မိုးတိုးမတ်တပ်စကားဝိုင်း - ၄
မော် - ငတိုး သက်သာရဲ့လား။ မိုးမိုးတို့ကတော့ တုပ်ကွေးဖြစ်တယ်သာပြောတာ။ ဒေါင်ဒေါင်မြည်ပဲ။ ကိုယ်ခံအား ကောင်းပုံရတယ်။ မင်းကျတော့ လူမမာရုပ်ကိုပေါက်လို့။
မိုး - ရုပ်ခံကောင်း၊ ချောနေတာကြီး ထင်းနေတော့ ဖျားလည်း ရုပ်ကမကျဘူး။ လှနေတာ။ ဟဲ ...ဟဲ။
မော် - ဟုတ်ပါပြီ မိမိုးရယ်၊ နင်က တုပ်ကွေးတော့ ပျောက်ပါပြီ။ ဝမ်းတွင်းရူးတာလေးကတော့ ကျန်နေသေးတယ်။
တိုး - ကျနော်က နှစ်ကြိမ်ဆက်ဖျားတော့ လူလည်း တော်တော်လေး ဒေါင်ချာလည်သွားတာ။ ကျနော်တို့လို ဆေးဝါး လက်တကမ်းရှိတာတောင် ဖျားနာရင် တော်တော်လေးခံရတာ။ စစ်ဘေးကြောင့်ပြေးနေရတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ အခုလိုရာသီမှာ နေထိုင်မကောင်းရင် ဘယ်နှယ့်များ ခံစားကြရမယ်မသိဘူးနော်။
မိုး - ဒီလိုပဲပေါ့ ကိုတိုးရယ်၊ ထုံးစံအတိုင်း ကိုယ်ထူမှ ကိုယ်ထနိုင်မှာဆိုတော့ ဝိုင်းဝန်းရုန်းကြကူကြပဲပေါ့။
မော် - မပူနဲ့ ဟေ့ကောင်ရေ။ ရှင်အောင်ဘယ်လိုနေမလဲအတတ် တဖက်ကမ်းခပ်ပါကွ။ ကရင်နီပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး အရွေ့တွေကြားရင် မင်းအဖျားတောင် ချက်ချင်းပျောက်သွားမယ်။
မိုး - ဟုတ်ပါ့။ ကရင်နီပြည်ရဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့ပြီးတဲ့အပြင် စစ်ရေးအရလည်း တပ်ပေါင်းစု စုစည်း နိုင်တယ်။ ပြည်သူ့စစ်အဖွဲ့က တော်လှန်ရေးအင်အားစုတွေနဲ့ တစ်သားတည်း ရပ်လိုက်တော့ ခုမှ တကယ့်ပြည်သူ့စစ်,စစ်စစ် ဖြစ်သွားတော့တာ။ ဒါတွေက စစ်ကောင်စီတပ် အတွက်တော့ လန့်ဖျားဖျားချင်စရာနေမှာ။
တော်လှန်ရေးလုပ်ပါတယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ဟာ လူထုကို အကာအကွယ်ပေး၊ လူထုဘက်ကရပ်တည်ဖို့ အချိန်ကျနေကာမှ ဟိုလိုလိုဒီလိုလိုလုပ်နေရင် ဘာလုပ်တော့မလဲ။
တိုး - မမိုးပြောတဲ့ ကရင်နီပြည်ကပြည်သူ့စစ်ဆိုတာ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးလို့ ဆိုတဲ့ KNPLF ပဲလေ။ စစ်အာဏာသိမ်းကတည်းက သူတို့က တော်လှန်ရေးအင်အားစုတွေကို သိုသိုသိပ်သိပ်နဲ့ ကူညီနေတာပါ။ အခု ပြတ်ပြတ်သားသားရပ်တည်လိုက်တဲ့ သဘောပေါ့။
မော် - ဒါပဲပေါ့ ကိုတိုးရ။ အခုအချိန်မှ ပြတ်ပြတ်သားသားမရပ်ရင် ဘယ်အချိန် ရပ်မှာလဲ။ ငါကတော့ သူတို့ စုစည်းနိုင်မှု၊ သူတို့ရဲ့ ခံယူချက်ကို ကြိုက်တယ်။ မင်းစဉ်းစား ကြည့်လေ၊ တော်လှန်ရေးလုပ်ပါတယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ဟာ လူထုကို အကာအကွယ်ပေး၊ လူထုဘက်ကရပ်တည်ဖို့ အချိန်ကျနေကာမှ ဟိုလိုလိုဒီလိုလိုလုပ်နေရင် ဘာလုပ်တော့မလဲ။ သူတို့ လက်နက်ကိုင်တော်လှန်ရေးက ဘယ်သူ့အတွက် လုပ်နေတာလဲ မေးစရာဖြစ်လာမှာပေါ့။ စကားလုံးတွေနဲ့ စကားထာဝှက်နေမယ့်အစား လူထုအခြေခံ လိုအပ်ချက်ကိုကြည့်ရင် ဘာလုပ်ရမယ်ဆိုတာ အဖြေရှိပါတယ် ငတိုးရာ။
မိုး - ကိုထင်မော်ကြီးရယ်၊ ဒါကြောင့် အခု ဝန်းရံနေကြတာပဲမဟုတ်လား။ တချို့ကိစ္စတွေကတော့ အချိန်တစ်ခု လိုဦးမယ်ထင်တယ်။
တိုး - ကျနော်တို့နိုင်ငံက လူသားချင်းစာနာမှုအကူအညီ အတော်လေးလိုအပ်နေတဲ့ နိုင်ငံခြောက်နိုင်ငံထဲမှာပါသတဲ့။ လက်ရှိအနေအထားကိုကြည့်ရင် အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်လို့ဆိုကြတော့ စစ်မျက်နှာ ပိုကျယ်လာ၊ လူထုရဲ့ အခက်အခဲကလည်း ပိုနက်လာမယ့် သဘောပဲ။
မော် - ဒီအတိုင်း မှောင်ကြီးမဲကြီးထဲနေရင်း မြုပ်မယ့်တူတူ ကူးလူးဖြတ်သန်းရင်း ဒုက္ခတွေ့တော့လည်း ဘာဖြစ်လဲကွာ။ ဒီနှစ်က တကယ်အရေးကြီးတယ်။ ဒီအရေးကြီးတဲ့နှစ်မှာ စုစုစည်းစည်း ဟန်ချက်ညီညီ ပေါင်းစပ်ကစားနိုင်မှ ဟန်မှာပေါ့။ လက်နက်ကိုင်အစုအဖွဲ့ကြီးတွေက ဒီတော်လှန်ရေးမှာ ပါတော့ပါတယ်၊ ဘေးထိုးလောက်နဲ့ဆိုရင်တော့ ဘယ်ဟန်မှာလဲ။
မိုး - မိုးကတော့ ကိုထင်မော်ကြီးနဲ့ မငြင်းတော့ပါဘူး။
မော် - ငါပြောတာ မှားနေလို့လား။ လူထုကိုလျှော့မတွက်နဲ့ အကုန်မြင်တယ်။ အကုန်သိတယ်။ အညာကိုကြည့်။ အားလုံးက ဒီစနစ်ဆိုးကို တော်လှန်မယ်လို့ ပိုင်းဖြတ်ထားပြီးသား။ တစ်ပြည်လုံး ရုန်းထနေကြခါမှ ခြေလှမ်းဆုတ်၊ အခြေအနေကြည့်၊ ဘေးထိုးရုံနဲ့တော့ မရဘူး။ အဲဒီလိုဆို လူထုကလည်း “ဒီလောက်နဲ့ တက်မလာနဲ့” လို့ပဲပြောမှာပေါ့။ အခုက အခြေအနေ ကြည့်ရမယ့်အချိန် မဟုတ်တော့ဘူး။ အခြေအနေကို ပြောင်းရမှာ။
မိုး - ခက်ပြီကွယ်။ မငြင်းပါဘူးဆိုကာမှ ...
တိုး - အခု “လမ်းအားလုံး နေပြည်တော်သို့” စစ်ရေးစီမံချက်အပြင် ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ ဧရာ၀တီတိုင်း၊ နေပြည်တော် ဒေသတွေမှာ စစ်ရေးအရှိန်မြှင့်မယ်ဆိုတော့ တစ်နည်းတစ်ဖုံ ပုံစံတစ်ခုခုနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ထွက်လာမှာပဲဗျ။
မိုး - ဟုတ်တယ် ကိုတိုး။ ဗိုလ်ချုပ်ဂွမ်မော်၊ ဦးရည်မွန်၊ ဦးမင်းကိုနိုင် သုံးယောက်ပေါင်းရေးထားတဲ့ ဆောင်းပါးလည်း ဖတ်လိုက်ရတယ်။ အဓိက,က ဒီဆောင်းပါးမှာ နိုင်ငံတကာကို ခုခံတော်လှန်စစ်နဲ့ပတ်သက်ပြီး မက်ဆေ့ချ်ပေးထားတယ်။
တိုး - ကျနော်လည်း ဒီသုံးယောက်တွဲစပ်မှုက နိမိတ်ကောင်းပဲလို့ သဘောကျမိတယ်။ ဒါနဲ့ စစ်အုပ်စုရဲ့ အဓိက ဘဏ်တွေကို အမေရိကန်က ပိတ်ဆို့တာ၊ NUCC က တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးရပ်တည်မှုပုံစံကို သတိပေးတာ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မတိုက်ခိုက်ဖို့ NUG က ပြောတာ ...၊ ဒါတွေက နိုင်ငံရေးပိုင်း။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအရွေ့တွေကလည်း အားရစရာပါပဲ။ ဒါပေမဲ့လည်း ခက်ခဲမယ့် အခြေအနေတွေလည်း ရှိမှာပဲ။
မော် - ဒီအတွက်က တို့တွေဘက်က စုစည်းနိုင်မှုအတိမ်အနက်ပေါ် တည်ပါတယ်။ နိုင်ငံရေးမှာ ပြောကြတာလေး တစ်ခုရှိတယ်။ “မဟာမိတ်ဖွဲ့တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ချစ်လို့ထက် တခြားတစ်ခုခုကို ကြောက်လို့” တဲ့။ အဲဒီစကားအရဆို ဒီမိုကရေစီ မဟာမိတ်တွေအတွက် ကြောက်ရမယ့်ကိစ္စက နောက်မျိုးဆက်တွေ စစ်ကျွန်သံသရာထဲ လည်နေမှာ၊ အနိဌာရုံတွေပြည့်နေတဲ့ ဒီစနစ်ဆိုးကြီးထဲမှာ တို့မျိုးဆက်သစ်တွေ ပိတ်မိနေမှာ ကြောက်ကြဖို့ပဲ။ တိုင်းပြည်တစ်ခုလုံးရဲ့ ဒုက္ခ အရင်းခံကို အရင်မဖယ်ဘဲ ဟိုလက်ညှိုးထိုး၊ ဒီလက်ညှိုးထိုး၊ မိုးလွန်မှထွန်ချဆိုရင်တော့ အကျိုးမဖြစ်ဘူး။ ဒီတစ်ခါရတဲ့ အခါအခွင့်မှာ စုစုစည်းစည်း မလုပ်နိုင်ရင် နောင် ဒီလိုရှိနေဖို့ မသေချာတော့ဘူး။
မိုး - မိုးလည်း သဘောတူတယ်။ လူထုရဲ့ အပြီးအပြတ် ပိုင်းဖြတ်ထားမှုနဲ့ ဒီလိုအချိန်အခါကို နောင်ပြန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါက နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နိုင်တယ်။
တိုး - သိပ်လည်း စိတ်မပူပါနဲ့ ကိုထင်မော်ကြီးနဲ့ မမိုး။ ဦးဆောင်သူတွေက လက်ရှိအခင်းအကျင်းတွေကို ကောင်းကောင်း ချိန်ဆမိမှာပါ။ အဲ ...ချိန်ဆမိဖို့လည်း လိုတာပေါ့လေ။ လက်နက်ကိုင်တော်လှန်ရေး လုပ်လာခဲ့ကြတာလည်း လူထုအခြေပြုလိုအပ်ချက်တွေအတွက် လုပ်ခဲ့တာဆိုတော့ ဦးဆောင်သူတွေက လူထုဆန့်ကျင်ဘက်မှာတော့ ရပ်မှာ မဟုတ်ပါဘူး။ ဒါတော့ သေချာပါတယ်။
မော် - ကိုင်း ငတိုးရေ။ အဖျားပျောက်အောင် ဂရုစိုက်နေဦးဟ။ တုပ်ကွေးပိုးက ခန္ဓာကိုယ်ထဲဝင်လာတဲ့အခါ ကိုယ်ခံအားနဲ့ တိုက်ထုတ်ရသလို တို့တိုင်းပြည်ကြီးထဲ ဝင်နေတဲ့ စစ်အာဏာရှင်ပိုးကို ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေရဲ့ စုဖွဲ့ပေါင်းစည်းနိုင်မှုဆိုတဲ့ ကိုယ်ခံအားနဲ့ တိုက်ဖျက်ရတာပေါ့ကွာ။
မိုး - ဟုတ်တယ် ကိုတိုးရေ။ လန်းလန်းဆန်းဆန်းရှိတဲ့အခါ ပိုအားပါးတရပြောဖို့ သတင်းတွေ နားစွင့်ထားဦးနော်။
ဝန်ခံချက် - မိုးတိုးမတ်တပ် စကားဝိုင်း - ၄ ပါ အချက်အလက်တွေကို The Analyst သတင်းလွှာ အတွဲ ၂ အမှတ် ၁၁ နဲ့ ၁၂ တို့က ရယူထားပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဲဒီသတင်းလွှာရဲ့အာဘော် မဟုတ်ပါဘူး။ စာရေးသူရဲ့အာဘော်သာ ဖြစ်ကြောင်း ဝန်ခံပါရစေ။ ပိုစုံတဲ့ သတင်းအချက်အလက်တွေ၊ သတိပြုစရာတွေကို မူရင်းသတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ စကားဝိုင်းပိုမြိုင်ဆိုင်အောင် စာဖတ်သူကိုယ်တိုင်လည်း ပြောချင်တာလေးတွေရှိရင် ဆက်သွယ်လိုက်ပါ။
မလွယ်ပါလား
ဧရာ၀တီမြစ်ကြီးကတော့စီးနေမှာပါ။
ဟိုလိုလိုဒီလိုလို အချိုးတွေ