှစ်ဦးအထက်က အဲသလို လူတွေပါ။ ၁၉၉၀ ပြည့်နှစ်ကစလို့ အဲသလို ပြောင်းရွှေ့အခြေချခဲ့သူ ပျမ်းမျှအရေအတွက်ဟာ နှစ်တိုင်း ၃၇ သန်းလောက် ရှိပါတယ်။ ... အများစုကတော့ ဘယ်သူက ဖိအားပေးလို့မှမဟုတ်ဘဲ ဆန္ဒအလျောက် ပြောင်းလာသူတွေပါ။
နှစ်ဆယ်ရာစုအကုန်ပိုင်းမှာ နိုင်ငံစွန့်ခွာမှုတွေကြောင့် ပစိဖိတ်ကျွန်းနိုင်ငံတွေ၊ အီဂျစ်နဲ့ သမ္မတ ဖာဒီနန်မားကို့စ်လက်ထက် ဖိလစ်ပိုင်နိုင်ငံတို့မှာ အာဏာရှင်ဆန်တဲ့အုပ််ချုပ််မှုတွေကို အာခံမယ့်သူ အားပျော့သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီကောက်ချက်က ဖြစ်ပြီးခါမှ ခြေရာပြန်ကောက်တာပါ၊ သူ့တိုင်းပြည်နဲ့သူ ထူးကဲခြားနားတဲ့ သမိုင်းဖြစ်စဉ်ကြောင့်ပါလို့ သုံးသပ်ကြပါတယ်။ လူသားထုတရပ်လုံးရဲ့ ပြောင်းရွှေ့နေထိုင်မှုနဲ့ နိုင်ငံရေးတန်ဖိုးစံတွေကြားမှာ ဆက်နွှယ်နေတဲ့ ကမ္ဘာချီတဲ့ နိယာမဖြစ်စဉ်ပါလို့ အခိုင်အမာ မဆိုသာပါဘူး။
တကမ္ဘာလုံးမှာ အာဏာရှင်ဘက်ယိမ်းတဲ့တိုင်းပြည်တွေကနေ ဒီမိုကရေစီနိုင်ငံတွေဆီ နှစ်စဉ် ပြောင်းရွှေ့စီးဝင်နေတဲ့ လူဦးရေပမာဏဟာ အင်မတန်များပါတယ်။ တကမ္ဘာလုံးက ကိန်းဂဏန်းတွေ ပြည့်ပြည့်စုံစုံရခဲ့တဲ့ အနီးဆုံးကာလ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းမှာ လူဦးရေ ၄၅ သန်းဟာ သူတို့ရဲ့မိခင်တိုင်းပြည်တွေထက် ဒီမိုကရေစီ အတန်အသင့် ပိုအားကောင်းတဲ့တိုင်းပြည်တွေဆီ ပြောင်းခဲ့ကြပါတယ်။ တကမ္ဘာလုံးမှာ နိုင်ငံပြောင်းရွှေ့သူ ငါးဦးရှိတိုင်း နှစ်ဦးအထက်က အဲသလို လူတွေပါ။ ၁၉၉၀ ပြည့်နှစ်ကစလို့ အဲသလို ပြောင်းရွှေ့အခြေချခဲ့သူ ပျမ်းမျှအရေအတွက်ဟာ နှစ်တိုင်း ၃၇ သန်းလောက် ရှိပါတယ်။ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ အရေအတွက်ဟာ အဲဒီ ပမာဏထဲမှာ အချိုးအစား နည်းနည်းပဲ ပါတာပါ။ အများစုကတော့ ဘယ်သူက ဖိအားပေးလို့မှမဟုတ်ဘဲ ဆန္ဒအလျောက် ပြောင်းလာသူတွေပါ။
ဒီမိုကရေစီယိုစီးမှုဖြစ်စဉ်ဟာ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ ဂျော်ဂျီယာ၊ မက္ကဆီကို၊ ပီးရူး၊ ဆားဘီးယား၊ တူနီးရှား နိုင်ငံတွေမှာ ဒီမိုကရေစီ ခိုင်မာစွဲမြဲရေးလုပ်ငန်းတွေကို ကန့်သတ်ခဲ့ကြတယ်။ ဒီဖြစ်စဉ်ကြောင့်ပဲ ဘရာဇီး၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အစ္စရေး၊ ပိုလန်နဲ့ တူရကီ နိုင်ငံတွေလို ဒီမိုကရေစီ မတ်မတ်ထူထားပြီးသား နိုင်ငံတွေမှာလည်း ဒီမိုကရေစီ တွန့်ဆုတ်သွားတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာစုနှစ် ထက်ဝက်နီးပါးအတွင်း ဒီမိုကရေစီလိုလားတဲ့ လူလတ်တန်းလွှာရဲ့အရေးပါမှုကို လေ့လာခဲ့တဲ့ နိုင်ငံရေးလူမှုဗေဒပညာရှင် ဆီမော် မာတင် လစ်ပဆစ်နဲ့ ဘယ်ရင်တန်မိုးတို့ရဲ့ ကျမ်းကြီးကျမ်းခိုင်တွေကိုကြည့်ရင် အခုဆွေးနွေးချက်ပါ ဒီမိုကရေစီနိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုမှာ အထက်တန်းလွှာမဟုတ်တဲ့ သူလိုကိုယ်လိုလူတွေရဲ့ အခန်းကဏ္ဍအကြောင်း သိပ်များများစားစား အရေးစိုက် ရှင်းပြမထားပါဘူး။
လူတစ်ဦးချင်းစီရဲ့ စိတ်နေသဘောထားနဲ့ နှစ်ခြိုက်မှုတွေကို ဆန်းစစ်လေ့လာကြည့်မှ နိုင်ငံပြောင်းရွှေ့အခြေချမှု နိုင်ငံရေးဟာ ကမ္ဘာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုအပေါ် အကျိုးသက်ရောက်ပုံ ရုပ်ပုံလွှာဟာ ပိုပီပြင်ပြည့်စုံမှာပါ။ စာရေးသူရဲ့ လေ့လာချက်မှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းတို့က ပြောင်းရွှေ့အခြေချဖို့ ပြင်နေသူတွေနဲ့ (မပြောင်းရွှေ့ကြတဲ့) တနိုင်ငံတည်းသားချင်းတွေကို စစ်တမ်းကောက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ကမ္ဘာတဝန်းက လူတစ်သန်းလောက်ကို မေးမြန်းထားပြီး၊ ပြောင်းရွှေ့အခြေချဖို့ ပြင်နေသူတွေနဲ့ ဒီမိုကရေစီကမ္ဘာ့အမြင်တို့ကြား ဆက်နွှယ်မှုကိုဖော်ထုတ်ဖို့ နိုင်ငံပေါင်း ၁၄၉ နိုင်ငံမှာ ကောက်ယူထားတဲ့ Gallup ကမ္ဘာ့စစ်တမ်းပါ အချက်အလက်တွေကိုလည်း အခြေခံထားပါတယ်။
အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ တူနီးရှား နိုင်ငံတွေက ဒီမိုကရေစီရေးအားပေးတဲ့ ဒီနေ့ခေတ် တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်နဲ့ စာနယ်ဇင်းသမား ၅၀ အပြင်၊ ဟန်ဂေရီနဲ့ ဆားဗီးယားတို့လို နိုင်ငံတွေကနေ မိသားစုနဲ့ ပြန်ဆုံဖို့၊ အလုပ်အကိုင်တက်လမ်းနဲ့ ပိုလွတ်လပ်မှုရချင်လို့ တိုင်းပြည်ကိုကျောခိုင်းဖို့ တွေးနေသူ ၅၀ တို့ကို တွေ့ဆုံမေးမြန်းပြီး အဲဒီ (ပြောင်းရွှေ့အခြေချမှုနဲ့ ဒီမိုကရေစီအမြင်ကြား) ဆက်နွှယ်ပုံကို ရှာဖွေဖော်ထုတ်ထားတာပါ။
နောက်နှစ်အတွင်း ပြောင်းရွှေ့ဖို့ စီစဉ်ထားပြီလား၊ ဘယ်သွားမယ်လို့ မျှော်လင့်ထားသလဲ၊ လေယာဉ် လက်မှတ်ဝယ်၊ ဗီဇာလျှောက်၊ အလုပ်အကိုင်ရှာ၊ တည်းခိုစရာစီစဉ်တာလို ပြင်ဆင်မှုတွေ သူတို့မှာရှိလား ဆိုတဲ့မေးခွန်းတွေကို သူတို့ကို စာရေးသူက မေးပါတယ်။
ပြီးတော့ ဒီမိုကရေစီတန်ဖိုးစံတွေကို သူတို့ ဘယ်လောက်လက်ကိုင်ထားလဲ သိအောင်လို့ သူတို့ဟာ လူနည်းစုအခွင့်အရေး၊ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်၊ ဘာသာရေးနဲ့ တိုင်းပြည်အုပ်ချုပ်မှု သီးသန့်ခွဲခြားမှု၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ စတဲ့ကိစ္စတွေကို ထောက်ခံလားလို့ မေးကြည့်တယ်။
ရွေးကောက်ပွဲ သမာသမတ်ကျရေး၊ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ လုံခြုံရေး၊ အကျင့်ပျက်ခြစားမှုနဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို တားဆီးရေးတွေကို အာမခံနိုင်လောက်အောင် ဒီမိုကရေစီ အင်စတီကျူးရှင်းတွေရဲ့ အရည်အချင်းကို ဘယ်လောက်ထိ ကျေနပ်မှုရှိလဲဆိုတာ တချို့ အင်တာဗျူးတွေမှာ စိစစ်မှာပါတယ်။
တစ်ဖက်ကညှို့ငင်အားကို သိဖို့အတွက် ကိုယ်သွားနေချင်တဲ့တိုင်းပြည်တွေမှာ ဒီမိုကရေစီ အင်စတီကျူးရှင်း အားကောင်းတာကို ဘယ်လောက်သဘောကျလဲ၊ ပြည်ပရောက် ဒီမိုကရေစီဘက်သား တက်ကြွလှုပ်ရှားသူတွေက ဘယ်လို ဩဇာလွှမ်းမိုးလဲ ဆိုတာတွေ ကွဲကွဲပြားပြား မြင်နိုင်အောင်လို့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ (တွေ့ဆုံမေးမြန်းမှုတဲ့အခါ) ဆန်းစစ်ပါတယ်။
သွေးတူမွေးတူ သိုက်မြုံတူ
ဒီမိုကရေစီဘက်စိတ်သန်တဲ့ ပြောင်းရွှေ့အခြေချသူတွေဟာ ယေဘုယျအားဖြင့် ပထဝီဝင်နိုင်ငံရေး အကျပ်အတည်းတွေ၊ နိုင်ငံရေးအရ အရေးယူဒဏ်ခတ်မှုတွေ ကြုံမှမဟုတ်ဘဲ သာမန်အခြေအနေတွေမှာပါ သူတို့တိုင်းပြည်ကို ကျောခိုင်းကြတာပါ။ လူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းကောင်းဖို့၊ မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်ဖို့ ပြည်ပထွက်တတ်ပါတယ်။ သူတို့ဟာ ပိုကောင်းမွန်တဲ့၊ ပိုပြီး အားသာချက်တွေရှိတဲ့ ပညာရေးစနစ်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း၊ အလုပ်အကိုင်နဲ့ ဝင်ငွေပိုကောင်းတဲ့နောက် လိုက်ကြတာပါ။ ဒါမှမဟုတ် ရိုးရိုးလေးတွေးကြည့်ရင် ပိုအဆင့်အတန်းမြင့်တဲ့ လူမှုဘဝအဆင့်အတန်း၊ ပိုလုံခြုံတဲ့ အလုပ်သမားကာကွယ်မှုနဲ့ လူမှုဖူလုံရေးအစီအစဉ်တွေရှိတဲ့ တိုင်းပြည်တွေမှာရလာမယ့် စီးပွားရေး ပိုတည်ငြိမ်မှုကို လိုလားတာပါ။
ကျွန်တော့်သုတေသနအရ ကွဲလွယ်ရှလွယ် ဒီမိုကရေစီစနစ် ဒါမှမဟုတ် အာဏာရှင်တိုင်းပြည်တွေကနေ ထွက်တော်မူနန်းကခွာဖို့ ပြင်နေသူတွေရဲ့ လစ်ဘရယ်နဲ့ ဒီမိုကရေစီတန်ဖိုးစံတွေဟာ သူတို့နဲ့ တနိုင်ငံတည်းသား ကျန်တဲ့သူတွေထက် ပိုမြင့်လေ့ရှိကြပါတယ်။ ဒီလိုနဲ့ ကမ္ဘာနဲ့ချီပြီး တူရာစုမိကြတာပေါ့။ ဒါတော့ ဒီမိုကရေစီယိုစီးမှုဟာ သမားရိုးကျနိုင်ငံဖြတ်ကျော် ပြောင်းရွှေ့မှုတွေနဲ့အတူ ကျွဲကူးရေပါလို့ အနက်ကောက်ရမှာပါ။
ဒီမိုကရေစီကို စိတ်သန်ကြတဲ့ ပြောင်းရွှေ့အခြေချသူတွေအပေါ် နိုင်ငံကိုစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့လို့၊ ဒါမှမဟုတ် သူတို့ရဲ့စွန့်ခွာမှုကြောင့် တိုင်းပြည်မှာ ဒီမိုကရေစီ တွန့်ဆုတ်သွားလို့ ဆိုပြီး အပြစ်မတင်သင့်ပါဘူး။
ဒီနေ့ခေတ် စီးပွားရေးအင်အားကြီးနိုင်ငံအများစုဟာ အထူးသဖြင့် သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ သူနာပြုနဲ့ ဆော့ဖ်ဝဲရေးသူတွေလို အရည်အချင်းရှိတဲ့ ပြောင်းရွှေ့အခြေချသူတွေ သူတို့နိုင်ငံကို ရောက်လာအောင် လူဝင်မှု မူဝါဒတွေ ဒီဇိုင်းလုပ်ထားပါတယ်။ ၂၀၀၅ ခုနှစ်ကစလို့ ဥရောပတိုင်းပြည်တွေဟာ ဈေးကွက်တင်နိုင်တဲ့ စွမ်းရည်ရှိသူတွေကို ထိပ်ကွက်ပြီးဝင်ခွင့်ပြုနိုင်အောင် အလုပ်အကိုင်ဗီဇာ စံချိန်စံနှုန်းတွေကို ပြင်ဆင်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ဩစတေးလျ၊ ကနေဒါ၊ ယူကေတို့လို နိုင်ငံတွေက နည်းပညာ စွမ်းရည်ပိုင်ဆိုင်တဲ့၊ အဆင့်မြင့်ပညာရေး တတ်မြောက်ထားတဲ့၊ ဘာသာစကားကျွမ်းကျင်တဲ့ လျှောက်လွှာရှင်တွေကို မျက်နှာသာပေးတဲ့ မူဝါဒတွေကို ကျင့်သုံးလာကြပါပြီ။
ဒီလိုပြောင်းရွှေ့ဝင်ရောက်လာသူတွေဟာ သူတို့ကျောခိုင်းချန်ရစ်တဲ့ တနိုင်ငံတည်းသားချင်းတွေထက် လစ်ဘရယ်ဒီမိုကရေစီတန်ဖိုးစံတွေကို ပိုဆုပ်ကိုင်လေ့ရှိတော့၊ လူဝင်မှု ရွေးချယ်ခွင့်ပြုတဲ့ မူဝါဒတွေဟာ စွမ်းရည်နိမ့်အလုပ်သမားတွေရဲ့ ပြောင်းရွှေ့နိုင်မှုကို ကန့်သတ်ထားသလို၊ တချိန်တည်းမှာပဲ မိခင်နိုင်ငံတွေရဲ့ နိုင်ငံရေးအရင်းအနှီးတွေဟာလည်း အဟောသိကံ ဖြစ်ရပါတယ်။
ပိုသေချာအောင်ပြောရရင် ကိုယ့်သဘောဆန္ဒအလျောက် ပြောင်းရွှေ့အခြေချသူတချို့ကို အနှစ်သာရအားဖြင့် တိုက်တွန်းလှုံ့ဆော်ပေးနေတာက နိုင်ငံရေးပါပဲ။
ဒီလို ပြောင်းရွှေ့အခြေချသူတွေဟာ အရေးယူအပြစ်ပေးခံရတာ ဒါမှမဟုတ် အကြမ်းဖက်ခံရတာတွေဘေးကလွတ်ဖို့ အတင်းတွန်းထုတ်ခံရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ တိုင်းပြည်အစိုးရတွေက ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ ချည့်နဲ့သွားစေတဲ့၊ အပြန်အလှန်ထိန်းကျောင်းစိစစ်မှုကို ရှောင်ကွင်းတဲ့၊ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်မပေးတော့တဲ့ မူဝါဒတွေကို ကျင့်သုံးလာကြလို့ပါ။ ဒီမိုကရေစီဘက်အားသန်တဲ့ ပြောင်းရွှေ့လာသူတွေဟာ မတတ်သာတဲ့အဆုံး အဲသလို နိုင်ငံရေးအခင်းအကျင်းမျိုးကို စွန့်ခွာပြီး၊ သူတို့ရဲ့ တန်ဖိုးစံတွေနဲ့ လိုလားနှစ်ခြိုက်မှုတွေကို နေရာပေးနိုင်တဲ့ ဒါမှမဟုတ် ယုတ်စွအဆုံး သူတို့စွန့်ခွာခဲ့တဲ့ အာဏာရှင်အစိုးရတွေရဲ့ အနှောင့်အယှက်ကင်းပြီး သူတို့ရဲ့လွတ်လပ်မှုတွေကို ကာကွယ်နိုင်ဖို့ ရွေးချယ်ချင်လာကြတာပါ။နိုင်ငံပေါင်း ၁၂၅ နိုင်ငံက ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေမတိုင်ခင်နဲ့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ကောက်ယူထားတဲ့ စစ်တမ်းပါ အချက်အလက်တွေအရ အာဏာရှင်စနစ်ဘက်ယိမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ ပါတီတွေ ရွေးကောက်ပွဲနိုင်တဲ့အခါ ပြည်တွင်းဒီမိုကရေစီ အင်စတီကျူးရှင်းတွေရဲ့ အခြေအနေကို သိပ်သဘောမတွေ့သူတွေကြားမှာ ပြည်ပပြောင်းရွှေ့ချင်စိတ်တွေ တိုးပွားလာတာ တွေ့ရပါတယ်။
ဒီမိုကရေစီကို စိတ်သန်ကြတဲ့ ပြောင်းရွှေ့အခြေချသူတွေအပေါ် နိုင်ငံကိုစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့လို့၊ ဒါမှမဟုတ် သူတို့ရဲ့စွန့်ခွာမှုကြောင့် တိုင်းပြည်မှာ ဒီမိုကရေစီ တွန့်ဆုတ်သွားလို့ ဆိုပြီး အပြစ်မတင်သင့်ပါဘူး။ ကိုယ့်မိခင်နိုင်ငံကို ကျောခိုင်းခွဲခွာဖို့ ဆုံးဖြတ်ချက်တွေဟာ ပုဂ္ဂလိကကိစ္စသက်သက်ဖြစ်ပြီး၊ နိုင်ငံရေးအစွဲကင်းပါတယ်။ ဒီရွေးချယ်မှုဟာ နိုင်ငံရေးဖြစ်စဉ်တွေရဲ့ လှုံ့ဆော်တွန်းပို့မှုပါဦးတော့၊ ဒီလိုမှ နိုင်ငံကိုမစွန့်ခွာခဲ့ရင် အာဏာရှင်ဆန်ဆန် ပါဝါပြတာ၊ အခွင့်အရေးတွေကို ဖိနှိပ်ချုပ်ချယ်လာတာတွေကို ပြန်အန်တု တော်လှန်ချင်တဲ့အထိ မခံချိမခံသာ ဖြစ်လာအောင် အစိုးရရဲ့လုပ်ရပ်တွေက ဖိအားပေးလေ့ရှိတာကြောင့်ပါ။ ဒါကြောင့် ဒီမိုကရေစီယိုစီးမှုဟာ ကိုယ့်သဘောဆန္ဒအလျောက် ပြောင်းရွှေ့မှုရဲ့ ဘေးထွက်ရလဒ်တစ်ခုသာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အာဏာရှင်ဆန်တဲ့ အစိုးရတွေကို ပံ့ပိုးထောက်ခံနေရတဲ့ဘဝ ရောက်သွားမှာပေါ့။
ဒီမိုကရေစီ အမြတ်အစွန်း ရှိမှာလား
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ ဦးနှောက်ယိုစီးမှုဟာ “ဦးနှောက် မြတ်စွန်းမှု (brain gain)” ဆိုတဲ့ တန်ပြန်ရလဒ်နဲ့ ဒွန်တွဲနေတဲ့အကြောင်း လူမှုသိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြပါတယ်။ ဒီဖြစ်စဉ်ကတော့ အောင်အောင်မြင်မြင် နိုင်ငံကူးပြောင်းသွားသူတွေဟာ မူလတိုင်းပြည်မှာကျန်ရစ်တဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ မိသားစုတွေဆီ ဧရာမ ငွေကြေးနဲ့ အသိဉာဏ်တွေကို ပြန်ပို့ပေးကြတာကို ရည်ညွှန်းတာပါ။ အဲသလို ငွေပြန်ပို့ကြတာဟာ အာမေးနီးယား၊ ဟေတီ၊ ကာဇက်စတန်၊ လီဆိုသို၊ မော်လဒိုဗာ၊ နီပေါ၊ ဆာမိုအာ တို့လို တိုင်းပြည်တွေမှာ နိုင်ငံ့စီးပွားရေးထုထည်ရဲ့ ၂၀ ရာခိုင်နှုန်းအထက်မှာ ရှိနေပါတယ်။ တာဂျစ်ကစ္စတန်မှာ အဲသလို ပြန်ပို့ငွေတွေဟာ တိုင်းပြည် အသားတင် ပြည်တွင်းကုန်ထုတ်လုပ်မှု (ဂျီဒီပီ) ရဲ့ ၅၁ ရာခိုင်နှုန်းအထိ ထည့်ဝင်ထားတာကို မှတ်လောက်သားလောက် တွေ့ရပါတယ်။ တိုင်းတာရသိပ်မလွယ်ပေမယ့် ပြောင်းရွှေ့သွားသူ စီးပွားရေးလုပ်ငန်းရှင်တွေဟာ မိခင်တိုင်းပြည်တွေဆီက ဝန်ထမ်းတွေဆီ ပြင်ပအလုပ်အပ် (outsource လုပ်) တဲ့အခါ၊ ဒါမှမဟုတ် ကိုယ့်တိုင်းပြည်က မိသားစုတွေ၊ ငယ်သူငယ်ချင်းတွေနဲ့ အတူဝေမျှပြီး လုပ်ငန်းစိတ်ကူးတွေနဲ့ ဖန်တီးဆန်းသစ်မှုတွေ အကောင်အထည်ဖော်တဲ့အခါ ဦးနှောက်မြတ်စွန်းမှု ရလာပါတယ်။
အလားတူပဲ၊ နိုင်ငံပြောင်းရွှေ့အခြေချပြီးတဲ့နောက်မှာ “ဒီမိုကရေစီ မြတ်စွန်းမှု” လည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ တချို့ပြောင်းရွှေ့သွားသူတွေဟာ တပြည်ရပ်ခြားမှာ သူတို့အသစ်စက်စက်ပိုင်ဆိုင်လာတဲ့ လွတ်လပ်မှုတွေကိုသုံးပြီး နိုင်ငံရေးကိစ္စတွေမှာ ရေရှည်ဆက်ပါဝင်ဖို့ နည်းလမ်းရှာတာ၊ ဒါမှမဟုတ် ပြည်တွင်းက နိုင်ငံရေးအငြင်းအခုံတွေမှာ ကိုယ်တိုင် ထက်ထက်သန်သန် ပါဝင်လာကြတာတွေဟာ တကယ်ပဲရှိပါတယ်။ သီရိလင်္ကာ၊ အဇာဘိုင်ဂျန်နိုင်ငံက နာဂေါ်နို ကာရာဘက်ဒေသနဲ့ ဘော်လကန်ရပ်ဝန်းက ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေဟာ သူတို့မိခင်တိုင်းပြည်တွေရဲ့ ရွေးကောက်ပွဲ၊ စစ်ပွဲနဲ့ တခြားနိုင်ငံရေးဖြစ်စဉ်တွေမှာ ဩဇာလွှမ်းမိုးနိုင်ကြပါတယ်။ အထက်တန်းလွှာတွေရဲ့ နိုင်ငံပြောင်းရွှေ့အခြေချမှုတွေကြောင့် သမိုင်းနဲ့ချီပြီး ဒုက္ခရောက်ခဲ့ကြတဲ့အုပ်စုတွေ ပါဝင်ခွင့်ရတဲ့နောက်မှာ အိန္ဒိယရဲ့ ဒီမိုကရေစီခရီး ပြန်နိုးကြားလာတာလည်း တွေ့ခဲ့ရပါတယ်။ သီဝရီအရ နိုင်ငံခြားပြန်ပညာတတ်တွေဟာ ဒီမိုကရေစီ ထွန်းကားတဲ့တိုင်းပြည်တွေမှာ ပညာဆည်းပူးပြီး ကိုယ့်မိခင်တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးကို မြှင့်တင်နိုင်ကြပါတယ်။
နိုင်ငံပြောင်းရွှေ့အခြေချတာကြောင့် (ငွေကြေးနဲ့ အသိပညာတွေ) ပေးပို့ထောက်ပံ့ရာကနေ အင်စတီကျူးရှင်းတွေ သမာသမတ်ရှိလာပြီး တန်းတူညီမျှမရှိတဲ့အခြေအနေကို ပြုပြင်တည့်မတ်ပေးနိုင်ပါတယ်။ ဒီနည်းနဲ့ အမိတိုင်းပြည်ရဲ့ လူမျိုးရေးပဋိပက္ခတွေနဲ့ ပြည်တွင်းအကျင့်ပျက်ခြစားမှုတွေကို ထိန်းညှိနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ (နိုင်ငံတကာနဲ့ အဆက်ဖြတ်ထားတဲ့) ဧကစာရီ အာဏာရှင်တွေက နိုင်ငံတကာ ဩဇာလွှမ်းမိုးမှုကို အထိအတွေ့ရှိတဲ့ နိုင်ငံတွေထက်ပိုပြီး ပေခံကြတယ်လို့ လူမှုသိပ္ပံပညာရှင်တွေက ဖော်ထုတ်ခဲ့ကြပါတယ်။
ပိုဆိုးတာက ပြည်ပကို စွန့်ခွာသွားတဲ့ ဒီမိုကရေစီရေး ခေါင်းဆောင်တွေကို အစိုးရတွေက တိုင်းပြည်သစ္စာဖောက်တွေအဖြစ် သမုတ်ပြီး မိခင်တိုင်းပြည်မှာ သူတို့ရဲ့ ဩဇာတိက္ကမ ကျဆင်းအောင်လုပ်ကြတာပါ။
ဒါပေမဲ့ ပြောင်းရွှေ့အခြေချသူတွေဟာ (နိုင်ငံရေးအရ) သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေတဲ့ထဲမှာ တစ်ဖက်ဖက်ကို ပိုပြီးထောက်ပံ့ကြလေ့ရှိတာပါ။ ဒါကြောင့် အာဏာရှင်အစိုးရတွေကို ဆန့်ကျင်တယ်လို့ ကြွေးကြော်တဲ့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေရဲ့ ဩဇာလွှမ်းမိုးမှုတိုင်းက ဒီမိုကရေစီနဲ့ အမြဲအံကိုက်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဥပမာအားဖြင့် ၁၉၉၀ ပြည့်လွန်နှစ်တွေကနေ ၂၀၀၀ ပြည့်လွန် ပထမဆယ်စုနှစ်အတွင်း သီရိလင်္ကာက တမီလ်ကျားသူပုန်နဲ့ ကိုဆိုဗိုလွတ်မြောက်ရေးတပ်တို့ဟာ နိုင်ငံခြားလှူဒါန်းမှုတွေ အတော်အတန်ရကြပေမယ့် သူတို့ဟာ လူမျိုးရေးပဋိပက္ခရဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ မကင်းကြပါဘူး။ ဒီမိုကရေစီ အမြတ်ပေါ်ဖို့ဆိုရင် မိခင်နိုင်ငံကိုယ်တိုင်က လစ်ဘရယ်ဒီမိုကရေစီ အယူအဆတွေနဲ့ ပြည်ပရောက် ပုဂ္ဂိုလ်တွေ ပြန်ဝေမျှချင်တဲ့ နိုင်ငံရေးအရင်းအနှီီး (political capital) တွေကို လက်ခံနိုင်ဖို့လိုတာကို ဒီဖြစ်ရပ်တွေက သာဓကဆောင်နေပါတယ်။
ဒီမိုကရေစီကိုအားသန်တဲ့ ပြောင်းရွှေ့အခြေချသူတချို့က ပြည်တော်ပြန်ပြီး အစိုးရရာထူးတာဝန်တွေ လက်ခံကြတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလူတွေက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေအတွက် ပြည်ပက နှိုးဆော်တိုက်တွန်းခဲ့သူတွေ မဟုတ်ပါဘူး။ ဥပမာအားဖြင့် ၂၀၁၀ ခုနှစ်မှာ မိုဟာမက် နောရ်ဟာ လန်ဒန်ကနေ ဆိုမာလီယာကို ပြန်သွားပြီး မြို့တော်မိုဂါဒစ်ရှူးရဲ့ မြို့တော်ဝန်ရာထူးကို ထမ်းဆောင်ပါတယ်။ ဒါပေမဲ့ သူ့ကို အဲဒီရာထူးမှာ ခန့်အပ်သူတွေက ရွေးကောက်ခံပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး။ ဒါကြောင့် အောင်မြင်တဲ့ဒီမိုကရေစီတိုင်းပြည်တွေ ထူထောင်နိုင်ဖို့၊ တည်တံ့ဖို့ လိုအပ်တဲ့ တိုင်ပင်နှီးနှောမှုတွေ၊ ငြင်းခုံဆွေးနွေးမှုတွေ၊ စုဖွဲ့ပေါင်းစည်းမှုတွေ ရဖို့အတွက် ပြည်ပကနေ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်နိုင်တဲ့ ဥပမာပြစရာ ခပ်ရှားရှားပါပဲ။
ဒီမိုကရေစီကို ထောက်ခံအားပေး နှိုးဆော်တိုက်တွန်းတဲ့ ပြည်ပရောက်နေသူတွေနဲ့ အင်တာဗျူးတွေ အများအပြားလုပ်ပြီး စာရေးသူတွေ့ရတာကတော့ ပြောင်းရွှေ့အခြေချသူတွေဟာ သူတို့ရောက်သွားတဲ့ တိုင်းပြည်တွေနဲ့ အသားတကျဖြစ်အောင် ထိန်းညှိပြင်ဆင်နေထိုင်ရင်း အလုပ်များနေတာ ပိုဖြစ်တတ်ပါတယ်။ နိုင်ငံခြားရောက်တာနဲ့ ပြောင်းရွှေ့အခြေချသူတွေမှာ တက်ကြွလှုပ်ရှားမှုအတွက် အစွမ်းအစတွေ အကန့်အသတ် ရှိလာကြပါတယ်။ ပြည်ပရောက် အင်အားစုတွေကြားက မဲပေးနှုန်းဟာ ယေဘုယျအားဖြင့် အင်မတန်် နည်းပါးပါတယ်။ နှစ်ရှည်လများ ပြောင်းရွှေ့အခြေချသူ အများစုဟာ ပြည်တွင်းကို ဘယ်သောအခါမှ ပြန်မလာကြပါဘူး။ ပိုဆိုးတာက ပြည်ပကို စွန့်ခွာသွားတဲ့ ဒီမိုကရေစီရေး ခေါင်းဆောင်တွေကို အစိုးရတွေက တိုင်းပြည်သစ္စာဖောက်တွေအဖြစ် သမုတ်ပြီး မိခင်တိုင်းပြည်မှာ သူတို့ရဲ့ ဩဇာတိက္ကမ ကျဆင်းအောင်လုပ်ကြတာပါ။ ဒါကြောင့် အလားအလာရှိတဲ့ ဒီမိုကရေစီ အမြတ်အစွန်းဆိုတာ အကောင်းဆုံးအခြေအနေမှာတောင်မှ နည်းနိုင်သမျှ နည်းနည်းသာရှိပြီး၊ ဒီမိုကရေစီ ယိုစီးမှုနဲ့ ထိုက်တန်တဲ့ပမာဏ မဟုတ်ပါဘူး။
စည်းလုံးခြင်းသည် အင်အား
နောက်ထပ်တွေ့ရတဲ့ အထောက်အထားတွေအရ ပြောင်းရွှေ့အခြေချသူတွေ ရောက်လာလို့ အဲဒီတိုင်းပြည်မှာ အာဏာရှင်ဆန်တဲ့ဘက်ယိမ်းတဲ့ လူကြိုက်များရေးဝါဒတွေ ပိုအားကောင်းလာအောင် မီးစာထည့်ပေးသလို ဖြစ်စေပါတယ်။ တနည်းအားဖြင့် အတန်အသင့်လစ်ဘရယ်ဖြစ်ပြီး ဒီမိုကရေစီအားပေးတဲ့ နိုင်ငံခြားသားတွေ ရောက်လာတာရယ်၊ သူတို့လာနေလို့ ဌာနေနိုင်ငံသားတွေသာ အဓိက၊ အမျိုးသားရေးသာ ပဓာနဆိုတဲ့ ဝါဒတွေ ခေါင်းထောင်ထလာတာနဲ့ ယှဉ်မယ်ဆိုရင်လည်း တွက်ခြေမကိုက်ပါဘူး။ ပြောင်းရွှေ့အခြေချလာသူတွေအပေါ် စိုးရိမ်တာတွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူ စီးပွားရေးနဲ့ တိုင်းပြည်လူဦးရေဖွဲ့စည်းမှုမပြောင်းလဲခင် (ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့သလို) ခေတ်ဆီပြန်သွားချင်စိတ်တွေကို အခွင့်ကောင်းယူ အသုံးချပြီး အမေရိကန်နဲ့ ဥရောပက ဒီမိုကရေစီ ထွန်းကားပြီးနိုင်ငံတွေမှာ လူကြိုက်များရေးဝါဒီတွေ ၂၀၁၀ ပြည့်နှစ်ကစလို့ အာဏာပိုရလာကြပါတယ်။
ဒီမိုကရေစီယိုစီးမှုကို ဖြေရှင်းရမယ့်ပြဿနာလို့ မြင်နေတာထက် ကမ္ဘာ့ကျက်သရေမင်္ဂလာတစ်ခုကြောင့်ရလာတဲ့ အနုတ်လက္ခဏာ ဂယက်ရိုက်ခတ်မှုတွေလို့ အနက်ကောက်သင့်ပါတယ်။ ... တကယ်တမ်း ကြီးထွားလာတဲ့ စိန်ခေါ်မှုက ဒီမိုကရေစီယိုစီးမှုဖြစ်စေတဲ့ မိခင်နိုင်ငံတွေရဲ့ အာဏာရှင်ဆန်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့် မူဝါဒတွေကို ရှာဖွေဖော်ထုတ်ရမှာပါ။
ဘယ်လိုကြည့်ကြည့် လူသားတွေရဲ့ ပြောင်းရွှေ့သွားလာနိုင်ခွင့်ဟာ လူ့လွတ်လပ်မှုနဲ့ လူ့ဖွံ့ဖြိုးမှုကို စေ့ဆော်နေတဲ့ ပြယုဂ်တစ်ခုဖြစ်သလို၊ တချိန်တည်းမှာပဲ လူတွေလွှတ်လိုက်ရတဲ့ နိုင်ငံမှာရော၊ လက်ခံရတဲ့ နိုင်ငံမှာပါ လွတ်လပ်မှုနဲ့ ဖွံ့ဖြိုးမှုတွေကို တားမြစ်နှိမ်နင်းရာရောက်တဲ့ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ ဝိရောဓိသဘောဆောင်တဲ့ ဒီဖြစ်နိုင်ခြေတွေ ရှိနေဦးတော့ ဦးတည်ရာနိုင်ငံတွေက မဲဆန္ဒရှင်ပြည်သူတွေဟာ အသစ်စက်စက်ရောက်လာတဲ့ နိုင်ငံသားတွေကို လက်ခံပြီး နိုင်ငံ့အကျိုးစီးပွားအတွက် သူတို့ထည့်ဝင်နိုင်စွမ်းကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ပိုအရေးကြီးတာက ဒီမိုကရေစီယိုစီးတဲ့ဖြစ်စဉ်ကြီးဟာ ပြည်ပတိုင်းပြည်တွေမှာ လစ်ဘရယ်အင်စတီကျူးရှင်းတွေကို မျိုးစေ့ချပြီး ထောက်ပံ့အားပေးဖို့နဲ့ ပြည်တွင်းမှာ နိုင်ငံသားပြည်သူတွေနဲ့ တိုင်းပြည်စီးပွားရေးကို ခိုင်မာအားကောင်းစေဖို့ဆိုတဲ့ အမျိုးသားအကျိုးစီးပွားနှစ်ခု ပေါ်ပေါက်လာစေပါတယ်။ ဒီနှစ်ခုက ဒီမိုကရေစီ နိုင်ငံတွေအတွက် အရေးအကြီးဆုံးလည်းဖြစ်သလို၊ တစ်ခုနဲ့တစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပါ။
ဒီမိုကရေစီ ယိုစီးမှုရဲ့ မူဝါဒပိုင်း အကျိုးသက်ရောက်မှုတွေဟာလည်း ဦးနှောက်ခြောက်စရာပါ။ ဒီမိုကရေစီယိုစီးမှုကို ဖြေရှင်းရမယ့်ပြဿနာလို့ မြင်နေတာထက် ကမ္ဘာ့ကျက်သရေမင်္ဂလာတစ်ခုကြောင့်ရလာတဲ့ အနုတ်လက္ခဏာ ဂယက်ရိုက်ခတ်မှုတွေလို့ အနက်ကောက်သင့်ပါတယ်။ ပြောင်းရွှေ့အခြေချသူတွေ ရောက်ရှိသွားတဲ့နိုင်ငံတွေမှာ ဌာနေပြည်သူတွေရဲ့ တွန့်ဆုတ်မှုတွေကို အသာထားပါဦး။ တကယ်တမ်း ကြီးထွားလာတဲ့ စိန်ခေါ်မှုက ဒီမိုကရေစီယိုစီးမှုဖြစ်စေတဲ့ မိခင်နိုင်ငံတွေရဲ့ အာဏာရှင်ဆန်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့် မူဝါဒတွေကို ရှာဖွေဖော်ထုတ်ရမှာပါ။
လက်ရှိမှာ အမေရိကန်၊ ယူကေနဲ့ ဥရောပသမဂ္ဂမှာရှိတဲ့ ဒီမိုကရေစီမြှင့်တင်ရေး အဖွဲ့အစည်းတွေဟာ ဝါရှင်တန်၊ လန်ဒန်နဲ့ ဘရပ်ဆဲလ်မြို့ကြီးတွေမှာ ကျင်းပတဲ့ ဒီမိုကရေစီသင်တန်းတွေ၊ ပညာပေးအစီအစဉ်တွေ၊ ခေါင်းဆောင်မှု အစီအစဉ်တွေကို တက်ရောက်ဖို့ တက်ကြွလှုပ်ရှားသူတွေကို ဖိတ်နေကြဆဲပါ။ ဒီအဖွဲ့တွေဟာ အဲဒီလို အစီအစဉ်မျိုးတွေအတွက် ရင်းမြစ်တွေကို သူတို့ဩဇာလွှမ်းမိုးချင်တဲ့၊ အတန်အသင့်လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ အခြေစိုက်ပြီး ရင်းနှီးမြှုပ်နှံနိုင်ရင် ပိုကောင်းမှာပါ။ ကိုယ့်အမိတိုင်းပြည်မှာ ဆက်နေထိုင်သွားဖို့ ပီပီပြင်ပြင် သန္နိဋ္ဌာန်ချထားတဲ့ ဌာနေသင်တန်းသားတွေကို ဒီအဖွဲ့တွေက ရွေးချယ်ပြီး၊ သူတို့ကို တက်ကြွလှုပ်ရှားမှုရဲ့ အလားအလာရှိတဲ့ ခေါင်းဆောင်တွေအဖြစ် အိမ်ပြန်ပို့နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီကတဆင့် အနာဂတ်မှာ ပြောင်းရွှေ့အခြေချရဘေးနဲ့ကြုံရမယ့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ထောက်ပံ့ကူညီနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ဖေးမမှု ကွန်ရက်တစ်ခုကို ထူထောင်သွားရမှာပါ။
ဒီနည်းလမ်းကို အတိုင်းအတာအထိ ကျင့်သုံးခဲ့တာက အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ပါ။ USAID က သက်ဆိုင်ရာမိခင်နိုင်ငံတွေမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးတွေ မြှင့်တင်ဖို့ ပြည်ပဝန်ထမ်းကို အမေရိကန်အစိုးရက တာဝန်ပေးခန့်ထားတာတွေ လုပ်ခဲ့ပါတယ်။ ဒီသဘောနဲ့ပဲ အမေရိကန်က ဖူးလ်ဘရိုက်အစီအစဉ်ကလည်း ပညာတော်သင်တွေကို အနည်းဆုံး နှစ်နှစ်ကြာ ပညာသင်ကာလပြီးဆုံးချိန်မှာ မိခင်နိုင်ငံဆီ ပြန်ပို့ပေးရပါတယ်။ အလားတူ အစိုးရတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေ ပြောင်းရွှေ့အခြေချဖို့ စေ့ဆော်မှုတွေ ရှိလာတဲ့အခါမှာ ကိုယ့်မိခင်နိုင်ငံမှာ ဆက်ရပ်တည်နိုင်မယ့် ရန်ပုံငွေပေးတဲ့နည်းနဲ့ ဘဏ္ဍာငွေကြေးပိုင်း မက်လုံးပေးနိုင်ပါတယ်။
ပိုဆိုးတဲ့ ပြဿနာက သတ်မှတ်ထားတဲ့ တိုင်းပြည်တွေမှာ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်ရေးအတွက် ပရောဂျက် သေးသေးမွှားမွှားလေးတွေချပြီး တကမ္ဘာလုံးကလုပ်နေကြတဲ့ အလေ့အထပါ။ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် အကြောင်း လေ့လာသူပညာရှင် စာနယ်ဇင်းသမား အန်းအဲပဲလ်ဘောင်းမ်ရဲ့ မှတ်ချက်ကတော့ “တကမ္ဘာလုံးက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေက သီးသန့် လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြပေမယ့် တရုတ်၊ အီရန်၊ ရုရှားတို့လို အာဏာရှင်ဆန်တဲ့ တိုင်းပြည်တွေရဲ့ ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ဘုံအကျိုးစီးပွားအတွက် အကွက်ကျကျ ပြောင်ပြောင်တင်းတင်း ညှိနှိုင်းလုပ်ကိုင်နေတာကြောင့်” ဒီလိုဖြစ်နေရတာပါတဲ့။ “ဒီမိုကရက်သမဂ္ဂ (Democrats United)” ဆိုတဲ့ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူတွေ မဟာမိတ်တရပ်စုဖွဲ့ပြီး အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ သတင်းတုသတင်းမှား တိုက်ဖျက်ရေးနဲ့ တခြား အရပ်ရပ် ဒေသစုံမှာ ဒီမိုကရေစီ မြှင့်တင်ရေးသမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် ညှိနှိုင်းလုပ်ကိုင်ကြဖို့ သူက အကြံပြုပါတယ်။
ဒီမိုကရေစီရဲ့ ခိုင်မာစွဲမြဲမှု ယိမ်းတိမ်းယိုင်တိုင်ဖြစ်လာတဲ့ နိုင်ငံတွေမှာရော၊ ဒီမိုကရေစီကူးပြောင်းရေးဟာ လက်တကမ်းမှာတော့ ရှိပါရဲ့၊ ထိလွယ်ရှလွယ်လည်း ဖြစ်နေတယ်ဆိုတဲ့ တိုင်းပြည်တွေမှာပါ အဲသလို အားထုတ်ကြိုးပမ်းမှုတွေကို အာရုံစိုက်ကြရမှာပါ။ ပြောင်းရွှေ့အခြေချသူတွေ အလုံးအရင်းနဲ့ ထွက်ခွာနေတဲ့ တိုင်းပြည်တွေဟာ အန္တရာယ်အကြီးဆုံးပါ။ ပြောင်းရွှေ့အခြေချမှုကြောင့် ကမ္ဘာ့ရဲ့ သတ္တိအကောင်းဆုံး၊ စွမ်းရည်မြင့်မားပြီး စွန့်စားလုပ်ကိုင်တတ်တဲ့လူတွေဟာ ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး နိုင်ငံတွေမှာပဲ စုစည်းမိသွားပါတယ်။ လစ်ဘရယ်ဒီမိုကရေစီ တန်ဖိုးစံတွေရှိတဲ့ လူတွေဟာလည်း ကမ္ဘာပေါ်က အတည်ငြိမ်ဆုံး လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာပဲ စုစည်းမိသွားပါတယ်။ ချမ်းသာတဲ့တိုင်းပြည်နိုင်ငံတွေက ပိုချမ်းသာ၊ ဒီမိုကရေစီပြည့်ဝတဲ့နိုင်ငံက ပိုပြည့်ဝလာသလို၊ အာဏာရှင်ဝါဒကလည်း ပိုအားကောင်းခိုင်မာလာပါတယ်။
ဒီမိုကရေစီ ယိုပေါက်ကို ပိတ်ဆို့ဖို့ နိုင်ငံတွေလက်တွဲပြီး မလုပ်ကြသရွေ့ကတော့ ဒီအတိုင်း ဆက်ကြုံနေရဦးမှာ ဖြစ်ပါကြောင်း။
မူရင်းဆောင်းပါးရှင် - ဂျက်စတင်ဂျက်စ်ဟာ ဂျော့မန်ဆင်တက္ကသိုလ် ရှား မူဝါဒနဲ့ စီမံအုပ်ချုပ်မှုဌာနက ပါမောက္ခဖြစ်ပါတယ်။ ဒီအက်ဆေးဟာ အသစ်ထွက်တဲ့ သူ့စာအုပ် (ဒီမိုကရေစီ ယိုစီးမှု - ကမ္ဘာလုံးဆိုင်ရာ နေရာပြောင်းရွှေ့ခြင်းနှင့် ဒီမိုကရေစီရေး ကြိုးပမ်းမှုများ) ကို အကျဉ်းချုပ် ပြန်လည်တင်ပြထားတာ ဖြစ်ပါတယ်။





Comments